← Chapters

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း (၅၇၁-၅၇၃)

Vol. 39 Ch. 571-573

အခန်း(၅၇၁)

ကျန်းချန်၏ အေးစက်သောအကြည့်နှင့် ရင်ဆိုင်ရလျှင် ထျန်းယွဲ့ဂိုဏ်းမှ တပည့်နှစ်ယောက်၏ နှလုံးသားထဲတွင် ပြောမပြတတ်အောင် အေးစိမ့်သော ခံစားချက်အား ခံစားခဲ့ရသည်။

သို့သော်လည်း ဤနေရာက သူတို့ထျန်းယွဲ့ဂိုဏ်း၏ နေရာဆိုသည်ကို တွေးမိသောအခါ သူတို့သည် သတ္တိများကို စုစည်းပြီး ကျန်းချန်ကို ပြန်လည် အော်ဟစ်လိုက်သည်။

"ကောင်လေး ငါတို့ ထျန်းယွဲ့ဂိုဏ်းရဲ့ စခန်းက မင်းလာချင်တိုင်း လာလို့ရတဲ့နေရာ မဟုတ်ဘူး.. အခုချက်ချင်း မထွက်သွားရင် ငါတို့ကို ရိုင်းစိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့တော့"

ကျန်းချန်က ထိုနှစ်ယောက်ကို တုန့်ပြန်ပြောဆိုရန် ပျင်းရိနေခဲ့သည်။

သူက ယွဲ့မူလင်ဘက်သို့ လှည့်၍ ပြောလိုက်သည်။

"မူလင် မင်းသွားပြီး ချင်းရွှယ်ကို ငါနဲ့လာတွေ့ဖို့ အကြောင်းကြားလိုက်ပါ"

"ကောင်းပါပြီ အကိုကျန်း"

ယွဲ့မူလင်ကလည်း ဤပြဿနာကို သူ့အမ ချင်းရွှယ်သာ ဖြေရှင်းနိုင်မည်မှန်း သိသောကြောင့် အလျှင်အမြန်ပင် ခေါင်းညိမ့်ပြီး ထျန်းယွဲ့ဂိုဏ်း၏ စခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။

"ကောင်လေး မင်း သေချင်နေပြီလား.."

ထိုမြင်ကွင်းကိုမြင်လျှင် ထျန်းယွဲ့ဂိုဏ်း၏ တပည့်နှစ်ယောက်သည် ရုတ်တရက် ဒေါသထွက်လာခဲ့ပြီး သဘာ၀ စွမ်းအားဖွင့်ခြင်း နဝမအဆင့် ခွန်အားကို ချက်ချင်းပင် ဖော်ထုတ်လိုက်ကြသည်။

ယင်းနောက် သူတို့သည် လက်နက်များကို ကိုင်ဆွဲကာ ကျန်းချန်ဆီသို့ ပြေးဝင်လာခဲ့ကြ၏။

ဆိုရလျှင် မုန့်ချင်းရွှယ်သည် ထျန်းယွဲ့ဂိုဏ်း၏ နံပတ်တစ် အစစ်အမှန် တပည့် ရှထျန်းမင် သဘောကျနေသည့် မိန်းကလေး ဖြစ်သည်။

သို့ဖြစ်ရာ ရှထျန်းမင်၏ ဂျူနီယာညီလေးများ ဖြစ်သည့် သူတို့သည် သူတို့ရှေ့မှ ကောင်လေးကို မုန့်ချင်းရွှယ်နှင့် တွေ့ခွင့် အဘယ်ကြောင့် ပေးရပါမည်နည်း။

ဤကောင်လေးက မုန့်ချင်းရွှယ်၏ မိတ်ဆွေဖြစ်နေပါစေ၊ ဘယ်လို ယောကျာ်းလေးကိုမှ မုန့်ချင်းရွှယ်၏ အနားသို့ ချဥ်းကပ်ခွင့် ဘယ်တော့မှ ပေးမည် မဟုတ်ချေ။

"ထွက်သွားစမ်း.."

