အခန်း (၅၈၃-၅၈၅)
Vol. 39 Ch. 583-585
အခန်း(၅၈၃)
ကျန်းချန်၏ ခနဲ့သော စကားသံက လေထုထဲတွင် ပျံ့နှံ့သွားပြီးနောက်တွင် ကွင်းပြင် တစ်ခုလုံးသည် ရုတ်ခြည်းဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လူတိုင်းသည် မှင်တက်နေရာမှ အသိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
ထျန်းယွဲ့ဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့် ဖြစ်ပြီး စွမ်းအင်သိပ်သည်းခြင်းအဆင့် ခွန်အားကို ပိုင်ဆိုင်ထားသော ရှထျန်းမင်သည် ကျန်းချန်နှင့် ရင်ဆိုင်ရာ၌ နှစ်ကြိမ်တိုင်တိုင် အားနည်းချက်များ ရှိခဲ့သည်။
ဤအတိုင်းဆိုလျှင် ထိုက်ရှဂိုဏ်းမှ ကျန်းချန်သည် တကယ်ပင် ဖျက်မြင်းတစ်ကောင်ဟု ဆိုရပေတော့မည်။
"ဒီကလေး ထျန်းမင်ရဲ့ မှော်လဝန်းလက်ဝါးကို အလွယ်တကူ ချေဖျက်နိုင်တာ တကယ်ကို အံ့ဩစရာပဲ"
ထျန်းယွဲ့ဂိုဏ်းမှ ဆံပင်ဖြူနှင့် သိုင်းသခင် နယ်ပယ် အကြီးအကဲတစ်ဦးသည် ချက်ချင်းဆိုသလို ရှထျန်းမင်အတွက် အခြေအနေ မကောင်းတော့သည်ကို သိရှိသွားသည်။
"ထိုက်ရှစစ်ပွဲအရိပ်က ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်ကျင့်စဥ်ပြီးရင် ထိုက်ရှဂိုဏ်းရဲ့ အင်အားအကြီးဆုံး ကျင့်စဥ်ပဲ.. ပြီးပြည့်စုံတဲ့ အဆင့်ကို လေ့ကျင့်ပြီးမှသာ အရိပ်၉၉ခုကို ထုတ်ဖော်နိုင်တယ်လို့ ဆိုကြတယ်"
"ထျန်းယွဲ့ဂိုဏ်းရဲ့ မှော်လဝန်းလက်ဝါးက ထိုက်ရှစစ်ပွဲအရိပ်ကျင့်စဥ်ထက် မနိမ့်ပေမဲ့ ရှထျန်းမင်က ပြိုင်ဘက်ထက် အားနည်းတာကြောင့် ချေဖျက်ခံခဲ့ရတာပဲ"
မင်ယွဲ့ရှင်းက အသာအယာ ပြောကြားလိုက်သည်။
သူမ စကားပြောနေသော အချိန်တွင် သူမ၏ လှပသော မျက်လုံးထဲ၌ အံ့ဩသော အရိပ်အယောင်တစ်ခု ဖြတ်ခနဲ ပေါ်လာခဲ့သည်။
သူမ၏ အဖိုးတန် တပည့် မုန့်ချင်းရွှယ်က ဤကောင်လေးကို အဘယ်ကြောင့် မတူညီသောအမြင်ဖြင့် မြင်မှန်း အံ့ဩစရာ မရှိတော့ပေ။
ကျန်းချန်ဟု ခေါ်သော ဤကောင်လေး၏ ပါရမီသည် ဂိုဏ်းကြီးသုံးဂိုဏ်း၏ အင်အားအကြီးဆုံး ပါရမီရှင်များထက် မနိမ့်ကျဟု သူမ ခန့်မှန်းမိသည်။
"ဟမ့်.. ထိုက်ရှဂိုဏ်းက ဒီလို တပည့်တစ်ဦးကို ဖုံးကွယ်ထားလိမ့်မယ်လို့ မထင်ထားမိဘူး.. သူ့ရဲ့ အရည်အချင်းက မဆိုးပေမဲ့ ထျန်းမင်ကို အနိုင်ယူဖို့ကတော့ လိုပါသေးတယ်"
ဆံဖြူအဘိုးအိုက အေးစက်စွာ ပြုံး၍ ရေရွတ်လိုက်၏။
ဆံဖြူရောင် အဘိုးအိုသည် သူ့တပည့် ရှထျန်းမင်၏ အင်အားကို အလွန် ယုံကြည်မှုရှိသည်။
ထိုက်ရှဂိုဏ်းမှ ကောင်လေးက သူတို့ ထျန်းယွဲ့ဂိုဏ်း၏ အင်အားအကြီးဆုံး ပါရမီရှင်ကို အနိုင်ယူနိုင်မည်ဟု သူ အမှန်တကယ် မယုံကြည်ခဲ့ပေ။
