ရေစင် (၈)
Vol. 2 Ch. 97
နက်ဆန်က သူ့ဆီတိုးဝင်လာတဲ့လှံကို သာသာလေး ကပ်ရှောင်လိုက်ပြီး နီကိုလပ်ရဲ့ရင်ဝကို လက်သီးနဲ့ ထိုးနှက်လိုက်တယ်။ နီကိုလက်က အငိုက်မိသွားတဲ့အတွက် နောက်ကို ခြေလှမ်းသုံးလှမ်းလောက် ဆုတ်လိုက်ရပေမဲ့ ဘုရားကျောင်းသူတော်စင်တစ်ယောက်ဖြစ်တာနဲ့အညီ ချက်ချင်းပဲ ဟန်ချက်ပြန်ထိန်းလိုက်နိုင်တယ်။
နက်ဆန်က အသာစီးရနေတဲ့အခြေအနေကို လိုက်ပြီးတော့ ပိုဖိအားပေးဖို့ ကြိုးစားခဲ့ပေမဲ့ သီရာက နက်ဆန်ကိုဆက်ပြီး တိုက်စစ်မဆင်နိုင်စေဖို့အတွက် အလင်းမြားတွေနဲ့ပိတ်ဆို့ တားဆီးထားလိုက်တယ်။
ထန်း... ထန်း... ထန်း...
နက်ဆန်က တစ္ဆေစုံတွဲဓားကိုထုတ်ပြီး ပြန်ခုခံတယ်။ ဒါပေမဲ့ နေရောင်က ဓားတွေပေါ်ကို ကျဆင်းနေတဲ့အတွက်ကြောင့် အငွေ့တလူလူထွက်နေပြီး မကြာခင်မှာပဲ ဓားတွေမပျက်စီးဖို့ အရိပ်ထဲ ပြန်သိမ်းထားလိုက်ရပါပြီ။
‘သခင်၊ ဒီနေရာမှာ အချိန်ဖြုန်းနေလို့မဖြစ်ဘူး။ ဆားဗီးရပ် ရောက်လာရင် အားလုံးရှုပ်ကုန်လိမ့်မယ်။'
သူတော်စင်သုံးယောက်ကို တစ်ပြိုင်နက်တည်း အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။ အထူးသဖြင့် ဘုရားကျောင်းမှာရှိနေတဲ့ နောက်ထပ်သူတော်စင်က စွမ်းအားအကြီးဆုံးဖြစ်တဲ့ ဆားဗီးရပ်ပါ။ ဒါကြောင့် နက်ဆန်က နာတာရှာရဲ့စကားကို နားထောင်ဖို့ဆုံးဖြတ်လိုက်ပြီး အရိပ်ထဲကို ခြေဆောင့် လိုက်ပါတယ်။ အရိပ်ထဲကနေ ဆေဘာတစ်လက် ထွက်ပေါ်လာပြီး နက်ဆန်က သူတော်စင်နှစ်ယောက်ဆီကို ဦးတည်ကာ ပိုင်းချလိုက်တယ်။
ရွှမ်း...
နီကိုလပ်က လှံကိုထုတ်ပြီးခုခံဖို့လုပ်ပေမဲ့ သူဘာမှ မလုပ်နိုင်သေးခင်မှာပဲ မြူတွေက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နက်ဆန်သူတို့ရှေ့ကနေ ပျောက်ကွယ်သွား ပါတော့တယ်။
“ထွက်ပြေးချင်တာလား။” နီကိုလပ်ရဲ့လှံက သက်တံရောင် အလင်းတွေနဲ့တောက်ပလာပြီး မြူတွေကိုချက်ချင်း ဆွဲဖြဲ ပစ်ခဲ့တယ်ဆိုပေမဲ့ နက်ဆန်ကိုတော့ ဘယ်နေရာမှာမှ မတွေ့ရ တော့ပါဘူး။
...
