← Chapters

သွေးရောင်လွှမ်းသော မြေ ( ၁ )

Vol. 2 Ch. 29

သွေးရောင်လွှမ်းသော မြေ ( ၁ )

Vol. 2 Ch. 29

ခေါင်းဆောင်လဲ့ကို တိုက်ခိုက်နေသူများသည် သွေးအရိပ်အဖွဲ့မှဖြစ်ကြောင်း သူ မြင်လိုက်ရသည်။

နေလုံးကြီးသည် တဖြည်းဖြည်း နိမ့်ဆင်းနေပြီး အမှောင်ရိပ်သမ်းလာသည်ကို ပကတိမျက်စိဖြင့် မြင်နိုင်ပေသည်။

မကြာခင် လောကတခွင် အမှောင်ထုကြီး လွှမ်းခြုံလာတော့မည့်ဟန်တူသည်။

အမှောင်ထုထဲတွင် အေးစိမ့်လှိုင်းများက အရပ်မျက်နှာအနှံ့ တဖြည်းဖြည်း လွင့်ပျံလာတော့သည်။

ပုစွန်ဆီရောင်လဲ့နေသော လင်းရောင်ခြည်တန်းလေးများသည် အသက်ကြီးရင့်နေသော အဘိုးအိုတစ်ယောက် တုန်တုန်ချိချိဖြင့် ထရန် ကြိုးပမ်းနေသည့်ပမာ တောအုပ်ကြီးထဲမှ မထွက်ခွာချင်ပါသော်ငြား စူးရှတောက်ပသော အလင်းများကို ပေးစွမ်းနိုင်စွမ်း မရှိတော့ချေ။ တစ်ကိုင်းနှင့်တစ်ကိုင်း နွယ်ယှက်နေသော သစ်ပင်များကို ဖြတ်၍ အလင်းဖျော့ဖျော့သာ ပေးနိုင်တော့သည်။

သို့ပေမည့် သစ်ပင်၏ထိပ်ဖျားတွင် ပုန်းနေသော ရွှီချင်းမှာ မတူညီပေ။ တိုက်ပွဲကြီးကို သွေးအေးသော မျက်ဝန်းများဖြင့်သာ ကြည့်နေလေ၏။

သွေးအရိပ်အဖွဲ့ဝင်ငါးယောက်အနက် နှစ်ယောက်က ဦးဆောင်တိုက်ခိုက်နေပြီး ကျန်သုံးယောက်က ခေါင်းဆောင်လဲ့ ထွက်ပြေးနိုင်မည့် လမ်းကြောင်းများကို ပိတ်ဆို့ထားသည်။

ထိုသုံးယောက်သည် လွမ်ယာကဲ့သို့ အဆင့်သုံးတွင် ရှိနေဟန်တူသည်။

သူတို့သည် အနီးကပ်မသွားဝံ့ဘဲ ဝိုင်းထားရုံသာ ဝိုင်းထားကြ၏။ သို့သော်လည်း သူတို့ ရှိနေခြင်းကြောင့် ခေါင်းဆောင်လဲ့အနေဖြင့် ခုခံတိုက်ခိုက်ရုံမှတစ်ပါး တခြားရွေးချယ်စရာ မရှိချေ။

ဦးဆောင်တိုက်ခိုက်နေသူနှစ်ယောက်အနက် တစ်ယောက်သည် ခေါင်းဆောင်လဲ့ထက် မဆိုစလောက် အားပျော့သော ဝိညာဉ်စွမ်းအားများကို ထုတ်ဖော်နေသည်။ သူသည်လည်း အဘိုးအိုတစ်ဦးဖြစ်ပြီး ချီစုစည်းခြင်းအဆင့်ခြောက်တွင် ရှိသည်မှာ သေချာသည်။

သူ့ဆံပင်များ ရှုပ်ပွနေပြီး သူ၏အကြည့်က ခက်ထန်ကြမ်းတမ်းသည်။ သူ့အင်္ကျီများ ပေါက်ပြဲနေပြီး သူ့ကြွက်သားအဖုအထစ်များက ရုန်းကြွနေကြသည်မှာ ပေါက်ကွဲထွက်တော့မည့်အလားပင်။ ထိုလူသည် အသားစိမ်းစားနေခဲ့သော သွေးအရိပ်အဖွဲ့၏ခေါင်းဆောင်မှလွဲ၍ တခြားလူမဟုတ်ပေ။

ထိုစဉ် သွေးအရိပ်အဖွဲ့ခေါင်းဆောင်သည် လျှာသပ်၍ တဖြည်းဖြည်း အစိမ်းပုပ်ရောင်ပြောင်းလာနေသော ခေါင်းဆောင်လဲ့ကို တရကြမ်း တိုက်ခိုက်နေသည်။

