← Chapters

မီးစာကလေးငှက်များပြန့်ကွဲသွားခြင်း

Vol. 147 Ch. 2201

မီးစာကလေးငှက်များပြန့်ကွဲသွားခြင်း

Vol. 147 Ch. 2201

ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ သိပ်သည်းသောမီးတောက်များက ပကတိအဖြူရောင်ဖြစ်ပြီး သွေးနီရောင်မီးတောက်လောကမှာ သူ့ကို ထင်ရှားပေါ်လွင်နေစေ၏။

“အဖြူရောင်မီးတောက်တွေလား”

“ဆူဇီမိုက မီးတောက်အင်မော်တယ်ပညာရပ်တစ်ခုကို ကျွမ်းကျင်ထားတယ်လို့ ငါကြားထားတယ်... အဲ့ဒါက အဲ့ဒီမီးတောက်လား... ကြည့်ရတာတော့ အဲ့ဒါက သိပ်ပြီးထူးခြားတဲ့ပုံလည်းမရှိပါဘူး”

ကျင့်ကြံသူများစွာက ယန်ယန်းအင်မော်တယ်နိုင်ငံအဖွဲ့ရှိရာဘက်သို့ အလိုလိုလှည့်ကြည့်လိုက်ကြ၏။

ယန်ယန်းအင်မော်တယ်နိုင်ငံကို ၎င်း၏ မီးတောက်တာအိုဖြင့် တည်ဆောက်ထားပြီး ဂမ္ဘီရမိုးကောင်းကင် အင်မော်တယ်မဟာနယ်မြေမှာ မည်သည့်ဂိုဏ်း၊ မည်သည့်အဖွဲ့အစည်းကမှ မီးတောက်များကိုထိန်းချုပ်ရာတွင် သူတို့ကိုမယှဥ်နိုင်ပေ။

“မီးတောက်အမျိုးအစားအများကြီးရှိတယ်... ဒါပေမဲ့ အသန်မာဆုံး စွမ်းပကားရှိတဲ့မီးတောက်တွေကတော့ သိပ်မများဘူး... ဥပမာ သွေးနီရောင်ကြာပန်းကြမ္မာမီး... အစိမ်းရောင်ငရဲမီး... ရွှေရောင်နေမင်းအမြုတေမီး ဒါမှမဟုတ် ခရမ်းရောင်ကောင်းကင်ဘုံမီးတို့ပဲ”

ပကတိအင်မော်တယ်ရှဲ့လင်က ခဏမျှစဥ်းစားတွေးတောပြီးပြောလိုက်၏။

“အဖြူရောင်မီးတောက်တွေကလည်း အတော်လေးရှားပါးတယ်... ဒါပေမယ့် မီးတောက်တစ်ခုတည်းနဲ့ မီးစာကလေးငှက်တွေရဲ့ အဟန့်အတားကို ဖြတ်ကျော်နိုင်မယ်လို့ သူထင်နေရင်တော့ အဲ့ဒါက မဖြစ်နိုင်ဘူး”

ရှဲ့လင်ပြောသည့်အတိုင်းပင် မီးစာကလေးငှက်များပေါ်ထွက်လာပြီးနောက် အဲ့ဒါက မိုးကောင်းကင်ကိုးလွှာမှာ ကမ္ဘာမြေအင်မော်တယ်များအတွက် စဥ်းစားကြည့်၍မရနိုင်သော စမ်းသပ်ချက်တစ်ခုဖြစ်လာ၏။

မီးစာကလေးငှက်များက သိပ်သည်းများပြားပြီး ကောင်းကင်တစ်ခွင်အုပ်မိုးကာ သူတို့အတွက်ပုန်းစရာနေရာမရှိပေ။

ရှေ့ကနေဦးဆောင်နေသော ဖုန်းယင်နှင့် ထိုက်ဟွာပင်လျှင် ဝင်ရောက်လာသော မီးစာကလေးငှက်များကို မောင်းထုတ်ဖို့အတွက် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်အချို့ကို ထုတ်သုံးလာရပြီဖြစ်၏။

များပြားလှသောမီးစာကလေးငှက်များက သူတို့နှစ်ယောက်၏ ရှေ့မှာ ဆိုးဆိုးဝါးဝါးသေဆုံးသွားကြ၏။

သူတို့၏ အလျင်အဟုန်က သိသိသာသာလျော့ကျသွားသော်လည်း သူတို့က ရှေ့ကိုဆက်တက်နိုင်နေသေး၏။