နက်ဆန်က ဘုရားကျောင်းအပြင်ဘက် လူသူထူထပ်တဲ့ လမ်းမတစ်ခုပေါ်မှာ သာမန်လူတစ်ယောက်လို ပြောင်းလဲ ဝတ်စားပြီးတော့ လမ်းလျှောက်နေပါတယ်။ ပင်လယ်ဘက် ကြည့်လိုက်မယ်ဆိုရင်တော့ ပုံမှန်ထက် လှိုင်းတွေထန်နေပြီး ကောင်းကင်ပေါ်ကို သေချာကြည့်မယ်ဆိုရင် ရွှေရောင် အလင်းတန်းတစ်ခုနဲ့ အနီရောင်အလင်းတန်းတစ်ခုက တစ်ခုနဲ့တစ်ခု ထိတွေ့လိုက်၊ ပြန်ခွာလိုက် ဖြစ်နေတာကို မြင်ရမှာပါ။
“အဲဒီနတ်ဘုရားက ရဟန်းမင်းကြီးကို နိုင်မယ်လို့ မင်းထင်လား။”
နက်ဆန်က အဲဒီအလင်းတန်းနှစ်ခုကို ကြည့်လိုက်ရင်းနဲ့ မေးလိုက်တယ်။ ဒီအလင်းတန်းနှစ်ခုက ကောင်းကင်ရဲ့ အမြင့်မှာတိုက်ခိုက်နေကြတဲ့ နတ်မြေခွေးနဲ့ ရဟန်းမင်းကြီး တို့နှစ်ယောက်ရဲ့ပုံရိပ်တွေပါ။
“နတ်ဘုရားက ရှုံးလိမ့်မယ်လို့ ခံစားနေရတယ်။” နာတာရှာက ပြန်ဖြေတယ်။ နက်ဆန်ကတော့ မျက်ခုံးပင့်လိုက်ပါတယ်။
“ငါထင်တာသာ မမှားဘူးဆိုရင် အဲဒါက အီနာရီမဟုတ်လား။ ဂျပန်ရဲ့စိုက်ပျိုးရေးနတ်ဘုရားမ။ ပြီးတော့ နောက်လိုက် များစွာနဲ့သူပဲ။”
နာတာရှာက နက်ဆန်ထောက်ပြတဲ့အချက်ကို မငြင်းပယ်ဘူး ဆိုပေမဲ့လို့...
“လောလောဆယ် အီနာရီက သူ့နယ်မြေနဲ့အများကြီးဝေးတဲ့ နေရာတစ်ခုမှာရောက်နေတာ။ ဒီနေရာမှာ သူ့ရဲ့ကိုးကွယ်သူ အရေအတွက်က သိပ်နည်းတယ်။ သူ့စွမ်းအားတွေကို ပြန်ဖြည့်ဖို့ခက်လိမ့်မယ်။ ဒါကြောင့် တိုက်ပွဲကြာလေလေ သူ့အတွက် အရေးမလှလေပဲ။”
သူတို့ကြည့်နေရင်းကနေ အနီရောင်အလင်းတန်းက အောက်ကို တဖြည်းဖြည်းနိမ့်ဆင်းလာနေပြီး ရွှေရောင် အလင်းတန်းက မကြာခဏဝင်ရောက် ယှက်နွယ်တိုက်ခိုက် နေတာကို မြင်နေရပါတယ်။
“ တွေ့လား... အောက်စည်းရောက်နေပြီ။”
“ သူတို့တိုက်ပွဲ မပြီးသေးခင် ဒီကနေ ထွက်သွားရအောင်။” နက်ဆန်က ရှေ့ကိုခြေလှမ်းလိုက်တယ်။ ဒါပေမဲ့ ရုတ်တရက် ဆိုသလိုပဲ အားနည်းသွားသလိုမျိုး ခံစားလိုက်ရပြီးတော့ ဘေးက နံရံတစ်ခုကို လက်နဲ့ထောက်ထားလိုက်ရတယ်။
“သခင်... အဆင်ပြေရဲ့လား။” နာတာရှာက မေးလိုက်တယ်။ နက်ဆန်က သူ့ကိုယ်သူသေချာပြန်ပြီး စစ်ဆေးကြည့်တော့ လက်မောင်းတစ်ဖက်မှာ ဆိုးယုတ်ခြင်းအငွေ့အသက်တချို့ ကပ်နေပြီး သူ့အသားတွေကို တိုက်စားနေတာ မြင်လိုက်ရပြီ။
“ အဲဒီမှော်စက်ကွင်းက ဆိုးယုတ်ခြင်းအငွေ့အသက်တွေ ငါ့ကိုကူးစက်သွားတဲ့ပုံပဲ။”
“မြန်မြန်စံအိမ်ကို ပြန်ရအောင်။ အဲဒီမှာ ခဏနေပြီးတော့ ဆိုးယုတ်ခြင်းအငွေ့အသက်ကို ဖယ်ရှားရမယ်။ ဒီတိုက်ပွဲ မပြီးသေးခင်တော့ သူတော်စင်တွေက ကျွန်မတို့နောက်ကို လိုက်လာရဲမယ်မထင်ဘူး။”
နက်ဆန်က ခေါင်းညိတ်လိုက်ပြီး စံအိမ်ဆီကို ဒယိမ်းဒယိုင်နဲ့ လျှောက်လှမ်းသွားလိုက်တယ်။
...