ကျန်းချန်ရဲ့ အမူအရာက အေးစက်သွားခဲ့သည်။

သူ၏ လက်သီးဆန္ဒ ဒုတိယအဆင့် ခွန်အားက ထွက်ပေါ်လာခဲ့ပြီး ထျန်းယွဲ့ဂိုဏ်းမှ တပည့်နှစ်ယောက်ကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။

"ဝုန်း.."

ထျန်းယွဲ့ဂိုဏ်းရဲ့ တပည့်နှစ်ယောက်က ဘာမှ မတုန့်ပြန်နိုင်ခင်မှာပင် ကျန်းချန်၏ လက်သီးချက်ကြောင့် မီတာ အတော်ဝေးဝေးထိ လွင့်စင်သွားခဲ့၏။

သူတို့က ဖြူဖျော့နေသော မျက်နှာများဖြင့် ကျန်းချန်ကို ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးထဲတွင် ကြောက်ရွံ့သော အသွင်အပြင်တစ်ခုသည် မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်

ထိုသို့ ကျန်းချန်က ထျန်းယွဲ့ဂိုဏ်း၏ တပည့်နှစ်ယောက်ကို လက်သီးဖြင့် ဆုံးမလိုက်သော အချိန်မှာပင် ထျန်းယွဲ့ဂိုဏ်း၏ စခန်းထဲကနေ အေးစက်သော ဒေါသသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

"ငါတို့ ထျန်းယွဲ့ဂိုဏ်းရဲ့ စခန်းချတဲ့နေရာမှာ ဘယ်သူရမ်းကားနေတာလဲ"

စကားသံနှင့်အတူ အဖြူရောင်ဝတ်စုံဝတ် လူငယ်လေး တစ်ယောက်သည် ချက်ချင်းပင် လေထဲမှတစ်ဆင့် ထျန်းယွဲ့ဂိုဏ်း၏ တပည့်နှစ်ယောက် ရှေ့ကို တိုက်ရိုက် ဆင်းသက်လာခဲ့သည်။

အဖြူရောင်ဝတ် လူငယ်လေးသည် ထျန်းယွဲ့ဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့် ရှထျန်းမင် ဖြစ်၏။

"စီနီယာအကိုရှ.. ဒီကောင်လေးက စီနီယာအမ ချင်းရွှယ်ရဲ့ မိတ်ဆွေအဖြစ် ဟန်ဆောင်ပြီး ကျွန်တော်တို့ကို နာကျင်အောင်လုပ်ခဲ့တယ်"

ထျန်းယွဲ့ဂိုဏ်း၏ တပည့်နှစ်ယောက်က ကျန်းချန်ကို အလျင်အမြန် လက်ညှိုးထိုးပြကာ အဖြူရောင်ဝတ် လူငယ်ကို တိုင်တန်းလိုက်သည်။

၎င်းတို့၏ စကားကို ကြားလျှင် ရှထျန်းမင်၏ မျက်လုံးများသည် အနည်းငယ်ကြုတ်သွားခဲ့၏

သူက ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်၍ ပြောလိုက်သည်

"မင်းက ချင်းရွှယ်ရဲ့မိတ်ဆွေလား.. ချင်းရွှယ်မှာ မင်းလိုမိတ်ဆွေရှိတယ်လို့ ငါ တစ်ခါမှမကြားဖူးဘူး.. အတိအကျပြောရရင် ငါ့ကိုတောင် သူက သူ့ရဲ့မိတ်ဆွေလို့ သတ်မှတ်ထားတာ မဟုတ်ဘူး"

