အခန်း(၅၈၉-၅၉၁)
Vol. 40 Ch. 589-591
အခန်း(၅၈၉)
ဆက်လက် ယှဥ်ပြိုင်ပြီးနောက်တွင် ကျန့်ချန်နှင့် လင်ကျုံတို့၏ တိုက်ပွဲက ဖြစ်ပေါ်လာခဲ့သည်။
လင်ကျုံက ထိုက်ရှဂိုဏ်း၏ နံပါတ် ၁ အစစ်အမှန်တပည့် ဖြစ်သော်လည်း မကြာသေးခင်ကမှ စွမ်းအင်သိပ်သည်းခြင်း နယ်ပယ်အဆင့်သို့ ရောက်ရှိခဲ့သူဖြစ်၍ ကျန့်ချန်နှင့် ယှဥ်လျှင် ကွာဟချက် အတော် ကြီးမားနေခဲ့သည်။
ထို့ကြောင့် ကျန့်ချန်၏ ဓားကွက်၃ကွက် အတွင်းမှာပင် လင်ကျုံသည် ရှုံးနိမ့်သွားခဲ့ရသည်။
ထိုမြင်ကွင်းကိုမြင်လျှင် လူတိုင်းသည် ထိတ်လန့်အံ့သြသွားကြ၏။
"ကျန့်ချန်က နတ်ဓားဂိုဏ်းရဲ့ နံပါတ် ၁ ပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်တာပဲ"
နောက်ဆုံးတိုက်ပွဲတွင် ရှထျန်းမင်သည် နတ်ဓားဂိုဏ်းမှ လောဖုန်နှင့် ရင်ဆိုင်ခဲ့ရသည်။
လောဖုန်၏ ဓားသိုင်းက အားမနည်းသော်လည်း ကျင့်ကြံခြင်းသည် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်တွင်သာ ရှိသောကြောင့် ရှထျန်းမင်ထက် အနည်းငယ် အားနည်းနေခဲ့၏။
ထို့ကြောင့် ၁၀ ကွက်မြောက်တွင် ရှထျန်းမင်သည် လောဖုန်၏ အားနည်းချက်ကို ထိုးနှက်နိုင်ခဲ့သည်။
ရှထျန်းမင်က လောဖုန်ကို အနိုင်ယူပြီးသည်နှင့် ပြိုင်ပွဲ၏
ထိပ်ဆုံး ၃ ဦးစာရင်းသည် ထွက်ပေါ်လာခဲ့သည်။
ထို ၃ ဦးမှာ နတ်ဓားဂိုဏ်းမှ ကျန့်ချန် ၊ ထျန်းယွဲ့ဂိုဏ်းမှ ရှထျန်းမင်နှင့် ထိုက်ရှဂိုဏ်းမှ ကျန်းချန် ဖြစ်သည်။
ထို ၃ ယောက်က အစစ်အမှန်နဂါး တိုက်ခိုက်ရေးစင်မြင့် ဖြစ်သည့် တြိဂံပုံစံစင်မြင့်တွင် မတူညီသော ဦးတည်ချက် ၃ ရပ်၌ သုံးပွင့်ဆိုင် အနေအထားဖြင့် မျက်နှာချင်းဆိုင် ရပ်နေခဲ့ကြသည်။
သို့သော်လည်း လူအများစုသည် ရှထျန်းမင်ကို ဤပြိုင်ပွဲ၏ အနိုင်ရရှိမည့်သူ စာရင်းကနေ လျစ်လျူရှုခဲ့ကြ၏။
အကြောင်းရင်းမှာ အမှတ်ပေးပြိုင်ပွဲတွင် ရှထျန်းမင်သည် ကျန်းချန်ကို လုံး၀ အောက်စီးကနေ ရှုံးနိမ့်ခဲ့သောကြောင့်ပင်။
ထို့ကြောင့် အဆုံးသတ်တွင် ဗိုလ်လုရမည့် ကျင့်ကြံသူ ၂ ဦးမှာ နတ်ဓားဂိုဏ်းမှ ကျန့်ချန်နှင့် ထိုက်ရှဂိုဏ်းမှ ကျန်းချန်တို့သာဖြစ်ဖို့ သေချာသလောက်ပင် ဖြစ်သည်။
ဤတိုက်ပွဲတွင် အနိုင်ရရှိသူသည် ချန်ပီယံဆုကို ရရှိမည် ဖြစ်ပြီး မြောက်ပိုင်းတောရိုင်းဒေသတစ်ခုလုံး၏ အစစ်အမှန်နဂါးပါရမီရှင် အဖြစ် သတ်မှတ်ခံရမည် ဖြစ်၏။
