← Chapters

သစ်ပင်

Vol. 148 Ch. 2217

သစ်ပင်

Vol. 148 Ch. 2217

“ဖွီ...”

ယဲ့ဖေးက အဖြူရောင်ချီစီးကြောင်းတစ်ခုကို ထွေးထုတ်ပြီး ဓားပျံတစ်လက်ကဲ့သို့ ချင်ချန်ဇီ၏ မျက်နှာဆီသို့ ဝင်ရောက်သွားစေ၏။ အဲ့ဒါက ထက်ရှပြီး နတ်ဘုရားလက်နက်များထက် မနိမ့်ကျပေ။

ချင်ချန်ဇီက မဆင်မခြင်မပြုမူရဲဘဲ ခပ်မြန်မြန်ရှောင်တိမ်းလိုက်၏။

တစ်ချိန်တည်းမှာပင် ယဲ့ဖေး၏ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး ဆူနာမီသံက ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီက လျှံတက်လာပြီး နဂါးများနှင့် ဆင်တူသော ဓားချီစီးကြောင်းများကို ထုတ်ဖော်လိုက်၏။

သူတို့က တစီစီအော်မြည်၍ ထူးခြားသောအော်ရာတစ်ခုနှင့်အတူ သူ၏ ဘေးပတ်လည်မှာ လှည့်ပတ်နေ၏။

မျိုးဆက်သွေးနယ်မြေ...။

သူက အခွင့်မသာသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီဆိုတာကို သိရှိလိုက်ပြီး ယဲ့ဖေးက သူ့ခွန်အားကို ထိန်ချန်မထားရဲပေ။

ချွင်... ချွင်....

ချင်ချန်ဇီထုတ်ဖော်ထားသော အမြုတေချီမျှင်ဆယ်ခုက ဓားချီဖြင့်ဖြတ်တောက်ခြင်းခံလိုက်ရ၏။

ယဲ့ဖေး၏ ခန္ဓာကိုယ်ပေါ်မှ နှင်းခဲများက ဓားချီ၏ ဆေးကြောသန့်စင်မှုအောက်မှာ ကြေမွသွားပြီး ရေခဲအပိုင်းအစများက ပြန့်ကျဲသွား၏။

“ချိပ်စည်း”

ထိုစဥ်မှာပင် သူ၏ ဘေးကနေ မှင်သေသေအသံတစ်သံ ထွက်ပေါ်လာ၏။

စွမ်းအားကြီးမားသော ရှေးဟောင်းစာလုံးတစ်လုံးက ဆင်းသက်လာပြီး ယဲ့ဖေး၏ ဘေးပတ်လည်ရှိ မျိုးဆက်သွေးနယ်မြေကိုထိုးဖောက်ကာ သူ၏ ရင်ဘတ်ပေါ်မှာ ဓားချီများစွာကို ဖိနှိပ်လိုက်၏။

အင်မော်တယ်ထိုက်ဟွာက တိုက်ခိုက်လိုက်ပြီဖြစ်၏။

ရှေးဟောင်းစာလုံးက ထူးဆန်းသောစွမ်းအားတစ်ခုကို ဖြာထုတ်ပေးနေပြီး အဲ့ဒါကို ယဲ့ဖေး၏ မျိုးဆက်သွေးနယ်မြေကပင် မခုခံနိုင်ပေ။

ယဲ့ဖေးက ခပ်သဲ့သဲ့ ညည်းတွားပြီး သူ၏ ခန္ဓာကိုယ်က ဆတ်ခနဲတုန်ယင်သွား၏။

သူ့ကိုဝန်းရံထားသည့် မျိုးဆက်သွေးဓားချီကလည်း ပျက်ပြယ်သွား၏။

သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်ကို အသက်သွင်း၍ သူ၏ အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ထုတ်ဖော်ကာ အမြုတေချီကိုစုစည်းဖို့ ကြိုးပမ်းချင်၏။

သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် အမြုတေချီက အင်အားကြီးမားသော စွမ်းအားတစ်ခုဖြင့် လုံးဝချိပ်ပိတ်ခံလိုက်ရပြီဖြစ်၏။

“အဲ့ဒါက ပြန်ဝင်စားအင်မော်တယ်တစ်ယောက်ရဲနည်းလမ်းလား”

