← Chapters

နေရာတိုင်းမှ စောင့်ကြိုနေသော အန္တရာယ်များ ( ၃ )

Vol. 2 Ch. 28

နေရာတိုင်းမှ စောင့်ကြိုနေသော အန္တရာယ်များ ( ၃ )

Vol. 2 Ch. 28

ခေါင်းဆောင်လဲ့က လေးနက်သောလေသံဖြင့် ပြော၍ တခြားအဖွဲ့ဝင်များ၏ တိတ်ဆိတ်ငြိမ်သက်သော အကြည့်များအောက်တွင် လျှိုမြောင်ထဲမှ ထွက်ခွာသွားကာ အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် တစ်ခုခု ပြောမည်ပြင်လိုက်သော်လည်း ခေါင်းဆောင်လဲ့က အဝေးသို့ ရောက်သွားပြီဖြစ်သည်။

ထို့နောက် ကြက်ခြေခတ်သည်လည်း ရွှီချင်း၏ပခုံးကို ပုတ်၍ ထွက်ခွာသွားသည်။

တစ္ဆေရိုင်းကြီးနှင့် လွမ်ယာတို့သည်သာ ကျန်ရစ်ခဲ့သည်။ သူတို့နှစ်ဦးသည် သူတို့အတွေ့အကြုံများကို ရွှီချင်းအား ပြောပြကာ အလျင်အမြန် ထွက်ခွာသွားကြပြန်သည်။

ရွှီချင်းသည် သူတို့ကို တိတ်ဆိတ်စွာ ကြည့်၍ ခုနစ်ရွက်မြက်ပင်များကို သိမ်းဆည်းလိုက်သည်။ ထို့နောက် ဘုရားကျောင်းအစုအဝေးကြီးကို လှမ်းကြည့်လိုက်၏။

ခဏအကြာ ရွှီချင်းသည် လှည့်လိုက်ပြီး အသက်ဝဝရှူသွင်းလိုက်သည်။ ထို့နောက် လျှိုမြောင်၏လမ်းတစ်လျှောက် ပြေးသွားသည်။ သူ့အမြန်နှုန်းသည် အပြင်ခန္ဓာအဆင့်သုံးကို ရောက်ရှိပြီးနောက် သိသိသာသာ မြန်ဆန်နေပြီး တခဏအတွင်း အပြင်ဘက်သို့ ရောက်သွားသည်။

ရွှီချင်းသည် မျောက်ကလေးတစ်ကောင်အလား တားမြစ်နယ်မြေတောအုပ်ကြီးကိုဖြတ်၍ မရပ်မနား သွားလာနေသည်။ သူက အလာလမ်းအတိုင်း မသွားဘဲ မြေပုံကိုကြည့်၍ တခြားလမ်းမှ သွားလိုက်သည်။

အန္တရာယ်နှင့် ရင်ဆိုင်ရပါက မည်သို့ပြုမူရမည်နှင့်ပတ်သက်၍ နားလည်ထားသော အတွေ့အကြုံများကိုလည်း လမ်းတစ်လျှောက် သူ အသုံးချလာခဲ့သည်။ သန္ဓေပြောင်းသားရဲများကို သူ တွေ့ခဲ့ရပါသော်လည်း အောင်မြင်စွာ သူ ဖြေရှင်းနိုင်ခဲ့သည်။

တချိန်တည်းမှာပင် သူ့အရိပ်ကိုလည်း ကြိမ်ဖန်များစွာ သတိထားစောင့်ကြည့်နေခဲ့သည်။ ထို့နောက် သူ့မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းတစ်ချက် ဝင်းလက်သွားသည်။

သူက အမျိုးမျိုး စမ်းသပ်လေ့လာခဲ့သည်။ ဝိညာဉ်စွမ်းအားများကို စုပ်ယူရာတွင် ဖြစ်စေ၊ အသက်ပြင်းပြင်းရှူရာတွင်ဖြစ်စေ ဝင်ရောက်လာသော ဓာတ်နှောများသည် သူ့ခန္ဓာကိုယ်ထဲမှတစ်ဆင့် သူ့အရိပ်ထံ စီးဆင်းသွားသည်။ ယင်းမှာ အစောပိုင်းက သူ ကျင့်ကြံရာတွင် ခံစားခဲ့ရသည့် ခံစားချက်အတိုင်းပင်။

