← Chapters

ထွက်သွားစမ်း

Vol. 148 Ch. 2208

ထွက်သွားစမ်း

Vol. 148 Ch. 2208

တက္ကသိုလ်မှ အကြီးအကဲများက ရင်တထိတ်ထိတ်ဖြစ်ပြီး စိုးရိမ်ပူပန်လာကြ၏။

မင်းသားယွမ်ကျောက သူ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်တော့ဘဲ မတ်တတ်ပင်အလိုလိုထရပ်လိုက်၏။

သူက လက်သီးကိုဆုပ်ပြီး ပင်လယ်ရေအနက်ပိုင်းထဲရှိမြင်ကွင်းကို စိတ်လှုပ်ရှားတက်ကြွသောအမူအရာဖြင့် စိုက်ကြည့်နေ၏။ ဆူဇီမိုသေသွားသည်ကို သူက မြင်ယောင်မိလာ၏။

တကယ်တော့ ထျဲဟန်၏ ဤတစ်ခေါက်တိုက်ခိုက်မှုက မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ အစီအစဥ်ထဲမှာ မပါပေ။

သို့သော်လည်း သူသည် ဤအခွင့်အလမ်းကိုအသုံးချကာ ဆူဇီမိုကို သတ်ဖြတ်နိုင်မည်ဆိုလျှင် အဲ့ဒါက သူ့အတွက် ဒုက္ခများစွာသက်သာစေပေလိမ့်မည်။

ဒါ့အပြင် ထျဲဟန်သည် ဆူဇီမို၏ သိုလှောင်အိတ်ကို ရရှိနိုင်မည်ဆိုလျှင် သူတို့သည် အထဲမှာရှိသော ရတနာများကို အင်မော်တယ်ပျံဂိုဏ်းနှင့် မျှဝေပေးစရာမလိုတော့ပေ။

“အဲ့ဒါတော့ဆိုးပြီ”

ရှဲ့ချင်းချန်က အံအားတသင့်ရေရွတ်လိုက်၏။

ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသားတစ်ပါးအနေဖြင့် သူသည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်ခဲ့စဥ်က မိုးကောင်းကင်ကိုးလွှာ၏ ရှုံးထွက်အဆင့်မှာ ပါဝင်ခဲ့ဖူးလေသည်။

မိုးကောင်းကင်ကိုးလွှာပေါ် သူ၏ နားလည်သဘောပေါက်မှုက တခြားသူများထက်ပိုလေသည်။

ပင်လယ်ရေအနက်ပိုင်းထဲရှိ ထိုချိုင့်ဝှမ်းထဲမှာ အအေးဓာတ်က အရိုးထိတိုင်ခိုက်ပြီး လူတစ်ယောက်၏ အမြင်အာရုံ၊ စိတ်ဝိညာဥ်အသိစိတ်၊ အာရုံငါးပါးနှင့် အခြားအရာတိုင်းက သူတို့၏ အကန့်အသတ်ထိ လျော့ကျကာ ဝေဝါးနေ၏။

ယခုအချိန်မှာ ဆူဇီမိုသည် ဗုဒ္ဓဟူးဂြိုလ်ရေခဲ၏ စိတ်ဝိညာဥ်အသိစိတ်နှင့် ထိပ်တိုက်ရင်ဆိုင်နေရပြီး သူက စိတ်အာရုံပျက်ယွင်းဖို့ မတတ်နိုင်ပေ။ သူသည် သူ့နောက်မှဝင်ရောက်လာသော သတ်ဖြတ်လိုစိတ်ကို အာရုံခံမိနိုင်စရာ အကြောင်းမရှိပေ။

သူတုံ့ပြန်နိုင်သည့်အချိန်မှာ ထျဲဟန်၏ သတ်ဖြတ်ကွက်က သူ့အပေါ်သို့ ကျရောက်သွားလောက်လေပြီ။

လူတိုင်း၏ ရှေ့မှောက်မှာပင် ဧရာမ ဆီးနှင်းဂမ္ဘီရလိပ်၏ အရိပ်အောက်မှာ ပုံရိပ်နှစ်ခုက လျင်မြန်စွာစုဆုံလာခဲ့၏။

ထျဲဟန်သည် တကယ်ပင်တိုက်ခိုက်လိုက်ပြီး ဆူဇီမို၏ ဦးခေါင်းကို ဆေဘာတစ်လက်ကဲ့သို့ သူ၏ လက်ဝါးစောင်းဖြင့် ခုတ်ပိုင်းချလိုက်၏။

