← Chapters

ရယ်စရာကောင်းသောဟာသ

Vol. 147 Ch. 2203

ရယ်စရာကောင်းသောဟာသ

Vol. 147 Ch. 2203

အနီရဲရဲကျောက်တုံး၏ ဘေးပတ်လည်မှလေဟာနယ်က အပူချိန်ကြောင့်တွန့်လိမ်နေ၏။

အပူချိန်က အရမ်းကိုမြင့်မားလွန်းလေသည်။

ဆူဇီမို၏ အစိမ်းရောင်ဝတ်ရုံက လောင်ကျွမ်းပြာကျသွားပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က ဒေါသူပုန်ထနေသောမီးတောက်များဖြင့် လွှမ်းခြုံခံထားရကာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အဆက်မပြတ်လောင်ကျွမ်းခံနေရ၏။

မီးတောင်၏ အနက်ပိုင်းထဲမှာ ချော်ရည်အလွှာများရှိနေလေသည်။ အင်္ဂါဂြိုလ်ကျောက်တုံး၏ တည်ရှိမှုကြောင့် မီးတောင်၏ အောက်ခြေမှာရှိနေရာလွတ်က တွန့်လိမ်၍ ဝေဝါးနေ၏။ အဲ့ဒါကြောင့် ရင်ပြင်ပေါ်မှ ကျင့်ကြံသူများစွာသည် အထဲမှာဖြစ်ပျက်နေသည့်အရာကို မတွေ့မြင်နိုင်ပေ။

မီးတောင်၏ အနက်ပိုင်းထဲမှာ ပုံရိပ်တစ်ခုက ရှေ့သို့ခက်ခက်ခဲခဲတက်လှမ်းနေသည်ကိုသာ လူတိုင်းက တွေ့မြင်ရ၏။

ဖုန်းယင်၊ ထိုက်ဟွာနှင့်အခြားသူများက မီးတောင်၏ အထက်သို့ ရောက်ရှိလာကြပြီဖြစ်၏။

သူတို့သည် ပို့ဆောင်ရေးဝင်္ကပါသို့ရောက်ရှိလာပြီးနောက် သူတို့က ရပ်တန့်မနေဘဲ အဆင့်-၂ သို့ တက်လှမ်းကာ အဆင့်သတ်မှတ်ချက်တွင် ဆူဇီမိုကို နောက်တစ်ဖန် ကျော်တက်သွားခဲ့၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူအများစုသည် မီးတောင်၏ အနက်ပိုင်းထဲရှိ ပုံရိပ်ကိုသာ အာရုံစိုက်ထားကြ၏။

အင်္ဂါဂြိုလ်ကျောက်တုံးက အဆင့်တစ်နေရာလွတ်၏ အခြေခံအုတ်မြစ်ဖြစ်၏။

အဆင့်တစ်နေရာလွတ်မှာရှိသော ချော်ရည်ဘီလူးများနှင့် မီးစာကလေးငှက်များကဲ့သို့ စွမ်းအားကြီးမားသောသက်ရှိများအားလုံးသည် ဤအင်္ဂါဂြိုလ်ကျောက်တုံးကနေ ပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။

တစ်နည်းအားဖြင့်ဆိုလျှင် အင်္ဂါဂြိုလ်ကျောက်တုံး၏ စွမ်းအားသည် ချော်ရည်ဘီလူးများနှင့် မီးစာကလေးငှက်များထက် များစွာသာလွန်လေသည်။

ပကတိအင်မော်တယ်ရှဲ့လင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

“ဒီကောင်လေးက ဘာလုပ်ဖို့ကြိုးစားနေတာလဲ... သူက အဲ့ဒီအင်္ဂါဂြိုလ်ကျောက်တုံးအတွက် သူ့အသက်ကိုစွန့်လွှတ်တော့မလို့လား”

မီးတောင်၏ အနက်ပိုင်းထဲတွင်...။

ဆူဇီမိုမှာ နာကျင်နေသောအမူအရာတစ်ခုရှိပြီး မီးတောက်များက သူ၏ ကိုယ်တွင်းအင်္ဂါများထဲသို့ စိမ့်ဝင်ကာ သူ့ကိုလောင်ကျွမ်းပြာချပစ်ချင်နေသည့်အလား အလွန်တရာစွမ်းအားကြီးမားပြီး အဖျက်စွမ်းအား​ပြင်းထန်နေ၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးနှင့်ပင်လျှင် သူသည် ထိုအခိုက်အတန့်မှာ အဲ့ဒါကိုခံနိုင်ရည်မရှိတော့ပေ။