“ ဒီနေ့ စခန်းကနေ မိုးကြိုးအဖွဲ့ဆိုတဲ့နာမည်ကို ဖယ်ရှားပစ်ရမယ်။ ခေါင်းဆောင်လဲ့၊ မင်းလည်း ကိုယ့်ကိုယ်ကို သတ်သေရမယ်။ ဒီလိုမှမဟုတ်ရင်တော့ တစ္ဆေရိုင်းကြီးလို သန္ဓေပြောင်းသွားပြီး ဆိုးဆိုးဝါးဝါး သေရမယ်။ ဒါက သိပ်ဂုဏ်ယူစရာကောင်းတဲ့အရာတော့ မဟုတ်ဘူးနော်။ မင်းသာ ကိုယ့်ကိုယ်ကို သတ်သေရင် မင်းရဲ့တခြားအဖွဲ့ဝင်တွေကို ငါ ကောင်းကောင်းဂရုစိုက်လိုက်ပါ့မယ် ”

“ ဟုတ်တယ်။ ခေါင်းဆောင်လဲ့ ကျုပ်တို့ အာမခံတယ်။ မင်းသေသွားရင် မိုးကြိုးအဖွဲ့ဝင်တွေကို ငါတို့ စောင့်ရှောက်လိုက်မယ်။ အဲဒီလွမ်ယာဆိုတဲ့ကောင်မကို ငါ မြည်းကြည့်ချင်နေတာ ကြာလှပြီ။ မင်း ခေါ်ခဲ့တဲ့ အဲဒီကလေးဆိုတဲ့ ကောင်လေးကိုတော့ ရတနာအကျဉ်းသားလုပ်ဖို့ ငွေနည်းနည်းပါးပါးနဲ့ ရောင်းလိုက်မယ် ”

သွေးအရိပ်အဖွဲ့ခေါင်းဆောင်ပြောပြီးနောက် ဆက်လက်ပြောကြားလိုက်သူမှာ သူနှင့်အတူ ခေါင်းဆောင်လဲ့ကို တိုက်ခိုက်နေသည့် တခြားတစ်ယောက်ဖြစ်သည်။

သူသည် ကျောကုံးတွင် ဘုကြီးပါသော သက်လတ်ပိုင်းအရွယ် အရုပ်ဆိုးဆိုးလူတစ်ယောက်ဖြစ်သည်။ သူ၏မျက်စိတစ်ဖက်က ကန်းနေပြီး ကျန်မျက်လုံးထဲတွင် သွေးဆာနေသော အလင်းများဖြင့် တဖိတ်ဖိတ် လက်နေသည်။ သူ့ဝိညာဉ်စွမ်းအားများသည် သူ၏ခေါင်းဆောင်ကဲ့သို့ အစွမ်းမထက်ပါသော်လည်း ရွှီချင်း ခန့်မှန်းရသရွေ့ ချီစုစည်းခြင်းအဆင့်ငါးကို ရောက်နေသော ကြက်ခြေခတ်ထက် သာလွန်နိုင်သည်။

သို့သော်လည်း ချီများက မတည်မငြိမ်ဖြစ်နေပေရာ အဆင့်တက်လာသည်မှာ မကြာသေးဟန် တူသည်။

ထိုနှစ်ယောက်၏ ရန်စကားများအောက်ဝယ် ခေါင်းဆောင်လဲ့သည် ခံစားချက်ကင်းမဲ့နေဟန် ရှိနေပါသော်လည်း အသက်သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်ထားဟန်တူပြီး ပို၍ မြန်ဆန်သွက်လက်စွာနှင့် ရက်စက်ကြမ်းတမ်းစွာ တိုက်ခိုက်လိုက်သည်။

သွေးအရိပ်အဖွဲ့ဝင်နှစ်ယောက်သည် ခေါင်းဆောင်လဲ့ကို သတ်ဖြတ်ရာမှ အပြင်းအထန် ဒဏ်ရာရသွားမည်ကို လိုလားဟန်မတူချေ။ သူတို့က နောက်သို့ အနည်းငယ်ဆုတ်၍ အလစ်ဝင်တိုက်လာသည်။

ယနေ့ သူတို့ အောင်မြင်နိုင်မည်ဟူ၍ တထစ်ချ ယုံကြည်ထားကြသည်မှာ သေချာသည်။ သို့ဖြစ်၍ သူတို့က အပြတ်ရှင်းပစ်ရန် စီစဉ်ထားခဲ့ကြသည်။