“ထူးဆန်းလိုက်တာ...”
ကျွန်မက ကျွန်မကို မျက်တောင်တောင်မခတ်ဘဲ ဆက်တိုက် စောင့်ကြည့်နေခဲ့တဲ့ အိုလီရာနာကြောင့် နေရခက်သွားတယ်။ စားလက်စ ကော်ပြန့်လိပ်ကိုတောင် စားဖို့စိတ်မဖြောင့်ဘူး။ သူ့ကိုကြည့်ရတာ တစ်စုံတစ်ခုကို အလွန်အမင်းစိုးရိမ်နေတဲ့ ပုံပါပဲ။
နောက်တော့ သူက ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်ပြီး သူ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ ဒါပေမဲ့ ချက်ချင်း သူက ကျွန်မကို လှည့်ကြည့်ပြီးတော့ ပြောပါတယ်။
“ဆယ်ဗီ၊ သခင်လေးတို့က ငါတို့ကို ရထားဘူတာမှာ စောင့်နေလောက်ပြီ။ မြန်မြန်သွားရအောင်။”
“ဟမ်...” သူပြောနေတဲ့ စကားတွေကို ကျွန်မ နားမလည်နိုင် တော့ဘူး။
“အိုလီရာနာ၊ နင်မနေ့ကညက မအိပ်ဘဲနေလို့ နည်းနည်း ကြောင်နေတာလား။ ဒါကြောင့် မနက်က အစောကြီးနိုးနေ ပါတယ်လို့။ တကယ်က မအိပ်ဘဲနေနေတာကိုး။”
အိုလီရာနာက သူပြောတာကို ကျွန်မမယုံတဲ့အတွက်ကြောင့် စိတ်ပူလာပုံပဲ။ သူက ခေါင်းခါပြပြီးတော့
“မဟုတ်ဘူး၊ မဟုတ်ဘူး... ငါတို့က ဒီနေ့ပြန်ကြမှာလေ။ သခင်က ငါတို့အတွက် လက်မှတ်ဖြတ်ထားပြီးသား။ သူက နင့်ကိုမြို့ထဲလျှောက်လည်စေချင်လို့ ဘာမှမပြောသေးတာ။”
ဒီတစ်ခါတော့ ကျွန်မမျက်လုံးပြူးရတဲ့အလှည့်ပါ။ ပြန်မယ် ဆိုရင်လည်း စောစောစီးစီးကတည်းက ပြောမှပေါ့။ “ဟယ်၊ ဒုက္ခပါပဲ။ ငါအထုပ်အပိုးမပြင်ရသေးဘူးလေ။ စံအိမ်ဆီ မြန်မြန်ပြန်မှဖြစ်မယ်။”
ကျွန်မက စံအိမ်ဆီပြန်မယ်လို့ပြောပြန်တော့ အိုလီရာနာက ခေါင်းကိုခါယမ်းလိုက်ပြန်တယ်။ “ဆယ်ဗီ၊ နာတာရှာက နင့်အတွက် အထုပ်အပိုးပြင်ပေးပြီးလို့ ဘူတာရုံမှာ ထိုင်စောင့်နေလောက်ပြီ။ ဘူတာရုံကိုပဲ အရင်သွားရအောင်။”
အိုလီရာနာက ကျွန်မလက်ကို ဆွဲလိုက်ပြီးတော့ တစ်နေရာကို ပြေးထွက်တယ်။ ကျွန်မလည်း ကြောင်တောင်တောင်နဲ့ လက်ထဲမှာ ကော်ပြန့်လိပ်ကိုကိုင်ထားရင်း နောက်ကနေ လိုက်လာမိတာပေါ့။
“ဟိုက ကောင်မလေး၊ ပိုက်ဆံမရှင်းရသေးဘူးလေ။” ဆိုင်ရှင်အဒေါ်ကြီးကတော့ နောက်မှာအော်ဟစ်ပြီးတော့ ကျန်နေခဲ့တာပေါ့။
...
