လူသားစားပန်း
Vol. 148 Ch. 2211
“တန်ဖိုးက အရမ်းကိုကြီးမားလွန်းတယ်”
ထိုသည်ကို တွေ့မြင်သောအခါ ချီးကျူးမှုအပြင် ရှဲ့ချင်းချန်က ညည်းတွားရေရွတ်လိုက်၏။
အင်္ဂါဂြိုလ်ကျောက်တုံး၊ ဗုဒ္ဓဟူးဂြိုလ်ရေခဲတုံးနှင့် သောကြာဂြိုလ်ကျောက်တုံးတို့က အဖိုးမဖြတ်နိုင်သောရတနာများဖြစ်လေသည်။
ဤရတနာသုံးခုကိုရရှိခဲ့သည်က သေချာပေါက်ကြီးမားသည့် အခွင့်အလမ်းတစ်ခုဖြစ်၏။
သို့သော်လည်း အဲ့ဒါသည် ဆူဇီမိုက ဝှက်ဖဲများစွာကို ထုတ်ဖော်ခဲ့ရသောကြောင့်လည်းဖြစ်၏။
ထိုနည်းလမ်းများကို ပြန်လည်ထုတ်ဖော်ဖို့အတွက် အတော်အတန်ကြာမြင့်သော အချိန်တစ်ခုယူရပေလိမ့်မည်။ သူက ရှေ့ဆက်သွားမည်ဆိုလျှင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ သူ့အနေဖြင့် ထိုပညာရပ်များကို ပြန်လည်ထုတ်ဖော်ဖို့က ခက်ခဲသွားပေလိမ့်မည်။
အဲ့ဒါသည် ဆူဇီမို၏ အနာဂတ်အတွက် အလွန်တရာအခွင့်မသာဖြစ်လာပေလိမ့်မည်။
ဒါ့အပြင် ဆူဇီမိုက သတ္တုမုန်တိုင်းကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ဒဏ်ရာများဖြင့်ပြည့်နှက်နေ၏။ သူ၏ ဒဏ်ရာများကို ကုသဖို့အတွက် စိတ်စွမ်းအင်နှင့် အမြုတေချီအမြောက်အမြားကို သုံးစွဲရပေလိမ့်မည်။
အဲ့ဒါက အချိန်အတော်ကြာယူရလိမ့်မည်ဖြစ်ပြီး ထိုအရာများအားလုံးက သူ့အပေါ်ကြီးမားသည့် သက်ရောက်မှုတစ်ခုဖြစ်လာပေလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများ၏ အမူအရာများကလည်း တည်ကြည်လေးနက်နေ၏။
သူတို့၏ ထင်မြင်ချက်အရ သူတို့သည် ဆူဇီမိုကိုသတိပေးနိုင်မည်ဆိုလျှင် ယခုအချိန်မှာ အကောင်းဆုံး ဆုံးဖြတ်ချက်သည် ရှေ့ဆက်မတိုးတော့ဖို့ဖြစ်၏။
အင်္ဂါဂြိုလ်ကျောက်တုံး၊ ဗုဒ္ဓဟူးဂြိုလ်ရေခဲတုန်းနှင့် သောကြာဂြိုလ်ကျောက်တုံးတို့က စဥ်းစားကြည့်၍မရနိုင်သော အကျိုးအမြတ်များဖြစ်လေသည်။
ရှဲ့ချင်းချန်နှင့် တက္ကသိုလ်မှအကြီးအကဲများ၏ စိုးရိမ်ပူပန်မှုများက အကြောင်းအရင်းမရှိသည်မဟုတ်ပေ။
သို့သော်လည်း ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဖြစ်ပြီး သူ၏ ပြန်လည်ကုသနိုင်စွမ်းက အလွန်တရာတုန်လှုပ်စရာကောင်းသည်ကို သူတို့ကမသိရှိကြပေ။
ယခုအချိန်မှာ သူသည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သာဖြစ်သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ကောင်းကင်အမြုတေနယ်ပယ်မှာ ရောက်ရှိနေပြီဖြစ်၏။
သူက အစိမ်းရောင်ကြာပန်းဖြစ်နေသည့်အချက်နှင့်အတူ သူသည် သွေးကနေပြန်လည်မွေးဖွားခြင်းကို အသုံးပြုနိုင်ကာ သူ၏ ပြန်လည်ကုသနိုင်စွမ်းက ကောင်းကင်အင်မော်တယ်များထက်ပင် ပို၍ကြောက်စရာကောင်းနေ၏။
