အခန်း ( ၅၈၆-၅၈၈)
Vol. 40 Ch. 586-588
အခန်း ( ၅၈၆)
ရှင်းဟိုင်၏ တည်ကြည်လေးနက်သော အသံသည် တိတ်ဆိတ်သွားခဲ့သည်။
သူက လက်ဟန်များကို လှုပ်ရှားလိုက်ရာ ကွင်းပြင်အလယ်ရှိ အစီအရင်သည် အဆက်မပြတ် ပြောင်းလဲလာခဲ့သည်။
ခဏအကြာတွင် ကွင်းပြင်အလယ်ရှိ တိုက်ခိုက်ရေးကွင်း သုံးကွင်းသည် အစီအရင်၏ ဦးဆောင်မှုအောက်တွင် အလယ်၌ စုစည်းသွားခဲ့ပြီး အဆုံးသတ်တွင် ဧရာမတြိဂံပုံစံ တိုက်ခိုက်ရေး ကွင်းတစ်ခုအဖြစ် ပေါင်းစည်းသွားသည်ကို တွေ့လိုက်ရသည်။
"အစစ်အမှန်နဂါး တိုက်ခိုက်ရေးစင်မြင့်ကို ဖွင့်လှစ်လိုက်ပြီ.. နောက်တစ်နာရီမှာ တိုက်ပွဲကို ပြန်စမယ် "
ရှင်းဟိုင်၏ တည်ကြည်လေးနက်သောအသံက ကွင်းပြင်တစ်ခုလုံးကို ပြန့်နှံ့သွားခဲ့သည်။
သူ၏စကားကိုကြားလျှင် နောက်တစ်ဆင့်ကို တက်ရောက်လာခဲ့သည့် တပည့်အားလုံးသည် အလျှင်အမြန်ပင် အနားယူခဲ့ကြသည်။
အထူးသဖြင့် ပြိုင်ပွဲတွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည့် ရှထျန်းမင်တို့ဖြစ်သည်။
သူတို့က ဂိုဏ်း၏ ကုသရေးဆေးလုံး အကူအညီဖြင့် သူတို့၏ ဒဏ်ရာများကို ပြန်လည်ကောင်းမွန်လာရန် အလျင်အမြန် လုပ်ဆောင်နေကြ၏။
နောက်တစ်ဆင့်ကို တက်ရောက်လာကြသည့် ပါရမီရှင် ၁၂ ယောက်၏ အနားယူချိန်များသည် တဖြည်းဖြည်း ကုန်လွန်လာခဲ့သည်။
ဘာမှမသိလိုက်ခင်မှာပင် တစ်နာရီက အလျင်အမြန် ကုန်ဆုံးသွားသည်။
နောက်ဆုံးအဆင့်ကို တက်ရောက်လာကြသည့် ပါရမီရှင် ၁၂ယောက်သည် တစ်ချိန်တည်းမှာပင် စင်မြင့်ပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
နတ်ဓားဂိုဏ်း၏ဘက်ခြမ်းတွင် ကျန့်ချန်သည် လောဖုန်နှင့် အခြားနတ်ဓားဂိုဏ်းမှ တပည့် ၄ ယောက်ကို ခေါ်လာခဲ့ပြီး စင်မြင့်၏ ထောင့်တစ်နေရာကို ယူထားလိုက်သည်။
ထျန်းယွဲ့ဂိုဏ်း၏ ဘက်ခြမ်းတွင်မူ ဒဏ်ရာကနေ ၇၀၊ ၈၀ ရာခိုင်နှုန်း လောက် ပြန်လည် သက်သာလာသည့် ရှထျန်းမင်က ထျန်းယွဲ့ဂိုဏ်း၏ တပည့်၃ယောက်ကို ဦးဆောင်ကာ ထောင့်တစ်နေရာကို ယူထားလိုက်၏။
ထိုက်ရှဂိုဏ်း၏ ဘက်ခြမ်းတွင်မူ ပုံရိပ် ၃ ခုသာ ပေါ်လာခဲ့သည်။
ထိုပုံရိပ်ထဲတွင် ကျန်းချန်၏ အစေခံဖြစ်သူ မုန့်ချင်းရွှယ်လည်း ပါဝင်လာခဲ့သည်။
"ထိုက်ရှဂိုဏ်းက နတ်ဓားဂိုဏ်းနှင့် ထျန်းယွဲ့ဂိုဏ်းတို့ထက် အများကြီး ပိုမိုအားနည်းတာပဲ"