ပြန်လည်တွေးတောကြည့်ပြီးနောက် ခရမ်းရောင်သလင်းကျောက်ထံမှ အအေးစီးကြောင်း ထုတ်လွှတ်လိုက်သောအခါတွင် ထိုသို့ဖြစ်တတ်ကြောင်း သူ နားလည်လာခဲ့သည်။

တောင်တန်းပင်လယ်ပညာရပ်အဆင့်သုံးကို ရောက်ရှိပြီးနောက် ထိုအခြင်းအရာက ပို၍ပင် သိသာထင်ရှားလာသည်။

ခရမ်းရောင်သလင်းကျောက်က ဝံပုလွေနက်၏အရိပ်ကို ဝါးမျိုလိုက်ပြီးနောက် သူ့အရိပ်က သန္ဓေပြောင်းသွားပုံရသည်။

ယင်းထူးဆန်းသောအခြေအနေသည် ရွှီချင်း၏မျက်ဝန်းများကို မှေးသွားစေသည်။

သူက ဘယ်ဖက်အင်္ကျီလက်ကို ပင့်၍ လှမ်းကြည့်လိုက်သည်။ သူ့လက်မောင်းပေါ်တွင် သန္ဓေပြောင်းအမှတ်တစ်မှတ်သာရှိပြီး ဖျော့တော့တော့ ဖြစ်နေပြီဖြစ်သည်။ သူသာ အနီးကပ်မကြည့်လျှင် ထိုအမှတ်ကို သတိပင်ထားမိမည် မဟုတ်ချေ။

ထိုသို့သာ ဆက်ဖြစ်နေပါက သူ့ခန္ဓာကိုယ်ထဲရှိ ဓာတ်နှောများသည် တဖြည်းဖြည်း နည်းပါးလာမည်ဖြစ်ကာ ပကတိသန့်စင်ကြည်လင်သောအဖြစ်သို့ ရောက်သွားမည်ဖြစ်သည်။

ထိုကဲ့သို့ ပကတိသန့်စင်ကြည့်လင်ခြင်းဆိုသည်ကို တောင်တန်းပင်လယ်ပညာရပ် ပါရှိသော ဝါးပေလွှာလေးထဲတွင် ရွှီချင်း မြင်ခဲ့ဖူးသည်။ လူသားမျိုးနွယ်၏ အစပြုရာဖြစ်သော ဝမ်ကူးဒေသမှလူများသည်သာ ထိုကဲ့သို့အဖြစ်ကို ရောက်ရှိနိုင်ကြသည်။

“ အဲဒါ ခရမ်းရောင်သလင်းကျောက်ရဲ့အစွမ်းလား ”

ရွှီချင်း တီးတိုးရေရွတ်လိုက်သည်။ သူက သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ ကောင်းကင်ကြီးကို မော့ကြည့်ကာ တခဏမျှ တွေးတောနေသည်။

ထို့နောက် ခရမ်းရောင်သလင်းကျောက်ကို မြှုပ်ထားရာ သူ၏ဝမ်းဗိုက်ကို ပွတ်သပ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။ သူ နောက်ထပ် ခေါင်းမော့ကြည့်လိုက်ပြီး သူ့ရင်ထဲရှိ အနက်ရှိုင်းဆုံးတစ်နေရာတွင် ထိုသံသယများကို မြှုပ်နှံလိုက်သည်။ ပြီးသည်နှင့် သူသည် လှစ်ခနဲ လှုပ်ရှားသွားကာ တောအုပ်ထဲ ပြေးသွား၍ ခရီးဆက်လိုက်သည်။

ယခုအခါ ဓာတ်နှောများသည် သူ့အတွက် ပြဿနာမဟုတ်တော့သော်လည်း ၎င်းသည် တားမြစ်နယ်မြေထဲရှိ အန္တရာယ်များအနက် တစ်ခုသာ ဖြစ်သည်။ အပြန်လမ်းတွင် တခြားအန္တရာယ်များကိုလည်း ကြုံရနိုင်သေးသည်။

