အရှိန်အဟုန်ဖြင့် ရှေ့သို့
Vol. 148 Ch. 2209
“ဖုန်းယင်... ထိုက်ဟွာနဲ့ တခြားသူတွေက အဆင့်-၄ ကို တက်လှမ်းတော့မယ်... ဆူဇီမိုက သူတို့ကိုလိုက်မီနိုင်ပါ့မလား”
ဆူဇီမိုက ရတနာနှစ်ခုကိုရရှိထားပေမယ့် သူက အချိန်တော်တော်များများဖြုန်းတီးမိသွားပြီ... သူက စွမ်းအားကြီးမားတဲ့ ဝှက်ဖဲတော်တော်များများကိုတောင်မှ ကြိုတင်ထုတ်ဖော်ထားခဲ့ပြီ... သူက မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက လူတွေရဲ့ဝိုင်းပတ်ပိတ်ဆို့ခံရရင် အန္တရာယ်ရှိလာတော့မယ်”
“ဒါနဲ့...”
ကျင့်ကြံသူတစ်ယောက်က ရုတ်တရက် တစ်စုံတစ်ရာကိုတွေးမိသွားပုံရပြီး တွေဝေရှုပ်ထွေးစွာဖြင့် မေးလိုက်၏။
“မင်းသားယွမ်ကျောပြောပုံအရဆို... သူတို့တွေက မိုးကောင်းကင်ကိုးလွှာမှာ ဆူဇီမိုကို ဝိုင်းဝန်းပိတ်ဆို့ပြီး သတ်ဖြတ်တော့မှာပဲ... ဒါပေမဲ့ အခုချိန်ထိ ဘာလို့ ဘာအရိပ်လက္ခဏာမှ ရှိမလာသေးတာလဲ”
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ရှုံးထွက်အဆင့်မှာ ယခုအချိန်ထိ ထျဲဟန်နှင့် ဆူဇီမိုကြားက တိုက်ခိုက်ဖလှယ်မှုကလွဲလျှင် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ အခြားသောကျင့်ကြံသူများသည် ဆူဇီမိုအပေါ် လှုပ်ရှားမှုတစ်စုံတစ်ရာ ပြုလုပ်လာခြင်းမရှိသေးပေ။
အဖွဲ့အစည်းနှစ်ခုမှ ကျင့်ကြံသူများသည် ဤကိစ္စကို မေ့ပျောက်သွားသည့်အလား ရှေ့သို့သာအလျင်အဟုန်ဖြင့် တက်လှမ်းနေကြ၏။
“အရှင်မင်းသား... မင်းသားယွမ်ကျောက အခြေအနေကိုဟန့်တားနှောက်ယှက်ဖို့အတွက် တမင်သက်သက် ဖြီးလုံးလှန်လုံး ထုတ်ခဲ့တာလား”
ရှုရှောင်းထျန်က ခပ်တိုးတိုးမေးလိုက်၏။
ရှဲ့ချင်းချန်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“မဟုတ်ဘူး... မင်းသားယွမ်ကျောက အဲ့ဒါကိုလူတိုင်းရှေ့မှာပြောခဲ့ပြီဆိုမှတော့ သူက သေချာပေါက်တိုက်ခိုက်လိမ့်မယ်... နောက်ပြီးဒီတစ်ခေါက်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက အဲ့ဒါကို အချိန်အတော်ကြာကတည်းက အစီအစဥ်ချပြီး ကြိုတင်ပြင်ဆင်ထားတာသိသာတယ်... သူက လမ်းတစ်ဝက်မှာ နောက်ဆုတ်မှာမဟုတ်ဘူး”
ရှုရှောင်းထျန်က ပြောလိုက်၏။
“ဒါပေမဲ့ သူတို့က ဘာလို့အခုချိန်ထိ တိုက်ခိုက်မယ့်အရိပ်အယောင် မပြသေးတာလဲ”
ရှဲ့ချင်းချန်က ခဏမျှစဥ်းစားတွေးတောပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဆူဇီမိုကို တိုက်ခိုက်ဖို့ဆိုရင် မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ကမ္ဘာမြေအင်မော်တယ်တွေက အရင်ဆုံးစုစည်းမိနေရမယ်”
“မိုးကောင်းကင်ကိုးလွှာကို ဝင်ရောက်လာတဲ့ကျင့်ကြံသူတွေက နေရာအနှံ့ပြန့်ကျဲနေပြီးတော့ သူတို့က ထူးခြားတဲ့နေရာတစ်ခုမှာမရှိသရွေ့ အတူတကွစုစည်းနိုင်ဖို့မလွယ်ဘူး”
ထိုနေရာအရောက်တွင် ရှဲ့ချင်းချန်က ခဏမျှရပ်တန့်ပြီးနောက် သူ၏ မျက်လုံးက ဝင်းလက်သွား၏။
“ပို့ဆောင်ရေးဝင်္ကပါ...”