ဤကဲ့သို့ကြောက်စရာကောင်းသော ပြင်ပအားတစ်ခု၏ ကျူး​ကျော်မှုအောက်မှာ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ မျိုးဆက်သွေးက သူ့ဘာသာသူစတင်လည်ပတ်လာ၏။

သူက အင်္ဂါဂြိုလ်ကျောက်တုံးနှင့် ပို၍နီးကပ်လာလေလေ သူ၏ မျိုးဆက်သွေးလည်ပတ်မှုက ပို၍မြန်ဆန်လာလေဖြစ်၏။

ထိုအချိန်မှာ သူသည် အင်္ဂါဂြိုလ်ကျောက်တုံးကို မထိနိုင်ခင်မှာပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ အော်ရာက သူ့ကိုယ်သူဖုံးကွယ်မထားနိုင်တော့ဘဲ ပေါက်ကွဲထွက်ပေါ်လာ၏။

တကယ်တော့... သူသည် မိုးကောင်းကင်ကိုးလွှာမှာ သူ၏ ဓမ္မရတနာကို အသုံးပြုနိုင်မည်ဆိုလျှင် ဆူဇီမိုသည် ငရဲဖိနှိမ်မီးဖိုနှင့်အတူ အင်္ဂါဂြိုလ်ကျောက်တုံးကို ဝါးမျိုနိုင်ပေလိမ့်မည်။

သို့သော်လည်း ဤနေရာမှာ ဓမ္မရတနာတစ်ခုကို ဆင့်ခေါ်ထုတ်လိုက်သည်နှင့် အဲ့ဒါကို ဤနေရာမှာရှိသော ကောင်းကင်နှင့်မြေကြီး နိယာမက သေချာပေါက် အာရုံခံမိသွားမည်ဖြစ်ပြီး သူကသတ်ဖြတ်ခံရပေလိမ့်မည်။

ထိုအန္တရယ်ကို စွန့်စားစရာမလိုပေ။ သို့သော်လည်း သူသည် ရှေ့မှာရှိသော အင်္ဂါဂြိုလ်ကျောက်တုံးကို အရယူဖို့ ဆုံးဖြတ်ထားလေသည်။

သူ၏ ခန္ဓာကိုယ်ပေါ်ရှိ တောင်ပိုင်းမင်းလီမီးသည် အင်္ဂါဂြိုလ်ကျောက်တုံး၏ မီးတောက်များဖြင့် ဖိနှိမ်ခံထားရပြီးငြိမ်းသေတော့မည်ဖြစ်၏။

ဆူဇီမိုသည် လက်ဟန်ချိပ်စည်းများကို ထပ်တလဲလဲ လှုပ်ရှားပြီး သူ၏ ဘေးပတ်လည်မှာ မီးတောက်လုံးသုံးလုံးကို ပေါ်ထွက်လာစေ၏။

အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာ တာအိုမီးများ...။

မီးတောက်လုံးသုံးလုံးက သူ၏ ဘေးမှာလှည့်ပတ်လာပြီး အင်္ဂါဂြိုလ်ကျောက်တုံးကနေထုတ်ဖော်ထားသော မီးတောက်ကို ဆန့်ကျင်တိုက်ခိုက်လိုက်၏။

သူတို့က မီးတောက်များဖြစ်သော်လည်း မီးတောက်နှစ်ခု၏ စွမ်းအားက မပေါင်းစည်းနိုင်ပေ။

မီးတောက်လေးခုအတွင်းမှာ ဆူဇီမိုသည် အင်္ဂါဂြိုလ်ကျောက်တုံးနှင့်ပို၍နီးကပ်လာပြီး လက်တစ်ကမ်းအကွာအဝေးသို့ ရောက်ရှိလာခဲ့၏။

ထိုသည်ကို တွေ့မြင်သောအခါ ရှဲ့ချင်းချန်က စိုးရိမ်ပူပန်သည့်ပုံပေါ်လာပြီး တီးတိုးရေရွတ်လိုက်၏။

“ညီကိုဆူ... မင်းရဲ့ဆုံးဖြတ်ချက်က အန္တရာယ်များလွန်းတယ်... အဲ့ဒါကမထိုက်တန်ဘူးလေ”

“အဲ့ဒါက ဘယ်လောက်တောင်အန္တရာယ်များလို့လဲ... အင်္ဂါဂြိုလ်ကျောက်တုံးကြောင့်လား”

ရှဲ့ချင်းချန်က တစ်စုံတစ်ရာကို သွယ်ဝိုက်ပြောဆိုနေသည်ကို ရှုရှောင်းထျန်က သတိထားမိလိုက်ပြီး သူကစိုးရိမ်ပူပန်စွာဖြင့် မေးလိုက်၏။

