← Chapters

အပြောင်းအလဲ

Vol. 148 Ch. 2214

အပြောင်းအလဲ

Vol. 148 Ch. 2214

ဖုန်းယင်က အမြင့်ပေ ၉၀မှာ သူ၏ နာမည်ကို ချန်ထားခဲ့ပြီးနောက် ထွက်ခွာမသွားပေ။

သိပ်မကြာခင် ထိုက်ဟွာကလည်း တက်လှမ်းလာပြီး သူ၏ သွေးချီက ဆူနာမီအသံနှင့်အတူ တလိပ်လိပ် ထိုးတက်လာ၏။

ထင်မှတ်ထားသည့်အတိုင်းပင်..

သူသည် သူ့ဘေးမှာ ရှိသော ဖုန်းယင်ကို တစ်ချက်ကြည့်ပြီးနောက် ဆက်လက်၍ မတက်လှမ်းတော့ပေ။ သူကလည်းပဲ အမြင့်ပေ ၉၀မှာ သူ၏ နာမည်ကို ရေးထိုးလိုက်၏။

သူက ဆက်လက်၍ တက်လှမ်းမည်ဆိုလျှင် သူတောင့်ခံရမည့် မြေဆွဲအားက အရမ်းကို ကြီးမားလှပြီး အဲဒါက ထိုက်တန်မှု ရှိလိမ့်မည် မဟုတ်ပေ။

သူတို့နှစ်ယောက်ကြား အစစ်အမှန်တိုက်ပွဲက နောက်ဆုံးအဆင့်သတ်မှတ်ချက်တိုက်ပွဲမှာသာ ဖြစ်ပေလိမ့်မည်။

ကျောက်စာတိုင်၏ အမြင့်ပေ ၉၀ မှာ သူတို့နှစ်ယောက်က အကြည့်ချင်း ဖလှယ်ပြီး မီးပွားများ စင်ထွက်သွား၏။ သူတို့နှစ်ယောက်စလုံးသည် တစ်ယောက်မျက်လုံးထဲတွင်တစ်ယောက် တိုက်ပွဲဝင် စိတ်ဝိညာဉ်ကို တွေ့မြင်နေရ၏။

ပြန်ဝင်စား အင်မော်တယ်နှစ်ယောက်၏ နှလုံးသားထဲမှာ ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် သူတို့နှစ်ယောက်ကသာလျှင် တစ်ယောက်၏ ပြိုင်ဘက် တစ်ယောက်ဖြစ်ဖို့ ထိုက်တန်လေသည်။

“ဒီတာအိုရောင်းရင်းတွေက တကယ့်ကို စိတ်ဝင်စားစရာပဲ”

ပကတိအင်မော်တယ် ရှဲ့လင်က ပြုံး၍ ပြောလိုက်၏။

“ကျောက်စာတိုင်ရဲ့ အမြင့်ပေ ၉၀မှာ သူတို့ရဲ့ နာမည်ကို ချန်ထားခဲ့တာက မှတ်တမ်းတစ်ခု ဖြစ်သွားပြီ.. ကျုပ် သိရသလောက်ဆိုရင် အဲဒါက တကယ့်ကို မကြုံစဖူးပဲ.. အနာဂတ်မှာလည်း ဘယ်သူကမှ သူတို့ကို ကျော်မတက်နိုင်လောက်တော့ဘူး”

အင်မော်တယ်ပျံဂိုဏ်းနှင့် အင်ပါယာလေဘုရားကျောင်းမှ ကျင့်ကြံသူများစွာက သူတို့၏ ခေါင်းများကို အနည်းငယ်မော့ပြီး ဝင့်ကြွားစွာ ခံစားနေရ၏။

ဖုန်းယင်နှင့် ထိုက်ဟွာသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ပေါ်မှာ ပကတိအင်မော်တယ်များကဲ့သို့ ဘေးချင်းယှဉ်ရပ်နေကြ၏။ သူတို့က အရမ်းကို တောက်ပလာပြီး အထွတ်အထိပ်သို့ တက်လှမ်းကာ ထိတွေ့လို့ မရနိုင်သော ပုံစံဖြင့် လောကကို ငုံ့ကြည့်နေ၏။

“အဲဒါက အမြင့်ပေ ၉၀ပဲကို.. ဘာတွေ လာပြီးမာန်တက်နေတာလဲ”

ယွင်ထင်က အင်မော်တယ်ပျံဂိုဏ်းနှင့် အင်ပါယာလေဘုရားကျောင်းမှ ကျင့်ကြံသူများ၏ မျက်နှာများကို ကြည့်ပြီး လှောင်ရယ်လိုက်၏။