ရှုရှောင်းထျန်ကလည်း တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့၏။
ကျင့်ကြံသူများက မည်သည့်နေရာမှာရောက်ရှိနေသည်ဖြစ်စေ... သူတို့သည် နောက်ဆုံးမှာ ပို့ဆောင်ရေးဝင်္ကပါသို့ ဦးတည်ရပေမည်။
တစ်နည်းအားဖြင့်ဆိုလျှင် ပို့ဆောင်ရေးဝင်္ကပါတစ်ခုကသာ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကျင့်ကြံသူများကို စုစည်းပေးနိုင်မည်ဖြစ်၏။
“အဲ့ဒါက ဘယ်ပို့ဆောင်ရေးဝင်္ကပါဖြစ်မလဲ”
ရှုရှောင်းထျန်က ထပ်မံ၍မေးလိုက်၏။
“မပြောနိုင်ဘူး”
ရှဲ့ချင်းချန်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
သူတို့က အဆင့်-၁ နဲ့ အဆင့်-၂ ပို့ဆောင်ရေးဝင်္ကပါတွေမှာ ဘာလှုပ်ရှားမှုမှမပြုလုပ်ခဲ့ဘူးဆိုတော့... အဆင့်-၃ကနေ အဆင့်-၅ထိ ဘယ်ပို့ဆောင်ရေးဝင်္ကပါကမဆို ဖြစ်နိုင်ခြေရှိတယ်”
အခြားတစ်ဘက်မှာ...။
ဤတစ်ခေါက်မှာတော့ မင်းသားယွမ်ကျောက အဆင့်-၂ မှ ရတနာကို ဆူဇီမိုရရှိလာသောအခါ မည်သည့်အရာကိုမှ ထပ်မံမပြောဆိုတော့ပေ။ ထိုအစား သူက ပြုံးရုံသာပြုံးလိုက်၏။
သူက တစ်စုံတစ်ရာကို နားလည်သဘောပေါက်ထား၏။
ဆူဇီမိုရယူလာသော ရတနာများက ပိုမိုများပြားလေလေ ပိုကောင်းလေဖြစ်၏။
နောက်ဆုံးမှာ ထိုအရာများအားလုံးကို သူပိုင်ဆိုင်ရမည်ဖြစ်သောကြောင့်ပင်။
အဲ့ဒါအပြင် ဆူဇီမိုသည် ရှေ့မှာရှိသော ရတနာများကို လုယူဖို့အတွက် ဝှက်ဖဲများစွာကို ထုတ်ဖော်ရလိမ့်မည်ဖြစ်ပြီး အမြုတေချီပမာဏများစွာကိုလည်း သုံးစွဲရပေလိမ့်မည်။
အဲ့ဒါက သူတို့၏ အစီအစဥ်ကို ပို၍ချောမွေ့စေပေလိမ့်မည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုက ရတနာများကိုဆက်လက်ရှာဖွေနေဖို့ မင်းသားယွမ်ကျောက မျှော်လင့်နေ၏။
သူသည် အဆင့်-၃ နှင့် အဆင့်-၄ မှာရှိသော ရတနာများအားလုံးကို ရယူနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်လေသည်။
မိုးကောင်းကင်ကိုးလွှာတွင်...။
သူ၏ အဆင့်သတ်မှတ်ချက်က အနည်းငယ်နောက်ကျကျန်ရစ်ခဲ့သည်ကို ဆူဇီမိုက သတိထားမိလိုက်၏။
သူသည် ဤနေရာလွတ်မှာရှိသောရတနာကို ရယူချင်သည်ဆိုလျှင် သူက သူ၏ အရှိန်အဟုန်ကို တတ်နိုင်သမျှမြန်မြန်မြှင့်တင်ရပေမည်။
