အခန်း(၅၉၂-၅၉၄)
Vol. 40 Ch. 592-594
အခန်း(၅၉၂)
"အို..ဟုတ်လား"
ကျန့်ချန်က မျက်ခုံးပင့်လိုက်ပြီး မထီမဲ့မြင် ပြောလိုက်သည်။
"ဒါဆိုလည်း မင်းရဲ့ နောက်ဆုံးဓားသိုင်းကို ကြည့်ရသေးတာပေါ့"
"စိတ်ချပါ ငါ့ရဲ့ဓားသိုင်းက မင်းကို လုံး၀ စိတ်ပျက်စေမှာမဟုတ်ဘူး"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အ၀ါကလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
ချက်ချင်းဆိုသလိုပင် ကျန်းချန်၏ ခေါင်းအထက် ပေဆယ်နှင့်ချီဝေးသော လေဟာနယ်ထဲတွင် မျက်စိနှင့် မြင်နိုင်လောက်သော အက်ကြောင်းများ ပေါ်လာခဲ့သည်။
ထိုအက်ကြောင်းထဲရှိ ထူးခြားသောစွမ်းအင်သည် အလင်းဓား ထောင်ပေါင်းများစွာ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးအစစ် အမှန်နဂါး တိုက်ခိုက်ရေးစင်မြင့်ပေါ်ရှိ အစီအရင်ကို ချက် ချင်း ထိုးဖောက်ကာ ကောင်းကင်ထက်သို့ ထိုးတက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော အင်အားများ ကိန်းအောင်းနေသည့် ဓားအင်အားသည် ကွင်းပြင်တစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားခဲ့၏။
"ကျန်းချန်က ဘယ်လို ဓားသိုင်းကို ထုတ်ဖော်နေတာများလဲ..ဒီဓားသိုင်းရဲ့ အင်အားက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ"
"ကောင်းကင်အဆင့်ဓားကျင့်စဥ်..ကျန်းချန်က ကောင်းကင်အဆင့်ဓားသိုင်းကို ထုတ်ဖော်နေတာပဲ.. ဒဏ္ဍာရီလာ ကောင်းကင်အဆင့် ဓားသိုင်းမှသာ ဒီလိုမျိုး ကြောက်မက်ဖွယ်ကောင်းတဲ့ အင်အားမျိုးကို ထုတ်ဖော်နိုင်တယ်"
"ဒါ..ဒါက ကောင်းကင်အဆင့် ဓားသိုင်းပဲ.. ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
"........."
လူတိုင်းသည် အစစ်အမှန်နဂါးတိုက်ခိုက်ရေး စင်မြင့်ပေါ်ရှိ ကျန်းချန်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေခဲ့ကြသည်။
သူတို့၏ မျက်၀န်းထဲတွင် ကြောက်ရွံ့သော အရိပ်အယောင် များသည် မကြုံစဖူး ဖြစ်ပေါ်နေခဲ့ကြသည်။
သိထားရမည်မှာ ယခင်က ရှထျန်းမင်နှင့် တိုက်ပွဲတွင် ကျန်းချန်သည် ကောင်းကင်အဆင့်ကျင့်စဥ် တစ်မျိုးဖြစ်သည့် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကျင့်စဥ်ကို ထုတ်ဖော်ခဲ့ပြီးသား ဖြစ်၏။
"ဒီကောင်လေးက ကောင်းကင်အဆင့်ကျင့်စဥ် နှစ်မျိုးကိုတောင် ဒီအဆင့်ထိ နားလည်ထားတယ်လား"
"ဒါက ကောင်းကင်အဆင့် ဓားသိုင်းပဲ"
ကျန်းချန်၏စွမ်းအားကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ကောင်းသော အင်အားကိုကြည့်ကာ ဂိုဏ်းကြီး သုံးဂိုဏ်းရှိ သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများသည် အံ့သြတုန်လှုပ်နေကြပြီး စကားပင် မပြောနိုင် ဖြစ်သွားခဲ့သည်။