ယဲ့ဖေးက မလှမ်းမကမ်းမှာ အင်မော်တယ်ထိုက်ဟွာကိုကြည့်ပြီး လှောင်ရယ်လိုက်၏။

“အုပ်စုလိုက်အနိုင်ကျင့်နေကြတာပဲ... ဘယ်လောက်တောင်အရှက်မဲ့လိုက်သလဲ”

အင်မော်တယ်ထိုက်ဟွာ၏ အမူအရာက ညိုမည်းသွား၏။

သူသည် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း သူက သူ့ကိုယ်သူ ပကတိအင်မော်တယ်တစ်ယောက်အဖြစ် အမြဲတမ်းမှတ်ယူထားလေသည်။

ယဲ့ဖေး၏ ရိုင်းပျသောစကားလုံးများက ကမ္ဘာမြေအင်မော်တယ်တစ်ယောက်သည် သူ့လိုပကတိအင်မော်တယ်တစ်ယောက်ကို စိန်ခေါ်နေခြင်းနှင့်တူလေသည်။

သူ၏ ရင်ထဲရှိသတ်ဖြတ်လိုစိတ်က ထိုးတက်လာသော်လည်း သူက အဲ့ဒါကို အလျင်အမြန်ဖိနှိမ်လိုက်၏။

အစကတော့ အင်မော်တယ်ထိုက်ဟွာက တိုက်ခိုက်ဖို့စိတ်ကူးမရှိခဲ့ပေ။

သို့သော်လည်း ထျဲဟန်နှင့် ချင်ချန်ဇီက အချီရေအနည်းငယ်ကြာအပြီး၌ ယဲ့ဖေးကိုမဖိနှိမ်နိုင်ဘူးဆိုတာ တွေ့မြင်လိုက်ရသောအခါ သူကအနည်းငယ်စိတ်မရှည်နိုင်ဖြစ်လာခဲ့၏။

တစ်စုံတစ်ရာဖြစ်ပွားလာမည်ကို စိုးရိမ်ပူပန်ပြီး သူကယဲ့ဖေးကို ချက်ချင်းပင်ချိပ်ပိတ်လိုက်၏။

“မင်းပါးစပ်ကြောင့် ဒုက္ခမရောက်ရအောင် ငါ့ရှေ့မှာ စကားကိုဆင်ခြင်ပြောတာကောင်းလိမ့်မယ်”

အင်မော်တယ်ထိုက်ဟွာ၏ လေသံက ဂရုမထားသည့်ဟန်ရှိသော်လည်း အဲ့ဒီမှာသတ်ဖြတ်လိုစိတ်က ပါဝင်နေ၏။

“ငါက ဒီတစ်ခါ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို မျက်နှာသာပေးထားလို့ မင်းနဲ့ဖက်ပြိုင်ပြီး ရန်ဖြစ်မနေတော့ဘူး”

ထို့နောက် အင်မော်တယ်ထိုက်ဟွာ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး နောက်ထပ်ရှေးဟောင်းစာလုံးတစ်လုံးကို ထုတ်ဖော်ကာ ယဲ့ဖေး၏ ပါးစပ်ကိုချိပ်ပိတ်လိုက်၏။

ယွဲ့ဖုန်၊ ယွင်လေနှင့် ရှဲ့ယွင်တို့က သူတို့၏ ခေါင်းများကို ခါယမ်းလိုက်ကြ၏။

အင်မော်တယ်ထိုက်ဟွာ၊ ထျဲဟန်နှင့် ချင်ချန်ဇီတို့၏ တိုက်ခိုက်ရည်ခွန်အားသည် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးငါးယောက်ထဲမှာ ရပ်တည်နိုင်၏။

သူတို့က ပူးပေါင်းတိုက်ခိုက်လာမည်ဆိုလျှင် ယဲ့ဖေးကိုမပြောနှင့် ဖုန်းယင်ပင်လျှင် မည်သည့်အသာစီးမှ ရရှိချင်မှရရှိပေလိမ့်မည်။

ဖုန်းယင်သည် တစ်ချိန်လုံး သူ၏ မျက်လုံးကို မဖွင့်ဘဲ ဤကိစ္စကို လျစ်လျူရှုလိုက်၏။

သူက သူ၏ မျက်လုံးများကိုမှိတ်၍ အနားယူနေဆဲဖြစ်၏။

ထျဲဟန်သည် စကားမပြောဆိုနိုင်တော့သည့် ယဲ့ဖေးကို ကျောက်စာတိုင်၏ ဘေးသို့ ခေါ်ဆောင်သွား၏။ သူက ထိုသူကို မင်းသမီးသက်တံနီ၏ ဘေးသို့ ရွှေ့ပြီး အားဖြည့်နေသည့်ပုံစံပြုလုပ်ပေးလိုက်၏။

“ဝူး...အူး...”