လူတိုင်းက ကျန်းချန်၏ အင်အားကို အံ့ဩနေသော အချိန်မှာပင် တိုက်ခိုက်ရေးကွင်းအမှတ်၂ပေါ်တွင် ရှထျန်းမင်သည် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ သူ၏ စိတ်လှုပ်ရှားမှုကိုထိန်းချုပ်လိုက်သည်။
သူက ကျန်းချန်ကို အနီးကပ် စိုက်ကြည့်ကာ တစ်လုံးချင်း ပြောကြားလိုက်၏။
"ကျန်းချန်.. မင်းက အရမ်းသန်မာတာ ငါဝန်ခံတယ်.. မင်းက ဒီပြိုင်ပွဲမှာ ကျန့်ယန်ပြီးရင် ငါအင်အားအပြည့်နဲ့ တိုက်ခိုက်ရမဲ့ ဒုတိယမြောက် ပြိုင်ဘက်လည်း ဖြစ်တယ်"
"ဟက်.. ငါ့ရှေ့မှာ မင်း အင်အားအကုန်သုံးရင်တောင် ဘာမှ မထူးဘူး.. မင်းက ငါ့အထုအထောင်းကို ခံယူရမဲ့ အမှိုက်ပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး မပျက်စီးနိုင်သောခန္ဓာကိုယ် နည်းစနစ် နှင့်အတူ ချီယန် သန္ဓေမူလ သွေးစွမ်းအားကို တစ်ပြိုင်နက် ဖော်ထုတ်လိုက်၏။
နောက်ထပ် တစ်ခဏတွင် သူက ခြေဖဝါးဖြင့် မြေပြင်ကို တစ်ချက်ဆောင့်နင်းလိုက်ရာ သူ၏ ပုံရိပ်သည် မြှားတစ်စင်းကဲ့သို့ ရှထျန်းမင်ထံ ပစ်ဝင်သွားခဲ့သည်။
ထို့နောက်တွင် သူ၏ လက်သီးပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ရှထျန်းမင်ကို ပြင်းထန်စွာ ထိုးနှက်လိုက်၏။
ရှထျန်းမင်က မျက်နှာအမူအရာက ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်မှ စွမ်းအင်များကို အင်အားအပြည့် အသုံးပြုကာ ကျန်းချန်၏ လက်သီးချက်ကို ရင်ဆိုင်လိုက်သည်။
သို့သော် ကျန်းချန်၏ လက်ရှိ ရုပ်ပိုင်းဆိုင်ရာ အင်အားသည် စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့် ကျင့်ကြံသူထက် မနိမ့်ပေ။
ယင်းအပြင် ချီယန် သန္ဓေမူလသိုင်းခန္ဓာ၏ သွေးစွမ်းအားကောင်းချီး ပါဝင်နေရာ ရှထျန်းမင်သည် မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
ရှထျန်းမင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး တစ်ကိုယ်လုံး ယိမ်းယိုင်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားသည်ကို အားလုံးက မြင်လိုက်ရသည်။
သူ၏ ပုံရိပ် မတည်ငြိမ်သေးမီမှာပင် ကျန်းချန်၏ နောက်ထပ် လက်သီးချက်သည် လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ရှထျန်းမင်ဆီသို့ ထပ်မံ ရောက်ရှိလာပြန်၏။
တခဏအတွင်း ထျန်းယွဲ့ဂိုဏ်း၏ အင်အားအကြီးဆုံး ပါရမီရှင် ရှထျန်းမင်သည် ကျန်းချန်၏ ကြောက်မက်ဖွယ်ရာ ကောင်းသော တိုက်ခိုက်မှုကြောင့် ပြန်လည် တိုက်ခိုက်ရန်ပင် မတတ်နိုင်ဘဲ ဖိနှိပ်ခံခဲ့ရသည်။
"ငါ... ငါ အမြင်မှားနေတာများလား"
"ရှထျန်းမင်က ကျန်းချန်ကို ပြန်လည်တိုက်ခိုက်ဖို့တောင် ဘာမှမတတ်နိုင်ဘူးတဲ့လား
"ဒါ... ဒါက တကယ်ကို မယုံနိုင်စရာပဲ"
".........."