သတ္တုမုန်တိုင်းကြောင့်ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာများက ကြောက်စရာကောင်းသည့်ပုံပေါ်သော်လည်း သူတို့က သူ့အတွက်အပေါ်ယံမျှသာဖြစ်ပြီး သက်ရောက်မှုမရှိသလောက်နီးပါးပင်။
သူသည် သိပ်မကြာခင် သူ၏ နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေလိမ့်မည်။
ဆူဇီမို၏ ဝှက်ဖဲများကတော့ သူက အဲ့ဒါတွေကို ကြိုတင်ထုတ်ဖော်ထားခဲ့သည်ဆိုလျှင်တောင် ဂရုမစိုက်ပေ၏။
အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာမှာ နည်းလမ်းများနှင့် ဝှက်ဖဲများစွာရှိလေသည်။ သူက သူတို့ထဲမှတစ်စိတ်တစ်ပိုင်းကိုသာ ထုတ်ဖော်ထားခြင်းဖြစ်၏။
မိုးကောင်းကင်ကိုးလွှာတွင်...။
ဆူဇီမိုသည် သောကြာဂြိုလ်ကျောက်တုံးကို သူ၏ အသိစိတ်ထဲသို့ထည့်ပြီး အဲ့ဒါကို ငရဲဖိနှိမ်မီးဖိုက ဝါးမျိုလိုက်ပြီးနောက် အပြင်ဘက်မှာရှိသော ဧရာမသတ္တုမုန်တိုင်းက စဲသွားလေသည်။
နေရာမှာပင်မတ်တတ်ရပ်ရင်း ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ အဆင့်သတ်မှတ်ချက်ကိုကြည့်လိုက်၏။
သူက ဤတစ်ခေါက်မှာ အချိန်များစွာပြုန်းတီးခဲ့ခြင်းမရှိဘဲ သူ၏ အဆင့်သတ်မှတ်ချက်က ၅၀၀ မှာ ရှိနေဆဲဖြစ်၏။
အဆင့်-၄ မှာ အမှားအယွင်းတစ်စုံတစ်ရာမရှိဘူးဆိုလျှင် သူသည် ထိပ်ဆုံးအယောက်တစ်ရာထဲသို့ သေချာပေါက်ဝင်ရောက်နိုင်ပေလိမ့်မည်။
သူ့အနေဖြင့် မိုးကောင်းကင်ကိုးလွှာ၏ ရှုံးထွက်အဆင့်မှာ ထိပ်ဆုံးတစ်ရာထဲသို့ ဝင်ရောက်နိုင်သည့်နှင့်အမျှ အဆင်ပြေလေသည်။
နောက်ဆုံးအဆင့်သတ်မှတ်ချက်အတွက်တော့... အဆင့်သတ်မှတ်ချက်တိုက်ပွဲတစ်ပွဲကို လိုအပ်လေသည်။
ဆူဇီမိုသည် ခဏမျှအနားယူပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများက တဖြည်းဖြည်းသက်သာပျောက်ကင်းသွား၏။ သူတို့က သွေးတိတ်သွားပြီး တုန်လှုပ်စရာကောင်းသောအလျင်အဟုန်ဖြင့် ကုသနေ၏။
ထို့နောက်သူက ပို့ဆောင်ရေးဝင်္ကပါသို့ရောက်ရှိလာပြီး အဆင့်-၄ သို့ တက်လှမ်းလိုက်၏။
အဆင့်-၄ သို့ ရောက်ရှိလာပြီးနောက် ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ကာကြည့်ရှုလိုက်၏။
ယခင်အဆင့်သုံးဆင့်နှင့် နှိုင်းစာလျှင် အဆင့်-၄ က များစွာပို၍ပုံမှန်သာဖြစ်ပြီး အပြင်လောကနှင့် အရမ်းကိုတူနေ၏။
တောင်တန်းများက မြင့်မားစွာရပ်တည်နေပြီး သူတို့ကိုအစိမ်းရောင်ရေများကဝိုင်းပတ်ထား၏။ သစ်ပင်ဝါးပင်များက စိမ်းလန်းစိုပြေနေ၏။
ဤနေရာလွတ်မှာ သူတို့သည် ကြွယ်ဝသောကောင်းကင်နှင့်မြေကြီးအမြုတေချီကိုအာရုံခံနိုင်၏။