မင်းသမီးသက်တံနီက ယဲ့ဖေးကိုကြည့်ပြီး တစ်စုံတစ်ရာပြောချင်နေပုံရ၏။

ယဲ့ဖေး၏ အမူအရာက အေးစက်နေပြီး တစ်ချိန်လုံးမည်သည့်စကားမှမဆိုပေ။

တက္ကသိုလ်အပြင်ဂိုဏ်း၏ နံပါတ်တစ်အနေဖြင့် သူသည် သူကိုယ်တိုင်သာမက ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကိုပါ ကိုယ်စားပြုလေသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က သူ့ကို သေချာပေါက်အသေခံလိမ့်မည် မဟုတ်ပေ။

သူသည်လည်း မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ အကြံအစည်အောင်မြင်အောင် သေချာပေါက်ခွင့်ပြုပေးလိမ့်မည် မဟုတ်ပေ။

သူက အသံတိတ်၍ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေ၏။

ရင်ပြင်ပေါ်မှာ... ။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများက အမူအရာလွန်စွာပျက်ယွင်းနေကြ၏။

“ကောင်းတယ်ကွာ... ကောင်းတယ်.. ကောင်းတယ်”

အကြီးအကဲကျုံးက အံကိုကြိတ်ပြီး သူ၏ရင်ထဲရှိအမျက်ဒေါသကို ဖိနှိမ်လိုက်၏။

“မဟာကျင်းအင်မော်တယ်နိုင်ငံနဲ့ အင်မော်တယ်ပျံဂိုဏ်းက တကယ့်ကိုအထင်ကြီးစရာပဲ... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က ဒီနေ့အရှက်ခွဲခံရတာကို မှတ်ထားတယ်... အဲ့ဒါကိုအနာဂတ်မှာ သေချာပေါက်ပြန်ပေးဆပ်ခိုင်းမယ်”

မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်း၏ အပြုအမူများသည် ဆူဇီမိုကိုသာပစ်မှတ်ထားခြင်း မဟုတ်ပေ။

နှစ်တစ်သောင်းတွေ့ဆုံပွဲ၌ များစွာသောဂိုဏ်းများ၊ အဖွဲ့အစည်းများနှင့် မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရှေ့မှာ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းနှင့်တူလေသည်။

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အခြားတပည့်များကိုမပြောနှင့် ယဲ့ဖေးပင်လျှင် အသက်ရှုချိန်အနည်းငယ်ထက်ပိုအောင် တောင့်မခံနိုင်ခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်သို့ရောက်ရှိလာသော ကျင့်ကြံသူများက ပို၍ပို၍များပြားလာ၏။

ထျဲဟန်အပါအဝင် မဟာကျင်းအင်မော်တယ်နိုင်ငံဘက်မှာ လူခြောက်ယောက်ရှိလာခဲ့ပြီဖြစ်၏။

အင်မော်တယ်ထိုက်ဟွာအပါအဝင် အင်မော်တယ်ပျံဂိုဏ်းမှ လူခုနှစ်ယောက် ရောက်ရှိလာခဲ့ပြီဖြစ်၏။

နောက်ပိုင်းမှာ အင်မော်တယ်ထိုက်ဟွာက လှုပ်ရှားမှုမပြုလုပ်လျှင်တောင် မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ အခြားသောကျင့်ကြံသူများသည် တက္ကသိုလ်မှရောက်ရှိလာသော ကျင့်ကြံသူများကို ဖိနှိမ်နိုင်ပြီဖြစ်၏။

ထိုအခိုက်အတန့်မှာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့တွင် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်မှ တပည့်ဂိုဏ်းသားဆယ်ယောက်က ချိပ်ပိတ်ခံထားရပြီဖြစ်၏။

ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ပေါ်မှာ နာမည် ၄၈ခု ရှိလာခဲ့လေပြီ။

အဆင့်-၄ တွင်...