ကျန်းချန်က စိတ်ထဲကနေ ရေရွတ်လိုက်ပြီး ခေါင်းကို ခါရမ်းလိုက်သည်။
နောက်ဆုံးအဆင့်ကို တက်ရောက်လာခဲ့သည့် ပါရမီရှင်တပည့် ၁၂ ယောက် ထဲတွင် နတ်ဓားဂိုဏ်း နှင့် ထျန်းယွဲ့ဂိုဏ်းတို့သည် နေရာ ၅ နေရာစီ သိမ်းပိုက်ထားခဲ့သည်။
ထိုက်ရှဂိုဏ်းတွင်မူ သူနှင့်လင်ကျုံ နှစ်ဦးသာ ရှိ၏။
အကယ်၍ ထိုက်ရှဂိုဏ်း၏ ပြိုင်ပွဲဝင်အဖြစ် သူ မပါဝင်ခဲ့လျှင် ဒီတစ်ခေါက်ပြိုင်ပွဲ၌ ထိုက်ရှဂိုဏ်းသည် နောက်တစ်ဆင့်ကို လင်ကျုံတစ်ယောက်တည်းသာ တက်ရောက်နိုင်မည် မဟုတ်ပါလော။
ရလဒ်ကမ ည့်သို့ပင် နိမ့်ကျနေပါစေ၊ လက်ရှိအခြေအနေအတွက် ရှယွင်ထျန်း အပါအဝင် ထိုက်ရှဂိုဏ်း၏ သိုင်းသခင်နယ််ပယ်အဆင့် ကျင့်ကြံသူ ၅ ယောက်သည် အတော်လေးကျေနပ်နေခဲ့ကြသည်။
ဤအခေါက်တွင် သူတို့ ထိုက်ရှဂိုဏ်းမှ နောက်တစ်ဆင့်သို့တက်ရောက်ခဲ့သည့် လူဦးရေ မများသော်လည်း ကျန်းချန်နှင့် လင်ကျုံတို့၏ အင်အားဖြင့်သာ ဆိုလျှင် သေချာပေါက် ထိပ်ဆုံး ၁၀ ယောက်စာရင်းထဲသို့ ဝင်နိုင်မည့်အပြင် အဆင့်ကလဲ အရမ်းကြီးနိမ့်မည် မဟုတ်လောက်ပေ။
အထူးသဖြင့် ကျန်းချန်သည် နံပါတ်၁ အစစ်အမှန်တပည့် ၃ဦးကို အနိုင်ရရန် အခွင့်အလမ်း အရမ်းများနေခဲ့သည်။
အကယ်၍ ကျန်းချန်သာ ပြိုင်ပွဲတွင် အနိုင်ရခဲ့လျှင် သူတို့ထိုက်ရှဂိုဏ်းသည် နောက်ထပ် ၅ နှစ်အတွင်း မြောက်ပိုင်းတောရိုင်းဒေသမှ ဂိုဏ်းကြီး ၃ ဂိုဏ်း၏ အကျိုးစီးပွားခွဲဝေရာတွင် ကြီးမားသော အကျိုးကျေးဇူးများကို ရရှိမည်မှာ သေချာ၏။
ပါရမီရှင် ၁၂ ယောက်က စင်မြင့်ပေါ်သို့ ရောက်လာသည်နှင့် ဒိုင် ၃ ယောက်သည် ပြိုင်ဘက်များကို ကျပန်းရွေးချယ်ရန် စတင်ခဲ့ကြသည်။
မကြာခင်မှာပင် ဒိုင် ၃ ယောက်သည် ပထမဆုံးပွဲစဥ်တွင် ယှဥ်ပြိုင်ကြမည့် ၂ ယောက်ကို ရွေးချယ်ခဲ့ကြသည်။
"ပထမဆုံးပွဲမှာ ထိုက်ရှဂိုဏ်းရဲ့ ကျန်းချန်က ထျန်းယွဲ့ဂိုဏ်းရဲ့ ကျန်းရွမ်နဲ့ ယှဥ်ပြိုင်ရမှာ ဖြစ်တယ်"
ထိုစကားကိုကြားလျှင် ကျန်းချန်က ဘာမှတွန့်ဆုတ်မနေဘဲ တိုက်ပွဲစင်မြင့်၏ အလယ်တည့်တည့်ကို လျှောက်သွားပြီး ထုံးစံအတိုင်း တင်ပျဥ်ခွေ၍ ထိိုင်နေခဲ့သည်။
" လခွမ်း..ကျန်းချန်က ထပ်ပြီး တင်ပျဥ်ခွေ ထိုင်နေပြန်ပြီဟ...ဒီကောင်လေးက ဒီလိုပြိုင်ပွဲ အဆင့်မှာတောင် ဒီလိုလုပ်ရဲတယ် တကယ်အံ့သြစရာပဲ "
" ........"
