လိုက်လံဖမ်းဆီးခြင်း
Vol. 148 Ch. 2219
ရင်ပြင်က တိတ်ဆိတ်ငြိမ်သက်သွား၏။
အနည်းဆုံးတော့... မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်ကို ကိုင်တွယ်ဖို့ ပူးပေါင်းခဲ့စဥ်က သူတို့၏ အကန့်အသတ်ကိုသူတို့ သိရှိထားခဲ့ကြ၏။
သူတို့သည် ကြားဝင်စွက်ဖက်ခြင်းမရှိနိုင်စေရန် သို့မဟုတ် ဆူဇီမိုကို ကူညီမပေးနိုင်ရန် တက္ကသိုလ်မှတပည့်ဂိုဏ်းသားများကို ချုပ်နှောင်ထားရုံမျှသာဖြစ်၏။
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများက မကျေမနပ်ဖြစ်နေသော်လည်း သူတို့က အဲ့ဒါကိုသည်းခံနိုင်နေသေး၏။
သို့သော်ယခု... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အပြင်ဂိုဏ်း၏ နံပါတ်တစ် ယဲ့ဖေးက အင်မော်တယ်ထိုက်ဟွာ၏ သတ်ဖြတ်ခြင်း ခံလိုက်ရလေပြီ။
အခြေအနေက အရှိန်အဟုန်မြင့်တက်လာပြီး ထိန်းချုပ်မှုအောက်ကနေပင် လွတ်ထွက်လာခဲ့၏။
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်၏ မျက်ရစ်ကပင်လျှင် တုန်လှုပ်မှုဖြင့် အနည်းငယ်တဆတ်ဆတ်လှုပ်သွား၏။
အဖွဲ့အစည်းနှစ်ခုသည် ဆူဇီမိုကို သတ်ဖြတ်ဖို့အတွက် ပူးပေါင်းခဲ့စဥ်က ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်နှင့် ဆိုးဆိုးဝါးဝါးခွာမပြဲစေရန် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အခြားမည်သူ၏ အသက်ကိုမှ ရန်မရှာဖို့ သူနှင့်မင်းသားယွမ်ကျောက သူတို့ကို မှာကြားထားခဲ့၏။
သို့သော်လည်း... ယဲ့ဖေးသည် ဤမျှထိပြတ်သားပြီး အခြားသူများ၏ ထိန်းချုပ်ခြင်းကိုခံရဖို့ထက်... ဘဝသက်တမ်းစွန့်လွှတ်စတေးခြင်းပညာရပ်ကို ထုတ်ဖော်လိုလိမ့်မည်ဟု သူကထင်မှတ်မထားခဲ့ပေ။
ဒါ့အပြင် ယဲ့ဖေးသည် အင်မော်တယ်ထိုက်ဟွာကို ထပ်ဖန်တလဲလဲရိုင်းပျစွာပြောဆိုခဲ့၏။
အင်မော်တယ်ထိုက်ဟွာသည် ပကတိအင်မော်တယ်တစ်ယောက်ပြန်ဝင်စားလာခြင်းဖြစ်၏။
သူသည် ကမ္ဘာမြေအင်မော်တယ်နယ်ပယ်မှာသာရှိနေသော်လည်း သူသည် ပကတိအင်မော်တယ်တစ်ယောက်၏ မာန်မာနနှင့် ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားပြီဖြစ်၏။
သူသည် လူတိုင်း၏ ရှေ့မှာ ယဲ့ဖေး၏ ကျိန်ဆဲပြောဆိုခြင်းနှင့် မျက်နှာကိုသွေးဖြင့်အထွေးခံရခြင်းကို လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။