"ကျန်းချန်.. ဒိီတစ်ခါကျင်းပမယ့် ဂိုဏ်းကြီး ၃ ဂိုဏ်းသိုင်းပြိုင်ပွဲမှာ ငါနဲ့.လိုက်ဖက်မဲ့ ပြိုင်ဘက်မရှိဘူးလို့ အရင်က ငါထင်ခဲ့တယ်.. ဒါပေမဲ့ ထိုက်ရှဂိုဏ်းမှာ မင်းလို တုနှိုင်းမဲ့ပါရမီရှင်မျိုး ရှိနေမယ်လို့ ငါမထင်ခဲ့မိဘူး"
ကျန့်ချန်က သူ၏ လက်စွဲတော် ဓားကိုကိုင်၍ ဝင့်ကြွားစွာ ပြောနေခဲ့သည်။
ထိုအခိုက်တွင် ကျန်းချန်သည် လေးနက်သော အမူအရာဖြင့် ကျန့်ချန်ကို စူးရှစွာ စိုက်ကြည့်နေခဲ့၏။
"မင်းတို့ နတ်ဓားဂိုဏ်းက ဓားပညာနဲ့ ပတ်သက်ပြီး နာမည်ကျော်ကြားတယ်.. ဒါ့ကြောင့် မင်းတို့ရဲ့ ဓားသိုင်းက ဘယ် လောက်တောင် အားကောင်းလဲဆိုတာ လေ့လာပါရစေ "
ကျန်းချန်က ခပ်ယဲ့ယဲ့ပြော၍ ပြုံးလိုက်၏။
မကြာခင်မှာပင် သူက ခေါင်းငဲ့၍ ရှထျန်းမင်ကို တစ်ချက်ကြည့်ကာ မဲ့ပြုံး ပြုံး၍ ပြောလိုက်၏။
"ဒါပေမဲ့ မင်းနဲ့ အဆုံးအဖြတ်တိုက်ပွဲ မဆင်နွှဲခင် သူ့ကို အရင်ရှင်းရဦးမယ် မင်းဖြေရှင်းမလား ငါဖြေရှင်းရမလား"
"မင်းက သူနဲ့ တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီးပြီ ဆိုတော့ ဒီတစ်ခါကငါ့အလှည့်ပဲ"
ကျန့်ချန်၏ လေးနက်သောအသံက တဖြည်းဖြည်း တိတ်ဆိတ်သွားပြီးနောက်တွင် သူ၏ပုံရိပ်သည် အစစ်အမှန်နဂါး တိုက်ခိုက်ရေး စင်မြင့်၏ အလယ်ဗဟိုတွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့၏။
သူက မျက်နှာချင်းဆိုင်မှ ရှထျန်းမင်ကို ကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။
"ရှထျန်းမင် စင်မြင့်ပေါ်ကနေ မင်းဘာသာဆင်းမလား.. ငါ့ဓားနဲ့ အောက်ထိ ပို့ပေးရမလား"
"ကျန့်ချန် မင်းသိပ်ပြီးမောက်မာမနေနဲ့.. မင်းငါ့ကို ဘယ်လိုအနိုင်ယူမလဲ ဆိုတာ ငါကြည့်ချင်သေးတယ်"
ကျန်းချန်နှင့် ကျန့်ချန်တို့ နှစ်ယောက်က သူ့ကို လုံး၀ မျက်စိထဲမထည့်သည်ကို မြင်လျှင် ရှထျန်းမင်၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ချက်ချင်းဆိုသလို ထျန်းယွဲ့ဂိုဏ်း၏ ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် လဝန်းကောင်းကင် အကာအကွယ်ကို အလျင်အမြန် ထုတ်ဖော်လိုက်၏။
ကျန့်ချန်က ထိုမြင်ကွင်းကို အေးစက်စက် ကြည့်လိုက်ပြီးနောက် ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။