ကျန်းချန်၏ အပြုအမူကိုမြင်လျှင် လူတိုင်း အံ့သြသွားကြသည်။
ဤသည်မှာ ပြိုင်ပွဲ၏ ရှုံးထွက်အဆင့်တိုက်ပွဲ ဖြစ်၏။
ပါရမီရှင် ၁၂ ယောက်ကို ပထမဆုံးအဆင့်တွင် အင်အားအကြီးဆုံး ပါရမီရှင် ၃ ဦးနှင့် မတွေ့ဆုံရဟူသော အခြေခံမူနှင့်အညီ အုပ်စု ၆စု ခွဲလိုက်ပြီး အနိုင်ရသူက နောက်တစ်ဆင့်သို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်၏။
သေချာသောအချက်မှာ နောက်တစ်ဆင့်ကို တက်ရောက်လာသည့် ကျင့်ကြံသူ အားလုံးသည် ထိပ်တန်းပါရမီရှင်များ ဖြစ်၍ အားနည်းသူ မရှိသလောက်ပင်။
ထို့အပြင် ဤအဆင့်တွင် ကျင့်ကြံသူ အားလုံးသည် အင်ပြည့်အားပြည့် အစွမ်းကုန် တိုက်ခိုက်ကြမည် ဖြစ်၏။
သို့သော် သူတို့ရှေ့မှာ ကျန်းချန်ကမူ ဤအဆင့်တွင် တင်ပလ္လင်ခွေ၍ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
ပြိုင်ဘက်ကို တိုက်ခိုက်ခွင့် စိတ်ကြိုက် တိုက်ခိုက်ခွင့်ပေးမည်ဟု သူတို့ မထင်ထားခဲ့ပေ။
"တကယ်ကို အံ့သြစရာပဲ.. ဒီကောင်လေးက ပြိုင်ပွဲရဲ့ သမိုင်းမှာ အသန်မာဆုံးပြိုင်ပွဲဝင် အဖြစ်တောင် သတ်မှတ်နိုင်မှာ သေချာသလောက်ပဲ"
အခန်း (၅၈၆) ပြီး၏။
အခန်း (၅၈၇)
"ကျန်းချန် မင်းငါနဲ့ မတိုက်ဘူးလား"
သူ့ရှေ့တွင် တင်ပျဥ်ခွေ ထိုင်နေသည့် ကျန်းချန်ကိုမြင်လျှင် ကျန်းရွမ်၏ မျက်နှာထက်တွင် ဒေါသရိပ်များ ဖြစ်ပေါ်လာ၏။
"မင်းက အရမ်းအားနည်းလွန်းလို့ ငါတိုက်ရမှာ ပျင်းတယ်...မင်းငါရဲ့အကာကွယ်ကို ချိုးဖျက်နိုင်ရင် ငါအရှုံးပေးမယ်"
ကျန်းချန်က မဲ့ပြုံးပြုံးရင်း ပြောလိုက်သည်။
နောက်တစ်ဆင့်ကို တိုက်ရောက်လာသည့် ပါရမီရှင်တပည့် ၁၂ယောက်ထဲတွင် ကျန်းချန် မပေါ့ဆရဲသည့် တစ်ဦးတည်းသောသူမှာ နတ်ဓါးဂိုဏ်းမှ ကျန့်ချန်ပင် ဖြစ် သည်။
ယခု သူနှင့်ယှဥ်ပြိုင်ရမည့် ပြိုင်ဘက်က သူ့ကို မည်သည့်ခြိမ်းခြောက်မှုမှ မပေးနိုင်သော်လည်း အင်အားက အတော် လေးကောင်းသည်ဟု ဆိုရမည်။