“ကံဆိုးတာကတော့ မင်း.. ယွင်ထင်တောင်မှ အပြောကောင်းရုံပဲ ရမယ်.. မင်းမှာ အဲ့လိုလုပ်ဖို့အတွက် အခွင့်အရေး မရှိတော့ဘူး”

ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက မှင်သေသေဖြင့် ပြောလိုက်၏။

ယွင်ထင်က အေးစက်စွာ နှာတစ်ချက်မှုတ်ပြီး ပြန်မပြောတော့ပေ။

ဖုန်းယင်နှင့် ထိုက်ဟွာက ဆင်းသက်လာပြီး မလှမ်းမကမ်းမှာ အနားယူလိုက်ကြ၏။

သိပ်မကြာခင် တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ ယွဲ့ဖုန်ကလည်း ကျောက်စာတိုင်ရှေ့သို့ ရောက်ရှိလာခဲ့၏။

ယွဲ့ဖုန်က ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ကြိုတင်ခန့်မှန်းချက်မှာ တတိယနေရာတွင် ရှိခဲ့လေသည်။

ကြိုတင်ခန့်မှန်း ကမ္ဘာမြေအဆင့်သတ်မှတ်ချက်က သူ့ကို အတော်လေး မြင့်မားစွာ တွက်ချက်ထားလေသည်။ သတင်းအချက်အလက်များ၏ အဆိုအရ ပြန်ဝင်စား အင်မော်တယ်နှစ်ယောက်ကြောင့် မဟုတ်လျှင် ယွဲ့ဖုန်သည် ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ပေလိမ့်မည်။

ယွဲ့ဖုန်က ကျောက်စာတိုင်၏ ရှေ့မှာ မတ်တတ်ရပ်ပြီး သူ၏ ခေါင်းကို အနည်းငယ်မော့ကာ တွေဝေတုံ့ဆိုင်းသော အမူအရာဖြင့် အမြင့်ဆုံးအမှတ်မှာ ရှိနေသော တာအိုဘွဲ့နှစ်ခုကို ကြည့်လိုက်၏။

ခဏမျှ ငြိမ်သက်ပြီးနောက် သူက နှုတ်ခမ်းကို တင်းတင်းစေ့ကာ လေထဲသို့ ပျံတက်ဖို့ မကြိုးစားတော့ပေ။

သူက မြေပြင်ပေါ်တွင် သူခြေချထားရာ နေရာမှာပင် မတ်တတ်ရပ်ပြီး သူ၏ နာမည်ကို ကျောက်စာတိုင်ပေါ်မှာ ချန်ထားခဲ့လိုက်၏။ ထို့နောက် သူက တခြားတစ်ဖက်သို့ သွားပြီး တင်ပျဉ်ခွေ ထိုင်ချလိုက်၏။ သူက ဆေးလုံးတစ်လုံးကို စားသုံးပြီး သူ၏ အမြုတေချီနှင့် သက်လုံအားကို စတင်ဖြည့်တင်းနေ၏။

ထိုသည်ကို တွေ့မြင်သောအခါ ရှဲ့လင်က ချီးကျူးလိုက်၏။

“တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်းရဲ့ ဒီတပည့်က မဆိုးဘူး.. သူ့မှာ တည်ငြိမ်တဲ့ စိတ်နေစရိုက် ရှိတယ်.. သူက မလိုအပ်တဲ့ နေရာတစ်ခုအတွက် တိုက်ခိုက်ဖို့ သူ့ရဲ့ အမြုတေချီနဲ့ သက်လုံအားကို ဖြုန်းတီးမနေဘူး.. သူ့ရဲ့ အနာဂတ်က အလားအလာရှိတယ်”

တောင်တန်းပင်လယ် အင်မော်တယ်ဂိုဏ်း၏ ကောင်းကင်ချောက်နက်ကလည်း ချီးကျူးလိုသော ပုံစံဖြင့် ညင်သာစွာ ခေါင်းညိတ်လိုက်၏။

သူ၏ ထင်မြင်ချက်အရ ကျောက်စာတိုင်၏ အမြင့်အတွက် ယှဉ်ပြိုင်တိုက်ခိုက်ရင်း သူ၏ အမြုတေချီနှင့် သက်လုံအားကို ဖြုန်းတီးခြင်းထက် နောက်ဆုံး အဆင့်သတ်မှတ်ချက်တိုက်ပွဲအတွက် သူ၏ အလျင်အဟုန်နှင့် ပေါက်ကွဲအားကို စုဆောင်းနေသည်က ပိုကောင်းလေသည်။