သူ၏ သတ်ဖြတ်လိုစိတ်ကို ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ သူက ယဲ့ဖေးကို နေရာမှာပင်သတ်ဖြတ်ခဲ့၏။
ကောင်းကင်နှင့် မြေကြီးတက္ကသိုလ်မှ အကြီးအကဲများက စားပွဲကိုရိုက်ပြီး ဒေါသူပုန်ထနေသောအမူအရာများဖြင့် မတ်တတ်ထရပ်လိုက်ကြ၏။
“အဖြူရောင်ပင်လယ်... ဒါကဘာသဘောလဲ”
အကြီးအကဲကျုံးက ဒေါသထွက်နေပြီး သူ့ရှေ့မှာရှိသော စားပွဲကို အင်မော်တယ်ပျံဂိုဏ်းရှိရာဘက်သို့ ကန်ထုတ်လိုက်၏။
အင်မော်တယ်ပျံဂိုဏ်းရှိရာဘက်မှာ ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်ဦးဆောင်လာသော ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် မတ်တတ်ထရပ်ပြီး သူတို့၏ သိုလှောင်အိတ်များပေါ် သူတို့၏ လက်များကို တင်ထားလိုက်ကြ၏။
နှစ်ဦးနှစ်ဖက်ကြားအခြေအနေက တင်းမာလာပြီး ကြီးမားသောတိုက်ပွဲတစ်ခုက အချိန်မရွေးပေါ်ထွက်လာနိုင်၏။
“အားလုံးပဲစိတ်လျှော့ကြပါ”
ပကတိအင်မော်တယ်ရှဲ့လင်က သိပ်သည်းပြင်းထန်သော ပကတိအင်မော်တယ်ဖိအားတစ်ရပ်ကို ထုတ်ဖော်ပြီး ရင်ပြင်ကိုလွှမ်းခြုံသွားစေ၏။ ဤကဲ့သ်ို့ကျယ်ပြော၍ ခံ့ညားသောဖိအားအောက်မှာ မည်သူကမှ မတိုက်ခိုက်နိုင်ကြပေ။
သူသည် ဤတစ်ခေါက်နှစ်တစ်သောင်းတွေ့ဆုံပွဲကို ဧည့်ခံကျင်းပပေးနေပြီး နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခကို ကောင်းကင်အင်မော်တယ်များကြား နောက်ထပ်တိုက်ပွဲတစ်ခုဖြစ်လာသည်အထိ အရှိန်အဟုန်မြင့်တက်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်သည် သူ၏ ဣန္ဒြေကို တဖြည်းဖြည်းပြန်ထိန်းပြီး သူ၏ခေါက်ယပ်တောင်ကိုဖြန့်ကာ အေးစက်စွာလှောင်ရယ်လိုက်၏။
“အကြီးအကဲကျုံး... ခင်ဗျားတို့တက္ကသိုလ်တပည့်ဂိုဏ်သားက ထပ်တလဲလဲ ရန်စစော်ကားခဲ့လို့သေရတာပဲ... အင်မော်တယ်ထိုက်ဟွာကို ဒီကိစ္စအတွက် အပြစ်တင်လို့မရဘူး”
“အင်မော်တယ်ထိုက်ဟွာက ပကတိအင်မော်တယ်တစ်ယောက်ပြန်ဝင်စားလာတာပဲ... ကျုပ်တောင်မှ သူ့ကိုတွေ့တဲ့အခါ အရိုအသေပေးရတယ်... သူ့ကိုကမ္ဘာမြေအင်မော်တယ်တစ်ယောက်က ဘယ်လိုလုပ်စော်ကားပြောဆိုလို့ရမှာလဲ”
အကြီးအကဲဟဲက မုန်းတီးမှုဖြင့်ပြည့်နှက်လာပြီး အေးစက်စွာပြောလိုက်၏။
“ငါတို့တက္ကသိုလ်တပည့်ဂိုဏ်းသားက အသတ်ခံရသင့်တယ်လို့ မင်းပြောချင်တာလား”
“ကျုပ်အဲ့လိုမပြောပါဘူး”
ကောင်းကင်အင်မော်တယ်အဖြူရောင်ပင်လယ်က သူ၏ ပခုံးကို အနည်းငယ်တွန့်ပြီး ပြောလိုက်၏။