ဆူဇီမို၏ ခရီးစဥ်က ချောမွေ့၍ မည်သည့်အဟန့်အတားမှမရှိဘဲ အလယ်မှာရှိသော ပို့ဆောင်ရေးဝင်္ကပါသို့ ရောက်ရှိလာခဲ့၏။ အရင်ဆုံးသူက တံဆိပ်ပြားပေါ်မှ အဆင့်သတ်မှတ်ချက်ကို စစ်ဆေးကြည့်လိုက်၏။ အဲ့ဒီမှာလုံလောက်သည့်အချိန် ရှိနေသေးလေသည်။

သူက သူ၏ ဘေးပတ်ဝန်းကျင်ကို ထောက်လှမ်းပြီး မလှမ်းမကမ်းမှာရှိသော မိုးမခပင်တစ်ပင်ကို ကြည့်လိုက်၏။

မိုးမခသစ်ပင်သည် အချိန်ကြာမြင့်စွာတည်ရှိခဲ့ပြီး ၎င်း၏ ပင်စည်က ကြမ်းတမ်းသောသစ်ခေါက်နှင့်အတူ ဖြောင့်မတ်နေ၏။ ၎င်း၏ သစ်ကိုင်းများက ချောမွေ့၍ မြစိမ်းရောင်ဖြစ်ပြီး လေထဲမှာတွဲလောင်းကျ၍ ညင်သာသောလေပြေအဝေ့မှာ ယိမ်းနွဲ့နေ၏။

မိုးမခသစ်ပင်က ရှေးကျသော်လည်း ၎င်းထံကနေ အလွန်တရာပေါကြွယ်ဝသော အသက်ဓာတ်အားတစ်ခုကို ဖြာထုတ်ပေးနေ၏။

သို့သော်လည်း သူ၏ ဘေးပတ်လည်မှ စိမ်းလန်းစိုပြေသော သစ်ပင်များနှင့်ယှဥ်လျှင် သူ့ရှေ့မှ မိုးမခပင်သည် အနည်းငယ်ထူးဆန်း၍ ကြောက်စရာကောင်းနေ၏။

အကြောင်းမှာ နုနယ်သောမိုးမခသစ်ကိုင်းများပေါ်တွက် ခြောက်သွေ့နေသော လူအရေခွံများကို ချိတ်ဆွဲထားသောကြောင့်ဖြစ်၏။

သူတို့မှာ မည်သည့်အသား သို့မဟုတ် မည်သည့်အရိုးမှမရှိတော့ဘဲ ရှုံ့တွနေသော လူအရေခွံများက ကြောက်မက်ဖွယ်ရာကောင်းနေ၏။ သေဆုံးချိန်မှာတောင် သူတို့၏ မျက်နှာများပေါ်တွင် ဖော်မပြတတ်သော အကြောက်တရားတစ်ခုရှိနေ၏။

မိုးမခသစ်ကိုင်းတချို့ပေါ်မှာ တွဲလောင်းကျနေသော ကျင့်ကြံသူများပင်ရှိနေ၏။ သူတို့က ဤတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ ရှုံးထွက်အဆင့်မှာ ပါဝင်ခဲ့ကြသော ကမ္ဘာမြေအင်မော်တယ်များဖြစ်ပြီး မကြာသေးခင်ကမှ သေဆုံးထားသည်မှာသိသာလေသည်။

အားနည်းပုံရသော မိုးမခသစ်ကိုင်းများက ကျင့်ကြံသူများ၏ လည်ပင်များကို ရစ်ပတ်ထား၏။

အာရုံစိုက်၍ ကြည့်ရှုမည်ဆိုလျှင် မိုးမခသစ်ကိုင်းများပေါ်ရှိ သေးငယ်သော ဆူးချွန်များက ကျင့်ကြံသူများ၏ လည်ပင်များပေါ်ရှိ သွေးပြန်ကြောများကို ထိုးဖောက်ကာ သူတို့၏ အသက်ဓာတ်အားကို ဖြည်းဖြည်းချင်းစုပ်ယူနေသည်ကို တွေ့ရှိရပေလိမ့်မည်။

သိပ်မကြာခင်... ထိုကမ္ဘာမြေအင်မော်တယ်များသည်လည်း ခြောက်သွေ့သောလူအရေခွံများအဖြစ် အဆုံးသတ်သွားရပေလိမ့်မည်။

သတ်ဖြတ်ခြင်းနှင့် သွေးလွှမ်းတိုက်ပွဲများနှင့် အသားကျနေခဲ့သော ဆူဇီမိုပင်လျှင် ရွံရှာစက်ဆုပ်မှုကို ခံစားလိုက်ရ၏။