အိုလီရာနာက တော်တော်မြန်တယ်ပြောရမယ်။ မိနစ်ပိုင်း အတွင်းမှာပဲ သူက ကျွန်မကိုခေါ်လာပြီး ဘူတာရုံကို ရောက်နေပြီ။
အိုလီရာနာက ပထမဆုံးအနေနဲ့ မကြာသေးမီကမှ ဆိုက်ရောက်လာတဲ့ ရထားဆီကို ကျွန်မကိုခေါ်သွားတယ်။ အဲဒီနောက် ရထားလက်မှတ်ကို တွဲစောင့်ကိုပြပြီးတော့ ရထားထဲဝင်လိုက်တယ်။
“ဆယ်ဗီ၊ အဲဒီနေရာက ခုံက ငါတို့ခုံပဲ။ ထိုင်ပြီးတော့ သခင့်ကိုစောင့်ရအောင်။”
ရထားတံခါးက ပိတ်သွားတယ်။ ခရီးသည်တွေကို စောင့်နေတုန်း ဖြစ်တဲ့အတွက်ကြောင့် ထွက်တော့ မထွက်သေးဘူး။ ဒါပေမဲ့ ကျွန်မက အိုလီရာနာကို သေချာကြည့်လိုက်ပြီးတော့ တစ်လုံးချင်း မေးလိုက်တယ်။
“အိုလီရာနာ၊ ဘာဖြစ်နေလဲဆိုတာ ငါ့ကိုအသေးစိတ် ရှင်းပြလို့ရမလား။”
အိုလီရာနာက ကျွန်မအမေးကြောင့် ခေါင်းကိုငုံထားတယ်။ ကျွန်မ အကြည့်တွေကို သူရင်တောင် မရင်ဆိုင်ရဲဘူး။ သေချာပေါက် တစ်ခုခုဖြစ်နေပြီး နက်ဆန်ကို ကျွန်မ တွေးပူမိသွားတယ်။
“နင်ရှင်းမပြရင်လည်းနေတော့၊ ငါ့ဘာသာ အဲဒီကောင်ကို သွားရှာမယ်။ အကျိုးအကြောင်းရှင်းမပြဘဲ ငါ့ကိုပထုတ် ရဲတယ်ပေါ့လေ။”
ကျွန်မ ရထားပေါ်ကနေ ပြေးဆင်းတယ်။ အိုလီရာနာလည်း နောက်ကနေ လိုက်လာရင်း အော်ဟစ်ပြောဆိုနေတယ်။
“ဆယ်ဗီ၊ နင်အဲဒီလိုလုပ်လို့မရဘူး။ ငါတို့ဒီကနေ ဖြစ်နိုင်သမျှ အမြန်ဆုံးထွက်သွားရမှာ။”
ကျွန်မ သူ့စကားကိုကြားတယ်။ ဒါပေမဲ့ လစ်လျူရှုထား လိုက်ပါတယ်။ ကျွန်မ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ပြည့်လျှံလာတယ်။ ဒါက ဘာသဘောလဲ။ ကျွန်မက သူယုံရတဲ့ လူတွေထဲကတစ်ယောက် ဖြစ်တယ်လို့ထင်ထားခဲ့တာ။ သူ့ရဲ့အဖွဲ့ဝင်တွေထဲက တစ်ယောက်လို့ ခံယူထားခဲ့တာ။ အခုတော့...