ဥပမာအနေဖြင့် ထိုအချိန်တွင် ခေါင်းဆောင်လဲ့ထက် သာလွန်သော အရှိန်အဝါများရှိသည့် သန္ဓေပြောင်းဝက်ဝံနှစ်ကောင်ကို သူ မြင်လိုက်ရသည်။

ဝက်ဝံတစ်ကောင်စီ၏ကျောများထက်တွင် ရောင်စုံပင်ကူကြီးတစ်ကောင်စီရှိနေသည်။ ထိုပင်ကူကြီးများ၏ဝမ်းဗိုက်များထဲမှ ပင့်ကူမျှင်များ မရေမတွက်နိုင်အောင် ထွက်နေပြီး ဝက်ဝံများ၏ ခန္ဓာကိုယ်များထဲ ထိုးဖောက်နေသည်။ ၎င်းတို့သည် ပင့်ကူများ၏ ထိန်းချုပ်မှုအောက် ရောက်နေသည့်အလားပင်။

ထိုအခြေအနေသည် ဝက်ဝံနှစ်ကောင်ကို ဒေါသစိတ်မွှန်ထူသွားစေပြီး သွေးရူးသွေးတန်း လျှောက်ပြေးလေသည်။

၎င်းတို့ကြောင့် သစ်ပင်ကြီးများ ပြိုလဲကုန်သည်။ ၎င်းတို့နှင့် ကြုံလိုက်ရသည့် တခြားသန္ဓေပြောင်းသားရဲကြီးများသည်လည်း ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်ခံလိုက်ရသည်။

၎င်းတို့သည် ကျားနီတစ်ကောင်နောက်ကို လိုက်နေခြင်းမဟုတ်ဘဲ ရွှီချင်းကိုသာ အာရုံစိုက်နေပြီး ရွှီချင်းသည်လည်း မြန်မြန် ထွက်ပြေးမသွားခဲ့လျှင် အခြေအနေက ရွှီချင်းအတွက် လွန်စွာ အန္တရာယ်များပေလိမ့်မည်။

၎င်းတို့သည်သာ တားမြစ်နယ်မြေထဲ ကြုံရသည့် အန္တရာယ်များ မဟုတ်ပေ။

နှစ်နာရီကြာပြီးနောက် ရွှီချင်းသည် သစ်ပင်တစ်ပင်၏ထိပ်ဖျားမှနေ၍ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ အဝေးတစ်နေရာရှိ သတ္တဝါတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုသတ္တဝါကြီးကို ကြည့်ရသည်မှာ ဤတောအုပ်ကြီးထဲမှ သတ္တဝါတစ်ကောင် ဖြစ်ဟန်မတူချေ။

၎င်း၏တစ်ကိုယ်လုံးမှ အေးစိမ့်စိမ့်အငွေ့အသက်များ ထုတ်လွှတ်နေပြီး ၎င်း၏အရွယ်အစားမှာ တောင်ကြီးတစ်လုံးစာမျှ ကြီးမားလွန်းသည်။ ၎င်းသည် ရေခူကြီးတစ်ကောင်ဖြစ်သည်။

၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ အလင်းဖျော့ဖျော့ ထွက်နေပြီး တားမြစ်နယ်မြေရှိ လေထဲကို ဖြာကျနေသည်။

နေရောင်ခြည်တန်းများက ၎င်း၏ဖောက်ထွင်းမြင်ရသောခန္ဓာကိုယ်ကို ဖြတ်၍ ကျဆင်းသွားသောအခါ ၎င်းအထဲရှိ မရေမတွက်နိုင်သော သန္ဓေပြောင်းသားရဲအသေကောင်များကို မြင်နိုင်ပေသည်။

ဧရာမလက်ပေါင်းများစွာ လှုပ်ယမ်းနေပြီး ထိုလက်တစ်ဖက်စီတွင် ချောက်ချားဖွယ်မျက်လုံးများစွာ ရှိနေသည်။ သို့သော်လည်း လက်ရှိတွင် မျက်လုံးတစ်ဝက်ခန့် ပိတ်နေ၏။