အဲ့ဒါက အသက်ဓာတ်အား၊ ငှက်တေးသံများ၊ မွှေးရနံ့နှင့် တည်ငြိမ်အေးချမ်းမှုတို့ဖြင့် ပြည့်နှက်နေ၏။
ဆူဇီမိုက ရှေ့သို့အလျင်စလိုတက်လှမ်းခြင်းမရှိပေ။
အဲ့ဒါသည် မိုးကောင်းကင်ကိုးလွှာ၏ ရှုံးထွက်အဆင့်ဖြစ်မှတော့ ကျင့်ကြံသူများသည် အဲ့ဒါကိုအလွယ်တကူသေချာပေါက် ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။
သူက သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး သူ၏ အကြည့်က ကျင့်ကြံသူတစ်ယောက်ပေါ်သို့ ရောက်ရှိသွား၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ဤလူက ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ ဖြစ်ပြီး သူ၏ နာမည်က လျှိုဖျင်ဖြစ်လေသည်။
လျှိုဖျင်သည် အပြင်ဂိုဏ်းပြိုင်ပွဲမှာ နောက်ဆုံးအဆင့်တွင်ရပ်တည်ပြီး ဤတစ်ခေါက် ကြိုတင်ခန့်မှန်း ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်တွင် သူကမပါဝင်ခဲ့ပေ။
သူက မည်သည့်အရာကိုမှ မပြောဆိုခဲ့သော်လည်း သူက မကျေမနပ်ဖြစ်နေပြီး ဤအခွင့်အလမ်းကို အသုံးချကာ သူ့ကိုယ်သူသက်သေပြချင်၏။
လျှိုဖျင်က တည်ငြိမ်နေသောအမူအရာဖြင့် ဂရုတစိုက်ရှေ့သို့တက်လှမ်းနေ၏။
ရုတ်တရက်ဆိုသလို...
သူ၏ ခြေဖဝါးအောက်မှ မြက်ပင်များက ရုတ်တရက်ကြီးထွားလာပြီး သူ၏ ခြေထောက်ကိုရစ်ပတ်ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချည်နှောင်ချင်နေသည့်အလား သူ၏ ခန္ဓာကိုယ်အောက်ပိုင်းဆီသို့ ဆန့်တန်းလာခဲ့၏။
မြက်ပင်ရှည်များ၏ အနားစောင်းများက အလွန်တရာထက်ရှပြီး လွှသွားပုံသဏ္ဌာန်ဖြစ်၏။
၎င်းက သူ့ကိုရစ်ပတ်လာသည့်ခဏမှာပင် လျှိုဖျင်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများပေါ်ထွက်လာပြီး လတ်ဆတ်သောသွေးများကစီးကျလာ၏။
“သွားစမ်း”
လျှိုဖျင်က အတော်လေးတည်ငြိမ်နေပြီး ထိတ်လန့်တကြားဖြစ်မသွားပေ။ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်ပြီး အင်မော်တယ်ပညာရပ်တချို့ကို ချက်ချင်းပင်ထုတ်ဖော်လိုက်၏။ သူ၏ လက်နှစ်ဖက်က ဓားနှစ်လက်အသွင်ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ မြက်ပင်များကို ခုတ်ပိုင်းချလိုက်၏။
တစ်ချိန်တည်းမှာပင် သူက ဆေးလုံးတစ်လုံးကို လျင်မြန်စွာစားသုံးပြီး သူ၏ ဒဏ်ရာများပေါ်မှသွေးများကို တဖြည်းဖြည်းစီးဆင်းမှုရပ်တန့်သွားစေ၏။
မြက်ပင်များက ရူးသွပ်စွာကြီးထွားနေဆဲဖြစ်သော်လည်း သူသည် သူ၏ အင်မော်တယ်ပညာရပ်၏ အကူအညီနှင့်အတူ ယာယီအားဖြင့် သူတို့ကိုတားဆီးထားနိုင်၏။
လျှိုဖျင်သည် သူ၏ သွေးချီကိုလှည့်ပတ်ပြီး နောက်တစ်ဖန် မာန်သွင်းအော်ဟစ်လိုက်၏။
ဖျောက်... ဖျောက်...
