ရေစင် (၆)
Vol. 2 Ch. 96
“မော်ဖီးယပ်...” သီရာက နက်ဆန်ကို မြားနဲ့မပစ်နိုင်ခင်မှာပဲ အရိပ်ထဲမှာရှိနေတဲ့ နာတာရှာက မှော်နှင်တံကို ဝေ့ယမ်းပြီး မှော်ဂါထာတစ်ခုကို ရွတ်ဆိုလိုက်တယ်။ အစိမ်းရောင် အလင်းတန်းက သီရာကိုထိတာနဲ့ သီရာဟာ မဟန်နိုင်တော့ဘဲ ချက်ချင်းအိပ်မောကျကာ ရေကန်ဘောင်ပေါ်မှာ အိမ်မော ကျသွားတော့တယ်။
“ကျွန်မတို့ မြန်မြန်ဒီကနေ ထွက်တာကောင်းမယ်။ မှော်ဂါထာက အကြာကြီးခံမှာမဟုတ်ဘူး။” နာတာရှာက နက်ဆန်ကို အကြံပေးလိုက်တယ်။ နက်ဆန်ကတော့ ဂါထာအစွမ်းကြောင့် အိပ်မောကျနေတဲ့ သီရာကို ရေကန်ထဲက ဆယ်ထုတ်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ တင်ထားပေးလိုက်တယ်။ နောက်တော့ သူ့နဖူးက ဇောချွေး တွေကို ဖယ်ရှားလိုက်ရင်း သက်ပြင်းချပါတယ်။
“သူတော်စင်မလေးရဲ့ဆွဲဆောင်မှုဒဏ်ကို ခံနိုင်ဖို့ ကြိုးစားရင်း ပင်ပန်းနေပြီလား၊ သခင်။”
နာတာရှာက ရုတ်တရက် အရွန်းဖောက်လိုက်တဲ့အတွက် နက်ဆန်က သူ့အရိပ်ထဲကို ရန်ငြိုးတကြီးနဲ့ကြည့်လိုက်ပါပြီ။ ဒါကြောင့် နာတာရှာဆီကနေ ‘ကွိ'ခနဲအသံ ထွက်လာတယ်။ နောက်တော့ ဘာမှမပြောရဲတော့ဘဲ နက်ဆန့်အရိပ်ထဲကို ပိုမိုနက်နက်ရှိုင်းရှိူင်းတိုးဝင်ကာ ပုန်းနေလိုက်တော့တယ်။
နက်ဆန်ကတော့ သူ့အိတ်ကပ်ထဲ ဝှက်သယ်လာတဲ့ ကိုယ်ပျောက်ဆေးပုလင်းကို သောက်လိုက်ပြီးတော့ ရေချိုးကန်အပြင်ဘက်ကို ထွက်လိုက်ပါတယ်။
ကံကောင်းတယ်လို့ပြောရမလား၊ ဆိုးတယ်လို့ ပြောရမလား မသိပေမဲ့ ကလေးတစ်သိုက်ကို ဦးဆောင်ပြီး ခေါ်လာတဲ့ ရဟန်းမင်းကြီးနဲ့ သူတော်စင်ဆားဗီးရပ်တို့ကို သူမြင်ရပြီး လူတန်းနောက်ကနေ လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။
“ သူတို့တွေ ဘာလုပ်နေကြတာလဲ။” နက်ဆန်က စိတ်နဲ့ နာတာရှာကို ဆက်သွယ်ပြီးမေးလိုက်တော့ နာတာရှာက “အခုမြင်နေရတာက ရိုမြူလက်ချက်ကျောင်းရဲ့အင်အား အကြီးဆုံး လူနှစ်ယောက်လို့ဆိုနိုင်တဲ့ ရဟန်းမင်းကြီးနဲ့ သူတော်စင် ဆားဗီးရပ်ပဲ။ သခင် သတိရှိရှိနဲ့ သူတို့နောက်ကို လိုက်သွားတာ ကောင်းလိမ့်မယ်။”