ရှထျန်းမင်၏ စကားကိုကြားလျှင် ကျန်းချန်က မျက်ခုံးကို ပင့်၍ တုန့်ပြန်လိုက်သည်။

"ငါနဲ့ သူ့ရဲ့ဆက်ဆံရေးက မိတ်ဆွေဆိုတာထက် ပိုပါတယ်"

ထိုစကားကြောင့် ရှထျန်းမင်၏ မျက်လုံးများက အေးစက်လာခဲ့ပြီး ကျန်းချန်ကို ပြင်းထန်စွာ ပြောလိုက်သည်။

"ကောင်လေး မင်းဘယ်သူလဲ.. ငါတို့ ထျန်းယွဲ့ဂိုဏ်းရဲ့ စခန်းချတဲ့နေရာက်ို လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ"

"မင်းရဲ့လေသံကို သတိထား.. ငါက မင်းတို့ ထျန်းယွဲ့ဂိုဏ်းရဲ့ စခန်းထဲကို အခုထိ မဝင်ရသေးဘူး.. ငါကဒီမှာ ချင်းရွှယ်ကို စောင့်နေရုံပဲ.. မင်းငါ့ကို အနှောင့်အယှက်မပေးတာ ပိုကောင်းလိမ့်မယ်"

ကျန်းချန်က စိတ်မရှည်သော အမူအရာဖြင့် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"ကောင်လေး မင်းကို အသက်ဆယ်ရှိုက်စာ အချိန်ပေးမယ်.. မင်းမသေချင်ရင် ငါ့ရှေ့ကနေ ချက်ချင်း ပျောက်ကွယ်သွားစမ်း

ရှထျန်းမင်၏ ကျန်းချန်ကို စိုက်ကြည့်နေသည့် မျက်လုံးများသည် ပို၍ အေးစက်လာခဲ့ပြီး သူ၏ တစ်ကိုယ်လုံးကနေ နက်ရှိုင်းသော အေးစိမ့်သည့် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

"ဟားဟား လုံရှီးတောင်ကို မင်းတို့ ထျန်းယွဲ့ဂိုဏ်းရဲ့စခန်းလို့များ ထင်နေတာလား"

ကျန်းချန်က အေးစက်စွာပြုံး၍ ပြောလိုက်သည်။

"မုန့်ချင်းရွှယ်က ငါ့ရဲ့အစေခံမလေးပဲ.. ငါက ငါ့ရဲ့အစေခံမကို လာရှာတာ ဘာများမှားနေလို့လဲ"

"ငါတို့ ထျန်းယွဲ့ဂိုဏ်းရဲ့ အစစ်အမှန်တပည့်ကို စော်ကားလှချည်လား.. မင်း ဘယ်လိုပုံစံမျိုးနဲ့သေချင်လဲ ပြောလိုက်စမ်း"

ကျန်းချန်က မုန့်ချင်းရွှယ်ကို အစေခံမလေးဟု ပြောလိုက်သည်ကို ကြားလျှင် ရှထျန်းမင်သည် ချက်ချင်းပင် ဒေါသအိုးပေါက်ကွဲသွားခဲ့သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ စွမ်းအင်သိပ်သည်းခြင်း အဆင့် ခွန်အားသည် ပေါက်ကွဲထွက်လာခဲ့ပြီး ပြင်းထန်သော လက်ဝါးရိုက်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်ရန် ပြင်လိုက်သည်။

အခန်း (၅၇၁) ပြီး၏။

အခန်း (၅၇၂)

ကျန်းချန်၏ မျက်နှာက တည်ငြိမ်နေခဲ့သည်။

သူက လက်သီးဆန္ဒ၏ ဒုတိယအဆင့်ခွန်အားကို ထုတ်ဖော်ကာ ရွှေရောင် လက်သီးချက်ဖြင့် ရှထျန်းမင်၏ လက်ဝါးရိုက်ချက်ကို အသာအယာ ချေဖျက်ပစ်လိုက်သည်။