ကောင်းကင်အဆင့် ကျင့်စဥ်များသည် မြောက်ပိုင်းတောရိုင်းဒေသတွင် အလွန်ရှားပါးသော ကျင့်စဥ်များ ဖြစ်သည်။
မြောက်ပိုင်းတောရိုင်းဒေသ၏ ဂိုဏ်းကြီးသုံးဂိုဏ်းမှာပင် ကောင်းကင်အဆင့်ကျင့်စဥ် တစ်ခုစီသာ ရှိကြ၏။
သို့သော်လည်း သူတို့ရှေ့မှ ကျန်းချန်ကမူ အသက်နှစ်ဆယ်ပင် မပြည့်သေးသော အရွယ်မှာတင် ကောင်းကင်ကျင့်စဥ် နှစ်မျိုးကို ကျွမ်းကျင်နေခဲ့ပြီ ဖြစ်သည်။
"တကယ်ကို မယုံနိုင်စရာပဲ.. သူက ငါထင်ထားတဲ့အတိုင်း ကောင်းကင်ခုတ်ပိုင်း ဓားကျင့်စဥ်ကို အောင်မြင်အောင် လေ့ကျင့်ပြီးသွားခဲ့ပြီကိုး"
မုန့်ချင်းရွှယ်က ကျန်းချန် ထုတ်ဖော်ခဲ့သည့် ဓားသိုင်းကိုကြည့်ကာ ခဏမျှစကားမပြောနိုင် ဖြစ်သွားခဲ့သည်။
ကျန်းချန်က ဟေးလုံမြို့တွင် မပြည့်စုံသော ကောင်းကင်အဆင့်ဓားသိုင်းကို ရရှိခဲ့သည်မှာ နှစ်ရက်ပင် မကြာသေးပေ။
သို့သော် ဤနှစ်ရက်အတွင်းမှာပင် ကျန်းချန်သည် ကောင်း ကင်ခုတ်ပိုင်း ဓားသိုင်းကို ပြီးပြည့်စုံအောင် ပြုပြင်ခဲ့ပြီး အောင်မြင်စွာပင် လေ့ကျင့်နိုင်ခဲ့သည်။
ဤကဲ့သို့ မွန်းစတားတစ်ကောင်နှင့် တစ်ခေတ်တည်းတွင်ပေါ်ပေါက်လာခဲ့ရသည့် ကမ္ဘာပေါ်မှ တခြားသော ပါရမီရှင်များအတွက် တကယ်ကို ၀မ်းနည်းစရာပင်။
"ဓားကွက်တစ်ကွက်တည်းနဲ့ ကောင်းကင်ကို ပိုင်းဖြတ်မယ်"
လူတိုင်းက ကျန်းချန်၏ ကြောက်မက်ဖွယ်ကောင်းသော ဓားအင်အားကြောင့် တုန်လှုပ်ခြောက်ခြားနေသော အချိန်မှာပင် ကျန်းချန်၏ ကြွေးကြော်သံသည် ကွင်းပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။
ကျန်းချန်၏ ကြွေးကြော်သံအဆုံးတွင် တိမ်များကို ထိုးဖောက်ပြီး ကောင်းကင်ကို ခုတ်ပိုင်းနိုင်သည့် ဓားအရှိန်အ၀ါသည် ကောင်းကင်ကို ဖြတ်သန်းသွားသော သက်တန့်တစ်ခုလို အရာရာကို ချေမှုန်းနိုင်သော အရှိန်အ၀ါဖြင့် ကောင်းကင်ကနေအောက်ဘက်ရှိ ကျန့်ချန် ဆီသို့ ဦးတည်သွားခဲ့သည်။
"ဒီကောင်က ကောင်းကင်ခုတ်ပိုင်းဓားသိုင်းကို အမှန်တကယ်နားလည်ထားတာလား.. ဒါဘယ်လိုဖြစ်နိုင်မှာလဲ"
ကျန့်ချန်က တုန်လှုပ်သွားခဲ့သည်။
သို့သော် ဤအချိန်တွင် ကျန့်ချန်အတွက် စဥ်းစားနေဖို့ အချိန်မရှိတော့ပေ။
သူက ဓားဆန္ဒ ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်း နယ်ပယ်ခွန်အားနှင့်အတူ ထျန်းယွဲ့ဂိုဏ်း၏ ကောင်းကင်အဆင့် ကျင့်စဥ်ဖြစ်သည့် နဂါးခုတ်ပိုင်း ဓားသိုင်းကို အမြင့်ဆုံးအဆင့် အထိ ထုတ်ဖော်လိုက်သည်။
"၀ုန်း...၀ုန်း...၀ုန်း...."