ဤသည်က သူ၏ မပျက်စီးနိုင်သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နည်းစနစ်ကို အတွေ့ကြုံရမှတ်များ ပိုမိုရရှိစေနိုင်မည့် အခွင့်အရေးဖြစ်ရာ ကျန်းချန်က မည်ကဲ့သို့ လက်လွှတ်ခံနိုင်ပါမည်နည်း။
"ကျန်းချန်.. မင်း ရှထျန်းမင်ကို အနိုင်ရတာနဲ့ ကမ္ဘာပေါ်မှာ မင်းကို ဘယ်သူမှမယှဥ်နိုင်တော့ဘူးလို့ မထင်နဲ့.. ငါ့ကို အထင်သေးရဲတဲ့ ဘယ်သူ့ကိုမဆို ငါက အရမ်းကြီးမားတဲ့ အဖိုးအခကို ပေးဆပ်စေမယ်"
ကျန်းရွမ်က သူ့ကိုဤမျှလောက် အထင်သေးနေသည်ကို မြင်လျှင် ကျန်းရွမ်က အေးစက်စက်ပြုံးလိုက်သည်။
သူ၏ နက်မှောင်သော မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မမြင်နိုင်သော စိတ်စွမ်းအင် တစ်ခုသည် တိုက်ခိုက်ရေးကွင်း၏ ဧရိယာကို လွှမ်းခြုံသွားခဲ့သည်။
ထိုခဏတွင် ကျန်းချန်သည် ကြောက်မက်ဖွယ် အင်အားများပါဝင်သည့် ဧရာမလက်ကြီး တစ်ဖက်က သူ့ကို ဖိနှပ်ထားသလို ခံစားလိုက်ရသည်။
"ဟမ့်.. ကြည့်ရတာ ဒီကောင်က စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေးလျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ထားတာပဲ"
သူ၏စိတ်ကို အနှောင့်ယှက်ပေးဖို့ ကြိုးစားနေသည့် ပတ်ဝန်းကျင်မှ စိတ်စွမ်းအင်ကို ခံစားမိလျှင် ကျန်းချန်သည် ရုတ်တရက် စိတ်ဓာတ်ကျသွားခဲ့သည်။
သူက ဤနေရာတွင် တင်ပျဥ်ခွေထိုင်၍ ကျန်းရွမ်ကို တိုက်ခိုက်ခွင့်ပေးလိုက်သည့် အဓိက အကြောင်းရင်းမှာ ကျန်းရွမ်၏ ရိုက်နှက်ခြင်းကို ခံယူပြီး အတွေ့ကြုံရမှတ်များ ရယူကာသူ၏ မပျက်စီးနိုင်သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကျင့်စဥ်ကို တိုးတက်အောင်လုပ်ရန် ဖြစ်သည်။
သို့သော် သူ မထင်မှတ်ထားသည်မှာ ကျန်းရွမ်တွင် လျှို့ဝှက်ဆန်းကြယ်သည့် စိတ်စွမ်းအင် တိုက်ခိုက်မှုမျိုး ရှိနေခြင်းပင်။