“ရှင်အန္တရာယ်တစ်ခုခုနဲ့ ရင်ဆိုင်နေရတယ်ဆိုရင်လည်း သေချာပြောပြပေါ့။ ကျွန်မကို အဲဒီလိုစွန့်ပစ်လိုက်လို့ မရဘူးလေ။”
ကျွန်မ ဘူတာရုံအပြင်ဘက်ကိုထွက်ဖို့ကြိုးစားပေမဲ့ လူတွေ တအားများနေတဲ့အတွက်ကြောင့် အရေးပေါ်အပေါက်ကနေ ထွက်ဖို့ဆုံးဖြတ်လိုက်တယ်။ သာမန်ဆိုရင်ပိတ်ထားတတ်တဲ့ နေရာဖြစ်တာမလို့ လူရှင်းနေတယ်။ အိုလီရာနာလည်းပဲ နောက်ကနေ လိုက်လာပြီ။ အရေးပေါ်လမ်းကြောင်းရဲ့ တစ်ဝက်လောက်ကိုရောက်တော့ အိုလီရာနာရဲ့ဆံပင်တွေက ကျွန်မကိုချုပ်နှောင်ထားလိုက်တော့တယ်။
“ဆယ်ဗီ၊ နင်မိုက်ရူးရဲဆန်လို့မရဘူး။ နင်အဲဒီလိုလုပ်နေရင် သခင့်ကို ပိုပြီးဝန်ထုပ်ဝန်ပိုးဖြစ်စေလိမ့်မယ်။”
ဝန်ထုပ်ဝန်ပိုးတဲ့လား။ ကျွန်မ ဒေါသထွက်လွန်းအားကြီးလို့ တစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာတယ်။ အဲဒီတုန်းက သူပြောခဲ့တဲ့ စကားတွေကို ပြန်ပြီးကြားယောင်ကြည့်မိတော့ နှုတ်ခမ်းကို ဖိကိုက်ထားမိတဲ့အထိပဲ။
“နင်နဲ့အတူရှိနေတဲ့သူတွေက နင့်ရဲ့ရဲဘော်ရဲဘက်တွေဆို။ အခုကျတော့ နင်က ဘာလို့ငါ့ကိုပစ်ထားခဲ့တာလဲ။”
ကျွန်မ အိုလီရာနာရဲ့ဆံပင်တွေကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နက်ဆန်ဆီကို အရောက်သွားရမယ်ဆိုတဲ့စိတ်က ကျွန်မရင်ထဲမှာ ရှိနေခဲ့ပြီးသား။
“ငါ့ရဲ့စွမ်းအားတွေရေ.... ဒီတစ်ခါတော့ အလုပ်ဖြစ်လိုက်တော့။”
ကျွန်မလက်နှစ်ဖက်ထဲ အားကုန်ထည့်ပြီးတော့ အိုလီရာနာနဲ့ ဆံပင်တွေကိုဖယ်ရှားဖို့အတွက် ကြိုးစားတယ်။ ပထမတော့ သိပ်မသိသာပေမဲ့ နောက်တော့ တဖြည်းဖြည်းနဲ့ အံ့အားသင့်စရာတစ်ခု ဖြစ်ပေါ်လာပါတော့တယ်။
...