ထိုစဉ်မှာပင် စတုတ္ထနေရာမှာ ရပ်တည်သော ထျဲဟန်က တက်လှမ်းလာခဲ့ပြီဖြစ်ပြီး ကျောက်စာတိုင်ထံသို့ လျှောက်လှမ်းသွား၏။

ထျဲဟန်သည် ကမ္ဘာမြေအာဏာပါးကွက်သား အစောင့်တပ်သားများ၏ မဟာခေါင်းဆောင်တပ်မှူးဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ သူက အဆင့်-၁ မှာ နှောင့်နှေးကြန့်ကြာခဲ့သော်လည်း သူက လူတိုင်းကို ကျော်တက်ကာ စတုတ္ထနေရာသို့ ရောက်ရှိလာခဲ့၏။

ထျဲဟန်က သူ၏ ခေါင်းကို မော့ပြီး အမြင့်ပေ ၉၀မှာ ရှိသော နာမည်နှစ်ခုကို ကြည့်လိုက်၏။ သူကလည်း လေထဲသို့ ပျံတက်ဖို့ မရွေးချယ်ဘဲ အောက်မှာသာ သူ၏ နာမည်ကို ရေးထိုးလိုက်၏။

အမြင့်ပေ ၉၀မှာ ရှိသော ဖုန်းယင်နှင့် ထိုက်ဟွာ၏ တာအိုဘွဲ့များနှင့်အတူ အခြားသော ကျင့်ကြံသူများသည် သာလွန်မှုအတွက် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ စိတ်ကူးမရှိကြတော့ပေ။

“ထူးဆန်းတယ်”

ရုတ်တရက် ရှုရှောင်းထျန်က တီးတိုးပြောလိုက်၏။

“အရှင်မင်းသား.. မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက လူကြီးမင်းဆူကို သတ်ဖြတ်ဖို့အတွက် ဘာလို့ မပူးပေါင်းကြသေးတာလဲ.. သူတို့က ဘာလို့ ဘာမှ မလုပ်ကြသေးတာလဲ”

ရှဲ့ချင်းချန်က မျက်မှောင်ကြုတ်လိုက်၏။

ရှုံးထွက်အဆင့် စတင်ကတည်းက သူက ဤမေးခွန်းကို စဉ်းစားနေခဲ့၏။

ထိုအခိုက်အတန့်မှာ သူကလည်းပဲ တွေဝေလာခဲ့၏။

မင်းသားယွမ်ကျောက တကယ်ပဲ ဖြီးလုံး လှန့်လုံး ထုတ်ခဲ့တာလား။

ရှဲ့ချင်းချန်က မလှမ်းမကမ်းမှာ ရှိသော မင်းသားယွမ်ကျောကို တစ်ချက်ကြည့်လိုက်၏။

ထိုအခိုက်အတန့်မှာ မင်းသားယွမ်ကျော၏ အမူအရာက လွတ်လပ်ပေါ့ပါးစွာ ရှိနေ၏။ သူ၏ ရှေ့မှာ အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအတွင်းမှာ ရှိနေသည့်အလား သူ့မှာ ပူပန်ကြောင့်ကြမှု တစ်စွန်းတစ်စမှ မရှိပေ။

ထျဲဟန်က သူ၏ နာမည်ကို ရေးထိုးပြီးနောက် သူက ထိုက်ဟွာနှင့် အကြည့်တစ်ချက် ဖလှယ်ပြီး မသိမသာ ခေါင်းညိတ်ပြကာ တခြားတစ်ဖက်သို့ ထွက်ခွာသွားလေသည်။

ရှဲ့ချင်းချန်က ရင်တစ်ချက်ထိတ်သွားပြီး ပြောလိုက်၏။

“ငါသိပြီ.. သူတို့က အဲဒီနေရာမှာ တိုက်ခိုက်ကြတော့မှာပဲ”

“ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ရှေ့မှာလား”

ရှုရှောင်းထျန်က မေးလိုက်၏။

ရှဲ့ချင်းချန်က ခေါင်းညိတ်၍ ပြောလိုက်၏။

“ပို့ဆောင်ရေး ဝင်္ကပါတချို့အပြင် မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ကျင့်ကြံသူတွေကို စုစည်းပေးနိုင်တဲ့ နေရာက အဲဒီ ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ပဲ”

“ဒါပေမဲ့ ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ရှေ့မှာ စုစည်းနိုင်တာက မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ကျင့်ကြံသူတွေတင် မဟုတ်ဘူးလေ.. ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က ကမ္ဘာမြေအင်မော်တယ်တွေကလည်း ဒီနေရာမှာ စုစည်းလာနိုင်တာပဲ”

ရှုရှောင်းထျန်က မျက်မှောင်ကြုတ်လိုက်၏။

“အဲဒီအချိန်ကျရင် ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က တခြားတပည့်တွေက လူကြီးမင်းဆူ တိုက်ခိုက်ခံရမှာကို သေချာပေါက် စောင့်ကြည့်နေမှာ မဟုတ်လောက်ဘူး”

“ဖြစ်နိုင်တာက..”