"ကျန်းချန်.. မင်းက ရုပ်ပိုင်းဆိုင်ရာအင်အားကို အားကိုးရင်တောင် ဘာလုပ်နိုင်မှာလဲ... ငါ့ရဲ့ သိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ စိတ်စွမ်းအင်တိုက်ခိုက်မှုကို ဘယ်လို ခုခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်"
ကျန်းရွမ်က မထီမဲ့မြင်ပြုံးလိုက်ပြီး အင်အားကြီးမားသော စိတ်စွမ်းအင်ဖြင့် ကျန်းချန်ကို ဆက်လက်ဖိနှိပ်ကာ ကျန်းချန်၏စိတ်ကို လွှမ်းမိုးရန် ကြိုးစားနေခဲ့သည်။
"ချီးထုပ်ကောင်.. ဒီနေရာကနေ ထွက်သွားစမ်း "
ကျန်းချန်က အေးစက်စက် အော်ဟစ်လိုက်ရာ လေထဲတွင် မိုးကြိုးပစ်သံတစ်ခု ပေါက်ကွဲထွက်လာခဲ့ပြီး မိုးကြိုးဆန္ဒ၏ ဒုတိယအဆင့်ခွန်အားသည် ချက်ချင်းဆိုသလို ပျံ့ နှံ့သွားခဲ့သည်။
"ဟွတ်"
ထိုခဏတွင် ကျန်းရွမ်၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သွေးများအန်ထွက်ကာ ချက်ချင်းဆိုသလို ခန္ဓာကိုယ် တစ်ခုလုံးသည် မြေပြင်ပေါ်ကို ဒုန်းခနဲ လဲကျသွားခဲ့သည်။
ကျန်းရွမ်ကို ဖြေရှင်းပြီးနောက်တွင် ကျန်းချန်သည် ကျန်းရွမ် ဘက်သို့ပင် လှည့်မကြည့်ပဲ သူ့၏စင်မြင့်ထောင့်ကို ပြန်သွားခဲ့သည်။
ဤကောင်လေးက သူ့ကို လက်သီးဖြင့်ထိုးပြီး သူ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်နည်းစနစ်ကို အတွေ့ကြုံရမှတ်များ ပေးခဲ့လျှင် ကျန်းချန်သည် အလိုက်သင့် လိုက်ကစားပေးမည် ဖြစ်၏။
သို့သော် ဤကောင်လေးက လျှို့ဝှက်ဆန်းကြယ်သည့် စိတ်စွမ်းအင်နည်းစနစ်ဖြင့် တိုက်ခိုက်နေသည်ဖြစ်ရာ ကျန်းချန်သည် ကျန်းရွမ်နှင့် အချိန်မဖြုန်းလိုတော့ပေ။
"ကျန်းရွမ်ရဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်ရေး လျှိုဝှက်နည်းစနစ်က အရမ်းအားကောင်းတယ် မဟုတ်လား.. ဘာလို့ရုတ်တရက်ကြီး ရှုံးနိမ့်သွားတာလဲ"
"ကျန်းချန်က မိုးကြိုးဆန္ဒရဲ့ဒုတိယအဆင့်ခွန်အားကို ထုတ်ဖော်ပြီး ကျန်းရွမ်ရဲ့လျှို့ ဝှက်နည်းစနစ်ကို ချက်ချင်းချိုးဖျက်လိုက်တာပဲ"
"အိုး မြတ်စွာဘုရား.. ဒီကောင်လေးက မိုးကြိုးဆန္ဒရဲ့ ဒုတိယအဆင့်ကိုတောင် နားလည်နေတာလား"
"........."