သူက မိုးမခသစ်ပင်ရှိရာသို့ လျှောက်လှမ်းသွား၏။

သူထင်တာမမှားဘူးဆိုလျှင် ဤနေရာလွတ်၏ ရတနာက ဤမိုးမခပင်ဖြစ်ရပေမည်။

သိပ်မကြာခင် ဆူဇီမိုသည် မိုးမခပင်၏ အဝန်းဝိုင်းရှေ့သို့ ရောက်ရှိလာခဲ့၏။ လောလောလတ်လတ်အလောင်းများကို ချိတ်ဆွဲထားသည့် မိုးမခသစ်ကိုင်းများက သူ့ကိုမရှောင်လွှဲပေ။ ထိုအစား သူတို့က လေအဝေ့မှာ ညင်သာစွာယိမ်းနွဲ့လာပြီး မျက်လုံးများပြူးကျယ်နေသည့်အလောင်းများကို ဆူဇီမို၏ ရှေ့မှာ ယမ်းခါပြလိုက်၏။

အဲ့ဒါက တိုက်ဆိုင်မှုဟုထင်ရသော်လည်း အဲ့ဒါကသတိပေးချက်တစ်ခုနှင့်ပိုတူလေသည်။

“ဟဲဟဲ”

ဆူဇီမိုက ပြုံးလိုက်၏။

“မင်းက ရတနာတစ်ခုကိုရရှိထားတာနဲ့ပဲ ငါနဲ့တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား”

ဆူဇီမိုက မလှမ်းမကမ်းမှာရှိသော မိုးမခပင်ကိုစိုက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။

ထိုအခိုက်အတန့်မှာ အခြားသောဒေသပေါက်ပင်များသည် သူ၏ အော်ရာကို အာရုံခံမိသောအခါ သူတို့က အညံ့ခံ၍နောက်ဆုတ်ပြီး လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်ပေးကြမည်ဖြစ်၏။

မည်သည့်ဒေသပေါက်ပင်သက်ရှိကမှ သူနှင့်လုံးဝမတိုက်ခိုက်ရဲပေ။

သို့သော်လည်း သူ့ရှေ့မှာရှိသော မိုးမခသစ်ပင်က အချိန်ကြာမြင့်စွာရှင်သန်လာခဲ့ပြီး ရတနာတစ်ခုကို ရရှိပိုင်ဆိုင်ထား၏။ အဲ့ဒါက လမ်းမဖယ်ပေးရုံသာမက ဆူဇီမိုကိုပင် ခြောက်လှန့်ချင်နေ၏။

“ဂျူနီယာညီဆူ... မင်းအဲ့ဒီမှာ ဘာလုပ်နေတာလဲ”

ထိုစဥ်မှာပင် လျှိုဖျင်က နောက်ဆုံးမှာ လိုက်မီလာခဲ့ပြီး မောဟိုက်နေ၏။

“ငါနောက်ဆုံးတော့... အဲ့ဒါကိုနားလည်သွားပြီ... အဲ့ဒါက...”

လျှိုဖျင်က စကားဆုံးအောင်မပြောရသေးခင်မှာပင် အပြောင်းအလဲတစ်ရပ်ပေါ်ထွက်လာ၏။

ရွှစ်...

လျှိုဖျင်ဝင်ရောက်လာသည့်ခဏမှာပင် စောစောက ယိမ်းနွဲ့နေခဲ့သော ညင်သာပျော့ပြောင်းသည့် မိုးမခသစ်ကိုင်းများက သူတို့၏ သားကောင်ကို အာရုံခံမိလိုက်သည့်အလား အရမ်းကိုစိတ်လှုပ်ရှားတက်ကြွလာပုံရပြီး လေထုကို ဖြတ်ကျော်လာခဲ့၏။

မိုမခသစ်ကိုင်းများစွာသည် သွေးဆာရက်စက်သော စပါးအုံးမြွေများကဲ့သို့ ခပ်ဖျော့ဖျော့သွေးရောင်အလင်းတစ်ခုဖြင့် တောက်ပလာခဲ့၏။

ဆူးချိတ်များက သူတို့ကိုယ်ထည်များကနေ ကြီးထွားလာပြီး လျှိုဖျင်ထံသို့ ရစ်ပတ်ရန် ဝင်ရောက်လာခဲ့၏။

All Chapters