သူ၏ဓားချက်တွင် ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်များ ပါဝင်နေခဲ့၏။
ဓားအလင်းက လေထုကို ဖြတ်ကျော်ပြီး ရှထျန်းမင်ထံသို့ ရောက်ရှိသွားခဲ့သည်။
ယင်းအချိန်တွင် ကွင်းပြင်ပေါ်ရှိ လူတိုင်းသည် ကျန့်ချန်၏ ဓားချက်ကြောင့် တုန်လှုပ် ခြောက်ခြားသွားခဲ့ပြီး သူတို့၏ စိတ်များပင် ထိုဓားချက်ဖြင့် ခုတ်ဖြတ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်း၏ တုန်လှုပ်ခြောက်ခြားဖွယ် အကြည့်များ အောက်မှာပင် ကျန့်ချန်၏ ဓားချက်သည် ပါးလွှာသည့် အလွှာတစ်ခုကို ထိုးဖောက်လိုက်သကဲ့သို့ ရှထျန်းမင်၏ လဝန်းကောင်းကင် အကာအကွယ်ကို ထိုးဖောက်ကာ အဆုံးသတ်တွင် ရှထျန်းမင်၏ လည်ချောင်းနှင့် ၃လက်မအောက် အကွာ၌ ရပ်တန့်သွားခဲ့သည်။
ထိုမြင်ကွင်းကိုမြင်လျှင် ကွင်းပြင်ပေါ်ရှိ ပရိသတ်များသည် သက်ပြင်းမချဘဲ မနေနိုင်ခဲ့ပေ။
ဧရာမ ကွင်းပြင်တစ်ခုလုံးသည် ထိုအချိန်တွင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကျန်းချန်၏ မျက်လုံးများပင် ရုတ်တရက် ကျုံ့သွားခဲ့၏။
အကြောင်းအရင်းမှာ ယခုလေးတင် ကျန့်ချန် ထုတ်သုံးလိုက်သည့် ဓားချက်သည် အမှန်တကယ်ကို ကြောက်မက်ဖွယ် ကောင်းသော ဓားချက် ဖြစ်သောကြောင့်ပင်။
အခန်း(၅၈၉)ပြီး၏။
အခန်း ( ၅၉၀ )
ရှထျန်းမင်က လည်ချောင်းနှင့် ၃ လက်မခန့်အကွာရှိ ဓားရှည်ကို ကြည့်ကာ ထိတ်လန့်နေခဲ့သည်။
သူက နှလုံးသွေးများ ရပ်တန့်မလိုပင် ခံစားခဲ့ရ၏။
ဂိုဏ်းကြီး ၃ ဂိုဏ်း သိုင်းပြိုင်ပွဲ မကျင်းပခင်တွင် ရှထျန်းမင်သည် သူ၏အင်အားကို အလွန်ပင် ယုံကြည်ခဲ့သည်။
မူလတွင် သူသည် ကောင်းကင်အဆင့် ကျင့်စဥ် ဖြစ်သည့် လဝန်းကောင်းကင် ကျင့်စဥ်ကို အားကိုးကာ ချန်ပီယံဆုအတွက် ယှဥ်ပြိုင်နိုင်မည်ဟု ထင်ခဲ့သည်။
သူ၏ စိတ်ကူးက ပြည့်စုံသော်လည်း အမှန်တရားကမူ အ လွန်ပင် ခါးသက်၏။
သူက အုပ်စုအဆင့်မှာပင် ကျန်းချန်နှင့် တွေ့ဆုံခဲ့ပြီး သူအားကိုးရသည့် လဝန်းကောင်းကင် အကာအကွယ်ကလဲ ကျန်းချန်၏ ထိုးဖောက်မှုကို ခံခဲ့ရသည်။
ယခု နောက်ဆုံးအဆင့်တွင်လည်း ရှထျန်းမင်သည် ကျန့်ချန်ကို ရင်ဆိုင်ရာ၌ လဝန်းကောင်းကင် အကာအကွယ်ကို ထပ်မံ အသုံးပြုခဲ့သော်လည်း ချေမှုန်းခြင်းကို ခံလိုက်ရပြန်သည်။
သူနှင့် ကျန့်ချန်တို့ကြားတွင် ဤမျှလောက် ကွာဟချက်ရှိလိမ့်မည်ဟု ရှထျန်းမင် လုံး၀ မထင်ထားခဲ့ပေ။