"လက်သီးဆန္ဒ ဒုတိယအဆင့် ခွန်အားပါလား.. မင်းမှာ စွမ်းရည် နည်းနည်းပါးပါး ရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ရှထျန်းမင်က ကျန်းချန်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူ၏မျက်လုံးထဲတွင် အံ့သြသော အမူအရာတစ်ခုသည် ဖြစ်ပေါ်လာခဲ့သည်။

"ငါနောက်ဆုံးအကြိမ်ပြောမယ် ငါဒီမှာ ချင်းရွှယ်ကို စောင့်နေတာ.. မင်းနဲ့ရန်မဖြစ်ချင်ဘူး"

ကျန်းချန်က ရှထျန်းမင်ကို ကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ခံနိုင်ရည်အတိုင်းအတာကို စိန်မခေါ်တာ ပိုကောင်းလိမ့်မယ်.. မဟုတ်ရင် မင်းအန္တရာယ်ကို ခံစားရလိမ့်မယ်"

"တကယ်လား.. ဒါဆိုလည်း ဒီနေ့ မင်းငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ရှထျန်းမင်က မထီမဲ့မြင် ရယ်မောလိုက်ပြီး စွမ်းအင်သိပ်သည်းခြင်းအဆင့် ခွန်အားကို အင်အားအပြည့်အဝ ထုတ်ဖော်လိုက်သည်။

ထျန်းယွဲ့ဂိုဏ်း၏ နံပတ်တစ် အစစ်အမှန်တပည့် အနေဖြင့် ရှထျန်းမင်၏ မျက်လုံးထဲတွင် နတ်ဓားဂိုဏ်း၏ နံပါတ်တစ်အစစ်အမှန်တပည့် ဖြစ်သည့် ကျန့်ချန်က သာလျှင် သူ၏ ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းရှိသည်။

ဆိုရလျှင် ထိုက်ရှဂိုဏ်း၏ နံပတ်တစ် အစစ်အမှန်တပည့် ဖြစ်သည့် လင်ကျုံကိုပင် သူက မျက်လုံးထဲ မထည့်ပေ။

"ရှထျန်းမင် ရပ်လိုက်စမ်း.."

ရှထျန်းမင် တိုက်ခိုက်တော့မည့်အချိန်တွင် ထျန်းယွဲ့ဂိုဏ်း၏ စခန်းကနေ အေးစက်စက်အော်ဟစ်သံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ရှထျန်းမင်က လှည့်ကြည့်လိုက်ရာ ပြိုင်ဘက်ကင်း အလှပိုင်ရှင် မုန့်ချင်းရွှယ်သည် စခန်းထဲကနေ လျှပ်တစ်ပြက် ထွက်ပေါ်လာသည်က်ို တွေ့လိုက်ရသည်။

"ချင်းရွှယ် မင်းဘာလို့ ဒီကို ရောက်လာတာလဲ"

ရှထျန်းမင်က မုန့်ချင်းရွှယ်ကို မြင်လျှင် သူ၏ ချောမောသော မျက်နှာထက်၌ ရုတ်တရက် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

မုန့်ချင်းရွှယ်ကမူ ရှထျန်းမင်ကို လျစ်လျူရှုလိုက်ပြီး ကျန်းချန်ရဲ့အရှေ့ကို တည့်မတ်စွာ လျှောက်သွားခဲ့သည်

သူမ၏လှပသော မျက်ဝန်းလေးထဲတွင် အလွန်အံ့သြသော အမူအရာလေးတစ်ခု ဖြစ်ပေါ်လာ၏။

"နင်ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ"

ကျန်းချန်က ခေါင်းညိတ်၍ ပြုံးပြလိုက်သည်။

"ထျန်းယွဲ့ဂိုဏ်းမှာ ဒီလောက်အကြာကြီး နေပြီးပြီဆိုတော့ မင်းပြန်လာဖို့အချိန်တန်ပြီ.. ငါနဲ့လိုက်လာခဲ့ပါ"