“ကောင်းပြီ။” နက်ဆန်က ခေါင်းညိတ်ပြလိုက်တယ်။ ဆေးကြောင့် ကိုယ်ရောင်ပျောက်နေတဲ့အတွက် မြေပြင်မှာ သူ့အရိပ်တောင် ရှိမနေဘူး။ ကလေးတွေကလည်း ငိုယိုနေတဲ့အတွက်ကြောင့် ခြေသံတစ်သံပိုနေတာကို သာမန်လူတွေ သတိမထားနိုင်ကြပါဘူး။ သူတော်စင်နဲ့ ရဟန်းမင်းကြီးကလည်း သတိထားမိပုံမပေါ်ဘဲ ရှေ့ကိုသာ ဆက်သွားနေကြပါတယ်။
“ကလေးတွေရဲ့မှော်စွမ်းအားက ကျောင်းခြောက်ကျောင်း နဲ့မတူဘူးပဲ။ ပြောရရင် အငွေ့အသက်ကိုက မတူညီသလိုပဲ။”
နက်ဆန်က ကလေးတွေကို ဂရုတစိုက်လေ့လာနေရင်းနဲ့ ပြောလိုက်တော့ နာတာရှာလည်း “အင်း... EUOCရဲ့ သတင်းအချက်တွေအရ ဘုရားကျောင်းက တခြားကမ္ဘာ အရပ်ရပ်က နတ်ကိုးကွယ်သူဂိုဏ်းတွေကို နှိမ်နင်းနေတယ် ကြားတာပဲ။ နောက်ဆုံးသူတို့ဝင်တိုက်နေတဲ့ အဖွဲ့အစည်းက ဂါမီယာမကျောင်းတော်ပဲ။”
“ရှင်တိုကျောင်းတော်တစ်ခုလား။ ဒီဘုရားကျောင်းက သူတို့ကို တစ်ကမ္ဘာလုံးက နတ်ကိုးကွယ်သူဂိုဏ်းတွေ ဝိုင်းတိုက်မှာကို မစိုးရိမ်ဘူးလား။”
ရိုမြူလက်ဘုရားကျောင်းက အင်အားကြီးမှန်းတော့ နက်ဆန်သိပါတယ်။ ဒါပေမဲ့ ဒီလောက်အတိုင်းအတာအထိ မိုက်ရူးရဲဆန်လိမ့်မယ် ထင်မထားဘူး။ သူတော်စင်တွေက အစွမ်းထက်တဲ့တည်ရှိမှု ဖြစ်တယ်ဆိုရင်တောင်မှ ကမ္ဘာမှာ ရှိနေတဲ့ဂိုဏ်းမှန်သမျှကို ဖြိုခွင်းဖို့မဖြစ်နိုင်ဘူး။
“လက်ရှိရဟန်းမင်းကြီးပီးယပ်စ်က တခြားနတ်ကိုးကွယ်သူ ဂိုဏ်းတွေကိုအများကြီး ရန်လိုတယ်လို့ကြားတယ်။ ရူးမိုက်တာဟုတ်မဟုတ်ကိုတော့ အချိန်ကပဲ ဆုံးဖြတ်ပေးသွားပါလိမ့်မယ်။”
နက်ဆန်နဲ့နာတာရှာတို့ စကားစပြတ်သွားတယ်။ ပြောစရာ စကားကုန်သွားလို့တော့ မဟုတ်ပါဘူး။ သူတို့တွေက အလွန်ခမ်းနားကြီးကျယ်တဲ့ ထုလုံးရှည်သဏ္ဍာန် မျှော်စင် တစ်ခုရှေ့ကို ရောက်လာလို့ပါ။ မျှော်စင်ရဲ့အဝင်ဝမှာတော့ နှစ်ခြင်းခံယူခြင်းခန်းမလို့ ရေးသားထားပါတယ်။