ရုတ်တရက် ရှဲ့ချင်းချန်က ကြောက်စရာကောင်းသော ခန့်မှန်းချက်တစ်ခုကို တွေးမိသွားပြီး သူ၏ အမူအရာက တုန်လှုပ်မှုဖြင့် အနည်းငယ် ပြောင်းလဲသွား၏။

ထိုစဉ်မှာပင် ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်သို့ ပဉ္စမမြောက် ကျင့်ကြံသူက ရောက်ရှိလာခဲ့ပြီဖြစ်၏။

မင်းသမီး သက်တံနီ..။

ရှဲ့ချင်းချန် ခန့်မှန်းခဲ့သည့်အတိုင်းပင် မင်းသမီး သက်တံနီ၏ လှုပ်ရှားမှု နည်းစနစ်က မိုးကောင်းကင်ကိုးလွှာ၏ ရှုံးထွက်အဆင့်မှာ သူမအတွက် အားသာချက်တစ်ရပ် ဖြစ်လာခဲ့၏။

သူမ၏ တိုက်ခိုက်ရည်ခွန်အားက ထိပ်ဆုံး ၅ယောက်ထဲမှာ ရှိမနေပေ။

သို့သော်လည်း သူမသည် မိုးကောင်းကင်ကိုးလွှာ၏ ရှုံးထွက်အဆင့်မှာ ပဉ္စမ နေရာတွင် ရပ်တည်လာနိုင်ခဲ့ပြီး ကြိုတင်ခန့်မှန်းထားသော အဆင့်သတ်မှတ်ချက်ပေါ်မှ ကျင့်ကြံသူများစွာကို ကျော်တက်လာခဲ့၏။

ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှာ အကြီးအကဲများက အကြည့်ချင်း ဖလှယ်ပြီး စိတ်ကျေနပ်စွာဖြင့် သူ့တို့ဘာသူတို့ ခေါင်းညိတ်လိုက်ကြ၏။

မင်းသမီး သက်တံနီက ကမ္ဘာမြေ ကျောက်စာတိုင် ရှေ့သို့ ရောက်ရှိလာသောအခါ သူမက မျက်လုံးများ မှိတ်၍ အနားယူနေသော ဖုန်းယင်၊ ထိုက်ဟွာနှင့် အခြားနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် သူမက ကျောက်စာတိုင်ပေါ်မှာ နာမည်လေးခုကို ကြည့်ပြီး သူမ၏ နှုတ်ခမ်းကို အနည်းငယ် စူလိုက်၏။

သူမသည် ယွဲ့ဖုန်နှင့် ထျဲဟန်တို့နှင့် မတူပေ။

သူမက မကျေမနပ် ဖြစ်နေပြီး အဲဒါကို ကြိုးစားကြည့်ချင်လေသည်။ သူမက လေထဲသို့ ပျံတက်သွားပြီး ပို၍ မြင့်သထက် မြင့်မြင့် ပျံသန်းလာခဲ့၏။ သူမက အင်မော်တယ် ပညာရပ်များစွာနှင့် နတ်ဘုရားစွမ်းအားများကို ဆက်တိုက်ထုတ်ဖော်လိုက်၏။

သို့သော်လည်း သူမက အမြင့်ပေ ၇၀ သို့ ရောက်ရှိလာသည့်အချိန်မှာ သူမက ခြေကုန်လက်ပန်းကျသွားပြီး ဆက်လက်၍ မပျံတက်နိုင်တော့ပေ။

သူမသည် ဤနေရာမှာပင် သူမ၏ နာမည်ကို ရေးထိုးလိုက်ရ၏။

မင်းသမီး သက်တံနီ၏ ပုံရိပ်က ဖြည်းဖြည်းချင်း ဆင်းသက်လာ၏။

သူသည် တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ရှဲ့ချင်းချန်က သူ၏ ခန္ဓာကိုယ်ကို ရှေ့သို့ အနည်းငယ် စောင်းငဲ့ပြီး မိုးကောင်းကင်ကိုးလွှာကို စိုးရမ်ပူပန်နေသော အမူအရာဖြင့် စိုက်ကြည့်နေ၏။