သူ၏ ခြေနှစ်ဖက်ကနေ ကြွတ်ဆတ်ဆတ်အသံတစ်ခုထွက်ပေါ်လာပြီး အရိုင်းဆန်သော မြက်ပင်များက ချက်ချင်းပင်ပြတ်တောက်သွားလေသည်။
သို့သော်လည်း ဘေးပတ်ဝန်းကျင်မှာရှိသော မြက်ပင်များက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ့ထံသို့ ဆန့်တန်းထွက်ပေါ်လာကြ၏။ ဆူးချွန်များဖြင့် ပြည့်နှက်နေသော မရေမတွက်နိုင်သော မြက်ပင်များနှင့် နွယ်ပင်များ...။
လျှိုဖျင်က အဆက်မပြတ်ခုခံနေသော်လည်း ဤနေရာမှာရှိသော ဒေသပေါက်ပင်များက အဆုံးမရှိပေ။
အချိန်တိုအတွင်းမှာ သူသည် ခြေလှမ်းအနည်းငယ်သာလှမ်းလိုက်ရပြီး သူက ပို၍ နစ်မြုပ်သည်ထက်နစ်မြုပ်လာခဲ့၏။
ရုတ်တရက်ဆိုသလို... ။
အန္တရာယ်ကိုအာရုံခံမိသွားပြီး လျှိုဖျင်က ဘေးပတ်သို့အလောတကြီး ရှောင်တိမ်းလိုက်၏။
သို့သော်လည်း သူသည် အပင်များစွာဖြင့် ရစ်ပတ်ခံထားရပြီး သူ၏ လှုပ်ရှားမှုက လေးကန်နေ၏။ ထိုသို့ဖြင့် သူ၏ ခန္ဓာကိုယ်က အနည်းငယ်သာ လှုပ်ရှားနိုင်လေသည်။
ဖောက်...
သူ၏ နောက်ဘက်ကနေ ဧရာမပါးစပ်ပေါက်တစ်ပေါက်က အပေါ်ကနေဆင်းသက်လာပြီး သူ၏ လက်မောင်းရင်းကို ကိုက်ချကာ ဆုတ်ဖြဲပစ်လိုက်၏။
ရှဲ...
သွေးများက ပန်းထွက်လာ၏။
လျှိုဖျင်၏ လက်မောင်းက ကြီးမားသောထိုပါးစပ်ဖြင့် ကြောက်စရာကောင်းစွာဆုတ်ဖြဲခံလိုက်ရ၏။
သူ၏ ရှောင်တိမ်းမှုက ဒီထက်ပို၍နှေးကွေးသွားမည်ဆိုလျှင် သူ၏ ဦးခေါင်းက ကိုက်ဖြတ်ခံရပေလိမ့်မည်။
“အား...”
လျှိုဖျင်က နာကျင်စွာအော်ဟစ်လိုက်ပြီး နောက်သို့အလိုလိုလှည့်ကြည့်လိုက်၏။ သူက ထိတ်လန့်တကြားဖြင့် ဖြူဖပ်ဖြူရော်ဖြစ်သွားရလေသည်။
သူ၏ လက်မောင်းကို ကိုက်ချလိုက်သော သွေးသံရဲရဲပါးစပ်ပေါက်သည် မည်သည့်သားရဲတောကောင်ထံကနေမှ လာခြင်းမဟုတ်ပေ။ ထိုအစား အဲ့ဒါသည် သူ၏ ဘေးရှိ သာမန်ပုံစံပန်းတစ်ပွင့်ကနေလာခြင်းဖြစ်၏။
သို့သော် ယခုအခါ ပန်းပွင့်၏ အလယ်က အဆက်မပြတ်ပြောင်းလဲသွားပြီး သွားစွယ်များဖြင့် ပြည့်နှက်နေသည့် ပါးစပ်ပေါက်တစ်ခုအဖြစ် ပြောင်းလဲကာ သူ၏ လက်မောင်းသားကို ကိုက်ဝါးနေပြီး သွေးများကဖိတ်စင်ပြန့်ကျဲနေ၏။
သာမန်ပုံစံဤပန်းပွင့်က လူသားကိုစားနေ၏။
ရုတ်တရက် သူ၏ ဘေးပတ်လည်မှာရှိသောအရာရာတိုင်းသည် သူ၏ အသက်ကိုနှုတ်ယူနိုင်သည့် အဆုံးမဲ့သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်ကို လျှိုဖျင်က နားလည်သဘောပေါက်လာခဲ့၏။