ကွင်းပြင်ပေါ်မှ လူတိုင်းသည် တိုက်ခိုက်ရေးကွင်း အမှတ် ၂ ၏ အခြေအနေကို မျက်လုံးပြူး၍ ကြည့်နေကြ၏။
သူတို့၏ အမူအရာများသည် အံ့ဩစရာကောင်းလောက်အောင် တုန်လှုပ်ချောက်ချားနေကြသည်။
ထိုက်ရှဂိုဏ်းမှ ကျန်းချန်သည် သူ၏ အစွမ်းအစကို အလွန်ပင်သိုသိုသိပ်သိပ် ဖုံးကွယ်ထားခဲ့၏။
သူပြသခဲ့သော အင်အားနှင့်ဆိုလျှင် ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်လောက်သည်အထိ အရည်အချင်းများ သေချာပေါက် ရှိသည်ဟု ပရိသတ်များက တွေးမိခဲ့ကြသည်။
အခန်း(၅၈၃) ပြီး၏
အခန်း(၅၈၄)
တိုက်ခိုက်ရေးကွင်း အမှတ်နှစ်။
ရှထျန်းမင်က လေဆန္ဒကို အသုံးပြုကာ ကျန်းချန်နှင့် ဝေးရာသို့ ဆုတ်ခွာသွားခဲ့သည်။
သူက လက်ခုံဖြင့် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်၏။
သူက အလွန်ပင် အံ့သြတုန်လှုပ်နေခဲ့ပြီး ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှ မထင်ထားခဲ့ပေ။
သူ၏ မျက်လုံးထဲ၌ အရေးမစိုက်ခဲ့သော ထိုက်ရှဂိုဏ်းမှ တပည့်သည် ဤမျှ အင်အားကြီးမားနေပါသလော။
သူက ထျန်းယွဲ့ဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန် တပည့်ဖြစ်သော်လည်း ပြိုင်ဘက်၏ လက်သီးချက်များအောက်၌ မည်သို့မျှ ခုခံနိုင်စွမ်း မရှိခဲ့ပေ။
"ကျန်းချန်.. မင်း တကယ် သန်မာလွန်းတယ်.. ဒါပေမဲ့ ငါ ရှထျန်းမင်က ထျန်းယွဲ့ဂိုဏ်းရဲ့ နံပါတ်တစ် အစစ်အမှန်တပည့် အနေနဲ့ မင်းကို အလွယ်တကူ ရှုံးနိမ့်မှာ မဟုတ်ဘူး"
ရှထျန်းမင်သည် ကျန်းချန်ကို မှောင်မိုက်စွာ စိုက်ကြည့်နေခဲ့၏။
သူ၏ ခန္ဓာကိုယ်မှ အသက်စွမ်းအင်သည် ထိုခဏတွင် ရူးသွပ်စွာ လည်ပတ်နေပြီး သူ၏ လက်များသည် လေထဲ၌ အဆက်မပြတ် လက်ဟန်များ ပြုလုပ်နေခဲ့သည်။
ရှတျန်းမင်၏ အမူအရာများ ပြောင်းလဲသွားသည်နှင့်အမျှ လေထဲမှ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်သည် ချက်ချင်းပင် မြင့်တက်လာ၏။
နောက်ထပ်တစ်ခဏတွင် ကောင်းကင်မှ ငွေရောင်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ရှထျန်းမင်ကို တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့သည်။
"ကျန်းချန်.. ဒီလဝန်းကောင်းကင်သိုင်းက ငါတို့ ထျန်းယွဲ့ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ကျင့်စဥ်ပဲ.. ဒီသိုင်းကွက်နဲ့ ငါက ကျန့်ယန်ရဲ့ ဓားချက်ကို ခုခံဖို့ ပြင်ဆင်ထားခဲ့တယ်..အခုတော့ မင်းက ဒီသိုင်းကွက်ကို အသုံးပြုရအောင် ငါ့ကို ဖိအားပေးနိုင်ခဲ့တယ်.. ဒါက မင်းအတွက် ဂုဏ်ယူဖို့ လုံလောက်နေပြီ"