“အဲ့ဒါက အင်္ဂါဂြိုလ်ကျောက်တုံးကြောင့်ပဲ မဟုတ်ဘူး”

ရှဲ့ချင်းချန်က တည်တံ့စွာပြောလိုက်၏။

“ဆူဇီမိုရဲ့အပြုအမူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် သူ့ရဲ့လာမယ့်တိုက်ပွဲအပေါ် သက်ရောက်မှုရှိလာလိမ့်မယ်... သူက သူ့အသက်ကိုတောင် ဆုံးရှုံးသွားရနိုင်တယ်... ဒါမှမဟုတ် သူက နောက်ဆုံးအဆင့်သတ်မှတ်ချက်ထဲ ဝင်ရောက်နိုင်မှာမဟုတ်တော့ဘူး”

“အဲ့လောက်တောင်မှလား”

ရှုရှောင်းထျန်က တုန်လှုပ်သွား၏။

ရှဲ့ချင်းချန်က ပြန်မေးလိုက်၏။

“မိုးကောင်းကိုကိုးလွှာ ရှုံးထွက်အဆင့်မှာ ဘာကိုအမှန်တကယ်စမ်းသပ်တာလို့ မင်းထင်လဲ”

“အဆင့်-၅ နေရာလွတ်ကို သူတို့ရဲ့တိုက်ခိုက်ရည်ခွန်မားနဲ့ အချိန်တိုအတွင်းမှာ ဘယ်သူကအရင်ရောက်နိုင်မလဲမလား”

ရှုရှောင်းထျန်က ​ပြောလိုက်၏။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်နှင့်ပတ်သက်သည့် ဗဟုသုတတချို့ကိုရရှိထားလေသည်။

ရှဲ့ချင်းချန်က ခေါင်းခါပြလိုက်၏။

“အဲ့ဒါက အပေါ်ယံပဲ... မိုးကောင်းကင်ကိုးလွှာ ရှုံးထွက်အဆင့်က လူတစ်ယောက်ရဲ့တိုက်ခိုက်ရည်ခွန်အားကိုတင်မဟုတ်ဘူး... လူတစ်ယောက်ရဲ့ အ​ခြေအနေပေါ်ဆုံးဖြတ်နိုင်စွမ်း၊ အမြုတေချီသုံးစွဲမှု၊ အချိန်ထိန်းချုပ်မှု၊ ထုတ်ဖော်ထားတဲ့နည်းလမ်းတွေရဲ့ပြတ်သားမှုနဲ့ အစရှိတဲ့အရာတွေကိုပါ စမ်းသပ်နေတာပဲ”

ရှုရှောင်းထျန်က ငေးငိုင်သွား၏။

ရှဲ့ချင်းချန်က မေးလိုက်လေသည်။

“ဖုန်းယင်နှင့်ထိုက်ဟွာလို စွမ်းအားကြီးမားတဲ့ပြိုင်စံရှားတွေက မိုးကောင်းကင်ကိုးလွှာကို ဝင်ရောက်ပြီးတဲ့နောက် လမ်းတစ်လျှောက်မှာ အဟန့်အတားတချို့နဲ့ကြုံတွေရပေမယ့် သူတို့က နည်းလမ်းတော်တော်များများမထုတ်ဖော်ခဲ့တာ မင်းသတိထားမိလား”

ရှုရှောင်းထျန်က ခေါင်းညိတ်ပြလိုက်၏။

ဖုန်းယင်၊ ထိုက်ဟွာနှင့် အခြားသော ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများသည် အဆင့်တစ်နေရာလွတ်ကို ဖြတ်ကျော်ဖို့အတွက် နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်တချို့ကိုသာ အသုံးပြုခဲ့လေသည်။

ရှဲ့ချင်းချန်က ပြောလိုက်၏။

“သူတို့က ထိန်ချန်ထားတယ်ဆိုတာ သူတို့က လာမယ့်အဆင့်လေးဆင့်ကို ပိုပြီးတော့လွယ်လွယ်ကူကူဖြတ်ကျော်နိုင်အောင်လို့ပဲ”

“ဒါပေမဲ့ ညီကိုဆူက ဒီလောက်ထိစွမ်းအားကြီးမားတဲ့ မီးတောက်အင်မော်တယ်လျှို့ဝှက်အတတ်ကို ကြိုတင်ထုတ်ဖော်လိုက်တယ်... သူက နောက်ပိုင်းမှာ တခြားအန္တရာယ်တွေနဲ့ကြုံတွေ့ရမယ်ဆိုရင် သူကအဲ့ဒီလျှို့ဝှက်အတတ်ကို ထုတ်ဖော်နိုင်မှာမဟုတ်တော့ဘူး”