နက်ဆန်က စံအိမ်ကိုပြန်ရောက်လာပြီးနောက် ဧည့်ခန်းထဲက ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်တယ်။ သူ့လက်မောင်းမှာရှိနေတဲ့ ဆိုးယုတ်ခြင်းအငွေ့အသက်တွေက ပိုမိုပြင်းထန်လာတယ်။ နာတာရှာကလည်း စံအိမ်ကြီးရဲ့မှောင်ရိပ်ကိုခိုပြီးတော့ အပြင်ကို ထွက်လာခဲ့ပါတယ်။
“ ခုချက်ချင်း ဒီအငွေ့အသက်တွေကို ဖယ်ရှားပစ်မှ ရလိမ့်မယ်။ မဟုတ်ရင် တစ်ကိုယ်လုံးကိုပြန့်သွားပြီး ပြဿနာဖြစ်လိမ့်မယ်။”
နာတာရှာက ပြောလိုက်ပြီးတော့ မှော်နှင်တံကိုထုတ်ကာ ဂါထာစက်လုံးပေါင်းရာထောင်ချီပါဝင်တဲ့ မန္တန်တစ်ခုကို ရေရွတ်ကာ အစိမ်းရောင်အလင်းတွေနဲ့တောက်ပနေတဲ့ စည်းတံဆိပ်တစ်ခုကို ဖန်တီးလိုက်တယ်။ အဲဲဒီနောက်မှာ နက်ဆန်ရဲ့လက်မောင်းပေါ်က အငွေ့အသက်တွေကို စည်းတံဆိပ်ခတ်ပြီး ဖိနှိပ်လိုက်တယ်။
“ဒါက ယာယီဖြေရှင်းနည်းသက်သက်ပဲ။ အပြီးတိုင် ဖြေရှင်းဖို့ဆိုရင်တော့ မှော်ဆေးရည်တစ်မျိုးကို ဖန်တီးဖို့ လိုပါလိမ့်မယ်။”
အဲဒီနောက် နာတာရှာက ဆေးအိုးကိုအသင့်ပြင်လိုက်ပြီး သူပြောခဲ့တဲ့ဆေးကို စတင်ဖော်စပ်ဖို့အတွက် အလုပ်ရှုပ် နေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ ဧည့်ခန်းအပြင်ဘက်မှာရှိတဲ့ အိမ်တံခါးမကြီးက ပွင့်သွားပြီး တစ်စုံတစ်ယောက်က ဝင်လာခဲ့တယ်။ နက်ဆန်ရဲ့လက်ထဲမှာတော့ တစ္ဆေစုံတွဲဓား ပေါ်လာပြီး လာမယ့်ဘေးပြေးတွေ့ဖို့ အသင့်ပါပဲ။
...
ကျွန်မ စံအိမ်ရဲ့တံခါးကို တွန်းဖွင့်ပြီး ဝင်လိုက်တော့ တုန်လှုပ်စရာ မြင်ကွင်းကိုမြင်လိုက်ရတော့တာပါပဲ။ နက်ဆန်ရဲ့ဘယ်ဘက်လက်မောင်းကနေပြီး မီးလောင် ထားသလိုမျိုး အခိုးအငွေ့တွေထွက်လာနေတယ်။ နာတာရှာက ဆေးကျိုဖို့အတွက်ကြိုးစားနေပြီးတော့ မှော်စည်းတံဆိပ်တစ်ခုက ဒဏ်ရာကိုဖိနှိပ်ထားပေမဲ့ အခြေအနေက တော်တော်ဆိုးပုံပဲ။
“ရှင် ဘယ်လိုလုပ်ပြီး ဒဏ်ရာရထားတာလဲ။ ခဏ၊ ကျွန်မ ကြည့်ပေးမယ်။”
ကျွန်မ နက်ဆန်အနားကို ပြေးကပ်လာပေမဲ့ နက်ဆန်က ကျွန်မကို မာမာထန်ထန်ကြည့်လိုက်တဲ့အတွက်ကြောင့် အလိုလိုရပ်တန့်လိုက်မိတယ်။
“ရပ်လိုက်၊ ငါ့အနားကို ကပ်မလာနဲ့။ ဒီဒဏ်ရာက မင်းတတ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။”
သူ့ကိုကြည့်ရတာ တော်တော့်ကို စိတ်ဆိုးနေတဲ့ပုံပဲ။ အရင်ကလည်း သူစိတ်ဆိုးဒေါသထွက်တာကို ကျွန်မ မြင်ဖူးပါရဲ့။ ဒါပေမဲ့ အခုလိုပုံစံမျိုးကိုတော့ မမြင်ဖူးဘူး။ သူ့ကြည့်ရတာ တော်တော်ကြီးစိတ်ပျက်နေသလိုပါပဲ။
“ဆယ်ဗီ၊ ငါ့ကိုစောင့်ဦးလေ။” တစ်ကိုယ်လုံးပေလူးနေတဲ့ အိုလီရာနာကလည်း နောက်ကနေပြီး လိုက်ဝင်လာတယ်။ နက်ဆန်က အိုလီရာနာကို ဒေါသတကြီး ကြည့်လိုက်ပြီး ရက်စက်လှတဲ့ စကားတစ်ခွန်းကိုပြောလိုက်တယ်။
“မင်းကို သိပ်လွယ်တဲ့ တာဝန်တစ်ခုပေးလိုက်တာတောင်မှ ကျရှုံးလာတာလား။ မင်းကို အပြစ်မပေးလို့ မဖြစ်ဘူး။”
အိုလီရာနာက ခေါင်းခါပြတယ်။ “သခင်၊ မဟုတ်ဘူး။ အိုလီရာနာက တားဖို့လုပ်ပေမဲ့ ဆယ်ဗီက ကျွန်မကို...”