သူ အလွန်အားထားရသည့် ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်သည့် လ၀န်းကောင်းကင်ကျင့်စဥ်သည်ပင် ထို ၂ ယောက်၏ ရှေ့တွင် လုံး၀ အားနည်းနေခဲ့သည်။
"တစ်နှစ်ကျော် မတွေ့ရပေမဲ့ မင်းရဲ့အင်အားက ဒီလောက်ပဲရှိတာလား.. တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ"
ကျန့်ချန်က ခေါင်းခါရမ်း၍ ပြောလိုက်၏။
သူက ဓားရှည်ကို သိမ်းလိုက်ပြီးနောက်တွင် ရှထျန်းမင်ကို အထင်သေးစွာ ကြည့်၍ ပြောလိုက်၏။
"ဆင်းသွားတော့.. ငါနဲ့ ကျန်းချန်ကြားက တိုက်ပွဲကို အနှောင့်အယှက်မပေးနဲ့ "
ထိုစကားကိုကြားလျှင် ရှထျန်းမင်၏မျက်နှာသည် အလွန်ပင် အကျည်းတန်သွားခဲ့သည်။
သို့ရာတွင် သူ့အနေနှင့် ကျန့်ချန်နှင့် ယှဥ်ပြိုင်ရန် အရည်အချင်း လုံး၀ မပြည့်မီသည်ကို သိထားပြီ ဖြစ်၍ ဤနေရာတွင် ဆက်၍ ရပ်နေလျှင် သူသာ အရှက်ကွဲမည်ကို သိသောကြောင့် အစစ်အမှန် နဂါးတိုက်ခိုက်ရေး စင်မြင့်ကနေ ထွက်သွားခဲ့သည်။
ရှထျန်းမင် ထွက်သွားပြီးနောက်တွင် ကျန့်ချန်သည် ဤတိုက်ခိုက်ရေးကွင်း၌ သူ၏ တစ်ဦးတည်းသော ပြိုင်ဖက်အဖြစ် ကျန်ရစ်ခဲ့သည့် ကျန်းချန်ကို တိုက်ရိုက်စူးစိုက်ကာ ကြည့်လိုက်၏။
"ကျန်းချန် ဒီအချိန်ကို ငါစောင့်ခဲ့တာ အတော်ကြာပြီ. ငါတို့တိုက်ခိုက်လိုက်ရအောင်"
သူက ဓားရှည်၏ ထိပ်ဖြင့် ကျန်းချန်ကို ချိန်ရွယ်ထားရင်း ပြောလိုက်သည်။
"မင်းဆန္ဒအတိုင်းပဲ"
ကျန်းချန်က ပြုံးလိုက်ပြီး ကျန့်ချန်ဆီကို ဖြေးညှင်းစွာ လျောက်သွားခဲ့သည်။
ဖြည်းညှင်းစွာ လျှောက်လာသည့် ကျန်းချန်ကို စိုက်ကြည့်နေသော ကျန့်ချန်သည် အပိုစကားများ မပြောခဲ့ပေ။
ထိုခဏမှာပင် သူသည် အတွေး တစ်ချက်တည်းဖြင့် ကျန်းချန်ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော ဓားအင်အားကို ထုတ်လွှတ်လိုက်သည်။
ကျန့်ချန်ကလည်း မျက်မှောင်ကျုံ့သွားခဲ့ပြီး ချက်ချင်းဆိုသလို ဓားဆန္ဒဒုတိယအဆင့်၏ ပြီးပြည့်စုံသော ခွန်အားကိုထုတ်ဖော်လိုက်၏။
"ဝုန်း"
မမြင်နိုင်သော ဓားဆန္ဒနှစ်ခုသည် လေထဲတွင် ထိပ်တိုက်ဆုံမိသွားကြသည်။
နောက်ထပ် တစ်ခဏတွင် သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်များသည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြရသည်။