ထိုသို့အတွေးဖြင့် ဆူဇီမိုသည် သူ၏ ဓမ္မပညာရပ်ကို လှည့်ပတ်ပြီး သူ၏ နောက်ဘက်မှာ ကောင်းကင်ဘုံခြေလှမ်းနှင့် ကန့်သတ်မဲ့ရွှေအလင်းကို ဆင့်ခေါ်လိုက်၏။ သူ၏ အလျင်အဟုန်က ဆပွားတိုးလာခဲ့ပြီး သူသည် ရွှေရောင်အလင်းတစ်ခုအသွင်ပြောင်းလဲကာ ရှေ့သို့ပြေးထွက်သွား၏။
ရင်ပြင်ပေါ်မှာ ကျင့်ကြံသူများစွာက မျက်မှောင်ကြုတ်လိုက်၏။
တက္ကသိုလ်မှအကြီးအကဲများကလည်း စိုးရိမ်ပူပန်နေကြ၏။
ဤနေရာလွတ်သည် သတ္တုဓာတ်ဖြစ်ပြီး သတ်ဖြတ်ခြင်းပေါ်မှာ အာရုံစိုက်ထားလေသည်။
အဲ့ဒါက အန္တရာယ်အများဆုံး ဖြစ်ပြီး နေရာအနှံ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။ ကြီးမားသော တားမြစ်ချက်မှာ အရှိန်အဟုန်ဖြင့် မဆင်မခြင်မသွားလာဖို့ဖြစ်လေသည်။
ရုတ်တရက်အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ဆိုလျှင် ဤကဲ့သို့သော မြင့်မားသောအရှိန်အဟုန်ဖြင့် သွားလာနေပါက သူက အချိန်မီတုံ့ပြန်နိုင်တော့မည် မဟုတ်ပေ။
သည့်ယခင်က တစ်ယောက်ယောက်သည် အရှိန်အဟုန်ဖြင့် သွားလာဖို့နေနေသာ စိတ်အာရုံပျက်ယွင်းမိမည်ဆိုလျှင် သူတို့သည် ကောင်းကင်ထက်ကနေ ရုတ်တရက် ဆင်းသက်လာသော ထက်ရှသောဓားသွားတစ်ခုဖြင့် နှစ်ပိုင်းလှီးဖြတ်ခံရပေလိမ့်မည်။
“အဲ့ဒီအရှိန်အဟုန်က အရမ်းကိုမြန်လွန်းမနေဘူးလား”
“ဒီလိုနေရာမျိုးမှာ ဒီလိုအရှိန်အဟုန်ကို ထိန်းသိမ်းထားမယ်ဆိုရင် အဲ့ဒါက သေခြင်းရှင်ခြင်းကြိုးတန်းပေါ်မှာ ပြေးလွှားနေသလိုပဲ... သူက ငရဲဂိတ်တံခါးထဲကို အချိန်မရွေးဝင်ရောက်သွားနိုင်တယ်”
ကျင့်ကြံသူများစွာက တိတ်တဆိတ်ဆွံ့အသွား၏။
ဆူဇီမိုထုတ်ဖော်ပြသထားသောအရှိန်အဟုန်က ကမ္ဘာမြေအင်မော်တယ်တစ်ယောက်၏ အကန့်အသတ်နီးပါးထိရောက်ရှိနေ၏။
ရွှမ်း...
လူတိုင်းက ဆွေးနွေးပြောဆိုနေစဥ်မှာပင် ဧရာမဆေဘာတစ်လက်က ဆူဇီမို၏ ရှေ့မှာပေါ်ထွက်လာပြီး သူ့ကိုခုတ်ပိုင်းချလိုက်၏။
“အား...”
လူတစ်ယောက်က ထိတ်လန့်တကြားအော်ဟစ်လိုက်၏။
ဆူဇီမို၏ အလျင်အဟုန်က အရမ်းကိုမြန်ဆန်ပြီး သူက ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းနေသည်ကိုသာ တွေ့မြင်ရ၏။
ဧရာမဓားသွားက ခုတ်ပိုင်းကျဆင်းမလာခင်မှာပင် ရွှေရောင်အလင်း၏ သိပ်သည်းပြင်းထန်သောအလျင်အဟုန်အရ အဲ့ဒါကို ရှောင်လွှဲဖို့မလွယ်တော့ပေ။
ရွှစ်...