ရဟန်းမင်းကြီးက ရပ်လိုက်ပြီးတော့ သူတော်စင် ဆားဗီးယပ်ကို ကြည့်ကာပြောလိုက်တယ်။ “သားတော်၊ ဒီအထိပဲ အသင်လိုက်လို့ရမယ်။”
“ကောင်းပါပြီ၊ မြင့်မြတ်တဲ့ ဖခင်။”
ဆားဗီးရပ်က ဟန်လောက်ပဲ အရိုအသေပေးလိုက်ပြီး နေရာကနေ ထွက်သွားတယ်။ ရဟန်းမင်းကြီးကတော့ ကလေးတွေကို ဦးဆောင်ပြီး ခန်းမထဲကို ဝင်တယ်။ နက်ဆန်လည်း လိုက်ဝင်လိုက်တာပေါ့။ ဒါပေမဲ့ သူဝင်ပြီးတယ် ဆိုရင်ပဲ တံခါးတွေအားလုံးက အလိုလိုပိတ်သွားပြီး ရဟန်းမင်းကြီးက နောက်ကို လှည့်ကြည့်လိုက်ပါတယ်။ သူကြည့်နေတဲ့ နေရာက နက်ဆန်ရှိနေတဲ့ နေရာတည့်တည့်ပါ။
“ရိုမြူလက်ဘုရားကျောင်းကနေ ကြိုဆိုလိုက်ပါတယ်။ ညမင်းသား။ သားတော်ကို ဒီဘုန်းတော်ကြီးအိုကြီးက အဝေးကနေကတည်းက မြင်ပါတယ်။”
“သေစမ်း... မကောင်းတော့ဘူး။” နက်ဆန်က ချက်ချင်း ထွက်ပြေးဖို့ကြိုးစားတယ်။ ဒါပေမဲ့ ရဟန်းမင်းကြီးပီးယပ်က လက်ထဲက ကျိုင်းတုတ်ကို မြှောက်လိုက်တာနဲ့ အလင်းမှော် စက်ကွင်းကြီးတစ်ခုက ကောင်းကင်ပေါ်ကနေ ကျဆင်းလာ ပြီးတော့ နက်ဆန်ကိုဖိနှိပ်လိုက်တယ်။
“......” နက်ဆန်က ကြီးမားတဲ့ဖိအားကြီးတစ်ခုကြောင့် သူ့ဒူးတွေ ကွေးညွှတ်သွားတာကို ခံစားမိလိုက်တယ်။ သူဟာ ဒူးထောက်ပြီးတော့ ရဟန်းမင်းကြီးကို ခစားမိတော့မလိုမျိုး အခြေအနေမှာ ရှိလို့နေပါတယ်။
ကလေးတွေကိုကြည့်လိုက်တော့လည်း ကလေးတွေရဲ့ ခန္ဓာကိုယ်တွေက တုန်ခါနေပြီး ဝတ်ပြုဖို့အနေအထားနဲ့ ဒူးထောက်နေတဲ့ပုံစံမျိုးရှိနေတယ်။ ဒါပေမဲ့ တစ်ယောက်မှ လိုလိုလားလား ဒူးထောက်နေကြတာမဟုတ်ဘဲ ငိုယိုလျက်ပါ။
“အမေ... သားကြောက်တယ်....”
“အီနာရီစမ၊ သမီးကိုကယ်ပါ။”
“မြေအောက်ထဲက မျက်လုံးတွေနဲ့ကောင်ကြီးကို ကြောက်တယ်.... အီးဟီးဟီး...”
ငိုသံတွေက ပိုကျယ်လောင်လာပြီး နက်ဆန်ကိုယ်တိုင်တောင် ကြောက်ရွံမှုကူးစက်လာတာကို ခံစားမိလိုက်ပါတယ်။ ရဟန်းမင်းကြီးကတော့ အားလုံးကို ကရုဏာသက်နေတဲ့ မျက်လုံးနဲ့ကြည့်လိုက်ပြီး...