ကြောက်မက်ဖွယ်ကောင်းသော အင်အားနှစ်ခုသည် လေထဲတွင် ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့သွားကြပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်ကာ ကြောက်မက်ဖွယ် လေလှိုင်းလုံးများသည် ပတ်၀န်းကျင်ကို ရူးသွပ်စွာ တိုက်ခိုက်သွားခဲ့သည်။
ထိုအားကောင်းသော လေလှိုင်း၏ တိုက်ခိုက်မှုအောက်တွင် ကျန့်ချန်သည် ကြိုးပျက်သွားသည့် စွန်တစ်ကောင်နှယ် ပြောင်းပြန် လွင့်စင်သွားခဲ့၏။
"ဖူးး"
မြေပြင်ပေါ်သို့ လဲကျသွားသည့် နောက်တွင် ကျန့်ချန်၏ လည်ချောင်းက ချိုမြိန်သွားပြီး မအောင့်အီးနိုင်တော့ဘဲ သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရသည်။
သူက ဖြူဖျော့သော မျက်နှာထားဖြင့် ကျန်းချန်ကို မော့ကြည့်လိုက်သည်။
ထိုအခါ အစစ်အမှန်နဂါး တိုက်ခိုက်ရေး စင်မြင့်တွင် ဓားရှည်ကို ကိုင်ပြီး ရပ်နေသော ကျန်းချန်ကို မြင်လျှင် သူ၏နှလုံးသားထဲတွင် ခါးသီးသော ခံစားချက်တစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။
"နတ်ဓားဂိုဏ်းရဲ့ နံပါတ်တစ် ဓားပါရမီရှင် ကျန့်ချန်က ကျန်းချန်ရဲ့ ဓားသိုင်းအောက်မှာ တကယ်ပဲ ရှုံးနိမ့်သွားခဲ့တာလား.. တကယ်ကို အံ့သြစရာပဲ"
အခန်း(၅၉၂)ပြီး၏။
အခန်း (၅၉၃)
"ကျန်းချန်က သူ့ရဲ့ကောင်းကင်အဆင့်ဓားသိုင်းနဲ့ ကျန့်ချန်ကိုအနိုင်ယူမယ်လို့ မထင်ထားမိတာ အမှန်ပဲ"
ကွင်းပြင်ပေါ်ရှိ လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ ပါးစပ်အဟောင်းသားများ ဖြစ်ကုန်ကြသည်။
"ကောင်းကင်ခုတ်ပိုင်းဓားသိုင်းက နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့ လေလံပွဲမှာ ပေါ်ထွက်လာခဲ့တဲ့ မပြည့်စုံတဲ့ ကောင်းကင်အဆင့် ဓားကျင့်စဉ်မဟုတ်လား"
လွန်ခဲ့သည့်နှစ်ရက်က နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲတွင် ပါ၀င်ခဲ့သည့် လူငယ်ပါရမီရှင် တချို့သည် တအံ့တဩ ရေရွတ်လိုက်ကြသည်။
"ဘယ်လို ကျန်းချန် အသုံးပြုခဲ့တဲ့ ကောင်းကင်ခုတ်ပိုင်းဓားသိုင်းက နဂါးနက်ကုန်သွယ်ရေးအဖွဲ့မှာ ထွက်ပေါ်လာတဲ့ မပြည့်စုံတဲ့ ဓားသိုင်း မဟုတ်လား ဒါ..ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