လူတိုင်းသည် ကွင်းထဲမှ အခြေအနေကို ကြည့်ပြီး အံ့သြနေကြ၏။
"နောက်ထပိ ဒုတိယအဆင့်ကို ရောက်နေတဲ့ ကိုယ်ခံပညာရဲ့စစ်မှန်တဲ့အဓိပ္ပါယ်ပဲ"
ကျန်းချန်၏ မိုးကြိုးဆန္ဒ ဒုတိယအဆင့်ခွန်အားက ကျန်းရွမ်၏ လျှို့ဝှက်နည်းစနစ်ကို အလွယ်တကူ အနိုင်ယူသွားသည်ကို မြင်လျှင် နတ်ဓားဂိုဏ်းမှ ကျန့်ချန်သည် တုန်လှုပ်သွားခဲ့သည်။
"ဓားဆန္ဒဒုတိယအဆင့်၏ ပြီးပြည့်စုံသောနယ်ပယ်၊ ဒုတိယအဆင့် လေဆန္ဒ၊ ဒုတိယအဆင့် မိုးကြိုးဆန္ဒ"
ဤကောင်လေးခွန်အားသည် အောက်ခြေ အကန့်အသတ်မရှိသည့် တွင်းနက်ကြီးကဲ့သို့ နားမလည်နိုင်သော ခံစားချက်မျိုးကို ပေးစွမ်းနေ၏။
ကျန့်ချန်က အသက်ကို ခပ်မြန်မြန်ရှုသွင်းလိုက်ပြီး သူ၏ လှုပ်ရှားနေသော စိတ်ကို ပြန်လည် ထိန်းချုပ်လိုက်သည်။
"ဒီကောင် ဘယ်လောက်ထိတောင် အစွမ်းထက်နေတာလဲ"
အခန်း(၅၈၇)ပြီး၏။
အခန်း (၅၈၈)
ကျန်းချန်က ကျန်းရွမ်ကို အနိုင်ယူပြီးနောက်တွင် ထိပ်ဆုံး ၆ ယောက်စာရင်းသို့ ပထမဆုံး တက်ရောက်လာခဲ့သည်။
ကျန်သည့်၅ယောက်ကလည်း စင်မြင့်ပေါ်သို့ တက်ရောက်လာကြ၏။
ကျန်းချန်၊ ရှထျန်းမင်နှင့် လင်ကျုံတို့သည် ပြိုင်ဘက်ကို အလွယ်တကူပင် အနိုင်ယူပြီး ထိပ်ဆုံး ၆ ယောက်စာရင်းသို့ သံသယဖြစ်ဖွယ်မရှိ တက်ရောက်လာခဲ့ကြသည်။
မုန့်ချင်းရွှယ်ကလဲ နတ်ဓားဂိုဏ်းမှ လောဖုန်ကို တစ်ကွက်တည်းဖြင့် အနိုင်ယူခဲ့သည်။
ထိပ်ဆုံး ၆ ယောက်စာရင်းတွင် နောက်ဆုံး တက်ရောက်လာခဲ့သူကို မြင်လျှင် ကျန်းချန်သည် အနည်းငယ်အံ့သြသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် ထိုသူက တခြားသူမဟုတ်ပေ။
ထျန်းယွဲ့ဂိုဏ်း၏ ကာမနတ်ဆိုး ဖြစ်သောကြောင့်ပင်။
လမ်ယောင်က အမှတ်ပေးပြိုင်ပွဲတွင် အလွန်သိုသိပ်စွာ ယှဥ်ပြိုင်ခဲ့ပြီး အုပ်စုထဲတွင် စတုတ္ထနေရာ ရရှိခဲ့သည်။
ထို့ကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်လာသောအခါ တွင် ပရိသတ်များ၏ အာရုံစိုက်မှုကို သိပ်မရခဲ့ပေ။
သို့သော်လည်း ဘယ်သူမှ ထင်မှတ်မထားလောက်အောင်ပင် လမ်ယောင်သည် ပြိုင်ပွဲတွင် စွမ်းအင်သိပ်သည်းခြင်းအဆင့် အင်အားကို ရုတ်တရက် ထုတ်ဖော်ခဲ့ပြီး သူ၏ ပြိုင်ဘက်ကို အနိုင်ယူကာ ထိပ်ဆုံး ၆ ယောက်စာရင်းသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
"တကယ် မထင်ထားမိဘူး.. ရက်အနည်းငယ်မတွေ့ တာနဲ့ ဒီကောင်က လျှို့ဝှက်နည်းစနစ်တွေကို သုံးပြီး စွမ်းအင်သိပ်သည်းခြင်း အဆင့်ကို အတင်းအကျပ် တက်လှမ်းလိုက်တာပဲ "