ရှုရှောင်းထျန်က နားလည်သဘောပေါက်သွား၏။

ဤကဲ့သို့ စွမ်းအားကြီးမားသော လျှို့ဝှက်အတတ်တစ်ခုအနေဖြင့် အားအင်ပြန်လည်ဖြည့်တင်းဖို့ အချိန်အတော်ကြာယူရမည်ဖြစ်ပြီး အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီအပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေပေလိမ့်မည်။

သို့သော်ယခု ဆူဇီမိုသည် ဤလျှို့ဝှက်အတတ်ကို ကြိုတင်ထုတ်ဖော်လိုက်ပြီး အဲ့ဒါက သူ၏ အနာဂတ်အပေါ် ကြီးမားစွာသက်ရောက်မှုရှိလာပေလိမ့်မည်။

“ဟဲဟဲ”

ဖုန်းယင်၊ ထိုက်ဟွာနှင့် အခြားသူများက ဆူဇီမိုကို နောက်တစ်ဖန်ကျော်တက်သွားသည်ကို တွေ့မြင်သောအခါ မင်းသားယွမ်ကျောက စိတ်သက်သာစွာသက်ပြင်းချပြီး လှောင်ရယ်လိုက်၏။

“အောက်ဘုံလောကကနေတက်လှမ်းလာတဲ့ ပုရွက်ဆိတ်တစ်ကောင်ဆိုတဲ့အတိုင်းပဲ... မင်းမှာဗဟုသုတလည်း များများစားစားမရှိပါလား... မင်းက မြင်မြင်သမျှရတနာတွေအကုန်လုံးကို လိုချင်နေတာပဲ... မင်းရဲ့ကိုယ်ပိုင်အစွမ်းအစက ဘယ်လောက်ရှိတယ်ဆိုတာ ဘာလို့ပြန်မကြည့်ရတာလဲ”

“ငါထင်တာမမှားဘူးဆိုရင် မီးတောင်ရဲ့အနက်ပိုင်းထဲကကျောက်တုံးက အင်္ဂါဂြိုလ်ကျောက်တုံးဖြစ်ရမယ်”

ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာ ဝေ့ယမ်းပြီးပြောလိုက်၏။

“အင်္ဂါဂြိုလ်ကျောက်တုံးရဲ့တန်ဖိုးက အသိစိတ်ရှိဓမ္မရတနာတစ်ခုထက် ပိုမြင့်နိုင်တယ်... အဲ့ဒါက အဆင့်တစ်နေရာလွတ်ရဲ့ အခြေခံအုတ်မြစ်ပဲ”

“ဒီကောင်လေးက သူ့အကန့်အသတ်ကိုသူ လုံးဝမသိဘူးပဲ... သူကအဆင့်တစ်နေရာလွတ်ရဲ့ အခြေခံအုတ်မြစ်တစ်ခုလုံးကို ဖယ်ရှားပစ်ချင်နေတယ်... တကယ့်ဟာသပဲ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ရယ်စရာကောင်းလိုက်တဲ့ဟာသလဲ”

မိုးကောင်းကင်ကိုးလွှာမှာ ရတနာများနှင့် အခွင့်အလမ်းများရှိပြီး ကျင့်ကြံသူများသည် သူတို့ကို ရယူနိုင်မည်ဆိုလျှင် အဲ့ဒါတွေကို ယူထားနိုင်သည်ဟူသော စည်းမျဥ်းစည်းကမ်းတစ်ခု တကယ်ပင်ရှိလေသည်။

သို့သော်လည်း ယန်ယန်းအင်မော်တယ်နိုင်ငံမှ မည်သူကမှ အဲ့ဒါကိုထုတ်ဖော်ပြောဆိုမထားလျှင်တောင် အင်္ဂါဂြိုလ်ကျောက်တုံးသည် ထိုသို့ယူနိုင်သောပစ္စည်းများထဲမှာ သေချာပေါက်မပါဘူးဆိုတာကို လူတိုင်းကပြောနိုင်ကြလေသည်။

အသိစိတ်ရှိဓမ္မရတနာတစ်ခုနှင့်ယှဥ်နိုင်သော ရတနာတစ်ခုကို ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အတွက် ဘယ်သူကချန်ပေးထားမှာလဲ။