ကွင်းပြင်ကနေ ထွက်ပေါ်လာသည့် ရေရွတ်သံများကို ကြားလျှင် ပတ်၀န်းကျင်ရှိ ကြည့်ရှုနေသောသူများသည် အံ့သြတုန်လှုပ်သွားခဲ့ကြသည်။
သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူများ၏ မျက်လုံးထဲမှာပင် အံ့သြတုန်လှုပ်သော အရိပ်အယောင်များ ရှိနေခဲ့၏
"နဂါးနက်ကုန်သွယ်ရေး အဖွဲ့ရဲ့လေလံပွဲက လွန်ခဲ့တဲ့ နှစ်ရက်ကမှ ကျင်းပခဲ့တာ မဟုတ်လား.. ဒီကောင်လေး အသုံးပြုခဲ့တဲ့ ကောင်းကင်ခုတ်ပိုင်းဓားသိုင်းက နဂါးနက်ကုန်သွယ်ရေးအဖွဲ့ကနေ လေလံဆွဲလာတဲ့ ဓားသိုင်းဆိုရင်တော့ ဒီကောင်လေးကတကယ်ကို မွန်းစတား ဆန်လွန်းသွားပြီ"
"အသက်နှစ်ဆယ်တောင် မပြည့်သေးတဲ့ ကောင်လေးတစ်ယောက်က မပြည့်စုံတဲ့ ကောင်းကင်အဆင့်ဓားသိုင်းကျင့်စဥ်ကို နှစ်ရက်အတွင်းမှာပြီးပြည့်စုံအောင် ပြုပြင်ပြီးတော့ အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့တယ်လား.. ဒါက လူသားတွေ လုပ်နိုင်တဲ့ အရာရော ဟုတ်ရဲ့လား"
"ဒီကလေးက တကယ်ကို နှစ်တစ်သောင်းအတွင်းမှာ နောက်ထပ် မွေးဖွားလာမှာ မဟုတ်တဲ့ မွန်းစတားပဲ.. ဒီကောင်လေးသာ ငါတို့ထိုက်ရှဂိုဏ်းမှာ ရှိနေခဲ့မယ်ဆိုရင် နောက်ထပ်ဆယ်စုနှစ် အနည်းငယ်အတွင်း ငါတို့ ထိုက်ရှဂိုဏ်းက မြောက်ပိုင်းတောရိုင်းဒေသမှာ အသန်မာဆုံး လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်"
ထိုက်ရှဂိုဏ်းမှ အကြီးအကဲတစ်ယောက်က အံ့သြတုန်လှုပ် သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ ရေရွတ်လိုက်သည်။
သူ၏အိုမင်းသော မျက်၀န်းထဲတွင် နောင်တရသော အမူအရာတစ်ခု ဖြစ်ပေါ်လာခဲ့၏။
"သူက စစ်မှန်တဲ့ နဂါးတစ်ကောင်ပဲ.. သူ့ကို မြောက်ပိုင်းတောရိုင်းဒေသမှာ ချည်နှောင်ထားလို့လည်း အလကားပဲ...ငါတို့ထိုက်ရှဂိုဏ်းအနေနဲ့ သူနဲ့ ဒီလို ဆက်ဆံရေးရှိတာက ငါတို့အတွက် ကံကောင်းတယ်လို့ ဆိုရမယ်"
ရှယွင်ထျန်းက ခေါင်းခါရမ်း၍ ပြောလိုက်သည်။
ကျန်းချန်၏ ပြိုင်ဘက်ကင်းပါရမီဖြင့် ဆိုလျှင် ထိုက်ရှဂိုဏ်းမှာ နေထိုင်ခြင်းသည် အလဟဿ အချိန်ဖြုန်းသလိုသာ ဖြစ်နေလိမ့်မည်။
ပြင်ပကမ္ဘာမှ ပိုမို ကျယ်ပြန့်သော ကောင်းကင်အောက်တွင်သာကျန်းချန်သည် ယခုထက် ပို၍ လွတ်လပ်စွာ တိုးတက်လာနိုင်မည် မဟုတ်ပါလော။