"ကျန်းချန်.. ဆရာက ငါ့အပေါ်အရမ်းကောင်းတယ်.. သူ့အတွက် ဆန္ဒတစ်ခုကို ဖြည့်ဆည်းပေးမယ်လို့ ကတိပေးထားတယ်.. ရှင် ကျွန်မကို အချိန်အနည်းငယ်လောက် ပေးနိုင်မလား"

မုန့်ချင်းရွှယ်က တောင်းပန်သော လေသံဖြင့် ပြောလိုက်သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ တုန့်ပြန်လိုက်သည်။

"ငါ့နောက်ကို လိုက်လာခဲ့ပါ.. ငါမင်းကိုရှင်းပြစရာတွေ ရှိတယ်.. ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲပြီးရင် မင်းအနေနဲ့ ထျန်းယွဲ့ဂိုဏ်းကို ပြန်သွားနိုင်ပါတယ်"

ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲကြီး ပြီးလျှင် ကျန်းချန်သည် ရှောင်တုလီ နှင့်အတူ ပိုပြီးကျယ်ပြန့်သည့် ကမ္ဘာကြီးကို စူးစမ်းရန် ပြင်ဆင်နေခဲ့သည် ဖြစ်ရာ မုန့်ချင်းရွှယ်ကို သူနှင့်အတူ ခေါ်သွားရန် မဖြစ်နိုင်ပေ။

သူထွက်သွားသည်နှင့် သူနှင့် ပတ်သတ်သည့် လူများ တစ်စုံတစ်ရာ ဖြစ်မည်ကို သူစိုးရိမ်မိသည်။

ထို့ကြောင့် တစ်ချို့ကိစ္စတွေကို မုန့်ချင်းရွှယ်၏ လက်ထဲတွင် ယုံကြည်စိတ်ချစွာ ထားခဲ့မှ ဖြစ်ပေလိမ့်မည် မဟုတ်ပါလော။

မုန့်ချင်းရွှယ်က ကျန်းချန်၏ စကားကိုကြားလျှင် နောက်ထပ် ဘာမှမပြောတော့ဘဲ ကျန်းချန်၏ နောက်ကို လိုက်သွားရန် ပြင်လိုက်သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ရှထျန်းမင်၏ မျက်နှာသည် ရုတ် တရက် မနှစ်မြို့စရာ ဖြစ်လာခဲ့၏။

"ချင်းရွှယ်.. နင်စခန်းထဲကနေ ထွက်သွားရင် အကြီးအကဲ မင်ယွဲ့ကို ဘယ်လိုရှင်းပြမှာလဲ"

"ဒါက ငါ့ရဲ့ကိစ္စပဲ.. နင်စိုးရိမ်စရာမလိုဘူး"

မုန့်ချင်းရွှယ်က ခပ်ပြတ်ပြတ် ပြောလိုက်ပြီး ချာခနဲ လှည့်ထွက်ကာ ကျန်းချန်နှင့်အတူ ထွက်သွားခဲ့သည်။

"ခွေးသား မင်းဘယ်သူဘဲဖြစ်ဖြစ် မနက်ဖြန်ကျင်းပမဲ့ သိုင်းပြိုင်ပွဲမှာ ငါနဲ့မတွေ့ဖို့ ဆုတောင်းထားလိုက်.. ငါနဲ့တွေ့ရင် သေတာထက်ဆိုးတဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ မင်းကို ပေးသိမယ်"

ရှထျန်းမင်က ထွက်သွားခဲ့သည့် ကျန်းချန်တို့ နှစ်ယောက်၏ ကျောပြင်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်လုံးထဲတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

မကြာခင်မှာပင် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို ထိုက်ရှဂိုဏ်း၏ စခန်းဆီသို့ ခေါ်သွားခဲ့သည်။

"စီနီယာအကို ကျန်းချန်.."