“ အဆင့်ခြောက်တစ်ယောက်၊ အဆင့်ငါးတစ်ယောက်၊ အဆင့်သုံး သုံးယောက် ”

ရွှီချင်း၏မျက်ဝန်းများထဲတွင် လူသတ်ငွေ့များ အားကောင်းနေသည်။ သူ ထွက်သွားနိုင်ပါသော်လည်း လွန်စွာ ကြီးမားသော ကျေးဇူးကြွေးအဖြစ် သူက မြင်ထားသည်။ ခေါင်းဆောင်လဲ့က သူ့ကို စတွေ့ကတည်းက ကောင်းမွန်စွာ ဆက်ဆံခဲ့သည်ဖြစ်၍ သူ ထွက်သွားရန် အစီအစဉ်မရှိချေ။ သူက တိုက်ပွဲကို အကဲခတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

ထိုနေရာသည် ကျယ်ကျယ်ပြန့်ပြန့် မရှိပေ။ သစ်ပင်များစွာ ထူထပ်ပေါက်ရောက်နေပြီး အလင်းပျောက်လေးများ ဖြာကျနေသည်။ သူ့အတွက် လှုပ်ရှားရန် သင့်တော်သော အခြေအနေတစ်ရပ်ပင်။

စိတ်ထဲမှနေ၍ အစီအစဉ်တစ်ခု ချမှတ်ပြီးနောက် ရွှီချင်း၏မျက်ဝန်းများထဲ လူသတ်ငွေ့များ တရိပ်ရိပ် ထွက်ပေါ်နေသည်။

သူက သစ်ပင်ထိပ်ဖျားကို ခြေထောက်ဖြင့် အားယူ၍ လေးညို့မှပစ်လွှတ်လိုက်သည့် မြားတစ်စင်းအလား တဖြည်းဖြည်း နီးကပ်သွားလေသည်။

ထိုအခိုက် ခရမ်းရောင်သလင်းကျောက်နှင့်အတူ တောင်တန်းပင်လယ်ပညာရပ်အဆင့်သုံး၏ အပြင်အားများ ရုတ်ခြည်း ပေါ်ထွက်လာသည်။

သူက မြန်ဆန်စွာ သွားလာနေသည်ဖြစ်၍ သစ်ပင်ထိပ်ဖျားတွင် သူ့ပုံရိပ်များ ကျန်ရစ်ခဲ့လေသည်။ တိုက်ပွဲကွင်းပြင်ရှိ လူအားလုံး သတိမထားနိုင်ခင် ရွှီချင်းသည် မျက်တောင်တစ်ချက်ခတ်အတွင်း ရောက်သွားသည်။

သူက ခေါင်းဆောင်လဲ့၏ ထွက်ပြေးမည့်လမ်းကြောင်းများကို ပိတ်ဆို့ထားသော လူသုံးယောက်အနက် တစ်ယောက်၏ ဘေးတွင် ပေါ်လာသည်။

ရွှီချင်း၏ပစ်မှတ်သည် ပိန်ပိန်သေးသေး လူငယ်လေးဖြစ်ပြီး သူ၏ တြွိဂံပုံစံ မျက်ဝန်းများထဲတွင် ပုံပျက်ပန်းပျက်ဖြစ်နေသော ခေါင်းဆောင်လဲ့၏ပုံရိပ် ထင်ဟပ်နေသည်။ ရွှီချင်း ရောက်နေသည်ကို သူ သတိမထားမိပေ။

သူ့မျက်နှာကို လေအေးတစ်ချက် ဖျတ်ခနဲ တိုက်ခတ်လာသောအခါမှသာ သူ သတိထားမိလိုက်သည်။ သူ ခေါင်းလှည့်ကြည့်ရန် ပြင်လိုက်စဉ် သံတုတ်တစ်ချောင်းက သူ့ဦးနှောက်အလယ်ဗဟိုချက်မှနေ၍ ပြင်းထန်စွာ ထိုးဖောက်သွားသည်။

ရွှီချင်းသည် သည်းခြေခိုက်လုမတတ်အော်ဟစ်သံ သို့မဟုတ် အလောင်းပြိုလဲကျလာမည်ကို စောင့်မနေတော့ပေ။ သူက နောက်သို့ အားယူကာ အမဲလိုက်နေသော ကျားသစ်တစ်ကောင်အလား နောက်ထပ်လူတစ်ယောက်ထံ တဟုန်ထိုး ဝင်ရောက်သွားသည်။