“မိဘတွေက ဒိဋ္ဌိတွေဖြစ်နေလို့ မှားယွင်းတဲ့ဘုရားကို ကိုးကွယ်မိနေတဲ့ သနားစရာကလေးတစ်သိုက်ပဲ။ သူတို့ကို အချိန်မီလမ်းမှန်ပို့ပေးမှ ကောင်းမယ်လို့ မထင်ဘူးလား၊ ညမင်းသား။”
ရဟန်းမင်းကြီးက သူ့ကိုစကားလှမ်းပြောနေတဲ့အတွက် နက်ဆန်က မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဒီလူကြီးက ဘာလိုချင်တာလဲ။ ခဏနေတော့ သူ့အရိပ်နက်ကြီးက ကျယ်ပြန့်လာပြီး မှော်စက်ကွင်းရဲ့သက်ရောက်မှုကို ခုခံလိုက်တယ်။ အလင်းမှော်ကြောင့် သူ့နတ်ဘုရား ခန္ဓာကိုယ်က တုန်ယင်နေပြီး လောင်ကျွမ်းခံနေရ ပေမဲ့လို့ပေါ့။
“အရှင့်သား၊ ကျွန်တော်မျိုးမရဲ့ဟာကွက်ရှိတဲ့ အကြံကြောင့် အများကြီးနစ်နာနေရပါပြီ။ ဒီအမျိုးသမီးက အရှင့်အတွက် အချိန်ဆွဲပေးထားမယ်။ သခင်က ထွက်ပြေးပါတော့။”
နာတာရှာက အရိပ်ထဲက ထွက်တိုက်ဖို့လုပ်ပေမဲ့ နက်ဆန်က တားလိုက်တယ်။ “မလုပ်နဲ့၊ ဒီအဖိုးကြီးက အဲလ်ဒါအဆင့် အလင်းမှော်ကို အသက်သွင်းထားတာ။ ညဘက်မဟုတ်ဘဲ အပြင်ထွက်မိရင် ဒီမှော်စက်ဝိုင်းအောက်မှာ မင်းစက္ကန့် အနည်းငယ်အတွင်း အငွေ့ပျံသွားလိမ့်မယ်။”
ဒါကြောင့် နာတာရှာက အားမတန်ဘဲ မာန်လျှော့လိုက်ရပြီ။ နက်ဆန်ကတော့ တောင့်ခံထားရင်းနဲ့ ရဟန်းမင်းကြီးကို မေးလိုက်ပါတယ်။
“ခင်ဗျား... ကျွန်တော့်ကို ဘယ်အချိန်ကတည်းက သတိထားမိနေတာလဲ။”
“မင်း လူအုပ်နောက်မှာ ဝင်တန်းစီကတည်းကပါ သားတော်။ အဲဒီကိုယ်ပျောက်ဆေးက သာမန်လူတွေကိုဆိုရင်တော့ ငါကိုယ်တော်ဆီကနေ ဖုံးကွယ်ကောင်း ဖုံးကွယ်ထားနိုင်ပေမဲ့ သားတော်ဆီမှာက ဒိဋ္ဌိနတ်ဘုရားမရဲ့စွမ်းအားတွေနဲ့ ပြည့်နေခဲ့တာလေ။”
“ခင်ဗျားရဲ့စကားတွေကို ညနတ်ဘုရားမကြားသွားရင် ခင်ဗျားကို တစ်စစီဆွဲဖြဲ ပစ်မှာပဲ။”
“ကံမကောင်းစွာနဲ့ ငါကိုယ်တော်ကို စစ်မှန်တဲ့ ဘုရားသခင်က ကာကွယ်ပေးထားတယ်။”
ရဟန်းမင်းကြီးက ကျိုင်းတုတ်ကို ကြမ်းပြင်မှာ ထောက်ချ လိုက်ပါတယ်။ ခန်းမကြီးရဲ့အလယ်တည့်တည့်က ကြမ်းပြင် နှစ်ခြမ်းကွဲသွားပြီး မြေတိုက်ခန်းကြီးတစ်ခုပေါ်လာတယ်။ မြေတိုက်ထဲမှာတော့ ရွှေရောင်သံကြိုးတွေနဲ့ ချုပ်နှောင်ခံထားရတဲ့ သတ္တဝါတစ်ကောင်ရှိနေပြီးတော့ အဲဒီသတ္တဝါကြီးရဲ့အလယ်မှာ ဧရာမမျက်လုံးကြီးတစ်လုံး ရှိနေတာကို မြင်ရတယ်။ မျက်လုံးအိမ်ကြီးကနေပြီး တောင်ပံ ခြောက်ခုက ဖြန့်ကားထွက်နေပြီး တောင်တွေမှာရှိနေတဲ့ ငှက်မွှေးတချို့က အနက်ရောင်သန်းနေတယ်။