ရှထျန်းမင်က ကျန်းချန်ကို မထီမဲ့မြင် စိုက်ကြည့်၍ ပြောလိုက်သည်။
"မင်း ငါ့ရဲ့ လဝန်းကောင်းကင် အကာအကွယ်ကို ဘယ်လို ချိုးဖျက်နိုင်မလဲဆိုတာ ငါ ကြည့်ချင်တယ်"
"ရှထျန်းမင်က ထျန်းယွဲ့ဂိုဏ်းရဲ့ ကောင်းကင်အဆင့် ကျင့်စဥ် လဝန်းကောင်းကင်ကို တကယ်ပဲ နားလည်သွားပြီလား"
"သူက အင်အားအကြီးဆုံး ပါရမီရှင်သုံးဦးထဲက တစ်ဦးဖြစ်ဖို့ ထိုက်တန်ပါတယ်.. အခု ကျန်းချန်က ရှထျန်းမင်ကို အနိုင်ယူချင်ရင်တောင် မဖြစ်နိုင်တော့ဘူးလို့ ငါထင်တယ်"
လဝန်းကောင်းကင်ကျင့်စဥ်။
၎င်းက အကြွင်းမဲ့ ခုခံကာကွယ်ရေး ကျင့်စဥ်ဖြစ်ပြီး မိမိထက် အဆပေါင်းများစွာ အင်အားကြီးမားသော တိုက်ခိုက်မှုများကိုပင် ခံနိုင်ရည်ရှိ၏။
ထို့ကြောင့် ကျန်းချန်၏ အင်အားဖြင့် လဝန်းကောင်းကင်ကျင့်စဥ်၏ အကာအကွယ်ကို ချိုးဖျက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
"ငါနဲ့ရင်ဆိုင်ဖို့အတွက် ဒီကောင်က လဝန်းကောင်းကင် ကျင့်စဥ်ကို ပြင်ဆင်ထားမယ်လို့ မထင်ထားဘူး"
ရှထျန်းမင်က လဝန်းကောင်းကင်ကျင့်စဥ် ထုတ်ဖော်လိုက်သည်ကိုမြင်လျှင် ကျန့်ချန်၏ မျက်လုံးများသည် ပို၍ တည်ငြိမ် လေးနက်သွားခဲ့သည်။
သူ၏ ဓားသိုင်းက လဝန်းကောင်းကင် ကျင့်စဥ်၏ ခုခံကာကွယ်ရေးကို ချိုးဖျက်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်လောက်ပေ။
"တျန်ယွဲ့ဂိုဏ်းရဲ့ လဝန်းကောင်းကင်ကျင့်စဥ်ကို ငါ တကယ် လေ့လာချင်တာနဲ့ အတော်ပဲ.. ဒါပေမဲ့ မင်းက ပြီးပြည့်စုံတဲ့ အဆင့်အထိ မကျင့်နိုင်သေးတဲ့အတွက် အားနည်းနေမှာကို ငါစိုးရိမ်မိတယ်"
ကျန်းချန်သည် ရှထျန်းမင်၏ အကာအကွယ်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက် အမူအရာဖြင့် ခေါင်းခါလိုက်သည်။
"ကျန်းချန်.. ကောင်းကင်အဆင့် ကျင့်စဥ်က ဘယ်လောက် အင်အားကြီးလဲဆိုတာ မင်းအဆင့်နဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ...ငါက လဝန်းကောင်းကင်ကျင့်စဥ်ကို ပြီးပြည်စုံတဲ့အဆင့်ထိ မကျင့်နိုင်သေးရင်တောင် မင်းရဲ့ တိုက်ခိုက်မှုကို ခုခံဖို့အတွက် လုံလောက်တယ်"
ရှထျန်းမင်က အေးစက်သောအမူအရာဖြင့် မထီမဲ့မြင် ပြောလိုက်၏။
သူက အလွန် ယုံကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ကျန်းချန်ကို ကြည့်နေခဲ့သည်။