“ဒူးထောက်စမ်း....” နက်ဆန်ရဲ့လက်ထဲမှာ အစိမ်းရောင် ကြိုးမျှင်တစ်ခု ထွက်ပေါ်လာပြီး အိုလီရာနာနဲ့ချိတ်ဆက် မိသွားတယ်။ နက်ဆန်အမိန့်ပေးလိုက်တာနဲ့ အိုလီရာနာပေါ် ကြီးမားတဲ့ဖိအားတစ်ခု သက်ရောက်လာဟန်ပေါ်ပြီးတော့ အလိုလိုဒူးထောက်ကျသွားတော့တာပဲ။
“အရိုးရှင်းဆုံးတာဝန်တွေကိုတောင် အောင်မြင်အောင် မလုပ်နိုင်ရင် ငါမင်းကို ဘယ်လိုလုပ်ပြီး ကိုယ်ရံတော်အဖြစ် ယုံစားရမှာလဲ။”
“ကျွန်မ... မှားမှန်းသိပါပြီ။” အိုလီရာနာက ကြောက်လွန်းလို့ တဆတ်ဆတ်တုန်နေပြီး စငိုတော့တာပဲ။ ကျွန်မက အိုလီရာနာနဲ့ နက်ဆန်ကြားကိုဝင်လိုက်ပြီး နက်ဆန်ကို ပြောလိုက်တယ်။
“ဒီကိုပြန်လာဖို့ ဆုံးဖြတ်ခဲ့တာ ကျွန်မပဲ။ မဆိုင်တဲ့သူကို အပြစ်မပေးပါနဲ့။”
နက်ဆန်က ကျွန်မကို အထင်သေးနေတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်တယ်။ “ပြန်လာတယ်၊ ဟုတ်လား။ မင်းကို ဘယ်သူက ပြန်လာခိုင်းလို့လဲ။”
“အခု ရှင်တစ်ခုခုဖြစ်နေတယ်မဟုတ်လား။ ရှင်အန္တရာယ်နဲ့ ကြုံနေတယ်။ ကျွန်မကိုတစ်ခုခုပြောပြမှ ရှင့်ကိုကျွန်မ ကူညီနိုင်မှာပေါ့။ ဘာလို့အခုလိုလုပ်ရတာလဲ။”
ဒီစကားကိုပြောပြီးတော့ ကျွန်မပြောတာတွေကို နားထောင်နေတဲ့ နက်ဆန်ရဲ့မျက်လုံးတွေက မှေးစင်း သွားတယ်။ သူ့အကြည့်တွေက အမှိုက်တစ်စကို ကြည့်နေတဲ့ အတိုင်းပါပဲ။ ဒါကြောင့် ကျွန်မပိုပြီး သိမ်ငယ်လာသလိုမျိုး ခံစားရတယ်။
“ပြောစမ်းပါဦးဆယ်ဗီ၊ မင်းက ဘာတွေများ ငါ့ကို ကူညီပေးနိုင်လို့လဲ။ ဒီဒဏ်ရာကို မင်းကုနိုင်လို့လား...”
သူက သူ့လက်မောင်းက တစ်မျိုးကြီးထူးဆန်းနေတဲ့ ဒဏ်ရာကို ပြလိုက်တယ်။ မှော်စွမ်းအားတစ်ခုခုကြောင့် ဖြစ်လာပုံရတဲ့ ဒဏ်ရာဖြစ်တဲ့အတွက် ဘယ်လိုကုရမှန်း ကျွန်မ မသိဘူး။
“ကျွန်မ... ကျွန်မ...”