“ဒါပေမဲ့ ကောင်းကင်ဘုံကိုးလွှာရဲ့ စည်းမျဥ်းစည်းကမ်းတွေက သေခြင်းရှင်ခြင်းတိုက်ပွဲတွေကို ခွင့်ပြုပေးထားတာပဲ... အင်မော်တယ်ပျံဂိုဏ်းက အခုချိန်ထိစည်းမျဥ်းစည်းကမ်းကို ချိုးဖောက်ခဲ့တာမရှိဘူး”
မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းပြုလုပ်ခဲ့သောအရာရာတိုင်းသည် အရှက်မဲ့ရာကျသော်လည်း အဲ့ဒါသည် ယခုအချိန်ထိ စည်းမျဥ်းစည်းကမ်းများအတွင်းမှာ တကယ်ပင်ရှိနေ၏။
မင်းသားယွမ်ကျောက သူ၏ မျက်ခုံးကို အနည်းငယ်ပင့်ပြီးငေါက်ငမ်းလိုက်၏။
“ဘာလို့လဲ... တခြားဂိုဏ်းက ကျင့်ကြံသူတွေကတော့ သေလို့ရတယ်... ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တပည့်ဂိုဏ်းသားတွေကတော့ မရဘူးလား”
ကောင်းကင်အင်မော်တယ် တောင်ထွတ်စိမ်းက ညင်သာစွာချောင်းဟန့်ပြီးပြောလိုက်၏။
“ရှုံးထွက်အဆင့်ရဲ့ဒီနေရာအရောက်ထိ ဂိုဏ်းတွေနဲ့အဖွဲ့အစည်းတွေက တပည့်ဂိုဏ်းသားတွေအများကြီးက သေခဲ့ကြပြီပဲ... သူတို့ရဲ့ စီနီယာတွေက ဒီလောက်ထိမခံမရပ်နိုင်ဖြစ်နေတာ ကျုပ်ဖြင့်မတွေ့ရပါဘူး... ဒီအကြီးအကဲတချို့ရဲ့တုံ့ပြန်မှုက နဲနဲတော့လွန်ကဲရာကျမနေဘူးလား”
“တက္ကသိုလ်က တပည့်ဂိုဏ်းသားတွေက သေလို့မရတာမဟုတ်ဘူး... ဒါပေမဲ့သူတို့က ဒီလိုမျိုးမမျှမတပုံစံနဲ့တော့ သေလို့မရဘူး”
အကြီးအကဲကျုံးက အော်ပြောလိုက်၏။
“အင်မော်တယ်ပျံဂိုဏ်းက ထိုက်ဟွာက ယဲ့ဖေးနဲ့မျှမျှတတတိုက်ခိုက်ခဲ့မယ်ဆိုရင် ယဲ့ဖေးက သေသွားမယ်ဆိုရင်တောင် ငါက... ငြင်းဆန်ကန့်ကွက်နေမှာ မဟုတ်ဘူး... ဒါပေမဲ့ ထိုက်ဟွာနဲ့ တခြားသူတွေက ယဲ့ဖေးကို ပူးပေါင်းတိုက်ခိုက်ပြီး သူ့ကိုအရင်ဆုံး ချိပ်ပိတ်ထားတယ်... အခု... သူတို့က သူ့ကိုသတ်လိုက်ကြပြီ... ငါ့ရဲ့တုံ့ပြန်မှု လွန်ကဲတယ်ဆိုတော့ရော ဘာဖြစ်လဲ... ငါက အဲ့ဒါကို ပြောလို့မရဘူးလား”
ကောင်းကင်အင်မော်တယ် အဖြူရောင်ပင်လယ်က ရယ်မော၍ပြောလိုက်၏။
“အကြီးအကဲတို့... အင်မော်တယ်ပျံဂိုဏ်း ဒါမှမဟုတ် မဟာကျင်းနိုင်ငံက ကျင့်ကြံသူတွေက အသတ်ခံရမယ်ဆိုရင် တစ်ဘက်သူက ဘယ်လိုနည်းလမ်းကိုပဲသုံးသုံး ကျုပ်တို့ကဘာမှပြောမှာမဟုတ်ဘူး... သူတို့ရဲ့အစွမ်းအစက မလုံလောက်လို့အသတ်ခံရတာကို ဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူး”
“အဲ့ဒါဟုတ်တယ်”
မင်းသားယွမ်ကျောကပြုံး၍ ခေါင်းညိတ်ကာပြောလိုက်၏။
“မင်းတို့တွေ...”