သူ၏ ဘေးမှာ ရစ်ပတ်လာသောနွယ်ပင်များက ပို၍ပို၍များပြားလာပြီး ဒေသပေါက်ပင်များကလည်း ရူးသွပ်စွာကြီးထွားလာ၏။
လူသားစားပန်းက သူ၏ ကျိုးပျက်သွားသောလက်ကို ခဏမျှဝါးမျိုပြီး သူ့ကိုနောက်တစ်ဖန်ကိုက်ချလာခဲ့၏။
လျှိုဖျင်က ရုန်းကန်၍နောက်ဆုတ်တော့မည့်ဆဲဆဲမှာပင် သူက ထူးဆန်းသောမွှေးရနံတစ်ခုကို ရှုရှိုက်မိသွား၏။
ချက်ချင်းပင် သူ၏ ခေါင်းက ချာချာလည်၍ သူ၏ ခြေလက်များက ပျော့ခွေလာသည်ဟုခံစားရ၏။
အခြေအနေမကောင်းတော့ဘူး...။
လျှိုဖျင်က ရင်တစ်ချက်ထိတ်သွား၏။
'ငါက ဒီနေရာမှာသေရတော့မှာပဲ'
ထိုမွှေးရနံ့ကိုလည်း ပန်းပွင့်ကနေဖြာထုတ်ပေးလိုက်ခြင်းဖြစ်ပြီး အဲ့ဒါက ကျင့်ကြံသူများ၏ လှုပ်ရှားမှုအပေါ် သိသိသာသာသက်ရောက်မှုရှိလေသည်။
လျှိုဖျင်သည် သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင် သူသည် ထူးခြားမှုတစ်စုံတစ်ရာကို သေချာပေါက်သတိထားမိမည်ဖြစ်ပြီး သူ၏ သွေးချီထဲသို့ တလိပ်လိပ်တိုးဝင်လာသည့် မွှေးရနံကို ချေဖျက်နိုင်ပေလိမ့်မည်။
သို့သော်ယခု... သူက ဤနေရာမှာရှိနေစဥ် သူ၏ အင်မော်တယ်ပညာရပ်များနှင့် နတ်ဘုရားစွမ်းအားများစွာကို အသုံးပြုခဲ့ပြီးပြီဖြစ်၏။ သူ၏ အမြုတေချီက ကုန်ခန်းလာပြီး သူ၏ အမြုတေစိတ်ဝိညာဥ်က အနည်းငယ်အားနည်းနေ၏။
ထိုကဲ့သို့သော အခြေအနေအောက်မှာ ဤလူသားစားပန်းက သူ့အသက်ကိုနုတ်ယူနိုင်လေသည်။
လျှိုဖျင်သည် အပေါ်ကနေဆင်းသက်လာသော သွေးသံရဲရဲပါးစပ်ပေါက်ကို စောင့်ကြည့်ပြီး သူ၏ အမူအရာက စိတ်ပျက်အားငယ်မှုဖြင့် ပြည့်နှက်လာခဲ့၏။ သို့သော်လည်း သူက သူ၏ ခွန်အားကို လုံးဝစုစည်းလို့မရနိုင်တော့ပေ။
လျှိုဖျင်က လက်လျှော့တော့မည့်ဆဲဆဲမှာပင် သူ၏ ဘေးပတ်ဝန်းကျင်မှာ ထူးဆန်းသောအပြောင်းအလဲတစ်ရပ် ပေါ်ထွက်လာ၏။
ပန်းပွင့်၏ ပါးစပ်ပေါက်က သူ၏ ဦးခေါင်းထက်မှာ ရပ်တန့်သွား၏။
အဲ့ဒါက သူနှင့်အရမ်းကိုနီးကပ်နေပြီဖြစ်သော်လည်း အဲ့ဒါက သူ့ကိုကိုက်ချမလာခဲ့ပေ။
ထို့နောက်တဆက်တည်းမှာပင် ၎င်းသည်တုန်လှုပ်သွားသည့်အလား ပန်းပွင့်က ထူးဆန်းသောပုံစံဖြင့် နောက်သို့ဆုတ်ခွာသွားပြီး ၎င်း၏ နုနယ်လှပသောပုံစံသို့ ပြန်ပြောင်းကာ အလွန်တရာနာခံတတ်သောပုံစံဖြင့် ညင်သာစွာယိမ်းနွဲ့နေ၏။