"ကျန်းချန် ဒီတိုက်ပွဲမှာ မင်းအနိုင်ရတယ်.. ငါ ငါ့ရဲ့အရှုံးကိုကျေကျေနပ်နပ် လက်ခံတယ်"
ကျန့်ချန်က ခါသီးစွာပြုံး၍ ပြောလိုက်ပြီး အစစ်အမှန်နဂါး တိုက်ခိုက်ရေးစင်မြင့်ကနေ လှည့်ထွက်သွားခဲ့သည်။
ဤကောင်လေးသည် သူ့ကို ကောင်းကင်အဆင့် ဓားသိုင်းဖြင့် အနိုင်ယူခဲ့သည်။
ဤတိုက်ပွဲတွင် သူသည် ကျန်းချန်ကို ရှုံးနိမ့်ခဲ့ရုံသာမက သူ၏ ဂုဏ်ယူစရာပါရမီကပင် ကျန်းချန်၏ ပါရမီအောက်၌ လုံး၀ ဖိနှိပ်ခံခဲ့ရသည်။
ကျန့်ချန် ဆင်းသွားပြီးနောက်တွင် အစစ်အမှန် နဂါးတိုက်ခိုက်ရေး စင်မြင့်ပေါ်၌ ကျန်းချန် တစ်ယောက်တည်းသာ ၀င့်ကြွားစွာ ရပ်တည်နေခဲ့၏။
သံသယဖြစ်စရာ မလိုလောက်အောင်ပင် ကျန်းချန်သည် ဤတစ်ခေါက်ပြိုင်ပွဲ၏ ဗိုလ်စွဲသူ ဖြစ်လာခဲ့ပြီး မြောက်ပိုင်းတောရိုင်းဒေသ တစ်ခုလုံး၏ အစစ်အမှန်နဂါးပါရမီရှင် ဖြစ်လာခဲ့သည်။
ကျန်းချန်၏ နာမည်က သမိုင်းမှတ်တမ်းထဲတွင် မှတ်တမ်းတင်ခံရမည်မှာ သေချာသလောက်ပင်။
ဂိုဏ်းကြီးသုံးဂိုဏ်း သိုင်းပြိုင်ပွဲ ပြီးဆုံးပြီးနောက်တွင် ပြိုင်ပွဲကို ဦးဆောင်ကျင်းပသည့် နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်သည် စင်မြင့်ပေါ်သို့ တက်လာခဲ့ပြီး ထိပ်ဆုံးစာရင်း၀င် တပည့်ဆယ်ယောက်ကို ဆုများ စတင်ပေးအပ်ခဲ့သည်။
သို့သော် ထိုအချိန်မှာပင် လျှို့၀ှက်ဆန်းကြယ်သော လေသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကွင်းပြင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။
"ဟားဟား မြောက်ပိုင်းတောရိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက ဒီလိုပါရမီရှင်ကို မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ တကယ် မထင်ထားမိဘူး.. အံ့သြစရာပဲ"
လေထဲမှ ထွက်ပေါ်လာသည့် ရိသဲ့သဲ့ ရယ်သံသည် ကွင်းပြင်ထဲရှိ လူတိုင်း၏ အမူအရာကို ပြောင်းလဲသွားစေခဲ့သည်။
နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည့် ရှင်းဟိုင်က စူးရှသောအကြည့်ဖြင့် အသံထွက်ပေါ်လာသော လေဟာနယ်ကို တည့်မတ်စွာ စိုက်ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
"ဘယ်သူလဲ သတ္တိရှိရင် ထွက်လာခဲ့စမ်း"