"ကျန်းချန်.. မင်းက တကယ်ပဲ ဓားဆန္ဒရဲ့ ဒုတိယအဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်ကို နားလည်ထားတာပဲ"
ကျန့်ချန်က ကျန်းချန်ကို စေ့စေ့ စိုက်ကြည့်ကာ ပြောလိုက်သည်။
"နှစ်ပေါင်းမျာစွာအတွင်း သက်တူရွယ်တူတွေထဲမှာ ဓားဆန္ဒနဲ့ ပတ်သက်ရင် ငါနဲ့ယှဥ်နိုင်တဲ့သူက မင်းပထမဆုံးပဲ"
"မင်းလဲအတူတူပါပဲ"
ကျန်းချန်က မျက်နှာချင်းဆိုင်မှ ကျန့်ချန်ကိုကြည့်ကာ အလားတူပင် အံ့သြနေခဲ့သည်။
သူက ဓားဆန္ဒဒုတိယအဆင့်၏ ပြီးပြည့်စုံသော နယ်ပယ်ကို ဤမျှအထိ မြန်မြန်ဆန်ဆန် လေ့ကျင့်နိုင်ခဲ့သည်မှာ အဆတစ်ရာစနစ်နှင့် ဓားဆန္ဒသိပ်သည်ခြင်း ဆေးလုံးတို့ကြောင့် ဖြစ်သည်။
သို့သော် သူ့ရှေ့မှ.ကျန့်ချန်ကမူ ဓားဆန္ဒကို ဤအဆင့်ထိ လေ့ကျင့်ရန် ကိုယ်ပိုင်နားလည်မှုကို လုံးဝ အားကိုးခဲ့သူ ဖြစ်၏။
ဆိုရလျှင် ဤကောင်လေး၏ ဓားသိုင်းပါရမီသည် တကယ်ကို ရှားပါးသည်။
၎င်းက ဓားအတွက် မွေးဖွားလာသူဟုပင် တင်စား၍ရ၏။
"ကျန်းချန်.. မင်းရဲ့ဓားဆန္ဒက အားကောင်းပေမယ့် ဓားပညာရပ်က.မင်းရဲ့အဓိကပညာရပ် မဟုတ်ဘူး.. ထိုက်ရှဂိုဏ်းရဲ့ ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်က ကောင်းကင်နဲ့မြေကြီးကို ဖျက်စီးနိုင်တဲ့အထိ ကြောက်မက်ဖွယ်အင်အားရှိတယ်လို့ ငါကြားနေခဲ့တာကြာပြီ.. ဒီနေ့ ငါ မင်းဆီကနေလေ့လာပါရစေ"
ကျန့်ချန်က လက်ထဲက ဓားကို ဝှေ့ရမ်းလိုက်ပြီး တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ပြောလိုက်သည်။
"ဟားဟား.. ဒီနေ့ မင်းနဲ့တိုက်ပွဲမှာ ထိုက်ရှတိုက်ခိုက်ရေးခန္ဓာကိုယ်ကျင့်စဥ်ကို အသုံးပြုဖို့ ငါ့မှာ အစီစဥ်မရှိဘူး "
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
မကြာခင်မှာပင် သူက လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ အနီရောင်ဖျော့ဖျော့ အလင်းရောင်များ ထွက်နေသည့် ဓါးရှည်တစ်လက်သည် သူ့လက်ထဲတွင် ပေါ်လာခဲ့သည်။
အခန်း(၅၉၀)ပြီး၏။
အခန်း(၅၉၁)
"ဝိုး.."
ကျန်းချန်၏ လက်ထဲမှဓားရှည်ကိုကြည့်ကာ ကွင်းပြင်တစ်ခုလုံး ဆူညံသွားခဲ့သည်။
"ကျန်းချန်မှာ ဓားတစ်လက်တောင် ရှိနေတယ်လား.. သူက ကျန့်ချန်နဲ့ ဓားရေးချင်း ယှဥ်တိုက်တော့မှာလား"
"ဒီကောင် ဦးနှောက်ပျက်နေလားမသိဘူး ကျန့်ချန်နဲ့မှ ဓားရေးချင်း ယှဥ်ပြိုင်ချင်ရတယ်လို့ကွာ.."
"............"