ပကတိအင်မော်တယ်ရှဲ့လင်ကလည်း ပြုံး၍ပြောလိုက်၏။

“ရပါတယ်... အဲ့ဒါကအလုပ်မဖြစ်ဘူးဆိုတာ နောက်ပိုင်းသူသိသွားရင် သူကနောက်ဆုတ်သွားလိမ့်မယ်... အင်္ဂါဂြိုလ်ကျောက်တုံးက မိုးကောင်းကင်ကိုးလွှာမှာ စိတ်ဝိညာဥ်အသိစိတ်တစ်ခုကို ရရှိနေပြီ.. ဘယ်သူကမှအဲ့ဒါကို မယူသွားနိုင်ဘူး”

ထိုစဥ်မှာပင် မီးတောင်၏ အနက်ပိုင်းထဲမှာ အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာ၏။

လွင့်မျောနေသော အင်္ဂါဂြိုလ်ကျောက်တုံးသည် ချဥ်းကပ်လာသောဆူဇီမိုကို အာရုံခံမိသွားပုံရပြီး တုန်လှုပ်စရာကောင်းသော စွမ်းအားတစ်ခုကိုထုတ်ဖော်လိုက်၏။

ဧရာမမီးတောက်တစ်ခုက လျှံတက်လာပြီး သူ၏ ဘေးပတ်လည်မှာ လျင်မြန်စွာ အသွင်ပြောင်းလဲကာ ဧရာမမိုးပျံမြွေနဂါးတစ်ကောင်ကိုဖြစ်ပေါ်လာစေ၏။

၎င်း၏ မီးတောက်တောင်ပံများကို တဖျပ်ဖျပ်ခတ်ပြီး ကောင်းကင်ထက်ကနေဆင်းသက်ကာ ဆူဇီမိုကိုဝါးမျိုချင်နေ၏။

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာခဲ့၏။ သူကရှောင်တိမ်းခြင်းမရှိဘဲ လေထဲမှာ သူ၏ လက်နှစ်ဖက်ကို လှုပ်ရှားကာ သူ၏ ဘေးပတ်လည်မှ မီးတောက်လုံးလေးလုံးကို စုစည်းလိုက်၏။

တစ်ချိန်တည်းမှာပင် သူ၏ နှာရောင်ကနေ စိတ်ဝိညာဥ်အသိစိတ်မီးတောက်တစ်ခုက ထွက်ပေါ်လာပြီး မီးတောက်လုံးလေးလုံးထဲသို့ ဝင်ရောက်သွားလေသည်။

ပို၍ပင်ကြောက်စရာကောင်းသော မီးတောက်တစ်ခုကဖြစ်ပေါ်လာ၏။

ပဉ္စဝဏ္ဏတာအိုမီးက ပေါက်ကွဲထွက်ပေါ်လာခဲ့၏။

“ဘယ်လောက်တောင်သိပ်သည်းပြင်းထန်လိုက်တဲ့ခွန်အားလဲ”

ပကတိအင်မော်တယ်ရှဲ့လင်၏ မျက်လုံးက ဝင်းလက်သွားပြီီး သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲကာ အံအားတသင့်ရေရွတ်လိုက်၏။

ဘုန်း...

ဆူဇီမိုသည် ပဉ္စဝဏ္ဏတာအိုမီးကို ဝင်ရောက်လာသော မိုးပျံမြွေနဂါးဆီနှင့် ပစ်တိုက်ချစေလိုက်၏။ ဘုန်းခနဲ မြည်သံနှင့်အတူ မီးတောင်တစ်လုံးက လှုပ်ခါ၍ ယိမ်းထိုးလာခဲ့၏။

ဘေးပတ်ဝန်းကျင်လေဟာနယ်က ပို၍ပင်တွန့်လိမ်သွားပြီး လူတိုင်း၏ မြင်ကွင်းက ဝေဝါးသွား၏။

ရင်ပြင်ပေါ်ရှိ ကျင့်ကြံသူများကြားမှာ ကောင်းကင်အင်မော်တယ်ပညာရှင်များသာလျှင် အထဲမှာရှိသောအခြေအနေကို ခပ်ရေးရေးမြင်နိုင်ကြ၏။

ဆူဇီမိုသည် ပဉ္စဝဏ္ဏတာအိုမီးနှင့် မိုးပျံမြွေနဂါးပစ်တိုက်မိသောအချိန်ကို အခွင့်ကောင်းယူကာ သူကရှေ့သို့ခြေတစ်လှမ်းတိုးပြီး အင်္ဂါဂြိုလ်ကျောက်တုံးကို ဖမ်းဆွဲလိုက်လေသည်။

All Chapters