“ဘာကြီးလဲ....” နက်ဆန် မျက်ခုံးပင့်လိုက်တယ်။ အဲဒီ ချုပ်နှောင်ခံထားရတဲ့ သတ္တဝါကြီးဆီကနေ သံချေးရောင်လို အငွေ့အသက်တွေ ဖြာထွက်နေတာကိုလည်း နက်ဆန် ခံစားမိလိုက်ပါတယ်။
“များလိုက်တဲ့ ဆိုးယုတ်မှုအငွေ့အသက်တွေ။”
အဲဒီအငွေ့အသက်တွေရဲ့တည်ရှိမှုကြောင့် ရဟန်းမင်းကြီးရဲ့မှော်စက်ကွင်းက အဖြူရောင်ကနေပြီး သံချေးရောင်အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားတာကို မြင်လိုက်ရတယ်။ နက်ဆန်လည်း သူ့ကိုဖိနှိပ်ထားတဲ့ အလင်းမှော်က မပြီးပြည့်စုံတော့တဲ့အတွက် နည်းနည်း လှုပ်ရှားလို့ရလာတယ်။ ဒါပေမဲ့ အဲလ်ဒါအဆင့်တစ်ယောက်ရဲ့ မှော်စက်ကွင်းဖြစ်တာမလို့ ခက်ခဲနေတုန်းပဲ။
“သားတော်နက်ဆန်၊ အသင်က သင့်ရဲ့ကျိန်စာကို ဖြေဖို့အတွက် ဘုရားကျောင်းဆီက ရေစင်ကို ရှာဖွေ နေခဲ့တာမဟုတ်လား။”
“မှန်တယ်။” နက်ဆန်က ဖုံးကွယ်နေစရာ အကြောင်းမရှိတဲ့ အတွက်ကြောင့် ဝန်ခံလိုက်တယ်။ ရဟန်းမင်းကြီးကလည်း ရယ်မောလိုက်ပြီး...
“သားတော် အခုမြင်နေရတဲ့ မြင့်မြတ်တဲ့တည်ရှိမှုက ငါတို့ရိုမြူလက်ဘုရားကျောင်းအတွက် ဘုရားသခင်က စေလွှတ်လိုက်တဲ့ ဆဲလ်ရာဖင်းနတ်သားပဲ။ နတ်သားရဲ့ အသွေးအသားကို စားသုံးသူတို့က စစ်မှန်တဲ့နတ်ဘုရားကို ကိုးကွယ်ယုံကြည်သူတွေ ဖြစ်လာလိမ့်မယ်။ ဒါက ဘုရားကျောင်းရဲ့ရေစင်ပဲ။ ဟားဟားဟား....”
ရဟန်းမင်းကြီးက ပြောလိုက်ရင်းနဲ့ ကျိုင်းတုတ်နဲ့ ဆဲလ်ရာဖင်းကို ချိန်လိုက်တယ်။ သံချေးရောင်အလင်းက ဆဲလ်ရာဖင်းကို ထိသွားပြီး ရွှေရောင်သွေးတွေစိမ့်ထွက် လာတယ်။ သွေးတွေထွက်လာတာနဲ့အမျှ ဆဲလ်ရာဖင်းရဲ့ အမွှေးအတောင်တွေက အနက်ရောင်ပိုပြောင်းလာတယ်။ ရဟန်းမင်းကြီးကတော့ အဲဒီသွေးစက်တွေကို သူ့စွမ်းအားနဲ့ ဆွဲယူလိုက်ပြီးတော့ ရွှေခွက်တစ်ခွက်ထဲကို ထည့်ကာရေနဲ့ ရောလိုက်တယ်။
“ကဲ၊ ညရဲ့မင်းသားနက်ဆန်။ ဒီရေစင်တော်ကို သောက်လိုက်တာနဲ့ အသင့်ရဲ့ကျိန်စာပြေသွားရုံတင် မကဘူး။ ဒိဋ္ဌိနတ်ဘုရားမကိုကိုးကွယ်ချင်တဲ့ စိတ်တွေပါ ပျောက်သွားလိမ့်မယ်။”