အကြီးအကဲကျုံးက အမျက်ဒေါသဖြင့် ပြည့်နှက်နေသော်လည်း သူက အဲ့ဒါကို ဖွင့်ထုတ်စရာနေရာမရှိပေ။
“လူကောင်းတစ်ယောက်ပဲ”
ဘေးကနေယွင်ထင်က သူ၏ ဝိုင်ခွက်ကို ရုတ်တရက်မြှောက်ပြီး မိုးကောင်းကင်ကိုးလွှာရှိရာဘက်သို့ လက်ဟန်အမူအရာတစ်ခုပြုလုပ်ပြကာ ဝိုင်များက မြေပြင်ပေါ်သို့ ဖိတ်စင်ကျသွား၏။
“အကြီးအကဲတို့ပြန်ထိုင်ပြီးတော့ ရှုံးထွက်အဆင့်ပြီးတဲ့ထိ စောင့်ကြပါ”
ပကတိအင်မော်တယ်ရှဲ့လင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အင်မော်တယ်ထိုက်ဟွာက အမျက်ဒေါသကြောင့် စိတ်မထိန်းနိုင်ဘဲ ယဲ့ဖေးကို မတော်တဆသတ်မိသွားတာလို့ ကျုပ်ထင်ပါတယ်”
“အနဲဆုံးတော့... အခုချိန်ထိ ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်က တခြားတပည့်ဂိုဏ်းသားတွေက ထိခိုက်ဒဏ်ရာမရသေးဘူး”
ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ အကြီးအကဲများ၏ အမူအရာများက တင်းမာနေပြီး သူတို့ကပြန်ထိုင်ဖို့ကို ငြင်းဆန်ထားကြ၏။
သူတို့သည် နေရာမှာပင် မတ်တတ်ရပ်ပြီး မိုးကောင်းကင်ကိုးလွှာကို ဆက်လက်၍ကြည့်ရှုနေ၏။
ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ကျောက်စာတိုင်ရှေ့မှာ...။
အင်မော်တယ်ထိုက်ဟွာသည် ယဲ့ဖေးကို သတ်ဖြတ်လိုက်သောအခါ အရာရာတိုင်းက ရုတ်တရက်ဆန်ဆန်ဖြစ်သွားခဲ့ပြီး ဘေးပတ်ဝန်းကျင်မှာရှိသော ကျင့်ကြံသူများက တုန်လှုပ်သွားကြ၏။
မဟာကျင်းအင်မော်တယ်နိုင်ငံနှင့် အင်မော်တယ်ပျံဂိုဏ်းမှ ကျင့်ကြံသူများပင်လျှင် ခဏမျှမှင်တက်ပြီး မတုံ့ပြန်နိုင်ကြပေ။
“ဝူး...ဝူး...”
မင်းသမီးသက်တံနီ၏ မျက်လုံးက နီရဲနေပြီး သူမမှာ နာကျင်နေသောအမူအရာတစ်ခုရှိကာ အဆက်မပြတ်အော်ဟစ်နေ၏။
ချုပ်နှောင်ခံထားရသော တက္ကသိုလ်မှ အခြားသောတပည့်ဂိုဏ်းသားများမှာလဲ ဝမ်းနည်းသော အမူအရာများ ထွက်ပေါ်လာကြ၏။
ခပ်ဝေးဝေးမှာရှိသော လျှိုဖျင်က ထိုသည်ကိုတွေ့မြင်သောအခါ တုန်လှုပ်သွား၏။
ဤမြင်ကွင်းက သူ့ပေါ်ကြီးမားသည့်ရိုက်ချက်တစ်ခုဖြစ်လာခဲ့၏။
အစကတော့ သူသည် ဝမ်းသာအားရနှင့် စိတ်လှုပ်ရှားတက်ကြွစွာ ဤနေရာကို ရောက်လာခဲ့၏။ သူက ကမ္ဘာမြေအဆင့်သတ်မှတ်ချက်ပေါ်မှာ သူ၏ နာမည်ကို ရေးထိုးဖို့ ပြင်ဆင်ထားချိန်မှာ ဤမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။
သူက အဲ့ဒါအတွက် လုံးဝကို ပြင်ဆင်ထားမှုမရှိပေ။
ထို့နောက် လျှိုဖျင်သည် ဖြစ်ပျက်နေသည့်အရာကို နောက်ဆုံးမှာ နားလည်သဘောပေါက်လာ၏။
‘စီနီယာအစ်ကိုယဲ့ကသေပြီ...’