“မင်းဘယ်လို လုပ်ရမှန်းမသိဘူးမဟုတ်လား။”
“....”
ကျွန်မ တိတ်ဆိတ်နေခြင်းနဲ့ ဝန်ခံလိုက်ရတယ်။ ဒါပေမဲ့ ခဏနေတော့ ကျွန်မပြန်လာခဲ့ရတဲ့ အကြောင်းအရင်းကို ပြောလိုက်တယ်။
“ဒါပေမဲ့ ကျွန်မက ရှင့်ရဲ့ရဲဘော်ရဲဘက်တွေထဲက တစ်ယောက်လေ။ ရှင်ဒုက္ခရောက်နေတဲ့အချိန်မှာ အနားမှာရှိနေပေးရမှာပေါ့။”
“ဘယ်သူက မင်းကို ငါ့ရဲ့ရဲဘော်ရဲဘက်လို့ ပြောခဲ့တာလဲ။ ငါမင်းကို ဘယ်တုန်းကမှ အသိအမှတ်မပြုခဲ့ဖူးဘူး။”
“....” သူ့လေသံက ပိုပြီးတော့ အေးစက်လာတယ်။ သူ့ရဲ့မျက်လုံးတွေထဲမှာ မောက်မာမှုက နေရာယူထားတယ်။ ကျွန်မနှလုံးသားထဲ ဆစ်ခနဲခံစားလိုက်ရပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်မိလိုက်တယ်။
“အဲဒီလို မဟုတ်ဘူးလား။” ကျွန်မဆီကနေ မသေချာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ စကားတစ်ခွန်း ထွက်ပေါ် လာခဲ့တယ်။ နက်ဆန်က အေးစက်စွာနဲ့ပြုံးလိုက်ပြီး ကျွန်မကို လက်ညိုးထိုးပြလိုက်တယ်။
“မင်းက ငါအပျင်းပြေကစားဖို့အတွက် ပိုက်ဆံပေးပြီး ငှားထားတဲ့ အရုပ်တစ်ခုသာသာပဲ။”
ဒီစကားကြောင့် ကျွန်မခြေဖျားလက်ဖျားတွေ အေးစက် သွားခဲ့ပါတယ်။ ရင်ထဲက မခံချင်ပေမဲ့ သူ့ကိုဘယ်လိုလုပ်ပြီး ပြန်တွန်းလှန်ရမလဲ မသိပါဘူး။ သူကတော့ မညှာမတာ စကားတွေကို ဆက်ပြီးတော့ ပြောနေဆဲပဲ။
“မင်းက အစကတည်းက ငါ့အတွက် အသုံးဝင်တာ မဟုတ်ဘူး။ ငါ့အတွက် သူနာပြုတစ်ယောက် အစတည်းက မလိုခဲ့ဘူး။ မင်းရဲ့တုံးအအပုံစံနဲ့ တစ်ခုခုလုပ်ဖို့ ကြိုးစားနေတာကို ငါအပျင်းပြေကြည့်ချင်ခဲ့ရုံပဲ။”
နာကျင်လိုက်တာ... တကယ့်ကို နာကျင်ရမယ်။ သူ့ရဲ့စကားလုံးတိုင်းက ကျွန်မရင်ကို ဓားနဲ့ထိုးနေသလိုပဲ။ မျက်ရည်တွေက အတားအဆီးမရှိ ပါးပြင်ပေါ်ကို စီးကျ လာခဲ့တယ်။
“အခုတော့၊ ငါမင်းကို ငြီးငွေ့သွားခဲ့ပြီ။” သူက အဲဒီစကားကို ပြောလိုက်ပြီးတဲ့နောက် အိမ်တံခါးမကြီးကို လက်ညိုးညွန်ပြ လိုက်ပြီးတော့...
“ဒါကြောင့် ငါပေးတဲ့ပိုက်ဆံတွေကို ယူပြီးတော့ ကိုယ့်အိမ်ကိုယ် လိမ်လိမ်မာမာနဲ့ ပြန်လိုက်တော့။ ငါမင်းကို အလုပ်ထုတ်လိုက်ပြီ။”