ထိုအခိုက်အတန့်မှာ ထျဲဟန်၏ လက်ဝါးက အေးစက်လေကို အသုံးချကာ အစိုင်အခဲဆေဘာတစ်လက်ကိုစုဖွဲ့ပြီး ခုတ်ပိုင်းချလိုက်၏။

“ဒီကောင်လေးကတော့သေပြီ”

ပကတိအင်မော်တယ်ရှဲ့လင်က သူ၏ ခေါင်းကို ညင်သာစွာခါပြီး နှမြောမိသောအမူအရာဖြင့် တီးတိုးရေရွတ်လိုက်၏။

ထျဲဟန်၏ တိုက်ခိုက်မှုက လူတိုင်းတွေးထင်ထားသည်ထက်ပင် ပို၍ကြောက်စရာကောင်းနေ၏။

အစကတည်းက ထျဲဟန်၏ တိုက်ခိုက်ရည်ခွန်အားသည် ထိပ်ဆုံးတစ်ဆယ်ထဲမှာ ရှိလေသည်။

ယခု... ပင်လယ်ရေအနက်ပိုင်းထဲမှာ သူ၏ တိုက်ခိုက်ရည်ခွန်အားက ဗုဒ္ဓဟူးဂြိုလ်ရေခဲကြောင့် အားနည်းမသွားရုံသာမက ပို၍ပင်သန်မာလာခဲ့၏။

သူသည် သူ၏ ပတ်ဝန်းကျင်ကို အသုံးချကာ ပို၍ပင်ကြောက်စရာကောင်းသော သတ်ဖြတ်စွမ်းအားတစ်ခုကို ထုတ်ဖော်လိုက်၏။

ထျဲဟန်၏ ဤတစ်ခေါက်တိုက်ခိုက်မှုမှာ ယွင်ထင်ပင်လျှင် မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

သူသည် ဆူဇီမိုနေရာမှာရှိနေမည်ဆိုလျှင် သူ့အနေဖြင့် ဤကဲ့သို့သော တိုက်ခိုက်မှုတစ်ရပ်ကနေ မထိမခိုက်လွတ်မြောက်နိုင်ဖို့ တကယ်ပင်မလွယ်ပေ။

ထိုစဥ်မှာပင် ပင်လယ်ရေအနက်ပိုင်းထဲရှိ ချိုင့်ဝှမ်းထဲကနေ နက်ရှိုင်းသော မာန်ဖီဟိန်းဟောက်သံက ထွက်ပေါ်လာ၏။

“ထွက်သွားစမ်း”

ဆူဇီမိုက စိတ်ဝိညာဥ်လိပ်ဒိုင်းကာကို ဆင့်ခေါ်လိုက်သည့်ခဏမှာပင် သူကတစ်ဘက်သို့လှည့်ပြီး သူ၏ လက်ကိုဆန့်ထုတ်ကာ သူ၏ နောက်ဘက်ကနေ ဝင်ရောက်လာသည့်ဆေဘာကို ဖမ်းဆွဲလိုက်လေသည်။

အဲ့ဒါက အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် သူတို့၏ အာရုံငါးပါးနှင့် စိတ်ဝိညာဥ်အသိစိတ်၏ အကူအညီမရှိဘဲ ထျဲဟန်၏ တိုက်ခိုက်မှုကို သေချာပေါက်ထောက်လှမ်းနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဆူဇီမိုသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဥ်ကို ကျင့်ကြံထားပြီး အန္တရာယ်ပေါ် အလွန်တရာထက်ရှသည့် အာရုံခံအသိစိတ်ကို သူကပိုင်ဆိုင်ထား၏။

မြောက်လေက စတင်တိုက်ခတ်မလာခင်မှာပင် ပုစဥ်းရင်ကွဲက ဆောင်းဦးသို့ဝင်ရောက်တော့မည်ကို အာရုံခံမိနိုင်လေသည်။

ထျဲဟန်တိုက်ခိုက်လိုက်သည့်ခဏမှာပင် ဆူဇီမိုက အန္တရာယ်ကိုအာရုံခံမိသွားခဲ့ပြီဖြစ်၏။

သို့သော်လည်း သူက အဲ့ဒါကို မရှောင်တိမ်းနိုင်ပေ။

ထျဲဟန်၏ ချိန်သားကိုက်တိုက်ခိုက်မှုက အရမ်းကိုတိကျလွန်းနေသောကြောင့်ဖြစ်၏။

ဆီးနှင်းဂမ္ဘီရလိပ်က သူ၏ စိတ်ဝိညာဥ်လိပ်ဒိုင်းကာနှင့် ရိုက်ခတ်မိသည့်ခဏမှာပင် အဲ့ဒါက သူ၏ အားအနည်းဆုံး အခိုက်အတန့်ဖြစ်နေ၏။