လူတိုင်းက ကျန်းချန်ကို မျက်လုံးပြူးကာ ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်လုံးထဲတွင် မယုံကြည်နိုင်လောက်သည့် အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ကျန့်ချန် ဆိုသည်မှာ နတ်ဓားဂိုဏ်း၏ အစစ်အမှန်တပည့် ဖြစ်ပြီး ဓားသိုင်းအတွက် မွေးဖွားလာသည့် ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်၏။
သူတို့၏ ရှုထောင့်ကနေကြည့်လျှင် ကျန်းချန်သည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွင် ပိုမိုအားကောင်းပြီး ကောင်းကင်အဆင့်ကျင့်စဥ် ဖြစ်သည့် ထိုက်ရှ တိုက်ခိုက်ရေးခန္ဓာကိုယ် ကျင့်စဥ်ကိုလည်း တတ်မြောက်ထားခဲ့သည်။
ကျန်းချန်သာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အင်အားနှင့် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို အသုံးပြုခဲ့လျှင် ကျန့်ချန်နှင့် ရင်ဆိုင်တိုက်ခိုက်ရန် လုံး၀ လုံလောက်မှုရှိ၏။
သို့သော်လည်း ကျန်းချန်က သူ၏အားသာချက်များကို စွန့်လွှတ်ပြီး ကျန့်ချန်နှင့် ဓားချင်းယှဥ်ပြိုင်ရန် ရွေးချယ်လိုက်မည်ဟု သူတို့ မထင်ထားခဲ့ပေ။
ကျန်းချန်သည် ဓားဆန္ဒ၏ ဒုတိယအဆင့် ပြီးပြည့်စုံခြင်းနယ်ပယ်ကို နားလည်ထားပြီး ဓားသိုင်းပညာရပ်တွင် အောင်မြင်မှု သိပ်မဆိုးလှသော်လည်း နတ်ဓားဂိုဏ်း၏ အင်အားအကြီးဆုံး ဓားသိုင်းပညာရှင် ဖြစ်သည့် ကျန့်ချန်နှင့်ဓားရေးချင်း ယှဥ်ပြိုင်ချင်နေသည်မှာ ပညာရှိသော ရွေးချယ်မှု မဟုတ်ပေ။
"မင်းက ငါနဲ့ဓားရေးချင်း ယှဥ်ချင်တာလား"
"ဟုတ်တယ်"
ကျန်းချန်က ခေါင်းငြိမ့်လိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"ဒီတိုက်ပွဲမှာ မင်းကိုဓားသိုင်းနဲ့ပဲ အနိုင်ယူပြမယ်"
ထိုစကားကိုကြားလျှင် ကျန့်ချန်က မျက်မှောင်ကြုတ်သွားခဲ့၏။
"မင်းအနေနဲ့ မင်းတတ်မြောက်ထားတဲ့ ကျင့်စဥ်တွေအကုန်အစင် အသုံးပြုမယ်ဆိုရင် ငါ့ကိုအနိုင်ယူဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်တယ်.. ဒါပေမဲ့ ဓားရေးချင်းပဲ ယှဥ်မယ်ဆိုရင်တော့ မင်းအနေနဲ့ ရှုံးနိမ့်ဖို့များတယ်"
ကျန့်ချန်၏စကားကြောင့် ကျန်းချန်၏ နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
"ငါ့ရဲ့ အားအသာဆုံး ပညာရပ်က ဓားသိုင်းလို့ပြောရင် မင်းငါ့ကိုယုံမှာလား"
"ကောင်းပြီလေ.. ဒါဆိုလည်း မင်းရဲ့ဓားရေး ဘယ်လောက်ထိအားကောင်းလဲ ဆိုတာ ငါသင်ယူပါရစေ"
ကျန့်ချန်က အေးစက်စက်ပြုံး၍ ပြောလိုက်သည်။
သူက ချက်ချင်းဆိုသလိုပင် လျှပ်စီးကဲ့သို့ မြန်ဆန်သောဓားချက်ဖြင့် ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။
ကျန်းချန်ကလည်း လုံး၀ တုန့်နှေးမနေပဲ ကျန့်ချန်၏ ဓားချက်ကို ရင်ဆိုင်လိုက်သည်။
"ထန်...ထန်..ထန်"
အစစ်အမှန်နဂါး တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် နှစ်ယောက်သား၏ ပုံရိပ်များသည် ရှုပ်ထွေးနေခဲ့ပြီး ဓားရှည်များသည် လေထဲတွင် အချင်းချင်းထိခိုက်မိကာ တုန်လှုပ်ခြောက်ခြားဖွယ် သတ္တုချင်း ထိခတ်သံများသည် စင်မြင့်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
လေထဲတွင် ဒုတိယအဆင့် ပြီးပြည့်စုံခြင်း နယ်ပယ်၏ ဓားဆန္ဒနှစ်ခုသည် ထိပ်တိုက် ရင်ဆိုင်နေခဲ့ကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒဖိအားကြောင့် ကွင်းပြင်ရှိ မရေမတွက်နိုင်သော ပရိသတ်များသည် အသက်ရှုရပင် ကြပ်သွားကြ၏။
"ထန်.."