သို့သော်လည်း လူအများစုအတွက်တော့ မီးစာကလေးငှက်များ၏ ပေါ်ထွက်လာမှုက ဖွတ်ဖွတ်ညက်ညက် ကြေစေသော ကပ်ဘေးတစ်ခုဖြစ်လေသည်။

လျှို့ဝှက်အတတ်တစ်ခုကိုသုံး၍ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ထုတ်ဖော်ထားသော အကာအရံအလွှာသည် မီးစာကလေးငှက်တချို့၏ ပစ်တိုက်မှုဖြင့်ကြေမွသွား၏။

ကမ္ဘာမြေအင်မော်တယ်၏ ခန္ဓာကိုယ်က မီးစာကလေးငှက်များ၏ ရှေ့မှာ လုံးလုံးလျားလျားပေါ်ထွက်လာခဲ့၏။

သူ၏ အော်ရာက ဤနေရာ၏ ပတ်ဝန်းကျင်ဒေသနှင့် လုံးဝကိုကွဲလွဲဆန့်ကျင်နေ၏။

ဤနေရာမှာရှိသော မီးသက်ရှိများအားလုံးသည် မီးတောက်များကနေဖြစ်ပေါ်လာခြင်းပင်။ ဤလူ့ကို အသွေးအသားများဖြင့် ဖွဲ့စည်းထား၏။ သူကပေါ်ထွက်လာသည့်ခဏမှာပင် မရေမတွက်နိုင်သော မီးစာကလေးငှက်များက ရှေ့သို့ပြေးဝင်လာခဲ့၏။

“မဟာမိုးဆင့်ခေါ်ခြင်း”

“ကန့်သတ်မဲ့နှင်းခဲချိပ်စည်း”

“ခရမ်းရောင်တိမ်စိုင်ချိပ်စည်း”

ကမ္ဘာမြေအင်မော်တယ်က အဆင့်မြင့်နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်တာအိုလျှို့ဝှက်အတတ်များကို တစ်ခုပြီးတစ်ခုထုတ်ဖော်ပြီး မီးစာကလေးငှက်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်၏။

သူက ကျယ်လောင်သောစွမ်းပကားတစ်ခုကို ထုတ်ဖော်ပြီး မီးပွားများက တဖွားဖွားစင်ထွက်သွား၏။

သို့သော်လည်း မီးစာကလေးငှက်များက အတောမသတ်နိုင်ဖြစ်ပြီး ရှေ့သို့ပြေးဝင်လာသောအရေအတွက်က ပို၍ပို၍များပြားလာ၏။

သိပ်မကြာခင် ကမ္ဘာမြေအင်မော်တယ်သည် မီးစာကလေးငှက်ပင်လယ်ထဲမှာနစ်မြုပ်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရကာ နေရာမှာပင်သေဆုံးသွား၏။

“သူက ခန့်မှန်းကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်က အဆင့် ၉၃ ဝင်တဲ့သူမလား... အင်မော်တယ်တာအိုကလန်ကြီးတစ်ခုက ဟန်ကျားပဲ”

“ခန့်မှန်းကမ္ဘာမြေသတ်မှတ်ချက်ပေါ်မှာ ရှိနေတဲ့သူတွေတောင်မှ အဆင့်တစ်မှာ ကျရှုံးရသေးတာပါလား”

ကျင့်ကြံသူများက ထိတ်လန့်သွားကြ၏။

မိုးကောင်းကင်ကိုးလွှာမှအခြေအနေသည် သူတို့တွေးထင်ထားသည်ထက် ပို၍ကြောက်စရာကောင်းနေသည်ကို နားလည်သဘောပေါက်လာခဲ့၏။

ခန့်မှန်းကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်က ပြိုင်စံရှားများပင်လျှင် ရှင်သန်နိုင်ချင်မှ ရှင်သန်နိုင်ပေလိမ့်မည်။

“မင်းသမီးသက်တံနီကိုကြည့်ဦး... သူက အသွင်ပြောင်းလဲခြင်း၇၂ မျိုးကိုသုံးပြီး မီးစာကလေးငှက်တစ်ကောင်ရဲ့ပုံစံနဲ့ တခြားမီးစာကလေးငှက်တွေနဲ့ ဝင်ရောနေတာပဲ”

“တော်တော်ဉာဏ်ကောင်းတာပဲ... ဒီအခြေအနေကဖောက်ထွက်ဖို့အတွက် အဲ့ဒါကတကယ့်ကိုနည်းလမ်းတစ်ခုပဲ”

“ပြောလို့မရသေးဘူး”