ရှင်းဟိုင်၏ အေးစက်သောစကားသံ အဆုံးသတ်သည်နှင့် လေဟာနယ်ထဲတွင် ထူးဆန်းသောအာကာပြင် အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး နောက်ထပ်တစ်ခဏတွင် သွေးအလင်းရောင်ခြည်ဖြင့် ရစ်ပတ်နေသည့် လျှို့၀ှက်ဆန်းကြယ်သော ပုံရိပ်တစ်ခုသည် အာကာပြင် အက်ကြောင်းထဲကနေ တိုက်ရိုက် ထွက်ပေါ်လာခဲ့သည်။
"သွေနတ်ဆိုးနန်းတော်ရဲ့ ကျင့်ကြံသူပါလား"
အာကာပြင် အက်ကြောင်းထဲကနေ ထွက်ပေါ်လာသည့် လျှို့ဝှက် ဆန်းကြယ်သော သွေးပုံရိပ်ကိုမြင်လျှင် သိုင်းသခင် နယ်ပယ်အဆင့် ဂိုဏ်းချုပ်သုံးယောက်၏ အမူအရာသည် ရုတ်ချည်း ပြောင်းလဲသွားခဲ့ကြသည်။
အခန်း (၅၉၃) ပြီး၏။
အခန်း (၅၉၄)
အာကာပြင်ထဲတွင် သွေးနတ်ဆိုးနန်းတော်၏ ကျင့်ကြံသူတစ်ဦးက ပုန်းအောင်းနေလိမ့်မည်ဟု ဂိုဏ်းချုပ်သုံးဦးလုံး မထင်ထားခဲ့ပေ။
ထို့အပြင် သူတို့သုံးယောက်သည် ထိုကျင့်ကြံသူ ပုန်းအောင်းနေသည်ကို တစ်ချိန်လုံး မသိခဲ့ကြပေ။
လက်ရှိအချိန်တွင် ဂိုဏ်းချုပ်သုံးဦး၏ အမူအရာသည် အလွန်ပင် လေးနက်နေခဲ့သည်။
သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူက ပေါ်ပေါ်ထင်ထင် ရောက်ရှိလာသောကြောင့် မြောက်ပိုင်းတောရိုင်းဒေသတွင်နောက်ထပ် သွေးထွက်သံယိုမုန်တိုင်းတစ်ခု တိုက်ခိုက်တော့မည်မှာ သေချာသလောက်ပင်။
"ငါက ဘယ်သူများလဲမှတ်တယ်.. သွေးနတ်ဆိုးနန်းတော်ရဲ့ အကြွင်းအကျန် ဖြစ်နေတာကိုး.. သွေးနတ်ဆိုးနန်းတော်ရဲ့အကြွင်းအကျန်ကများ ငါတို့ဂိုဏ်းကြီးသုံးဂိုဏ်း ရှိနေတဲ့နေရာမှာ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာရဲတယ်.. ငါတို့ မြောက်ပိုင်းတောရိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းကို မျက်စိထဲ ထည့်စရာမလိုဘူးလို့ တကယ်ပဲ ထင်နေတာလား"
ရှင်းဟိုင်က သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူကို စူးရှစွာစိုက်ကြည့်၍ ပြောလိုက်သည်။
မကြာသေးမီကစပြီး သွေးနတ်ဆိုးနန်းတော်၏ အကြွင်းအကျန်များသည် မြောက်ပိုင်းတောရိုင်းဒေသ၏ ဒေသအသီးသီးတွင် မကြာခဏ ပေါ်ပေါက်လာခဲ့သည်။
ကြည့်ရသည်မှာ အချိန်အတော်ကြာ ဇာတ်မြုပ်နေခဲ့သည့် သွေးနတ်ဆိုး နန်းတော်သည် ပြန်လည်အင်အား ကောင်းမွန်လာပုံရ၏။