ဆူဇီမိုက ဆတ်ခနဲတုန်ယင်သွားပြီး မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်ကိုမှ ထုတ်ဖော်ဖို့ မချိန်မရတော့ပေ။ သူက သူ၏ ကိုယ်ကာယစွမ်းအားပေါ်သာမှီခိုပြီး တစ်ဘက်သို့လှည့်ကာ ဆေဘာကိုလှမ်းဆွဲလိုက်၏။

တစ်ချိန်တည်းမှာပင် သူကထျဲဟန်ကို မှတ်မိသွား၏။

“သေစမ်း”

ထျဲဟန်က အေးစက်စွာပြောလိုက်၏။

“ဖောက်...”

ဆေဘာက ဆူဇီမို၏ လက်ဖဝါးနှင့် ထိခတ်မိသောအခါ ဓားသွားသည်ခဏမျှနစ်ဝင်သွားပြီးနောက် ရပ်တန့်သွားလေသည်။

အဲ့ဒါသည် သံမဏိနှင့် ထိခတ်သွားသည့်အလား သတ္တုချင်းထိခတ်သံကထွက်ပေါ်လာ၏။

ထျဲဟန်က ရင်တစ်ချက်ထိတ်သွား၏။

ဆူဇီမိုက သူ၏ အားအနည်းဆုံးအချိန်မှာရှိနေလျှင်တောင် သူ၏ ခုတ်ချက်က ထိုသူကို နှစ်ပိုင်းမလှီးဖြတ်နိုင်ခဲ့ပေ။ တကယ်ဆို... ဆူဇီမို၏ လက်ဖဝါးက ပြတ်တောက်သွားခြင်းပင် မရှိပေ။

တစ်ချိန်တည်းမှာပင် သူတို့၏ ဆေဘာနှင့် လက်ဖဝါးက ရိုက်ခတ်မိသည့်ခဏမှာ...။

ထျဲဟန်သည် တုန်ခါလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး ကြောက်စရာကောင်းသော တွန့်လိမ်ဆုတ်ဖြဲအားတစ်ခုက ဆေဘာကနေတစ်ဆင့် ဝင်ရောက်လာ၏။

နောက်ခဏ၌ အေးစက်ချီကနေ စုဖွဲ့ထားသောဆေဘာက ကြေမွသွား၏။

ထျဲဟန်၏ အမူအရာက အေးစက်နေဆဲဖြစ်သော်လည်း သူကရင်ထဲမှာ ထိတ်လန့်သွား၏။

ဆူဇီမိုသည် သူတွေးထင်ထားသည်ထက်ပင် များစွာပို၍ကိုင်တွယ်ရခက်ခဲနေ၏။

ထိုအခိုက်အတန့်မှာ ထျဲဟန်၏ ပြတ်သားသောစိတ်ဓာတ်က ပေါ်ထွက်လာ၏။

ဆေဘာကကြေမွသွားပြီးနောက် သူက ဆူဇီမိုနှင့် လုံးဝငြိတွယ်မနေပေ။

နောက်သို့ဆုတ်ခွာပြီး သူက နက်မှောင်နေသောပင်လယ်ရေထဲမှာ ပျောက်ကွယ်ကာ အဝေးသို့ပြေးထွက်သွား၏။

ဆူဇီမိုက နောက်ကနေလိုက်သွားခြင်းမရှိဘဲ နေရာမှာပင်မတ်တတ်ရပ်ကာ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။

ထိုအခိုက်အတန့်မှာ သူ၏ မျိုးဆက်သွေးက အေးခဲနေ၏။

သူသည် ဆီးနှင်းဂမ္ဘီရလိပ်၏ ရိုက်ခတ်မှုကို ခုခံနိုင်ခဲ့သော်လည်း သူ၏ စိတ်အာရုံပျက်ယွင်းမှုကြောင့် များပြားလှစွာသော အေးစက်ချီပမာဏတစ်ခုက သူ၏ မရီးဒါန်များနှင့် ကိုယ်တွင်းအင်္ဂါများထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့၏။

ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေ၏။

သူက ထျဲဟန်နောက်သို့ ပြေးလိုက်ချင်သည်ဆိုလျှင် သူသည် သူ၏ သွေးချီကို ထုတ်ဖော်ရပေလိမ့်မည်။

သို့သော်လည်း အဲ့ဒါက သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို ပေါက်ကြားစေမည်ဖြစ်ပြီး အဲ့ဒါကိုစွန့်စားဖို့က မထိုက်တန်ပေ။

