သင်ခန်းစာ
Vol. 148 Ch. 2215
ထိုသည်ကိုတွေ့မြင်သောအခါ ရှဲ့ချင်းချန်က ကြိတ်၍သက်ပြင်းချလိုက်၏။
စောစောက သူစိုးရိမ်ပူပန်နေခဲ့သည့်အရာက တကယ်ပင်ဖြစ်လာခဲ့လေပြီ။
မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်မှာ တိုက်ခိုက်လာနိုင်သည်ဟု သူကတွေးမိစဥ်မှာ ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်မှကျင့်ကြံသူများသည် ပစ်မှတ်ထားခံရဖို့များသည်ဟု သူကဝိုးတဝါးခန့်မှန်းမိလိုက်ပြီဖြစ်၏။
“မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက ဘာလုပ်ဖို့ကြိုးစားနေတာလဲ”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကမှ အကြီးအကဲကျုံးက ပြောင်းလဲသွားသောအမူအရာဖြင့် ကျယ်လောင်စွာမွေးခွန်းထုတ်လိုက်၏။
အခြားသောအကြီးအကဲများက မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းရှိရာဘက်သို့ ဒေါသချောင်းချောင်းထွက်နေသောအကြည့်များဖြင့် ကြည့်လိုက်ကြ၏။
ပကတိအင်မော်တယ်ရှဲ့လင်ကလည်း မျက်မှောင်အနည်းငယ်ကြုတ်ပြီးမေးလိုက်၏။
“ယွမ်ကျော... အဖြူရောင်ပင်လယ်... ဒါက ဘာသဘောလဲ”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ မင်းသမီးတစ်ယောက်ဖြစ်သည့်အပြင် မင်းသမီးသက်တံနီသည် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ မင်းသမီးတစ်ပါးလည်းဖြစ်၏။
ရှဲ့လင်အနေဖြင့် ထိုအချင်းအရာကို တွေ့မြင်သောအခါ ဒီတိုင်းလျစ်လျူရှုထားဖို့ မဖြစ်နိုင်ပေ။
မင်းသားယွမ်ကျောက မတ်တတ်ထရပ်ပြီး ရှဲ့လင်ကိုအနည်းငယ်ဦးညွှတ်ကာ ပြုံး၍ပြောလိုက်၏။
“မပူပါနဲ့အရှင်မင်းသား... ထျဲဟန်နဲ့ထိုက်ဟွာက သူတို့ရဲ့အကန့်အသတ်ကိုသူတို့သိကြပါတယ်... သူတို့က မင်းသမီးသက်တံနီကို သေချာပေါက်ထိခိုက်အောင်လုပ်မှာမဟုတ်ဘူး”
ရှဲ့လင်၏ အမူအရာက ပျော့ပျောင်းသွား၏။
မင်းသားယွမ်ကျောက ဆက်ပြောလိုက်၏။
“အဲ့ဒါတင်မကဘူး... ထျဲဟန်နဲ့ထိုက်ဟွာက.. မင်းသမီးသက်တံနီ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ သူ့ရဲ့နာမည်ကို ရေးထိုးပြီးတဲ့အချိန်ထိစောင့်ဆိုင်းပြီးမှ တိုက်ခိုက်ခဲ့ကြတာပါ”
“ကျုပ်တို့က မင်းသမီးသက်တံနီကို ယာယီချိပ်ပိတ်ထားရုံပါပဲ... အဲ့ဒါမှသူက ဘေးကနေပြပွဲကောင်းတစ်ခုကို စောင့်ကြည့်နိုင််မှာ”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ခေါက်ယပ်တောင်ကို ညင်သာစွာဝေ့ယမ်းပြီး ပြုံး၍အေးအေးလူလူပြောလိုက်၏။
“ဒါကဘာသဘောလဲ”
ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်မှ အကြီးအကဲဟဲက သူတို့ကိုစိုက်ကြည့်ပြီး အော်ပြောလိုက်၏။
“ဘာရယ်မဟုတ်ပါဘူး”
မင်းသားယွမ်ကျောက သူ၏ ပခုံးကိုအနည်းငယ်တွန့်ပြီး သာမန်ကာလျှံကာပြောလိုက်၏။
“ကျုပ်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တပည့်ဂိုဏ်းသားတွေကို ဒုက္ခမရောက်ရအောင် သူတို့ကိုယ်သူတို့ နောက်ပိုင်းမှာ ဘယ်လိုပြုမူနေထိုင်သင့်လဲဆိုတာကို ပြပေးစေချင်ရုံပဲ”
ထိုနေရာအရောက်တွင် တက္ကသိုလ်မှ အကြီးအကဲများကလည်း နားလည်သဘောပေါက်လာခဲ့၏။
မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ အပြုအမူသည် ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်၏ အခြားသောတပည့်များကို အရင်ဆုံး ချုပ်နှောင်ထားပြီး နောက်ပိုင်းမှာ ဆူဇီမိုကို အကူအညီမပေးနိုင်ဖို့ဖြစ်၏။