နောက်ထပ် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်ပွားပြီးနောက်တွင် အစစ်အမှန်နဂါး တိုက်ခိုက်ရေး စင်မြင့်ပေါ်မှ ပုံရိပ်နှစ်ခုသည် တစ်ချိန်တည်းမှာပင် အကွာအဝေး တစ်ခုအထိ နောက်ပြန် လွင့်စင်သွားကြသည်။
ကျန့်ချန်က သူ၏လက်ထဲမှ ဓားရှည်ကို ဝှေ့ရမ်းကာ သူ၏ ပုံရိပ်ကို တည်ငြိမ်စွာ ထိန်းချုပ်လိုက်သည်။
သူ့ မျက်နှာချင်းဆိုင်ရှိ ကျန်းချန်၏ အခြေအနေကမူ အတော်လေး ရှက်စရာ ကောင်းနေခဲ့၏။
ကျန်းချန်၏ ၀တ်စုံက ဓားလှိုင်းများကြောင့် နေရာတော်တော်များများတွင် စုတ်ပြဲနေခဲ့ပြီး တောက်ပသော အနီရောင်သွေးများသည် ၀တ်ရုံပေါ်တွင် ထင်ရှားစွာ စွန်းထင်းနေခဲ့သည်။
ဓားချင်းယှဥ်၍ တိုက်ခိုက်မှုတွင် ကျန်းချန်သည် ကျန့်ချန်၏ လက်ချက်ဖြင့် များစွာ ခံစားခဲ့ရသည်မှာ သံသယဖြစ်စရာပင် မလိုပေ။
"ကျန့်ချန်က ဓားရေးချင်း ယှဥ်တိုက်တာ ရှုံးနိမ့်သွားပုံရတယ်"
"ဒါက ဘာဆန်းလို့လဲ ကျန့်ချန်နဲ့ ဓားရေးချင်းယှဥ်ဖို့ သူပဲ ပြောခဲ့တာလေ...ကျန့်ချန်နဲ့ ဓားရေးချင်း ယှဥ်ချင်တယ် ဆိုတာက ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ ဘာများ ကွာခြားနေလို့လဲ"
"............"
လူတိုင်းက အစစ်အမှန်နဂါး တိုက်ခိုက်ရေး စင်မြင့်ပေါ်မှ အခြေအနေကို ကြည့်ကာ ခေါင်းတခါခါဖြင့် သက်ပြင်းချလိုက်ကြသည်။
"ကျန်းချန်.. ဓားရေးချင်းယှဥ်ရင် မင်းငါ့ကို မနိုင်ပါဘူးလို့ အစောကတည်းက ငါပြောခဲ့သားပဲ"
အင်္ကျီတွင် ဓားရာများဖြင့် မွစာကြဲနေသည့် ကျန်းချန်ကို ကြည့်ကာ ကျန့်ချန်က အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းအခု စိတ်ပြောင်းပြီး ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို ထုတ်သုံးရင် နောက်မကျသေးဘူး ကျန်းချန်"
"ကျန့်ချန်...မင်းရဲ့ဓားသိုင်းက တကယ်ကို အင်အားကြီးမားတယ်...မင်းက ငါတို့ လူငယ်မျိုးဆက်ထဲမှာ ငါ့ကို နာကျင်အောင် လုပ်နိုင်တဲ့ ပထမဆုံးသူပဲ"
ကျန်းချန်က ကျန့်ချန်ကို စေ့စေ့စိုက်ကြည့်ကာ ပြောလိုက်သည်။
ထို့နောက် သူ၏ မောက်မာသောအသံသည် ပတ်၀န်းကျင်လေထုထဲတွင် ချက်ချင်းဆိုသလို ပဲ့တင်ထပ်သွားခဲ့၏။
"ငါ့မှာ အသုံးပြုဖို့ ဓားသိုင်းတစ်မျိုး ကျန်သေးတယ်.. မင်းခံနိုင်ရည်ရှိရင် ဒီတိုက်ပွဲက မင်းအနိုင်ပဲ"
အခန်း(၅၉၁)ပြီး၏။