“ဘာရေစင်လဲ၊ မင်းတို့ဘုရားကျောင်းက နတ်သားကို အတင်းဖမ်းထားပြီးတော့ သူ့စွမ်းအားတွေနဲ့ လူတွေကို ဦးနောက်ဆေးနေတာပဲ။ မင်းရှေ့က နတ်သားကိုကြည့်ဦး၊ တဖြည်းဖြည်း ကျရှုံးနတ်သားအဖြစ်ပြောင်းနေပြီကွ။”
နက်ဆန်က ရုန်းထွက်ဖို့ကြိုးစားပေမဲ့ ရဟန်းမင်းကြီးက နောက်ထက် မှော်စက်ကွင်းတစ်ခုကို ဖန်တီးလိုက်ပြန်တယ်။ ဒီတစ်ခါတော့ နက်ဆန်မရုန်းကန်နိုင်တော့ဘဲ ထပ်ပြီးတော့ ဒူးထောက်ကျသွားပြန်တယ်။
“သားတော်... အဲဒီလိုမလေးမစား မပြောရဘူးလေ။ နတ်သားကို ငါက စံနေဖို့အတွက် ခန်းမတစ်ခု ဖန်တီးပေးထားရုံပါ။ ရေစင်ရဲ့အစွမ်းအကြောင်းကို မယုံဘူးဆိုမှတော့ ဒီက တခြားဒိဋ္ဌိနတ်ကိုးကွယ်သူတွေနဲ့ မင်းရှေ့မှာ သရုပ်ပြပေးမယ်လေ။”
ရဟန်းမင်းကြီးက ရေခွက်ကိုကိုင်ပြီး ကလေးအုပ်ထဲက ကလေးမလေးတစ်ယောက်ကိုရွေးကာ နတ်သားရဲ့သွေးနဲ့ ရောနှောထားတဲ့ရေကို တိုက်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ကလေးမလေးလက်ထဲမှာ ကိုင်ထားတဲ့ ခြူးလုံးလေး တစ်လုံးက ပြုတ်ကျလာပြီး ကြောက်စရာကောင်းလှတဲ့ အနီရောင်စွမ်းအင်လှိုင်းကြီးက ကလေးမလေးဆီကနေပြီး ဖြာထွက်လာတယ်။ ကလေးမလေးရဲ့မျက်နှာပေါ်မှာ မြေခွေးတစ်ကောင်ရဲ့အမွှေးတွေပေါ်လာပြီး အမြီးတွေလည်း ကိုးချောင်းအထိပေါက်လာခဲ့ပါပြီ။
“ဒိဋ္ဌိ... ဒိဋ္ဌိ... ဒိဋ္ဌိ... ဒိဋ္ဌိ... ငါအရှင်မကို မင်းစော်ကားနေတာ များပြီ။ ငါအရှင်မရဲ့ကိုးကွယ်သူတော်ကိုသတ်ပြီးတော့ ငါအရှင်မရဲ့မြင့်မြတ်တဲ့တောင်ကို သွေးနဲ့ဆေးကြောတယ်။
မင်းကမှ အရှက်မရှိတဲ့ ဒိဋ္ဌိပဲ။ နတ်ဘုရားတွေက လူသားတွေကို လမ်းပြတယ်။ လူသားတွေက နတ်ဘုရားတွေကို ကိုးကွယ်တယ်။ ဒါရှေးကတည်းက ရှိနေခဲ့တဲ့ စည်းမျဥ်းပဲ။ နတ်ဘုရားတစ်ပါးက သူ့ရဲ့ နောက်လိုက်တွေကို လမ်းမှားမပြမချင်း။ နောက်လိုက် တစ်ယောက်က အဆုံးအမတွေကို တလွဲမမှတ်ယူမချင်း ဒိဋ္ဌိလို့သတ်မှတ်လို့မရဘူး။
စည်းမျဥ်းတွေကို ချိုးဖောက်တဲ့ကောင်၊ သေပေတော့။”
ကလေးမလေးက အစွယ်တွေနဲ့ပြည့်နေတဲ့ သွားတွေကို ဖြဲပြီးတော့ ရဟန်းမင်းကြီးကိုတိုက်တယ်။ ရဟန်းမင်းကြီးက ကျိုင်းတုတ်ကိုသုံးပြီး ပြန်ခုခံပေမဲ့ အာရုံပြန့်သွားတဲ့အတွက် မှော်စက်ကွင်းနှစ်ခုလုံး ပျက်သွားတယ်။
“သခင်... အပြင်မှာ ဘာတွေဖြစ်နေတာလဲ။” နာတာရှာက မေးလိုက်တော့...