သူတို့နှစ်ယောက်က နောက်ပိုင်းမှာ သေချာပေါက်ပြန်ဆုံရဦးမည်ဖြစ်၏။

ထိုအချိန်ကျလျှင်လည်း သူက ဤအကြွေးကို ပြန်ယူနိုင်မည်ဖြစ်သည်။

သူတို့နှစ်ယောက်ကြားတိုက်ပွဲက လျှပ်တပြက်အတွင်းဖြစ်ပွားခဲ့၏။

သူတို့သည် တဒင်္ဂမျှသာဆုံမိခဲ့သော်လည်း ပါဝင်ပတ်သက်ခဲ့သောအန္တရာယ်က ချောက်ချားစရာကောင်းနေ၏။

ထိုအချိန်မှသာ ရင်ပြင်ပေါ်မှာစောင့်ကြည့်နေသော ကျင့်ကြံသူများက စိတ်သက်သာစွာသက်ပြင်းချလိုက်၏။

“ဆူဇီမိုက တော်တော်သန်မာတာပဲ”

“ဧရာမဂမ္ဘီရလိပ်နဲ့ ထိပ်တိုက်ရင်ဆိုင်နေတဲ့အချိန်မှာပဲ သူက ထျဲဟန်ရဲ့စွမ်းအားအပြည့်တိုက်ခိုက်မှုကို လက်ဗလာနဲ့ခံယူဖို့ စိတ်အာရုံကို ခွဲဝေပေးနိုင်တယ်”

“အမှန်ပဲ... သူ့ရဲ့လက်ဖဝါးက ထိခိုက်ဒဏ်ရာရသွားပေမယ့် အဲ့လောက်ဒဏ်ရာက သူ့အတွက်ဘာမှမဟုတ်ဘူး”

“ငါ့အထင်တော့... ဆူဇီမိုရဲ့ တိုက်ခိုက်ရည်ခွန်အားက ထိပ်ဆုံးတစ်ဆယ်ထဲမှာ ရှိနေနိုင်တယ်”

ခဏမျှငြိမ်သက်သွားပြီးနောက် လူအုပ်ကြားထဲမှာ အုန်းအုန်းကျက်ကျက်အသံများထွက်ပေါ်လာ၏။

ဤတစ်ခေါက်မှာတော့... ပကတိအင်မော်တယ်ရှဲ့လင်ပင်လျှင် တုန်လှုပ်နေ၏။

အစကတော့... ဆူဇီမိုသည် ဗုဒ္ဓဟူးဂြိုလ်ရေခဲ၏ တိုက်ခိုက်မှုကိုသာမက ထျဲဟန်၏ တိုက်ခိုက်မှုကိုပါ ခုခံနိုင်လိမ့်မည်မဟုတ်ဟု သူကတွေးထင်ထားခဲ့၏။

ယခုဆူဇီမိုသည် ကြောက်စရာကောင်းသောစွမ်းအားနှစ်ခု၏ ရိုက်ခတ်မှုကို ခုခံနိုင်ခဲ့လေပြီ။

ရှဲ့ချင်းချန်၊ ယွင်ထင်၊ တက္ကသိုလ်အကြီးအကဲများနှင့် အခြားသူများကလည်း စိတ်သက်သာရာရသွားကြ၏။

တက္ကသိုလ်အကြီးအကဲများက အကြည့်ချင်းဖလှယ်ပြီး ခါးသက်စွာပြုံးလိုက်ကြ၏။

ဘေးကနေရပ်ကြည့်နေသူများဖြစ်သော်လည်း သူတို့သည် အထဲမှာပါဝင်ပတ်သက်ခဲ့သူထက်ပင် ပို၍စိုးရိမ်ပူပန်နေပုံရ၏။

ပင်လယ်ရေအနက်ပိုင်းထဲမှာ...

ဆူဇီမိုသည် ဗုဒ္ဓဟူးဂြိုလ်ရေခဲ၏ စိတ်ဝိညာဥ်အသိစိတ်ကို နောက်တစ်ကြိမ်တိုက်ခိုက်ခွင့်မပေးပေ။ သူက ရှေ့သို့တက်လှမ်းပြီး အဲ့ဒါကိုဖမ်းဆွဲကာ သူ၏ စိတ်ဝိညာဥ်အသိစိတ်ထဲသို့ ဆွဲထည့်လိုက်၏။

ဗုဒ္ဓဟူးဂြိုလ်ရေခဲ၏ အော်ရာကို အာရုံခံမိသောအခါ ငရဲဖိနှိမ်မီးဖိုက ချက်ချင်းပင်ဆင်းသက်လာခဲ့၏။