သူ၏ လဝန်းကောင်းကင် ကျင့်စဥ်က ပြီးပြည့်စုံသော အဆင့်ကို မရောက်သေးသော်လည်း စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် တတိယ အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို အပြည့်အဝ ပိတ်ဆို့ရန် လုံလောက်၏။
ဤကောင်လေး၏ တိုက်ခိုက်မှုက အလွန်အားကောင်းသည် ဆိုလျှင်ပင် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် တတိယအဆင့်ထက် ပိုမို အားကောင်းနိုင်ပါမည်လော။
"ဟုတ်လား"
ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် ကွေးညွှတ်သွားသည်။
သူက ခြေဖဝါးကို မြေပြင်တွင် ဆောင့်နင်းလိုက်သောအခါ ကိုးဆယ့်ကိုးခုသော ထိုက်ရှစစ်ပွဲ အရိပ်များသည် သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
"ဝုန်း"
တောက်ပသော ရွှေရောင်အလင်းသည် ကျန်းချန်၏ ခန္ဓာကိုယ်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီးနောက် ကျန်းချန်၏ ခန္ဓာကိုယ်သည် ရုတ်တရက် ပေအနည်းငယ် မြင့်တက်သွားခဲ့သည်။
"မင်းမှာ ထျန်းယွဲ့ဂိုဏ်းရဲ့ လဝန်းကောင်းကင် ကျင့်စဥ် ရှိသလို ငါ့မှာလည်း ထိုက်ရှဂိုဏ်းရဲ့ ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ် ရှိတယ်"
"မင်းရဲ့ မျက်လုံးတွေကို ပြူးနေအောင် ဖွင့်ပြီး မင်းရဲ့အကာအကွယ်ကို လက်သီးတစ်ချက်တည်းနဲ့ ဘယ်လို ချိုးဖျက်မလဲဆိုတာ ကြည့်နေလိုက်"
ကျန်းချန်က စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အကြည့်ဖြင့် ရှထျန်းမင်ရှိရာ အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။
ထိုခဏတွင် သူ၏ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်သော အသံသည် ကွင်းပြင် တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့သည်။
"တောင်တန်းနဲ့မြစ်များ လှုပ်ခါစေ"
အခန်း(၅၈၄) ပြီး၏
အခန်း(၅၈၅)
"ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ပါလား"
"သူ.. သူက ထိုက်ရှဂိုဏ်းရဲ့ ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်တဲ့ ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို တကယ်ပဲ နားလည်သွားပြီလား"
"ထိုက်ရှ တိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို နားလည်ဖို့က အရမ်းခက်ခဲတယ်လို့ ဆိုကြတယ်.. လွန်ခဲ့တဲ့ နှစ် ၃၀ အတွင်း ထိုက်ရှဂိုဏ်းမှာ ဘယ်သူမှ အောင်မြင်တဲ့အထိ မလေ့ကျင့်နိုင်ခဲ့ဘူး.. ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"
"..........."