စခန်း၏ အစောင့်နှစ်ဦးဖြစ်သည့် ထိုက်ရှဂိုဏ်းမှ တပည့်နှစ်ယောက်သည် ကျန်းချန်ကိုမြင်လျှင် အလျှင်အမြန် ရှေ့တိုး၍ ဦးညွှတ်လိုက်သည်။

သူတို့က ကျန်းချန်၏ အနောက်မှ လိုက်ပါလာသော မုန့်ချင်းရွှယ်ကို မြင်လျှင် အနည်းငယ် အားနာသည့် လေသံဖြင့် ပြောလိုက်သည်။

"အကိုကျန်းချန်.. ဂိုဏ်းချုပ်က အမိန့်ပေးထားတယ်.. ခွင့်ပြုချက်မရှိဘဲ ထိုက်ရှဂိုဏ်းရဲ့ စခန်းထဲကို အပြင်လူ ဝင်ခွင့်မရှိဘူး"

ထိုက်ရှဂိုဏ်း၏ တပည့်နှစ်ဦး စကားမဆုံးခင်မှာပင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

"မုန့်ချင်းရွှယ်က အပြင်လူမဟုတ်ဘူး.. ငါ့ရဲ့အစေခံပဲ"

"မုန့်.. မုန့်ချင်းရွှယ်လား"

ထိုက်ရှဂိုဏ်း၏ တပည့်နှစ်ယောက်သည် မုန့်ချင်းရွှယ် ဟူသော နာမည်ကို ကြားလျှင် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားခဲ့သည်။

အခန်း(၅၇၂)ပြီး၏။

အခန်း(၅၇၃)

"သူမက ထျန်းယွဲ့ဂိုဏ်းရဲ့ အစစ်အမှန်တပည့် မုန့်ချင်းရွှယ်များ ဖြစ်နေမလား"

ထိုက်ရှဂိုဏ်း၏ တပည့်နှစ်ယောက်က မျက်လုံးများပြူးကာ မုန့်ချင်းရွှယ်ကို စိုက်ကြည့်နေခဲ့သည်။

သူတို့က စကားများပင် ထစ်ငေါ့လာခဲ့၏။

ကျန်းချန်က အသာအယာပြုံး၍ ပြန်မေးလိုက်သည်။

"ဘာပြဿနာရှိလို့လဲ"

ကျန်းချန်က မုန့်ချင်းရွှယ်၏ အထောက်အထားအား အတည်ပြုလိုက်သည်ကို ကြားလျှင် ထိုက်ရှဂိုဏ်းမှ တပည့်နှစ်ယောက်၏ နှလုံးသားသည် ထိန်းချုပ်မရစွာ လှုပ်ရှားသွားခဲ့သည်။

"မုန့်ချင်းရွှယ်.."

ဤသည်မှာ ထျန်းယွဲ့ဂိုဏ်း၏ အလွန်နာမည်ကြီးသည့်ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်သည်။

မုန့်ချင်းရွှယ်သည် ထျန်းယွဲ့ဂိုဏ်း၏ နှစ်တစ်ရာအတွင်း အထူးချွန်ဆုံး ပါရမီရှင်ဖြစ်ပြီး အလွန်အင်အားကြီးမားသည့် အထူးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဟု ဆိုကြသည်။

သူမသည် ထျန်းယွဲ့ဂိုဏ်းကို ဝင်ရောက်ပြီး တစ်နှစ်အတွင်းမှာပင် ထိုက်ရှဂိုဏ်း၏ အစစ်အမှန် တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။

သို့သော်လည်း အလွန်တရာချောမောပြီး ထျန်းယွဲ့ဂိုဏ်း၏ နာမည်ကျော်ပါရမီရှင် ဖြစ်သည့် မုန့်ချင်းရွှယ်သည် စီနီယာအကို ကျန်းချန်၏ အစေခံမလေး ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်လိုမှ မထင်ထားခဲ့ပေ။