“ကြည့်ရတာ ဒီကလေးတွေကိုးကွယ်တဲ့ နတ်ဘုရားမက ဒေါသထွက်ပြီး ရိုမြူလက်ဘုရားကျောင်းအထိ လိုက်လာ သောင်းကျန်းတဲ့ပုံပဲ။”
“ဒါဖြင့်ရင် အချိန်ရှိတုန်း ဒီကနေထွက်ရအောင်။”
“အင်း...”
နက်ဆန်က ခန်းမထဲမှာ ကသောင်းကနင်းဖြစ်နေတာကို အခွင့်ကောင်းယူပြီးတော့ ခန်းမအပြင်ကို ထွက်လိုက်တယ်။ ဒါပေမဲ့ ခန်းမအပြင်ကို ထွက်တယ်ဆိုရင်ပဲ အလင်းမြား တစ်စင်းက သူ့ဆီကိုပြေးဝင်လာတာမလို့ ရှောင်လိုက်ရတယ်။
“သီရာ....”
“ရှင် ရိုမြူလက်ဘုရားကျောင်းထဲကို ခိုးဝင်ပြီး ဘာလုပ်ချင်တာလဲ။”
နက်ဆန်က တစ်ခုခုရှင်းဖို့ ကြိုးစားလိုက်ပေမဲ့ ခန်းမကြီးရဲ့ ခေါင်မိုးက ပြိုကျသွားပြီး ရဟန်းမင်းကြီးက တောင်ဝှေး အားပြုကာ တစ်နေရာကို ပျံသန်းထွက်ပြေးနေပြီးတော့ ရဟန်းမင်းကြီးနောက်ကနေတော့ အမြီးကိုးချောင်း နတ်မြေခွေးကြီးက အသည်းအသန်လိုက်လို့ရယ်။
“မဟုတ်မှလွဲရော၊ ရဟန်းမင်းကြီးကို လာလုပ်ကြံတာလား။”
သီရာက အလျှော့ပေးတော့မယ့်ပုံမပေါ်ဘဲ လေးညို့ကို ထပ်တင်တယ်။ သူ့မျက်လုံးထဲကနေတော့ မျက်ရည်တွေ စီးကျလို့ရယ်။
“ရှင့်ကို တခြားသူတွေနဲ့ ကွာခြားမယ်လို့ ထင်ထားခဲ့တာကို။”
“အစ်မကြီး၊ ရန်သူတွေ လာတိုက်နေတာလား။” နီကိုလပ်ကလည်း လှံကိုကိုင်ပြီးတော့ ဘုရားကျောင်း အစောင့်စစ်တပ်နဲ့အတူ သီရာနားကိုရောက်လာတယ်။ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အတွက် မကြာခင်မှာပဲ နီကိုလပ်လဲ သတိထားမိပုံပေါ်ပြီး ချက်ချင်းပြေးလာခဲ့တာပါ။
နီကိုလပ်က နက်ဆန်ကိုမြင်တာနဲ့ ဒေါသတကြီးအော်ဟစ် လိုက်ပါပြီ...
“မင်းကိုး၊ မင်းက အစ်မတော်ရဲ့ကြင်နာမှုကို အလွှဲသုံးစား လုပ်မယ့်ကောင်ဆိုတာ ငါသိပြီးသား။”
နီကိုလပ်က တုံ့ဆိုင်းမနေဘဲနဲ့ လှံကိုလွန်သွားတစ်လက်လို ဝေ့ယမ်းကာ နက်ဆန်ကို တိုက်ခိုက်လိုက်တယ်။ နေ့ဘက် ဖြစ်တဲ့အတွက်ကြောင့် နက်ဆန်ဟာ အားနည်းနေပြီး သူတော်စင်နှစ်ယောက်ကို ဘယ်လိုရင်ဆိုင်ရမှန်းမသိဘဲ စဥ်းစားရကျပ်လာပါတော့တယ်။