အစကတော့ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ အစီအစဥ်ဖြင့် ပစ်မှတ်ထားခံရသူက ဆူဇီမိုတစ်ယောက်တည်းသာဖြစ်သည်ဟု လူတိုင်းကတွေးထင်ခဲ့ကြ၏။
သို့သော်လည်း အဖွဲ့အစည်းနှစ်ခုသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်တစ်ခုလုံးကိုပါ ပစ်မှတ်ထားလာလိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
အကြီးအကဲကျုံး၏ အမူအရာက ပျက်ယွင်းသွားပြီး အေးစက်စွာပြောလိုက်၏။
“အစကတည်းက မင်းတို့အဖွဲ့အစည်းနှစ်ခုက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ကိုင်တွယ်ဖို့အတွက် အတူပူးပေါင်းပြင်ဆင်လာခဲ့ကြတာ မဟုတ်ဘူးလား”
ယခင်... ကမ္ဘာမြေအဆင့်သတ်မှတ်ချက်များမှာ အဖွဲ့အစည်းကြီးများ၏ ကျင့်ကြံသူများကြား တိုက်ခိုက်မှုများရှိခဲ့သော်လည်း အဖွဲ့အစည်းတစ်ခုလုံးလိုက် တိုက်ခိုက်မှုများက ပေါ်ထွက်မလာခဲ့ပေ။
အနည်းဆုံးတော့... အင်မော်တယ်နိုင်ငံသုံးနိုင်ငံနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းက ဤမျှအထိ ခွာမပြဲခဲ့ကြပေ။
ယခု... မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းသည် ဤနှစ်တစ်သောင်းတွေ့ဆုံပွဲမှာ ကမ္ဘာမြေအင်မော်တယ်တစ်ယောက်အတွက် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ ကျင့်ကြံသူများကို ပေါ်ပေါ်ထင်ထင် ပူးပေါင်းတိုက်ခိုက်လာခဲ့လေသည်။
“ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်က မဟာကျင်းအင်မော်တယ်နိုင်ငံက အမဲလိုက်နေတဲ့ အပြစ်သားကို ကာကွယ်ပေးလိုတယ်ဆိုမှတော့... ခင်ဗျားတို့တွေက အဲ့ဒါကို တွေ့ကြုံခံစားရမှာပဲ... မင်းသမီးသက်တံနီကလွဲလျှင် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တခြားဘယ်သူကမှ ဒီတစ်ခေါက်ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ သူတို့ရဲ့နာမည်တွေကို မရေးထိုးနိုင်စေရဘူး”
မင်းသားယွမ်ကျောက တစ်စုံတစ်ရာကို ဖုံးကွယ်ထားခြင်းမရှိဘဲ အဲ့ဒါကိုတိုက်ရိုက်ဝန်ခံလိုက်၏။
သူက သရော်တော်တော်အမူအရာတစ်ခုနှင့် လှောင်ရယ်လိုက်၏။
“ကမ္ဘာမြေအဆင့်သတ်မှတ်ချက်အတွက် ဒီတိုက်ပွဲက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်အတွက် သင်ခန်းစာလေးတစ်ခုလို့ ဆိုနိုင်တယ်”
“ရတယ်လေ”
အကြီးအကဲဟဲက ဒေါသထွက်လွန်းသော်လည်း သူက ရယ်မောလိုက်၏။
“မင်းတို့အဖွဲ့အစည်းနှစ်ခုက အရှက်မဲ့ပြီဆိုမှတော့... နောက်ပိုင်းမှာ ငါတို့တက္ကသိုလ်က အညှာအတာမဲ့တယ်ဆိုပြီးတော့ အပြစ်မတင်နဲ့... ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်က ဒီကိစ္စကို ဒီတိုင်းသေချာပေါက်ထားမှာမဟုတ်ဘူး”
လာမည့်နှစ်တစ်သောင်းတွေ့ဆုံပွဲကို ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ ကျင်းပပေလိမ့်မည်။
အိမ်ရှင်အနေဖြင့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာ မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းကို လက်စားချေနိုင်မည့်နည်းလမ်းများစွာရှိနေပေလိမ့်မည်။
သူသည် အကြီးအကဲဟဲ၏ စိတ်ကို ဖတ်မိနိုင်သည့်အလား မင်းသားယွမ်ကျောက ပြုံးလိုက်၏။
“ရတယ်လေ.. အလွန်ဆုံး... ကျုပ်တို့က လာမယ့်နှစ်တစ်သောင်းတွေ့ဆုံပွဲမှာ မဟာကျင်းအင်မော်တယ်နိုင်ငံက လူတချို့တလေကိုပဲ စေလွှတ်ပေးလိုက်ရုံပေါ့... အဲ့ဒါကလည်း ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က လက်စားချေနိုင်အောင်ပါ”
“မင်း...”