"ဒါ..ဒါက မယုံနိုင်စရာပဲ"

ထိုက်ရှဂိုဏ်းမှ ဂိုဏ်းသားနှစ်ဦး၏ အံ့သြတုန်လှုပ်နေသော အကြည့်များအောက်မှာပင် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို ထိုက်ရှဂိုဏ်း စခန်းထဲသို့ ခေါ်လာခဲ့သည်။

စခန်းထဲရှိ ထိုက်ရှဂိုဏ်း၏ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူငါးယောက် အပါအဝင် မုန့်ချင်းရွှယ်ကို မြင်တွေ့ဖူးသော လူတိုင်းသည် ထိုမြင်ကွင်းကြောင့် ချက်ချင်း ဆိုသလို အံ့အားသင့်သွားခဲ့သည်။

"ထိုက်ရှဂိုဏ်းရဲ့ပါရမီရှင် အလှဘုရင်မလေး မုန့်ချင်းရွှယ်က ကျန်းချန်ရဲ့နောက်ကို အစေခံမလေး တစ်ယောက်လို လိုက်သွားတာလား.. ဘာတွေဖြစ်နေတာလဲ"

"ဒီကလေးက ငါတို့ ထိုက်ရှဂိုဏ်းရဲ့သမိုင်းမှာ နတ်ဆိုးအဆန်ဆုံးပုဂ္ဂိုလ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ပဲ ထိုက်တန်တယ်...သူက အရမ်းကို အံ့သြစရာကောင်းလွန်းတယ်"

သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ထိုက်ရှဂိုဏ်းမှ တပည့်များသည် ကျန်းချန်ကို အလွန်အမင်း လေးစားသွားကြသည်။

လူတိုင်း၏ အံ့သြတုန်လှုပ်နေသော အကြည့်များအောက်မှာပင် ကျန်းချန်သည် မုန့်ချင်းရွှယ်ကို ထိုက်ရှဂိုဏ်းက သူ့အတွက် စီစဥ်ပေးထားသော နေရာသို့ ခေါ်သွားခဲ့သည်။

"ကျန်းချန် ရှင့်မှာ အရေးတကြီးကိစ္စတစ်ခုခု ရှိနေလို့လား"

အခန်းထဲကို ရောက်သောအခါ မုန့်ချင်းရွှယ်က နားမလည်နိုင်သော အမူအရာဖြင့် မေးလိုက်သည်။

ကျန်းချန်က မုန့်ချင်းရွှယ်ကိုကြည့်ကာ ခပ်တိုးတိုး ပြောပြလိုက်၏။

"ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲပြီးရင် ငါမြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်သွားတော့မယ်.. ငါစိတ်မချနိုင်တဲ့ အချို့အရာတွေ ရှိတယ်.. မင်းက ငါ့ကိုယ်စား စောင့်ရှောက်ပေးရင်တော့ ငါစိတ်သက်သာရာရလိမ့်မယ်"

"ရှင်က မြောက်ပိုင်းတောရိုင်းဒေသကနေ ထွက်သွားတော့မှာလား "

မုန့်ချင်းရွှယ်က အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ရှင်ဘာမှစိတ်မပူပါနဲ့ ကျွန်မရှိနေသ၍ မဟာရှားနိုင်ငံနဲ့ ကျန်းမိသားစုက ဘေးကင်းလုံခြုံနေမှာပါ"

"ဒါနဲ့ချင်းရွှယ် ငါမင်းကို သိုင်းသခင်နယ်ပယ်နဲ့ ယှဥ်နိုင်တဲ့အင်အားကြီးမားသူ တစ်ယောက် ဖြစ်လာအောင် အမြန်ဆုံးကူညီပေးမယ်"

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်ပြီး ချက်ချင်းဆိုသလို ကျမ်းစာလိပ်တစ်ခုကို ထုတ်ယူကာ မုန့်ချင်းရွှယ်ကို ပေးလိုက်သည်။

"ဒါက.."