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံး၍ စိတ်ထဲကနေ တွေးတောမိလိုက်သည်။
ဤကဲ့သို့သော နည်းလမ်းဖြင့် အဆင့်တက်ခြင်းသည် နောင်တစ်ချိန်တွင် ကျင့်ကြံခြင်းနည်း၌ အလွန်ပင် ထိခိုက်မှု ဖြစ်စေလိမ့်မည် ဖြစ်၏။
"ဒီပြိုင်ပွဲ ၃ ပွဲပြီးတာနဲ့ နောက်ဆုံးပြိုင်ပွဲကို ရောက်ရှိတော့မယ် နောက်ဆုံးပြိုင်ပွဲမှာ အနိုင်ရရှိတဲ့သူက မြောက်ပိုင်းတောရိုင်းဒေသရဲ့ အစစ်အမှန်နဂါးပါရမီရှင် အဖြစ် သတ်မှတ်ခံရလိမ့်မယ် "
ပရိသတ်များက တီးတိုး ပြောဆိုနေခဲ့ကြသည်။
"ကျန်းချန်နှင့် လမ်ယောင် ရှေ့တက်လာခဲ့ပါ"
ကျန်းချန်က လမ်ယောင်ကို ကြည့်နေသော အချိန်မှာပင် ဒိုင်၏ အသံသည် သူ့နားထဲသို့ ဝင်ရောက်လာခဲ့သည်။
"ဒီကောင်က ဒီအဆင့်မှာ ငါနဲ့တွေ့မယ်လို့ မထင်ထားမိဘူး"
ကျန့်ချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့ပြီး တိုက်ခိုက်ရေးကွင်း အလယ်သို့ လျှောက်သွားလိုက်ကာ ထုံးစံအတိုင်း တင်ပျဥ်ခွေ၍ ထိုင်နေလိုက်သည်။
လမ်ယောင်က သူ့ရှေ့မှာ ထိုင်နေသည့် ကျန်းချန်ကို မြင်လျှင် အေးစက်စက်ပြုံးကာ ပြောလိုက်၏။
"ကျန်းချန်.. ငါစွမ်းအင်သိပ်သည်းခြင်း အဆင့်ကို ရောက်ရှိသွားပြီ.. မင်းတကယ်ပဲ ထိုင်ပြီးတော့ ခုခံနေမှာ သေချာလား"
"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ တိုက်ခိုက်လို့ရပြီ "
ကျန်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်ပြီး "မင်းက စွမ်းအင်သိပ်သည်းခြင်း အဆင့်ကို ရောက်သွားခဲ့ရင်တောင် ငါတွေ့ဖူးသမျှထဲမှာတော့ အားအနည်းဆုံး စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူပဲ "
လမ်ယောင်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းရောင်တစ်ခု ထွက်ပေါ်လာခဲ့၏။
သူက ကျန်းချန်နှင့် အပိုစကားများ ပြောမနေတော့ဘဲ ထျန်းယွဲ့ဂိုဏ်း၏ ဟွမ်ယွမ်လက်ဝါးသိုင်းကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်၏။
ဤကောင်လေးက ရှထျန်းမင်ကိုပင် အနိုင်ယူနိုင်သောကြောင့် သူနှင့် ထိပ်တိုက်ရင်ဆိုင်၍ တိုက်ခိုက်လျှင် သူ့အနေနှင့် ဤကောင်လေး၏ ပြိုင်ဘက် မဟုတ်ပေ။
သို့သော် ယခုလို ငြိမ်ငြိမ်လေး တင်ပျဥ်ခွေထိုင်၍ မလှုပ်ရှားဘဲ ခုခံနေမည်ဆိုလျှင် စွမ်းအင်သိပ်သည်းခြင်း အဆင့် သူ၏ ခွန်အားဖြင့် ထိုအကာအကွယ်ကို မချိုးဖျက်နိုင်ဟု လမ်ယောင် အမှန်တကယ် မယုံကြည်ပေ။