ဗုဒ္ဓဟူးဂြိုလ်ရေခဲက မည်သည့်အအေးဓာတ်ကိုမှ မထုတ်ဖော်နိုင်ခင်မှာပင် ၎င်းသည် ငရဲဖိနှိမ်မီးဖို၏ ဝါးမျိုသန့်စင်ခြင်းခံလိုက်ရ၏။

ငရဲဖိနှိမ်မီးဖို၏ အပြင်ဘက်မှာ မဟူရာကုန်းလိပ်အထွတ်အမြတ်ဝိညာဥ်၏ ပုံသဏ္ဌာန်က ခပ်ရေးရေးတောက်ပလာ၏။

လှစ်ခနဲဆို ဆူဇီမိုက သူ၏ အထက်မှာရှိသော ပို့ဆောင်ရေးဝင်္ကပါဆီသို့ ဦးတည်လိုက်လေသည်။

သူက သူ၏ တံဆိပ်ပြားကိုထုတ်ယူပြီး တစ်ချက်ကြည့်လိုက်၏။

ဤအပြောင်းအလဲအပြီးမှာ သူ၏ အဆင့်သတ်မှတ်ချက်က နောက်တစ်ဖန်ကျဆင်းသွားပြီး ယခုသူက အရေအတွက်တစ်သိန်းမှာရှိနေ၏။

သိပ်မကြာခင်...။

ဆူဇီမိုသည် ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာပြီး ရပ်နားခြင်းမရှိဘဲ အဆင့်-၃ သို့ တက်လှမ်းလိုက်၏။

အဆင့်-၃ ကို ဝင်ရောက်လာပြီးနောက် ဆူဇီမိုသည် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုကို ခံစားမိကာ ပတ်ဝန်းကျင်လေထုက ခပ်ဖျော့ဖျော့သွေးရနံ့နှင့် ပြည့်နှက်နေ၏။

စောလင်စွာရောက်ရှိလာသော ကျင့်ကြံသူများသည် ဤနေရာလွတ်မှာ သိပ်သည်းပြင်းထန်သော အဟန့်အတားများနှင့် ကြုံတွေ့နေရသည်မှာ သိသာလေသည်။

သန်မြန်သောသတ္တုချင်းထိခတ်သံက လေထဲကနေထွက်ပေါ်လာ၏။

ရှဲ့ချင်းချန်က ပြောလိုက်၏။

“အဆင့်-၃က အရမ်းကိုရက်စက်ကြမ်းတမ်းတယ်... ကမ္ဘာမြေအင်မော်တယ်အများစုက ဒီနေရာမှာချေမှုန်းသုတ်သင်ခံရလိမ့်မယ်... အဲ့ဒါဖြတ်ကျော်ဖို့အတွက် ဘာလှည့်ကွက်မှသုံးလို့မရဘူး... လူတစ်ယောက်က အကုန်လုံးကိုထိပ်တိုက်ရင်ဆိုင်လို့ပဲရမယ်”

“အဲ့ဒီနေရာက ဓားသွားတွေရဲ့ထက်ရှမှုနဲ့ပြည့်နှက်ပြီး အန္တရာယ်တွေက တစ်ထောင့်တစ်နေရာတိုင်းကနေ ချောင်းမြောင်းနေမယ်... အဲ့ဒါကအရမ်းကိုအန္တရာယ်များလွန်းတယ်”

စောင့်ကြည့်နေသောကျင့်ကြံသူများကလည်း အရာရာတိုင်းကို ရှင်းလင်းစွာတွေ့မြင်နေရ၏။

ဖုန်းယင်နှင့် ထိုက်ဟွာသည် ရှေ့ဆုံးမှာရောက်ရှိနေသော်လည်း သူတို့သည် အဆင့်-၃မှာ ပို၍ပင်သတိကြီးကြီးထားလာကြရ၏။

အချိန်အများစုမှာ ဘေးပတ်ဝန်းကျင်က မည်သည့်အန္တရာယ်မှမရှိဘဲ တည်ငြိမ်နေပုံရ၏။

သို့သော်လည်း နောက်ခဏ၌ ဓားအလင်းတစ်ခုကပေါ်ထွက်လာပြီး ကျင့်ကြံသူတစ်ယောက်၏ နှာရောင်ကို ထိုးဖောက်သွားနိုင်၏။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒသည် ဘေးပတ်ဝန်းကျင်၏ အပေါ်အောက်၊ ရှေ့နောက်၊ ဘယ်ညာ မည်သည့်နေရာကနေမဆို... အချိန်မရွေးဆင်းသက်လာနိုင်၏။

All Chapters