မုန့်ချင်းရွှယ်သည် ကျမ်းစာလိပ်ကို ကြည့်ပြီးနောက်တွင် သူမ၏ လှပသော မျက်လုံးထဲ၌ အံ့သြတုန်လှုပ်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ဟုတ်တယ်.. ဒါက နဂါးနက် ကုန်သွယ်ရေးအဖွဲ့က လေလံတင်ခဲ့တဲ့ မပြည့်စုံတဲ့ ကောင်းကင်အဆင့် ဓားကျင့်စဥ်ပဲ.. ဒါပေမယ့် အခုတော့ ဒီကျင့်စဥ်က ပြီးပြည့်စုံတဲ့ ကောင်းကင်အဆင့် ဓားကျင့်စဥ် ဖြစ်သွားခဲ့ပြီ.. မင်းလေ့ကျင့်အောင်မြင်ခဲ့ရင် ဒါက မင်းရဲ့ခွန်အားကို အများကြီး တိုးတက်စေလိမ့်မယ်"

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

"........."

ထိုစကားကိုကြားလျှင် မုန့်ချင်းရွှယ်သည် ခဏမျှစကား မပြောနိုင်ဘဲ ဖြစ်သွားခဲ့၏။

မပြည့်စုံသည့် ကောင်းကင်အဆင့်ဓားသိုင်းပညာကို ကျန်းချန်က ပြီးပြည့်စုံသည့် ကျင့်စဥ်တစ်ခုအဖြစ် ပြုပြင်ပေးခဲ့သည်မှာ စဥ်းစားနေစရာပင် မလိုပေ။

ကျန်းချန်က ဤကောင်းကင်အဆင့်ဓားသိုင်းကို အောင်မြင်စွာ လေ့ကျင့်ပြီးပြီမှန်း သူမ ကောင်းစွာသိသည်။

သူမတို့ မတွေ့ရသည်မှာ တစ်နှစ်ရှိပြီ ဖြစ်သော်လည်း ဤကောင်လေးသည် ယခင်က အတိုင်းပင် ပါရမီရှင်များကို လဲသေလောက်သည်အထိ နတ်ဆိုးဆန်နေဆဲပင်။

"ကျန်းချန် အမြန်အပြင်ထွက်လာပြီး အသေလာခံစမ်း"

ကျန်းချန်က မုန့်ချင်းရွှယ်ကို ကောင်းကင်အဆင့်ဓားကျင့်စဥ် ပေးအပ်နေသောအချိန်တွင် မိုးကြိုးကဲ့သို့ ကျယ်လောင်သောအော်ဟစ်သံ တစ်သံသည် ထိုက်ရှဂိုဏ်း၏ စခန်းဆီသို့ ချက်ချင်း ဆိုသလို ပဲ့တင်ထပ်လာခဲ့သည်။

ထိုခဏတွင် မုန့်ချင်းရွှယ်၏ လှပသော မျက်နှာလေးသည် အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ငါ့ဆရာ ရောက်လာပြီ ငါသူ့ကိုသွားပြီး ရှင်းပြလိုက်မယ်"

"ဟား..ဟား မင်းရဲ့ဆရာက ငါနဲ့တွေ့ဖို့လာတာ ဆိုမှတော့ ငါပဲသူ့ကို သွားတွေ့လိုက်ပါ့မယ်"

ထိုက်ရှဂိုဏ်း၏ စခန်းကို ရောက်လာသည့် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် လုံးဝ ထိတ်လန့်မနေခဲ့ပေ။

သူက ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး အခန်းထဲကနေ ခြေလှမ်းကျဲကြီးဖြင့် ထွက်ခွာသွားခဲ့သည်။

အခန်း(၅၇၃)ပြီး၏။

All Chapters