ဆေဘာကခုတ်ပိုင်းကျဆင်းလာပြီး ရွှေရောင်အလင်းက အရှိန်အဟုန်ကိုလျှော့ချခြင်းမရှိဘဲ ပွတ်ကာသီကာရှောင်တိမ်းသွားလေသည်။
“အာ...”
“အဲ့ဒါကလွဲသွားတာလား”
လူတိုင်းက အံအားသင့်သွား၏။
ဆူဇီမိုက ရှောင်တိမ်းခဲ့ပုံရမဘဲ... ရှေ့သို့အလျင်အဟူန်ဖြင့် ဆက်လက်၍ပြေးလွှားနေ၏။ သို့သော်လည်း ဓားသွားကလွဲချော်သွားလေသည်။
ယုတ္တိကျကျ ပြောရလျှင် ဤနေရာလွတ်မှာရှိသော သတ်ဖြတ်ခြင်းလက်နက်များက ပစ်မှတ်ကို မလွဲချော်သင့်ပေ။ ဤမြင်ကွင်းက လူတိုင်းအတွက် အနည်းငယ်ထူးဆန်းနေပုံရ၏။
ပကတိအင်မော်တယ်ရှဲ့လင်နှင့် ကောင်းကင်အင်မော်တယ်ပညာရှင်တချို့ကသာလျှင် စောစောကဖြစ်ပျက်ခဲ့သည့်အရာကို တွေ့မြင်နိုင်ကြ၏။
ဆေဘာက ပေါ်ထွက်လာသည့်ခဏမှာပင် ဆူဇီမို၏ ပုံရိပ်က လမ်းကြောင်းအနည်းငယ်ပြောင်းလဲခဲ့၏။
အဲ့ဒါက သူ၏ ကြောက်စရာကောင်းသော အလျင်အဟုန်အရ သိသာထင်ရှားမှုမရှိခဲ့ပေ။
သို့သော်လည်း ထိုအနည်းငယ်အပြောင်းအလဲက ဓားသွားကို ရှောင်လွှဲနိုင်ခဲ့၏။
သူသည် မည်သည့်ကွေ့ပတ်မှုမှမရှိဘဲ သူ၏ အရှိန်အဟုန်ကိုလည်း လုံးဝလျှော့မချခဲ့ပေ။ သူ၏ ပခုံးစွန်းက ဆေဘာနှင့် ပွတ်တိုက်သွားရုံသာဖြစ်ပြီး သူ၏ ပြုမူလှုပ်ရှားမှုကို အလွတ်တရာတိကျစွာဖြင့် တုန်လှုပ်စရာကောင်းအောင် ထိန်းချုပ်ထားလေသည်။
ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှအကြီးအကဲများက အကြည့်ချင်းဖလှယ်ပြီး သူတို့ဘာသာသူတို့ ခေါင်းညိတ်လိုက်၏။
ထိုလှုပ်ရှားမှုသက်သက်ကပင် ကမ္ဘာမြေအင်မော်တယ်အများစုကို လျှပ်တပြက်သတ်ဖြတ်ဖို့ လုံလောက်လေသည်။
ပကတိအင်မော်တယ်ရှဲ့လင်ကတော့ သူသည် ဆူဇီမို၏ ပုံရိပ်ကို အဓိပ္ပါယ်ပါပါကြည့်နေ၏။
သူသည် အခြားတစ်စုံတစ်ရာကို တွေးမိနေခြင်းဖြစ်၏။
ဓားသွားက ချက်ချင်းနီးပါးပင်ဖြစ်ပေါ်လာခဲ့၏။ ဆူဇီမို၏ အလျင်အဟုန်အရ သူ့အနေဖြင့် ဓားသွားကိုမြင်သည့်အချိန်မှာ ရှောင်တိမ်းဖို့က နောက်ကျသွားခဲ့လေပြီ။
သို့သော်လည်း ထိုကောင်လေးက အဲ့ဒါကို ပြီးပြည့်စုံစွာရှောင်လွှဲနိုင်ခဲ့၏။
ဆူဇီမိုသည် အန္တရာယ်ကိုကြိုတင်အာရုံခံမိပြီး အပြောင်းအလဲကိုပြုလုပ်နိုင်သည့်အလားပင်။
အဲ့ဒါက သူ၏ စိတ်ကူးစိတ်သန်းပဲလား...။
ရှဲ့လင်က သူ့ဘာသာသူတွေးနေ၏။
ဆူဇီမိုက ရှေ့သို့တက်လှမ်းလာစဥ် ရှေ့မှာရှိသော အဟန့်အတားများနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒများက ပို၍တိုးလာခဲ့၏။