မင်းသမီး သက်တံနီက မြေပြင်ပေါ်သို့ ဆင်းသက်တော့မည့်ဆဲဆဲမှာပင် အပြောင်းအလဲတစ်ရပ်က ပေါ်ထွက်လာ၏။

အစက သူတို့၏ မျက်လုံးများကို မှိတ်၍ ကျောက်စာတိုင်၏ တစ်ဘက်တစ်ချက်စီမှာ အနားယူနေသော အင်မော်တယ် ထိုက်ဟွာနှင့် ထျဲဟန်က ရုတ်တရက် သူတို့၏ မျက်လုံးများကို ဖွင့်လိုက်၏။

သူတို့နှစ်ယောက်က လှုပ်ရှားမှု ပြုလုပ်လိုက်ပြီး မင်းသမီး သက်တံနီ ရှိရာသို့ ပြေးဝင်ကာ တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြ၏။

ဤအပြောင်းအလဲက ရုတ်တရက် ဆိုင်းမဆင့် ဗုံမဆင့် ဖြစ်ပေါ်လာခဲ့၏။

မင်းသမီး သက်တံနီသည် အမြင့်ပေ ၇၀မှာ သူမ၏ နာမည်ကို ယခုတင် ရေးထိုးခဲ့ပြီး သူမက လုံးဝကို ခြေကုန်လက်ပန်းကျနေ၏။ သူမက အငိုက်မိသွားပြီး အင်မော်တယ် ထိုက်ဟွာနှင့် ထျဲဟန်၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံရကာ သူမသည် အဲဒါကို လုံးဝ မခုခံနိုင်တော့ပေ။

သူမက သူတို့ထဲမှ တစ်ယောက်ယောက်ကိုပင် အနိုင်မရနိုင်ပေ။

ယခု ပညာရှင်နှစ်ဦးက ပူးပေါင်းထားပြီး အရာရာတိုင်းက ရုတ်တရက်ဆန်စွာ ဖြစ်ပေါ်လာသောအခါ သူမမှာ ထွက်ပြေးလွတ်မြောက်ဖို့ပင် အခွင့်အရေး မရတော့ပေ။

သူမက မြန်ဆန်သော်လည်း သူမကို အဆင့်-၅ မှာ ရှိသော မြေဆွဲအားက ကန့်သတ်ထားပြီး သူမအပေါ် ကြီးမားစွာ သက်ရောက်မှု ရှိနေ၏။

အင်မော်တယ် ထိုက်ဟွာနှင့် ထျဲဟန်၏ တိုက်ခိုက်မှုများက ထိန်းမနိုင် သိမ်းမရဖြစ်ပြီး ချက်ချင်းပင် ရောက်ရှိလာခဲ့၏။

တိုက်ရိုက်ပါဝင်ပတ်သက်နေသော မင်းသမီး သက်တံနီကို မပြောနှင့်.. ပွဲကြည့်ပရိသတ်များပင်လျှင် နေရာမှာတင် မှင်တက်ကာ ခဏကြာသည်အထိ မတုံ့ပြန်နိုင်ကြပေ။

ဘန်း.. ဘန်း..

နှစ်ဖက်စလုံးက တစ်ချီမျှ တိုက်ခိုက်ဖလှယ်လိုက်ကြ၏။

မင်းသမီး သက်တံနီ၏ ပုံရိပ်က ဆင်းသက်လာသည့် ခဏမှာပင် သူမက အင်မော်တယ် ထိုက်ဟွာ၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရ၏။

အဲဒါက အရမ်းကို မြန်ဆန်လွန်း၏။

တစ်ခဏချင်းမှာပင် မင်းသမီး သက်တံနီက ဖမ်းဆီးခံလိုက်ရလေပြီ။

အင်မော်တယ် ထိုက်ဟွာ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး သူက အင်မော်တယ်ပညာရပ်တစ်ခုကို လှည့်ပတ်ကာ မင်းသမီး သက်တံနီအပေါ် ချိပ်စည်းတစ်ခုကို ပို့လွှတ်လိုက်၏။

မင်းသမီး သက်တံနီ၏ ခန္ဓာကိုယ်၊ အမြုတေချီနှင့် အမြုတေစိတ်ဝိညာဉ်တို့က ချိပ်ပိတ်ခံလိုက်ရပြီး သူမက လုံးဝ မလှုပ်ရှားနိုင်တော့ပေ။

All Chapters