ဤတစ်ခေါက် ဂိုဏ်းချုပ်သုံးယောက် အနေဖြင့် လုံရှီးတောင်တွင် ဆုံဆည်းခဲ့ကြသည်မှာ ငါးနှစ်တစ်ကြိမ် ကျင်းပသည့်သိုင်းပြိုင်ပွဲအပြင် အရေးကြီးဆုံးအချက်သည် သွေးနတ်ဆိုးနန်းတော်၏ အကြွင်းအကျန်များနှင့် ပတ်သက်၍ မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမလဲ ဆိုသည်ကို ဆွေးနွေးရန် ဖြစ်သည်။
သို့သော် ထိုကိစ္စကို သူတို့ မဆွေးနွေးရသေးခင်မှာပင် သွေးနတ်ဆိုးနန်းတော်မှ ကျင့်ကြံသူက သူတို့ဆီသို့ ရောက်ရှိလာလိမ့်မည်ဟု ရှင်းဟိုင် မထင်ထားခဲ့ပေ။
"မင်းက နတ်ဓားဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်လား"
လျှိုု့၀ှက်ဆန်းကြယ်သော သွေးအရိပ်က အောက်ဘက်ရှိ နတ်ဓားဂိုဏ်းချုပ် ရှင်းဟိုင်ကို ကြည့်ကာ မထီမဲ့မြင် ပြုံး၍ ပြောလိုက်သည်။
"အရင်ဂိုဏ်းချုပ်တွေနဲ့ ယှဥ်ရင် မင်းက အများကြီး အားနည်းတာပဲ"
ထိုစကားကိုကြားလျှင် ရှင်းဟိုင်၏ အမူအရာသည် အထိတ်တလန့် ဖြစ်သွားခဲ့သည်။
"မင်း..မင်းက ဘယ်သူလဲ"
ဤသွေးအရိပ်သည် သူတို့၏ ယခင်ဂိုဏ်းချုပ် ဖိုထျန်းနှင့်ခေတ်ပြိုင်များ ဖြစ်နေပါသလော။
"ငါဘယ်သူလဲဆိုတာ မင်းသိဖို့မလိုဘူး.. ငါတို့နန်းတော်သခင်က မင်းတို့ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ ကိစ္စတချို့ဆွေးနွေးဖို့ ငါ့ကို အမိန့်ပေးထားတယ်"
"ဟမ့်.. ငါတို့ မြောက်ပိုင်းတောရိုင်းဒေသရဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ မင်းတို့နဲ့ ဘာမှဆွေးနွေးစရာမရှိဘူး.. မင်း ငါတို့ဆီ ရောက်လာပြီဆိုမှတော့ မင်းရဲ့အသက်ကို ဒီမှာပဲ ထားသွားရလိမ့်မယ်"
ရှင်းဟိုင်၏ အမူအရာက အေးစက်သွားပြီး ချက်ချင်းဆိုသလို လေဟာနယ်ထဲရှိ လျှို့၀ှက်ဆန်းကြယ်သော သွေးအရိပ်ကို လက်ညှိုးဖြင့် ချိန်ရွယ်လိုက်သည်။
ထိုအခါ သူ၏လက်ညှိုးကနေ ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်သည် လေထုကို ထိုးဖောက်သွားပြီး လျှို့၀ှက်ဆန်းကြယ်သည့် သွေးအရိပ်ဆီသို့ ရောက်ရှိသွားခဲ့သည်။
"ဟားဟား ရယ်စရာကောင်းလိုက်တာ.. သိုင်းသခင်နယ်ပယ် တတိယအဆင့် အမှိုက်တစ်ကောင်ကများ ငါသွေးအရိပ်အရှင်ရှေ့မှာ လှုပ်ရှားဖို့ အခွင့်အရေးရှိမယ် ထင်နေလား.. မင်းတို့နတ်ဓားဂိုဏ်းရဲ့ အရင်ဂိုဏ်းချုပ် ဖိုထျန်းတောင်မှ ငါ့ကိုတွေ့ရင် ဒီလို မဆက်ဆံရဲဘူး.. မင်းက ဘာမို့လို့ ငါ့ရှေ့မှာ စကားကြီး စကားကျယ်တွေ ပြောနေတာလဲ"