လူတိုင်းဆွေးနွေးနေစဥ်မှာပင် အခြားသောကမ္ဘာမြေအင်မော်တယ်များကလည်း ဤနည်းလမ်းကို စဥ်းစားမိသွားပုံရ၏။ သူတို့က သူတို့၏ အဆင့်မြင့်နတ်ဘုရားစွမ်းအားများကိုထုတ်ဖော်ပြီး မီးစာကလေးငှက်များအဖြစ် အသွင်ပြောင်းလဲလိုက်၏။

သူတို့၏ ပုံပန်းသဏ္ဌာန်က မီးစာကလေးငှက်များနှင့်တူညီသော်လည်း သူတို့၏ အော်ရာက မိုးကောင်းကင်ကိုးလွှာမှ မီးစာကလေးငှက်များကို မယှဥ်နိုင်ပေ။

မီးစာကလေးငှက်များသည် တိုက်ခိုက်ရာမှာ အော်ရာကိုအာရုံခံခြင်းအပေါ်မှီခိုထားလေသည်။

ဤလောက၏ အော်ရာနှင့်ကိုက်ညီမှုမရှိသော သက်ရှိများအားလုံးသည် မီးစာကလေးငှက်များဖြစ်စေ... ကျောက်ခဲနှင့်ချော်ရည်များဖြစ်စေ သူတို့၏ ပစ်မှတ်ထားခြင်းခံရပေလိမ့်မည်။

ဤကမ္ဘာမြေအင်မော်တယ်များသည် မီးစာကလေးငှက်များအဖြစ်ပြောင်းလဲထားသော်လည်း သူတို့သည် တစ်ခဏချင်းမှာပင် မီးစာကလေးငှက်များ၏ ဝါးမျိုခြင်းခံရပြီး သူတို့အစစ်အမှန်ပုံစံများကို ထုတ်ဖော်လိုက်ရ၏။

မင်းသမီးသက်တံနီကတော့... သူမသည် မီးစာကလေးငှက်များကြားမှာ ရောက်ရှိနေလျှင်ပင် တိုက်ခိုက်ခြင်းမခံရပေ။

လူတိုင်းကတွေဝေနေစဥ်မှာပင် ရှဲ့လင်ကပြောလိုက်၏။

“သက်တံနီက မဟာနေမင်းသုတ္တန်ကို ကျင့်ကြံထားပြီး မီးတောက်တွေကိုထိန်းချုပ်နိုင်တယ်... သူက မီးစာကလေးငှက်တွေရဲ့ မီးတောက်အော်ရာကို တူညီသလောက်နီးပါးထိတုပနိုင်တယ်... တခြားသူတွေကတော့ အဲ့လိုလုပ်နိုင်မှာမဟုတ်ဘူး... သူတို့က မဆင်မခြင်အသွင်ပြောင်းလဲလိုက်မယ်ဆိုရင် အဲ့ဒါက သူတို့အတွက်ပိုဆိုးဖို့ပဲရှိတယ်”

“ဆူဇီမိုကလည်း မီးစာကလေးငှက်တွေနဲ့ တွေ့တော့မယ်ဟေ့”

လူတစ်ယောက်ကအော်ပြောလိုက်ပြီး ကျင့်ကြံသူများစွာ၏ စိတ်အာရုံကိုဆွဲဆောင်မိသွား၏။

ထိုအဆင့်-၈ ကမ္ဘာမြေအင်မော်တယ်သည် ဤကဲ့သို့ကြောက်စရာကောင်းသော မီးစာကလေးငှက်အုပ်စုကို မည်သို့မည်ပုံခုခံမလဲ လူတိုင်းကတွေ့မြင်ချင်နေကြ၏။

ဆူဇီမို၏ ခန္ဓာကိုယ်က အဖြူရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ချဥ်းကပ်လာသော မီးစာကလေးငှက်များကို သူကကြည့်နေ၏။ သူကရှောင်တိမ်းဖို့ မည်သည့်လက္ခဏာမှမပြသဘဲ သူ၏ လှုပ်ရှားမှုနည်းစနစ်ကိုပင် အရှိန်လျှော့ချခြင်းမရှိပေ။ ထိုအစား သူက သူတို့အားလုံးကို ကြိုဆိုလိုက်၏။

နောက်ခဏ၌ တုန်လှုပ်စရာကောင်းသောမြင်ကွင်းတစ်ခုက ပေါ်ထွက်လာ၏။

မီးစာကလေးငှက်ပင်လယ်က ဆူဇီမိုနှင့် မထိတွေ့ခင်မှာပင် သူတို့က အရင်စ၍ ကွေ့ပတ်ကာရှောင်ကွင်းသွားကြ၏။