အဲ့ဒီမှာ သူ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသော ဆေဘာများနှင့် ပုဆိန်များ... သူ၏ ခန္ဓာကိုယ်ကို ရှုထောင့်တိုင်းကနေ ထိုးဖောက်ဖို့ကြိုးစားနေသည့် ဓားချီများက အချိန်မရွေးဆင်းသက်လာနိုင်ပြီး သတ်ဖြတ်ခြင်းလက်နက်များသည် အရေအတွက်နှင့် သိပ်သည်းပြင်းထန်မှုမှာ ပို၍တိုးလာခဲ့၏။
တစ်ကြိမ်စီတိုင်းမှာ ဆူဇီမိုသည် ထက်ရှမှုကို ဆံချည်တစ်မှင်စာလွတ်အောင် ရှောင်တိမ်းပြီး သတ်ဖြတ်ခြင်းလက်နက်များကြားကနေပွတ်ကာသီကာ လွတ်လာခဲ့၏။
အစကနေ ယခုအချိန်ထိ သူ၏ အလျင်အဟုန်က လျော့ကျမသွားပေ။
“အဲ့ဒါက တော်တော်ကြောက်ဖို့ကောင်းသွားပြီ”
“သူက အဲ့ဒါကို ဘယ်လိုတောင်လုပ်နိုင်ရတာလဲ”
“တစ်ယောက်ယောက်က အဆင့်သုံးမှာ ဒီလိုပုံစံနဲ့ ဖြတ်ကျော်နေတာ ငါတစ်ခါမှမမြင်ဖူးဘူး”
လူတိုင်း၏ ရှေ့မှာပင် အဆင့်သုံးမှာရှိသောပုံရိပ်က လေထုကိုဖြတ်ကျော်လာပြီး အဆက်မပြတ်ကခုန်နေ၏။ မကြာမကြာဆိုသလို... ထိုပုံရိပ်က တစ်ဘက်သို့စောင်းလိုက်... သူ၏ ခေါင်းကိုငုံ့လိုက်နှင့်...သိသာထင်ရှားမှုမရှိသော လှုပ်ရှားမှုတချို့ကိုပြုလုပ်နေ၏။
တစ်ကြိမ်စီတိုင်းမှာသူသည် ဓားသွားနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သူက ရှောင်တိမ်းနိုင်ခဲ့၏။
ထိုပုံရိပ်က ဓားသွားများပေါ်မှာ ကခုန်နေပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒများကြားမှာ လွတ်လပ်စွာသွားလာနေပုံရ၏။ ထိုပုံရိပ်က လွပ်လပ်ပေါ့ပါး၍ ကြော့ရှင်းနေပြီး ရင်သပ်ရှုမောဖွယ်ရာကောင်းသော ခံစားချက်တစ်ခုကိုပေးနေ၏။
ဆူဇီမို၏ အဆင့်သတ်မှတ်ချက်ကလည်း လျင်မြန်စွာမြင့်တက်လာနေ၏။
အခြားတစ်ဘက်မှာတော့ ဖုန်းယင်၊ ထိုက်ဟွာနှင့် အခြားသူများက အဆင့်သုံး၏ ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး ရပ်တန့်ခြင်းမရှိဘဲ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားကြ၏။
“သူကအရမ်းကိုမြန်ဆန်နေပြီ... ဒါပေမဲ့ သူကဘာပဲပြောပြောနောက်ကျနေတုန်းပဲ... သူ့အနေနဲ့ ဖုန်းယင်နဲ့ အခြားသူတွေကို လိုက်မီဖို့က မလွယ်ဘူး”
ကျင့်ကြံသူတစ်ယောက်က ဝေဖန်ဆန်းစစ်ပြလိုက်၏။
ထိုစကားကို ကြားသွားသည့်အလား မိုးကောင်းကင်ကိုးလွှာမှ ပုံရိပ်၏ နောက်ဘက်တွင် တောင်ပံတစ်စုံပေါ်ထွက်လာပြီး သူ၏ အလျင်အဟုန်က နောက်တစ်ဖန်မြင့်တက်လာခဲ့၏။