လူတိုင်းက စစ်နတ်ဘုရားတစ်ပါးလို ရပ်နေသည့် ကျန်းချန်ကို ကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေကြသည်။
ကျန်းချန်က လူတိုင်း၏ အံ့သြတုန်လှုပ်မှုကို လျစ်လျူရှုလိုက်ပြီး တောက်ပသော ရွှေရောင်အလင်းများဝန်းရံနေသည့် သူ၏ လက်သီးချက်ကို ထုတ်ဖော်လိုက်၏။
ပြင်းထန်သော လက်သီး အင်အားသည် ချက်ချင်းပင် လေထုကို ထိုးဖောက်ကာ ရှထျန်းမင်ရဲ့ တစ်ကိုယ်လုံးကို အကာအကွယ်ပေးထားသည့် လဝန်းကောင်းကင် အကာအကွယ်ကို ထိမှန်သွားခဲ့သည်။
"ဝုန်း"
တုန်လှုပ်ချောက်ချားဖွယ် ကျယ်လောင်သော အသံက ပဲ့တင်ထပ်သွားခဲ့ပြီး ကြောက်မက်ဖွယ် လေလှိုင်းသည် ပတ်ဝန်းကျင်ကို တိုက်ခတ်သွားခဲ့သည်။
ထိုခဏတွင် လူတိုင်းသည် ရှထျန်းမင်၏ ခန္ဓာကိုယ်က တုန်ယင်နေသည်ကို တွေ့လိုက်ရ၏။
ရှထျန်းမင်ကို အကာအကွယ်ပေးထားသည့် တောက်ပသော ငွေရောင်အလင်းသည် ကျန်းချန်၏ လက်သီးချက်ကြောင့် ချက်ချင်းဆိုသလို မှေးမှိန်သွားခဲ့သည်။
ခဏအကြာတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများသည် မျက်စိဖြင့် မြင်နိုင်သော အရှိန်နှင့် ငွေရောင်အလင်းပေါ်တွင် အလျင်အမြန် ပျံ့နှံ့သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အက်ကြောင်းများသည် အကာအကွယ် မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
ချက်ချင်းဆိုသလို လေထဲတွင် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ကြောက်မက်ဖွယ် လက်သီးချက်အောက်တွင် လဝန်းကောင်းကင် အကာအကွယ်သည် နောက်ဆုံး၌ ပျက်စီးသွားခဲ့၏။
"ဖူး"
လဝန်းကောင်းကင် အကာအကွယ် ပြိုကွဲသွားသည်နှင့်တစ်ပြိုင်နက် ရှထျန်းမင်၏ ပါးစပ်ကနေ သွေးများ အန်ထွက်လာပြီး သူ့ရဲ့ ပုံရိပ်ကလည်း ကြိုးပျက်သွားသောစွန်တစ်ကောင်နှယ် ကွင်းထဲကနေ ပြောင်းပြန် လွင့်စင်ကာ ချက်ချင်း သတိလစ်သွားခဲ့သည်။
သူတို့ရှေ့မှ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းကို မြင်လိုက်ရလျှင် ကွင်းပြင်တစ်ခုလုံးသည် ချက်ချင်း တိတ်ဆိတ်သွားခဲ့၏။
လူတိုင်းက ပါးစပ်အဟောင်းသားဖြင့် တိုက်ခိုက်ရေးကွင်းပေါ်မှ ကျန်းချန်ကို ကြည့်နေခဲ့ကြပြီး အချိန်အတော်ကြာ စကားမပြောနိုင်ခဲ့ကြပေ။
ကျန်းချန် ယခင်က ပြသခဲ့သည့် အင်အားကနေ သူတို့သည် ကျန်းချန်က အကြီးမားဆုံး ဖျက်မြင်းဖြစ်လာလိမ့်မည်ဟု သိခဲ့ကြသည်။
သို့သော် ဤဖျက်မြင်းက ဤမျှလောက် ကြောက်စရာ ကောင်းလိမ့်မည်ဟု သူတို့ မထင်ထားကြပေ။