လျှို့၀ှက်ဆန်းကြယ်သော သွေးအရိပ်က ကျယ်လောင်စွာရယ်မောလိုက်ပြီး ရှင်းဟိုင်၏ ဓားစွမ်းအားကို သွေးလက်၀ါးဖြင့် ရှင်းထုတ်လိုက်သည်။
"၀ုန်း"
ရှင်းဟိုင်၏ ဓားစွမ်းအားသည် တစ်ခါတည်း ပေါက်ကွဲသွားခဲ့ပြီး ကျယ်လောင်သောအသံသည် ပတ်၀န်းကျင် တစ်ခုလုံးကိုပဲ့တင်ထပ်သွားခဲ့၏။
"ဖူး"
ရှင်းဟိုင်က ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ ဆယ်ပေခန့်အကွာအဝေး အထိ နောက်ဆုတ်သွားခဲ့ရသည်။
သူက လေဟာနယ်ထဲမှ လျှို့၀ှက်ဆန်းကြယ်သော သွေးအရိပ်ကို မော့ကြည့်နေခဲ့၏။
သူ၏ ဖြူဖျော့သောမျက်နှာထက်တွင် ကြောက်ရွံ့သောအရိပ်အယောင်သည် ဖုံးဖိမရစွာ ထွက်ပေါ်လာခဲ့သည်။
"မင်း..မင်းက သွေးနတ်ဆိုးနန်းတော်ရဲ့ အကြီးအကဲနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ သွေးအရိပ်အရှင် ရွှယ်၀ူယင်းပဲ.. မင်း အသက်ရှင်နေသေးတာလား"
"သူက သွေးအရိပ်အရှင် ရွှယ်၀ူယင်းလား.. ဒါ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
ဂိုဏ်းချုပ်သုံးဦးလုံးက လေဟာနယ်ထဲမှ လျှို့၀ှက်ဆန်းကြယ်သော သွေးအရိပ်ကို တအံ့တသြ ငေးကြည့်နေရင်း မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်လာ၏။
သွေးအရိပ်အရှင်ရွှယ်၀ူယင်းသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက သွေးနတ်ဆိုးနန်းတော်၏ နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် ပြိုင်ဘက်ကင်း ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
ယေဘုယျအားဖြင့် သိုင်းသခင်နယ်ပယ် ပထမအဆင့် ကျင့်ကြံသူ၏ သက်တမ်းသည် နှစ်သုံးရာလောက်သာ ရှိ၏။
သိုင်းသခင်နယ်ပယ်၏ အဆင့်တစ်ဆင့် တိုးလာတိုင်းတွင် သက်တမ်းသည် ဆယ်စုနှစ်ပေါင်းများစွာ တိုးလာနိုင် သည်။
သို့သော် ထိုကဲ့သို့ဖြစ်လျှင်ပင် သိုင်းသခင်နယ်ပယ် န၀မအဆင့် ကျင့်ကြံသူ၏ သက်တမ်းသည်ပင် အများဆုံး နှစ်တစ်ထောင်သာ ရှိသည်။
လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက မြောက်ပိုင်းတောရိုင်းဒေသကို ကိုင်လှုပ်ခဲ့သည့် သွေးအရိပ်အရှင် ရွှယ်၀ူယင်းသည် ဤကမ္ဘာပေါ်တွင် အသက်ရှင်နေဦးမည်ဟု သူတို့ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
အခန်း (၅၉၄) ပြီး၏။