ထိုအခိုက် ရေခူကြီးသည် တားမြစ်နယ်မြေအတွင်းပိုင်းသို့ လွတ်လပ်ပေါ့ပါးစွာ ပျံသန်းနေသည်။ ၎င်းဖြတ်သန်းသွားသည့် နေရာများရှိ တောအုပ်ကြီး၏ အောက်ပိုင်းများသည် ချက်ချင်း အေးခဲသွား၏။ မည်သည့်သတ္တဝါမျှ ထိုအေးခဲကပ်ဘေးမှ မလွတ်မြောက်နိုင်ချေ။

၎င်း၏ခွန်အားသည် ရွှီချင်းထက် အဆပေါင်းများစွာ သာလွန်နေပြီး မကြာသေးခင်က ရွှီချင်း ကြုံတွေ့ခဲ့ရသော ဝက်ဝံကြီးနှစ်ကောင်သည်ပင် ၎င်း၏ရှေ့တွင် ငြိမ်ကျသွားသည်။

ရွှီချင်းသည် အဝေးမှကြည့်နေသည့်တိုင်အောင် တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ ထို့နောက် သူ့ဝိညာဉ်၏အနက်ရှိုင်းဆုံးတစ်နေရာမှ မြင့်တက်လာသော အန္တရာယ်အငွေ့အသက်ကို သူ ရုတ်ခြည်း ခံစားလိုက်ရသည်။

ထိုရေခူကြီး ပျောက်သွားသောအခါမှသာ ရွှီချင်း စိတ်သက်သာရာရသွားသည်။ သူသည် အဝေးရှိ ရေခဲများဖြင့် ဖုံးလွှမ်းနေသော နေရာများကို ကြည့်၍ ရင်တဒိန်းဒိန်း ခုန်နေတော့သည်။ ထိုနေရာများကို ကြည့်ရသည်မှာ တောအုပ်အတွင်းပိုင်းအထိ ရေခဲမျဉ်းဖြောင့်တစ်ကြောင်း ဆွဲထားသည့်အလားပင် ထင်မှတ်ရသည်။

“ အဲဒီရေခူကြီးသာ ငါ့ဘက် ပျံသန်းလာခဲ့ရင်တော့ … ”

ရွှီချင်း အမောတကောဖြင့် ရေရွတ်လိုက်သည်။

သူ့အရိပ်က ဓာတ်နှောများကို စုပ်ယူနိုင်သည့်အချိန်မှစ၍ အန္တရာယ်များဖြင့် ပြည့်နှက်နေသော ဤတားမြစ်နယ်မြေထဲတွင် သူ့မှာ အားသာချက်များ ရှိလာကြောင်း နားလည်လာခဲ့သည်။

သို့သော်လည်း ထိုအားသာချက်သည် သူ့ကို တားမြစ်နယ်မြေထဲတွင် အချိန်ကြာကြာ နေနိုင်အောင်သာ စွမ်းဆောင်နိုင်သည်။

သူ ပို၍ အစွမ်းထက်လာသည့်တစ်နေ့တွင်မူ ထိုအားသာချက်သည် ကြီးကျယ်ခမ်းနားနေမည် ဖြစ်ပေသည်။

ခဏအကြာ တားမြစ်နယ်မြေထဲမှ ထွက်ခွာလာပြီးနောက် ရွှီချင်းသည် ပို၍ပင် စိုးရိမ်ပူပန်လာသည်။

သားရဲဟိန်းသံများ အဆက်မပြတ် လွင့်ပျံနေသည်။ တောအုပ်ကိုဖြတ်၍ ပြေးလွှားနေသော ရွှီချင်းသည် မြေပုံတွင် ဖော်ပြထားသော အရပ်မျက်နှာကို တိတ်ဆိတ်စွာ ခန့်မှန်းကြည့်နေသည်။ သူသာ ညလုံးပေါက် ဆက်သွားနေပါက အရုဏ်မတက်ခင် အပြင်ဘက် ရောက်မည်ဖြစ်ကြောင်း သူ သိနေသည်။