‘အင်မော်တယ်ထိုက်ဟွာနဲ့ တခြားသူတွေက ဂျူနီယာညီဆူကိုဒီနေရာမှာတိုက်ခိုက်တော့မှာပဲ။’
‘ငါက ဂျူနီယာညီဆူကို သတင်းပြန်ပို့ရမယ်... သူ့ကိုတက်လှမ်းလာခွင့်ပေးလို့မဖြစ်ဘူး’
ထိုအတွေးများက လျှိုဖျင်၏ စိတ်ထဲသို့ တဖျတ်ဖျတ်ဝင်ရောက်လာ၏။
ထို့နောက်လျှိုဖျင်သည် အံကိုကြိတ်ကာ တစ်ဘက်သို့လှည့်ပြီး လာရာလမ်းအတိုင်းလှည့်ထွက်ပြေးလိုက်၏။
သူ၏ သွေးချီက တလိပ်လိပ်တက်လာပြီး သူက သူ၏ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များအားလုံးကို ထုတ်ဖော်ကာ သူ၏ အမြန်နှုန်းကို အကန့်အသတ်ထိမြှင့်တင်လိုက်၏။
“ဟမ်...”
ထျဲဟန်၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့မချုပ်နှောင်ရသေးသည့် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှ တပည့်ဂိုဏ်းသားတစ်ယောက်ရှိသည်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။
ထျဲဟန်က လျှိုဖျင်ထံသို့ ပြေးထွက်သွား၏။
သူသည် အဆင့်-၂ မှာ အချိန်တချို့ဖြုန်းခဲ့သော်လည်း သူသည် အခြားသူများကိုလိုက်မီကာ ကမ္ဘာမြေအဆင့်သတ်မှတ်ချက်၏ အဆင့်-၄ နေရာမှာ ရပ်တည်နိုင်ခဲ့သေး၏။ သူ၏ လှုပ်ရှားမှုနည်းစနစ်၏ အရှိန်အဟုန်ကို စဥ်းစားကြည့်နိုင်၏။
လျှိုဖျင်က အရင်ဆုံးထွက်ခွာသွားသော်လည်း ထျဲဟန်က သူ့ကိုသိပ်မကြာခင်လိုက်မီလာခဲ့၏။
အေးစက်နေသော စိတ်ဆန္ဒတစ်ခုက သူ၏ နောက်ကနေရောက်ရှိလာ၏။
လှည့်ကြည့်ခြင်းမရှိဘဲ လျှိုဖျင်သည် ထျဲဟန်က သူနှင့် နီးကပ်လာသည်ထက်နီးကပ်လာနေသည်ကို အာရုံခံမိလိုက်၏။
ရွှစ်... ရွှစ်.... ရွှစ်....
ထျဲဟန်က သူ၏ လက်ကိုဝေ့ယမ်းပြီး သူ၏ သွေးချီကို စုစည်းကာ ပုစဥ်းတောင်ပံများကဲ့သို့ပါးလွှာသော ရေခဲဓားသွားတချို့ကို ထုတ်လွှတ်လိုက်၏။
ချက်ချင်းပင် သူတို့က လေထုကိုဆုတ်ဖြဲပြီး လျှိုဖျင်၏ နောက်ကျောကို ခုတ်ပိုင်းချလိုက်၏။
လျှိုဖျင်က နတ်ဘုရားစွမ်းအားများနှင့် ဓမ္မပညာရပ်များကို ထုတ်ဖော်ပြီး ရှေ့သို့ဆက်ပြေးနေ၏။
ဘန်း... ဘန်း...