အကြီးအကဲဟဲက ဒေါသထွက်နေသော်လည်း သူလုပ်နိုင်တာဘာမှမရှိပေ။
သူတို့သည် အဲ့ဒါကို ကြိုတင်စီစဥ်ပြီး ကောင်းကင်နှင်မြေကြီးတက္ကသိုလ်ကို တိုက်ခိုက်ဖို့ ပြင်ဆင်လာခဲ့သည်ဆိုမှတော့ သူတို့သည် နောက်ပိုင်းအကျိုးဆက်များကို တန်ပြန်တုံ့ပြန်နိုင်မည့်နည်းလမ်းများကို ကြိုတင်ရှာဖွေထားပေလိမ့်မည်။
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ အကြီးအကဲများကိုကြည့်ပြီး အေးအေးလူလူပြုံးလိုက်၏။
“တာအိုရောင်းရင်းတို့... မပူပါနဲ့ ထိုက်ဟွာ.. ထျဲဟန်နဲ့ တခြားသူတွေက သူတို့ရဲ့အကန့်အသတ်ကိုသူတို့ သိပါတယ်... ဆူဇီမိုကလွဲရင် သူတို့ကတက္ကသိုလ်ကအခြားတပည့်ဂိုဏ်းသားတွေရဲ့အသက်ကိုရန်ရှာမှာမဟုတ်ဘူး”
“ဟမ့်...”
အကြီးအကဲကျုံးက ဒေါသချောင်းချောင်းထွက်နေပြီး သူ၏ လက်သီးနှစ်ဖက်ကိုဆုပ်ကာ မင်းသားယွမ်ကျောနှင့် ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်ကို အေးစက်စွာစိုက်ကြည့်နေ၏။
တက္ကသိုလ်မှအကြီးအကဲများက ဒေါသထွက်နေသော်ခည်း သူတို့သည် မည်သည့်အရာကိုမှ မပြုလုပ်နိုင်ဘဲ ဤအခြေအနေကို ခွင့်ပြုပေးထားရ၏။
“စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲဟေ့...”