သူက ညလုံးပေါက် ခရီးဆက်သင့်၊ မသင့် အတွေးနက်နေစဉ် တောအုပ်ထဲရှိ အဝေးတစ်နေရာမှ ဝုန်းခနဲ မြည်ဟည်းသံတစ်သံ လွင့်ပျံလာသည်။ လွန်စွာ ရင်းနှီးသော နာနာကျင်ကျင် ညည်းညူသံတစ်သံလည်း တစ်ပါတည်း လွင့်ပျံလာသည်။

“ တစ္ဆေရိုင်းကြီးလား ”

ထိုအသံကို သူ မှတ်မိလိုက်သည်ဖြစ်၍ သူ့မျက်ဝန်းများ မှေးသွားသည်။

သူသည် ချက်ချင်း ခုန်ထကာ ဂရုတစိုက် အနီးကပ်သွားသည်။ သူ၏သေးသွယ်ပိန်ပါးသော ခန္ဓာကိုယ်လေးသည် တောအုပ်ထဲတွင် ပုန်းလျှိုးကွယ်လျှိုးဖြင့် သွားလာနေ၏။ တခြားလူများက သူ့ကို သတိထားမိရန်မှာ လွန်စွာ ခဲယဉ်းပေသည်။

မကြာခင် အော်သံကြားလိုက်ရသော နေရာကို သူ ရောက်လာပြီး သစ်ပင်တစ်ပင်ထိပ်တွင် ပုန်းအောင်းလိုက်သည်။ သူက အောက်ကို ငုံ့ကြည့်လိုက်ရာ အလောင်းခြောက်လောင်း၊ ခုနစ်လောင်းခန့် မြင်လိုက်ရသည်။ ထိုအလောင်းများအနက် တစ်လောင်းမှာ တစ္ဆေရိုင်းကြီး၏ အလောင်းဖြစ်သည်။

တစ္ဆေရိုင်းကြီး၏ ခန္ဓာကိုယ်တစ်ခုလုံး စိမ်းပုပ်နေပြီး သန္ဓေပြောင်းသွားခဲ့ကြောင်း သိသာသည်။ သူ့ခန္ဓာကိုယ်ထဲမှ ခေါင်းကြီး ပြတ်ထွက်နေပြီး သူ အသေဆိုးဖြင့် သေခဲ့ရပေသည်။

သံမဏိဒိုင်းကာကြီးသည်လည်း နှစ်ခြမ်းကွဲထွက်သွားသည်။ သံတင်းပုတ်ကြီးမှာမူ သွေးအလိမ်းလိမ်းဖြင့် ဘေးတွင် လဲကျနေသည်။

သူက သန္ဓေပြောင်းပြီး မသေဆုံးသွားခင် သူ၏ရန်သူများကိုလည်း သူနှင့်အတူ တစ်ပါတည်း ခေါ်ဆောင်သွားခဲ့မှန်း သိသာသည်။

ရွှီချင်းသည် တိတ်ဆိတ်ငြိမ်သက်နေပြီး ရင်ထဲတွင် ဝမ်းနည်းစိတ်များ ထိုးတက်လာ၏။ ထို့နောက် ခပ်လှမ်းလှမ်းတွင် လူငါးယောက်၏ ဝန်းရံတိုက်ခိုက်ခြင်း ခံနေရသော ခေါင်းဆောင်လဲ့ကို သူ လှမ်းမြင်လိုက်ရသည်။ ခေါင်းဆောင်လဲ့၏ ခန္ဓာကိုယ်သည်လည်း အစိမ်းပုပ်ရောင်ပြောင်းနေပြီး သန္ဓေပြောင်းတော့မည့်အခြေအနေသို့ ရောက်နေပြီဖြစ်သည်။

ထိုမြင်ကွင်းသည် ရွှီချင်း၏မျက်ဝန်းများကို ကျဉ်းမြောင်းသွားစေသည်။ သူက သံတုတ်ကလေးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူ့မျက်ဝန်းများထဲ လူသတ်ငွေ့များ ဆူဝေလာတော့သည်။

All Chapters