သူတို့နှစ်ခုက ထိတွေ့ရိုက်ခတ်ပြီး ရေခဲဓားသွားများက အလွန်တရာထက်ရှကာ လျှိုဖျင်၏ နတ်ဘုရားစွမ်းအားများကို အပိုင်းပိုင်းလှီးဖြတ်လိုက်၏။
ဖောက်... ဖောက်...ဖောက်...
ရေခဲဓားသွားတချို့က လျှိုဖျင်၏ သေကွင်းသေကွက်များကို မထိခိုက်ခဲ့သော်လည်း သူတို့သည် သူ၏ ခန္ဓာကိုယ်ကို အနည်းငယ်တုန်ခါသွားစေပြီး သူက သွေးတစ်လုတ်ကို ထွေးထုတ်လိုက်ရ၏။
သူ၏ သွေးများက ရေခဲအပိုင်းအစများဖြင့် ပြည့်နှက်နေပြီး သူ၏ နှာခေါင်းပေါက်နှင့် ပါးစပ်ပေါက်မှာ လေအေးများက ပြည့်နှက်နေ၏။
သူတို့ကြားကွာဟချက်က အရမ်းကိုကြီးမား၏။
လျှိုဖျင်၏ မျက်လုံးက ပြူးကျယ်နေပြီး သူ့ကိုယ်သူ အတင်းအကျပ်ဖိအားပေးထား၏။ သူက ထိခိုက်ဒဏ်ရာများကို လျစ်လျူရှုပြီး ရှေ့ကိုဆက်လက်၍ ပြေးလွှားနေ၏။
ရေခဲဓားသွားများ၏ စွမ်းအားက အားပျော့သော်လည်း သူတို့က သူ၏ ခန္ဓာကိုယ်မှာ ကြီးမားသည့်သက်ရောက်မှုတစ်ခုရှိနေဆဲပင်။
အချိန်ကြာလာသည်နှင့်အမျှ လျှိုဖျင်သည် သူ၏ ခြေလက်များက ထုံကျဥ်၍ အေးစက်လာသည်ဟုခံစားရပြီး သူကအဆက်မပြတ် တုန်ယင်လာခဲ့၏။ သူ့ဆံပင်မွေးနှင့် မျက်တောင်မွေးတို့ကပင် နှင်းခဲတစ်လွှာဖြင့် ဖုံးအုပ်ခံလာရ၏။ သူ၏ ခန္ဓာကိုယ်ထဲရှိသွေးချီက လည်ပတ်မှုနှေးကွေးလာပြီး သူတို့က အေးခဲတော့မည့်လက္ခဏာများပင် ပြသလာ၏။
“ငါမင်းကို မသတ်ချင်ဘူး... ဒါပေမဲ့ အအေးဓာတ်က မင်းရဲ့ကိုယ်တွင်းအင်္ဂါနဲ့ အရိုးတွေထဲကို စိမ့်ဝင်ထိုးဖောက်ပြီး မင်းရဲ့အခြေခံအုတ်မြစ်ကို မဖျက်ဆီးခင် မင်းရဲ့ခြေလှမ်းကို ရပ်တန့်လိုက်တာ ပိုကောင်းလိမ့်မယ်”
ထျဲဟန်၏ စိတ်ခံစားကင်းမဲ့သောလေသံက လျှိုဖျင်၏ ဘေးကနေ ထွက်ပေါ်လာ၏။
“ငါ့ရဲ့ရေခဲဓားသွားတွေက မင်းရဲ့အသိစိတ်ထဲကို ကျူးကျော်ဝင်ရောက်သွားမယ်ဆိုရင် ပကတိအင်မော်တယ်တွေတောင်မှ မင်းကိုကယ်နိုင်မှာ မဟုတ်တော့ဘူး”