အင်ပါယာလေဘုရားကျောင်း၏ ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက လက်ခုပ်လက်ဝါးတီး၍ပြုံးလိုက်၏။
“တကယ်တော့... အကြီးအကဲတို့... အဲ့လောက်ထိစိတ်တိုနေစရာမလိုပါဘူး... တခြားရှုထောင့်ကနေကြည့်မယ်ဆိုရင် ဒီကိစ္စက တက္ကသိုလ်က အဲ့ဒီတပည့်ဂိုဏ်းသားတွေကို ကာကွယ်ပေးထားတာပဲ”
“စဥ်းစားကြည့်လေ... တက္ကသိုလ်က အဲ့ဒီတပည့်ဂိုဏ်းသားတွေကို ချိပ်ပိတ်မထားဘူးဆိုရင် နောက်ပိုင်း နှစ်ဦးနှစ်ဖက်ကအသေအကြေတိုက်ခိုက်ကြတဲ့အခါ ထိုက်ဟွာလို ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ရဲ့ရှေ့မှာ တက္ကသိုလ်က တပည့်ဘယ်လောက်များများက ရှင်သန်နိုင်မှာလဲ”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ပြပွဲကိုစောင့်ကြည့်နေရုံသာဖြစ်ပြီး မီးတောက်များကို လောင်စာထပ်ထည့်ပေးလိုက်၏။
“ဟားဟားဟားဟား”
ယွင်ထင်က ဟားတိုက်ရယ်မော၍ ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းကို ကြည့်လိုက်၏။
“ငါအဲ့ဒါကို တကယ်ပဲမြင်တွေ့နေရပြီပဲ... လူတစ်ယောက်က မဟုတ်တာလုပ်ပြီး လူကြားကောင်းအောင်လျှောက်ပြောနေတာ... ငါပထမဆုံးအကြိမ်ကြားဖူးတာပဲ”
ကောင်းကင်အင်မော်တယ်တောင်ထွတ်စိမ်းက ရယ်မောလိုက်၏။
မိုးကောင်းကင်ကိုးလွှာတွင်...။
“နင်တို့တွေ ဘာလုပ်နေကြတာလဲ”
မင်းသမီးသက်တံနီက ဖမ်းချုပ်ခံထားရပြီး သူမကမျက်မှောင်ကြုတ်လိုက်၏။
အင်မော်တယ်ထိုက်ဟွာနှင့် ထျဲဟန်ကို စိုက်ကြည့်ပြီး သူမက ဒေါသထွက်နေသောအမူအရာဖြင့် ပြောလိုက်၏။
အင်မော်တယ်ထိုက်ဟွာမှာ ဝင့်ကြွားသောအမူအရာတစ်ခုရှိပြီး မင်းသမီးသက်တံနီကို လျစ်လျူရှုထား၏။ သူက ကျောက်စာတိုင်၏ ဘေးတစ်ဘက်သို့ လျှောက်လှမ်းသွားပြီး သူ၏ မျက်လုံးနှစ်ဖက်ကိုမှိတ်ကာ ဆက်လက်၍ အနားယူနေလိုက်၏။
“မင်းသမီး... ကျုပ်တို့ခင်ဗျားကို ဒုက္ခပေးရဦးမယ်”
ထျဲဟန်က မှင်သေသေဖြင့် ပြောလိုက်၏။ သူက မင်းသမီးသက်တံနီကို မယူပြီး တင်ပျဥ်ခွေထိုင်နေသောပုံစံဖြင့် ကျောက်စာတိုင်၏ ဘေးမှာ သူမကို နေရာချပေးလိုက်၏။
ဖြစ်စဥ်တစ်လျှောက်လုံးမှာ မင်းသမီးသက်တံနီသည် လှုပ်ရှားနိုင်ခြင်းမရှိဘဲ ထျဲဟန်က သူမကို ကိုင်တွယ်ထိန်းချုပ်နေသည်ကို ခွင့်ပြုပေးထားရ၏။
“ငါ့ကိုလွှတ်စမ်း”
မင်းသမီးသက်တံနီကပြောလိုက်၏။
“နင်ဘယ်လိုတောင် ငါ့ကိုထိရဲတာလဲ... ဒါက ယန်ယန်းအင်မော်တယ်နိုင်ငံပဲ”
“ခွေးကောင်”
မင်းသမီးသက်တံနီက လုံးဝမလှုပ်ရှားနိုင်ဘဲ သူမ၏ ရင်ထဲရှိအမျက်ဒေါသများကို ဆဲဆိုခြင်းဖြင့်သာ ဖွင့်ထုတ်နေရ၏။
“တော်တော်နားညီးတာပဲ”
အင်မော်တယ်ထိုက်ဟွာက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူ၏ လက်ချောင်းကို ညင်သာစွာဝေ့ယမ်းလိုက်၏။ သူ၏ အမြုတေချီက လေထဲမှာရှေးဟောင်းစာလုံးတစ်ခုကို လျင်မြန်စွာစုဖွဲ့လာစေပြီး မင်းသမီးသက်တံနီ၏ မျက်နှာပေါ်သို့ ဆင်းသက်သွား၏။
“ဝူး...ဝူး...”