ထိုအခြင်းအရာကိုမြင်၍ ဒုတိယမြောက်ရတနာမုဆိုးမှာ သိသိသာသာ မျက်နှာပျက်သွားပြီး ကြောက်ရွံ့စိတ်များဖြင့် မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။ သူ နောက်ဆုတ်ချင်ပါသော်လည်း ရွှီချင်းက နီးကပ်လာနေပြီဖြစ်သည်။ ရွှီချင်း၏ တောင်တန်းပင်လယ်ပညာရပ်အဆင့်သုံး ခွန်အားများပါဝင်သော လက်သီးချက်က သူ့ရန်သူထံ ချက်ချင်း ဝင်ရောက်သွားသည်။

ဒုတိယမြောက်ရတနာမုဆိုး၏ ဝမ်းဗိုက်ကို ဘုန်းခနဲ ထိုးမိသွားသည်။ သူ့ဗိုက်ကြီး ကျုံ့ဝင်သွားပြီး သူ့နောက်ကျောမှ သွေးရောင်တိုးလျှိုပေါက်ကြီးတစ်ပေါက် ထွက်ပေါ်လာသည်။ အရိုးကျိုးသံများသည်လည်း လွင့်ပျံလာ၏။ ထို့နောက် ရွှီချင်းက ဘယ်လက်ကို ဝှေ့ယမ်းပြလိုက်ရာ ဓားမြောင်တစ်လက်သည် လက်ဖျားခါရလောက်အောင် အမြန်နှုန်းဖြင့် တတိယမြောက်လူတစ်ယောက်ထံ ဝင်ရောက်သွားသည်။

တတိယမြောက်ရတနာမုဆိုးသည် ဒုတိယမြောက်ရတနာမုဆိုး၏ ရင်ဘတ်ရိုးများ ကျိုးကြေသွားပြီး ဝမ်းဗိုက်ကြီး ဟင်းလင်းပွင့်သွားသောအခါမှသာ သတိဝင်လာသည်။

သူ လှုပ်ရှားရန် ပြင်လိုက်စဉ် လေပြင်းတစ်ချက် သူ့မျက်နှာကို ဖြတ်တိုက်သွားကာ သူ့အမြင်အာရုံများ ဝေဝါးသွားသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး အံ့သြစိတ်ကြောင့် သူ့မျက်ဝန်းများ ပြူးကျယ်သွားသည်။ လက်ကျန်အင်အားဖြင့် သူက လက်ကိုမြှောက်ကာ မျက်ခုံးမွှေးနှစ်ခုကြားနေရာကို စမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ရေခဲတမျှ အေးစိမ့်သော ဓားမြှောင်တစ်လက် ဖောက်ဝင်နေ၏။

ဓားမြှောင်၏ပြင်းအားက သူ၏မျက်ခုံးမွှေးပတ်လည်ရှိ နေရာတစ်ခုလုံးကို သက်ရောက်သွားကာ သူ့ဦးခေါင်းခွံ အက်ကွဲလာသည်။

အရာအားလုံးမှာ လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။

ရွှီချင်းသည် ကြောက်ခမန်းလိလိ မြန်ဆန်သွက်လက်နေပြီး အလွန် သွေးအေးပြတ်သားစွာ လှုပ်ရှားသွားခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် ပထမနှင့် တတိယမြောက်အလောင်းများ မြေပြင်ပေါ်သို့ လဲကျသွားပြီး နှလုံးကြွေကာ ဝမ်းဗိုက်ကြီး ချိုင့်ဝင်သွားခဲ့သော ဒုတိယမြောက်ရန်သူသည်လည်း လဲကျသွားပြီး ရွှီချင်း၏ပုံရိပ် ပေါ်လာတော့သည်။

ရွှီချင်းသည် ခါးကုန်း၍ ရပ်နေပြီး သူ၏အနက်ရောင်ဆံပင်ရှည်များက သူ့မျက်နှာတစ်ဝက်ခန့်ကို ဖုံးလွှမ်းထားသည်။ သို့သော်လည်း ယင်းသည် ဝံပုလွေတစ်ကောင်ကဲ့သို့ သူ၏သွေးအေးသော အကြည့်ကို ဖုံးကွယ်ခြင်းငှာ မစွမ်းသာပေ။

ထိုအခါ သူက မော့ကြည့်လိုက်ပြီး ခေါင်းဆောင်လဲ့နှင့် သွေးအရိပ်အဖွဲ့မှ တခြားနှစ်ယောက်၏အကြည့်များနှင့် ဆုံသွားသည်။ သူ ရုတ်တရက် ဝင်ရောက်လာခြင်းကြောင့် သူတို့အားလုံး မှင်သက်နေကြပေသည်။

All Chapters