ထျန်းယွဲ့ဂိုဏ်း၏ နံပါတ်တစ် အစစ်အမှန်တပည့် ဖြစ်ပြီး ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရေပန်းစားသည့် ရှထျန်းမင်ကို ကျန်းချန်သည် အစမှ အဆုံးတိုင် လုံးဝ ချေမှုန်းပစ်လိုက်သည် မဟုတ်ပါလော။
ရှထျန်းမင်က ကောင်းကင်အဆင့် ကာကွယ်ရေး ကျင့်စဥ်ကို ထုတ်ဖော်ခဲ့သည့်တိုင် ကျန်းချန်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
"ဒီကျန်းချန်က တကယ်ကို အင်အားကြီးလွန်းတာပဲ"
"ထိုက်ရှဂိုဏ်းမှာ ဒီလို နတ်ဆိုးဆန်တဲ့ ပါရမီရှင် ဘယ်ကတည်းက ရှိနေတာလဲ"
ရှထျန်းမင်၏ အရှုံးသည် ထျန်းယွဲ့ဂိုဏ်းမှ အကြီးအကဲများကို မျက်နှာ မသာမယာ ဖြစ်စေခဲ့၏။
"ကျန့်ချန်.. ထိုက်ရှဂိုဏ်းရဲ့ ကျန်းချန်က ဒီတစ်ကြိမ်ပြိုင်ပွဲမှာ မင်း ရင်ဆိုင်ရမယ့် အင်အားအကြီးဆုံး ပြိုင်ဘက်ဖြစ်နိုင်တယ်"
နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ် ရှင်းဟိုင်က တိုက်ခိုက်ရေးကွင်းပေါ်မှ ကျန်းချန်ကို စိုက်ကြည့်နေခဲ့သည်။
သူ၏ မျက်လုံးထဲတွင် လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ကျန့်ချန်က ခေါင်းညိတ်လိုက်ပြီး အခိုင်အမာ ပြောလိုက်သည်။
"သူက တကယ်ပဲ သန်မာတယ်.. ဒါပေမဲ့ ကျွန်တော် သူ့ကို ရှုံးမှာ မဟုတ်ဘူး"
"ဘယ်လိုရလဒ်ပဲထွက်ထွက် မင်းသူ့ကို အစွမ်းကုန် တိုက်ခိုက်ရမယ်"
ရှင်းဟိုင်က တိုက်ခိုက်ရေးကွင်းထဲကနေ တည်ငြိမ်စွာ လျှောက်လာသည့် ကျန်းချန်ကို ကြည့်ပြီး ခါးသီးစွာ ပြုံးလိုက်သည်။
ဤနှစ်တွေအတွင်း သူ မြင်တွေ့ခဲ့သည့် ပါရမီရှင်များထဲတွငိ ကျန်းချန်သည် သူ့ကို ဘာမှ မမြင်နိုင်အောင် လုပ်နိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။
ထိုကောင်လေးက ရှထျန်းမင်နှင့် တိုက်ခိုက်ခဲ့သော်လည်းအင်အား အကုန်အစင်ကို လုံးဝ မသုံးခဲ့ပေ။
ကျန်းချန် တိုက်ခိုက်ရေးကွင်းမှ ထွက်သွားပြီးနောက်တွင် ဆယ်ကျော့မြောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့၏။
သိပ်မကြာခင်မှာပင် ဆယ်ကျော့မြောက်ပြိုင်ပွဲက လုံးဝ ပြီးဆုံးသွားခဲ့သည်။
ထိုအချိန်မှာပင် နတ်ဓားဂိုဏ်းမှ ဂိုဏ်းချုပ်ရှင်းဟိုင်သည် ကွင်းပြင်၏ အလယ်တွင် ထပ်မံ ပေါ်ထွက်လာခဲ့၏။
သူ၏ တည်ငြိမ်သော စကားသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
"အားလုံးပဲ.. အမှတ်ပေးပြိုင်ပွဲက ပြီးသွားခဲ့ပြီ.. စည်းမျဉ်းတွေအရ တိုက်ခိုက်ရေးကွင်းသုံးခုရဲ့ ထိပ်ဆုံးလေးယောက်က နောက်တစ်ဆင့်ကို တက်ရောက်ခွင့် ရသွားခဲ့ပြီ"
အခန်း(၅၈၅) ပြီး၏