လူတိုင်း၏ ရှေ့မှောက်မှာပင် မီးတောက်နီရောင်ပင်လယ်က မမြင်ရသောအားတစ်ခုဖြင့် အလယ်ကနေ ခွဲထုတ်ခံလိုက်ရပုံရပြီး ဘေးတစ်ဘက်တစ်ချက်စီသို့ တလိပ်လိပ်ထိုးထွက်သွား၏။

ဆူဇီမိုကို အဖြူရောင်မီးတောက်များဖြင့် လွှမ်းခြုံထားပြီး အနီရောင်မီးတောက်ပင်လယ်ထဲမှာ သူက အလွန်တရာထင်ရှားပေါ်လွင်နေ၏။

သို့သော်လည်း သူက ပင်လယ်၏ စီးကြောင်းများနှင့် ဆန့်ကျင်မိသောအခါ မီးတောက်ပင်လယ်သည် သူ့ကိုတားဆီးဖို့စိတ်ကူးမရှိဘဲ မည်သည့်မီးစာကလေးငှက်ကမှ သူ့ကိုတိုက်ခိုက်မလာခဲ့ပေ။

“ဒါက...”

ရင်ပြင်ပေါ်ရှိကျင့်ကြံသူများစွာက ကြက်သေသေနေပြီး တွေဝေရှုပ်ထွေးသွားကြ၏။

လက်ရှိကောင်းကင်အင်မော်တယ်များစွာပင်လျှင် ဖြစ်ပျက်နေသည့်အရာကိုမပြောနိုင်ကြပေ။

“စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲဟေ့”

ယွင်ထင်ကပြုံး၍ လက်ခုပ်တီးလိုက်၏။

မင်းသားယွမ်ကျော၏ မျက်လုံးထဲတွင် နားလည်သဘောပေါက်သည့်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။ သူက တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား လှောင်ရယ်လိုက်၏။

“ဘာများအံ့အားသင့်စရာရှိလို့လဲ... အရှင်မင်းသားရှဲ့လင် စောစောက​ပြောသလိုပဲ မီးစာကလေးငှက်တွေရဲ့ တိုက်ခိုက်မှုက အော်ရာထောက်လှမ်းခြင်းအပေါ် မှီခိုထားတာပဲ”

“သူက သူ့ရဲ့ပုံသဏ္ဌာန်ကို ပြောင်းလဲမထားပေမယ့် သူက တိုက်ခိုက်မခံရအောင် မီးစာကလေးငှက်တွေရဲ့အော်ရာကို တုပထားတာပဲဖြစ်ရမယ်”

“အရူးပဲ”

ရုတ်တရက် ယွင်ထင်က လှောင်ရယ်လိုက်၏။

“မင်းဘယ်သူ့ကို ပြောနေတာလဲ”

မင်းသားယွမ်ကျောက ဒေါသတကြီးစိုက်ကြည့်လိုက်၏။

ယွင်ထင်က အသံထွက်၍ ရယ်မောပြီး မင်းသားယွမ်ကျောကိုလက်ညှိုးထိုးကာ တစ်စုံတစ်ရာကိုဖုံးကွယ်ထားခြင်းမရှိဘဲပြောလိုက်၏။

“ငါကမင်းကိုပြောနေရတာပေါ့... မင်းသမီးသက်တံနီက သူရဲ့နတ်ဘုရားစွမ်းအားကို ထုတ်ဖော်ပြီး မီးစာကလေးငှက်တစ်ကောင်ရဲ့ပုံစံနဲ့ သူတို့ရဲ့အော်ရာကိုတုပထားတယ်... ဒါပေမဲ့ သူကမီးစာကလေးငှက်အုပ်စုထဲမှာ ဝင်ရောနေရုံပဲ... အခုဆူဇီမိုရဲ့ အခြေအနေက မင်းသမီးသက်တံနီနဲ့ တူနေလို့လား”

မင်းသားယွမ်ကျောက ယွင်ထင်၏ မေးခွန်းမှာ အကျပ်ရိုက်သွားပြီး ခဏကြာသည်ထိ ပြန်မ​ပြောနိုင်ပေ။ သူကအမျက်ဒေါသဖြင့် သူ၏ လက်သီးနှစ်ဖက်ကိုသာဆုပ်ထား၏။

ပကတိအင်မော်တယ်ရှဲ့လင်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တည်တံ့စွာပြောလိုက်၏။