မင်းသမီးသက်တံနီက စကားမပြောဆိုနိုင်တော့ဘဲ သူမ၏ မျက်နှာက နီမြန်းလာကာ သူမကပို၍ပင် ဒေါသထွက်လာခဲ့၏။
သို့သော်လည်း သူမက ခဏမျှလှုပ်ရှားရုန်းကန်ပြီးနောက် အင်မော်တယ်ထိုက်ဟွာ၏ ချိပ်စည်းကနေ ရုန်းမထွက်နိုင်ဘူးဆိုတာ သိလိုက်ရ၏။ သူမက အနည်းငယ်မောဟိုက်လာပြီး မလှမ်းမကမ်းမှာရှိသော ထိုက်ဟွာနှင့် ထျဲဟန်ကိုစိုက်ကြည့်ကာ သူတို့ကို အရှင်လတ်လတ် အရေခွံစုတ်ပစ်ချင်နေ၏။
မလှမ်းမကမ်းမှာ ဖုန်းယင်က ဤကိစ္စကို လျစ်လျူရှုထားသည့်အလား တစ်ချိန်လုံး သူ၏ မျက်လုံးကို ဖွင့်မလာခဲ့ပေ။
တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်း၏ ယွဲ့ဖုန်က ဘေးကနေ အေးစက်စွာစောင့်ကြည့်နေ၏။ သူက တစ်စုံတစ်ရာကို ခန့်မှန်းမိသော်လည်း သူက မည်သည့်အရာကိုမှ ဝင်မပြောပေ။
ဤကိစ္စသည် သူနှင့် သို့မဟုတ် တောင်တန်းပင်လယ်အင်မော်တယ်ဂိုဏ်းနှင့် သက်ဆိုင်မှုမရှိပေ။
သူက အဲ့ဒါကို အရေးလုပ်နေစရာ မလိုပေ။
ဤတစ်ခေါက်မှာ သူ့တွင် တစ်ခုတည်းသောပန်းတိုင်သာရှိလေသည်။ အဲ့ဒါက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးနေရာကို တတ်နိုင်သမျှမြင့်မြင့်မားမားတက်လှမ်းနိုင်ဖို့ဖြစ်၏။
သိပ်မကြာခင် ခြောက်ယောက်မြောက်ကျင့်ကြံသူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ရှေ့သို့ ရောက်ရှိလာခဲ့၏။ သူကလည်း အင်မော်တယ်ပျံဂိုဏ်းမှဖြစ်ပြီး သူ၏ တာအိုဘွဲ့က ချင်ချန်ဇီဖြစ်လေသည်။ သူ့မှာ ချောမောသောမျက်နှာရှိပြီး သူ၏ ဝတ်ရုံဖြူက လေအဝေ့မှာတဖျပ်ဖျပ်လွင့်ကာ ထူးခြားသည့်ပုံပေါ်နေ၏။
အင်မော်တယ်ထိုက်ဟွာ၏ ပေါ်ထွက်လာမှုကြောင့်မဟုတ်လျှင် ချင်ချန်ဇီသည် အင်မော်တယ်ပျံဂိုဏ်း၏ နံပါတ်တစ် ကမ္ဘာမြေအင်မော်တယ်ဖြစ်နေပေလိမ့်မည်။
ချင်ချန်ဇီသည် ရောက်ရှိလာခဲ့ပြီး ကျောက်စာတိုင်ပေါ်မှာ သူ၏ နာမည်ကို ရေးထိုးလိုက်၏။ မင်းသမီးသက်တံနီက ချုပ်နှောင်ခံထားရသည်ကို တွေ့မြင်သောအခါ သူက လုံးဝအံ့အားသင့်သွားခြင်းမရှိဘဲ အင်မော်တယ်ထိုက်ဟွာကို အနည်းငယ်ဦးညွှတ်ကာ အနားယူဖို့အတွက် ထိုင်ချလိုက်၏။
ခုနှစ်ယောက်မြောက်ကျင့်ကြံသူက ကျောက်စာတိုင်ရှေ့သို့ရောက်ရှိလာပြီး ထိုသူက ယန်ယန်းအင်မော်တယ်နိုင်ငံမှ ရှဲ့ယွင်ဖြစ်လေသည်။
ယန်ယန်းအင်မော်တယ်နိုင်ငံ တော်ဝင်မိသားစု၏ လူငယ်မျိုးကဆက်များကြားတိုက်ပွဲတွင်... မင်းသမီးသက်တံနီက ရှဲ့ယွင်ကို ရှုံးနိမ့်ခဲ့လေသည်။
ကြိုတင်ခန့်မှန်းထားသော ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ ရှဲ့ယွင်သည်လည်း ထိပ်ဆုံးဆယ်ယောက်ထဲမှာ ပါဝင်လေသည်။