လမ်ယောင်၏ အင်အားအပြည့် တိုက်ခိုက်မှုကို ရင်ဆိုင်ရသော်လည်း ကျန်းချန်သည် နေရာမှာပင် ငြိမ်သက်စွာ တင်ပျဥ်ခွေ၍ ထိုင်နေခဲ့သည်။
လူတိုင်းက ကျန်းချန် တစ်ယောက်၊ လမ်ယောင်၏ တိုက်ခိုက်မှုကို အမှန်တကယ် ငြိမ်သက်စွာ ခံယူမည်ဟု ထင်မှတ်နေသော အချိန်မှာပင် ကျန်းချန်သည် ရုတ်တရက် လက်သီးကိုဆုပ်လိုက်ပြီး လျှပ်စီးလို လျှင်မြန်သော အမြန်နှုန်းဖြင့် သူ့ဆီကို လာနေသည့် လမ်ယောင်ကို ထိုးချလိုက်သည်။
ကျန်းချန်၏ လက်သီးထဲတွင် ပါဝင်သော အင်အားသည် လမ်ယောင်၏ ဟွမ်ယွမ်လက်ဝါးသိုင်းကို ချက်ချင်း ချေမှုန်းပစ်လိုက်ပြီး လမ်ယောင်၏ ရင်ဘက်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့၏။
"ဝုန်း"
လမ်ယောင်က ကျိုးပြတ်သွားသော စွန်တစ်ကောင်ပမာ မီတာအတော်ဝေးဝေး အထိ လွင့်စင်သွားခဲ့သည်။
လမ်ယောင်က ပါးစပ်ထဲကနေ သွေးများကို အန်ထုတ်လိုက်ရပြီး အတော်လေး ရုန်းကန်၍ မြေပြင်ကနေ ထရပ်လိုက်ရသည်။
"ကျန်းချန် မင်းငါ့ကို လှည့်စားခဲ့တယ်"
"စိတ်မကောင်းပါဘူး.. မင်းက အနည်းငယ် အစွမ်းထက်နေတာကြောင့် ငါမထိန်းချုပ်နိုင် ဖြစ်သွားခဲ့တယ် "
ကျန်းချန်က ပုံခုံးကို တွန့်ပြလိုက်ပြီး လမ်ယောင်ကို ပြောလိုက်သည်။
"ကောင်းပြီလေ.. ဒါဆို မင်းငါ့ကို တိုက်ခိုက်ချင်သေးလား.. ဒီတစ်ကြိမ် မင်းကို ငါမတိုက်ခိုက်မိအောင် တတ်နိုင်သလောက်ကြိုးစားမယ်လို့ ကတိပေးပါတယ်"
"မင်း"
လမ်ယောင်က ချက်ချင်းပင် ဒေါသထွက်သွားခဲ့သည်။
ကျန်းချန့်ကို ကြည့်နေသည့် သူ၏ အကြည့်သည် မီးဝင်းဝင်းတောက်နေခဲ့၏။
ဤအချိန်တွင် လမ်ယောင်သည် ကျန်းချန်နှင့် ဆက်ပြီး ယှဥ်ပြိုင်ရန် သတ္တိမရှိတော့ပေ။
ဒီကောင်လေးက သူ့ကို အရှက်ရစေချင်မှန်း လမ်ယောင် ရှင်းရှင်းလင်းလင်းပင် သိနေခဲ့ပြီ မဟုတ်ပါလား။
ဆက်လက် တိုက်ခိုက်မည်ဆိုလျှင် ကျန်းချန်ကို အရှက်ခွဲခွင့် သူကိုယ်သူ ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
"ကျန်းချန်.. ဒီနေ့ကိစ္စကို မှတ်ထားမယ် အခုလောလောဆယ် တော့ ငါမင်းကို အရှုံးပေးလိုက်မယ်"
လမ်ယောင်က အံကြိတ်၍ ပြောလိုက်ပြီး အေးစက်စက်အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ လှည့်ထွက်သွားတော့သည်။
လက်စားချေဖို့ ဆိုသည်မှာ သူရဲကောင်းတစ်ယောက် အတွက် ဘယ်တော့မှ နောက်မကျပေ။
မကြာခင် သို့မဟုတ် နောက်ပိုင်းတွင် သူသည် ကျန်းချန်ဆီကနေ ဤအရာအားလုံးကို သေချာပေါက် ဆယ်ဆ ပြန်ယူမည် ဖြစ်သည်။
အခန်း(၅၈၈)ပြီး၏။