“ဒီအခြေအနေက နဲနဲတော့ထူးဆန်းနေတယ်... အဲ့ဒါကသက်တံနီနဲ့မတူဘူးဆိုတာ တကယ်ပဲ.. မီးစာကလေးငှက်တွေရဲ့ လှုပ်ရှားပုံနဲ့လမ်းကြောင်းက… ကြောက်ရွံ့နေတာနဲ့ ပိုတူနေသလိုပဲ”

နောက်ဆုံးမှာတော့ရှဲ့လင်၏ လေသံက တွေဝေရှုပ်ထွေးနေပြီး တိကျသေချာမှုမရှိပေ။

မီးစာကလေးငှက်များက ဘာကိုကြောက်ရွံ့နေတာလဲ။

သူတို့က ပကတိသက်ရှိများမဟုတ်ဘဲ သူတို့မှာ ကိုယ်ပိုင်အသိစိတ်မရှိပေ။

သူတို့သည် မတူညီသောအော်ရာများနှင့် သက်ရှိများကို မည်သို့မည်ပုံတိုက်ခိုက်ရမလဲဆိုတာကိုသာ သိရှိထားလေသည်။

သို​သော်လည်း သူတို့က ဆူဇီမိုအပေါ်ကြောက်ရွံ့မှုကို ဘာ့ကြောင့်ခံစားရမှာလဲ။

တကယ်ဆို မီးစာကလေးငှက်တစ်အုပ်စုလုံးကပင် သူအတွက် လမ်းကြောင်းကိုတစ်ခုကို ဖွင့်လှစ်ပေးခဲ့၏။

“အဖြူရောင်မီးတောက်တွေကြောင့်လား”

ရှဲ့လင်က အတွေးနက်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။

သူသည် ပကတိအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူသည် ဆူဇီမို၏ ကိုယ်ပေါ်မှ မီးတောက်များကို မမှတ်မိပေ။

အဲ့ဒါသည် ငရဲဖိနှိမ်မီးဖိုမှာ မှတ်တမ်းတင်ထားသော တောင်ပိုင်းမင်းလီမီးဖြစ်လေသည်။

ငရဲဖိနှိမ်မီးဖိုကတော့ အဲ့ဒါသည် အနန္တမဟာဧကရာဇ်၏ ဧကရာဇ်လက်နက်ဖြစ်ပြီး တစ်ခါတုန်းက ဆိတ်သုဥ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်သော ရှေးဟောင်းခေတ်ကနေဆင်းသက်လာခဲ့လေသည်။ အဲ့ဒါက နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ရှဲ့လင်သည် မီးဖိုပေါ်မှမီးတောက်များကို တွေ့မြင်ဖူးလိမ့်မည် မဟုတ်ပေ။

မီးစာကလေးငှက်များသည် လမ်းဖယ်ပေးခဲ့သည့်အကြောင်းအရင်းမှာ တောင်ပိုင်းမင်းလီမီးသည် ဟင်္သပဒါးအထွတ်အမြတ်ဝိညာဥ်ထံကနေ ဆင်းသက်ရောက်ရှိလာခဲ့သောကြောင့်ဖြစ်၏။

မီးတောက်များက ယခုအချိန်မှာ အဖြူရောင်သာဖြစ်နေသေး၏။ အဲ့ဒါကို ၎င်း၏ အကန့်အသတ်ထိ ကျင့်ကြံလိုက်မည်ဆိုလျှင် အဲ့ဒါသည် အနီရဲရဲဟင်္သပဒါးငှက်အထွတ်အမြတ်မီးတောက်အဖြစ် အသွင်ပြောင်းလဲနိုင်ဖို့ အခွင့်အရေးရှိလေသည်။

တောင်ပိုင်းမင်းလီမီးသည် ဟင်္သပဒါးငှက်၏ အလွန်တရာသန်မာသောအော်ရာတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

မီးစာကလေးငှက်များမှာ မြင့်မားသောအသိစိတ်မရှိကြပေ။ သူတို့သည် ဟင်္သပဒါးငှက်၏ အော်ရာကို အာရုံခံမိသောအခါ သူတို့က မတိုက်ခိုက်ရဲတော့ဘဲ တစ်ကောင်ပြီးတစ်ကောင်ရှောင်တိမ်းခဲ့ကြ၏။

ထို့ကြောင့်ပင်လျှင် ထူးဆန်း၍တုန်လှုပ်စရာကောင်းသောမြင်ကွင်းက ရင်ပြင်ပေါ်ရှိ လူတိုင်း၏ ရှေ့မှာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။

All Chapters