ပိုကောင်းတဲ့ ခန္ဓာကိုယ်
Vol. 148 Ch. 2220
“ငါ သေတာ ရှင်တာက မင်းကိစ္စ မဟုတ်ဘူး”
လျှိုဖျင်က အော်ငေါက်လိုက်ပြီး ရုတ်တရက် သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်၏။
အစက အေးခဲတော့မည့်ဆဲဆဲ သူ့သွေး၏ အပူချိန်က လျင်မြန်စွာ မြင့်တက်လာပြီး တစ်ခဏချင်းမှာပင် အဲဒါက သွေးနီရောင်မီးတောက်များဖြင့် ဆူပွက်လာခဲ့၏။
လျှိုဖျင်၏ ပုံရိပ်က မီးတောက်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး သူ၏ အလျင်အဟုန်က ဆပွားတိုးလာခဲ့၏။ သူက လေထဲမှာ ပျံတက်နိုင်လုနီးပါးပင်။ သူက အဝေးသို့ ပြေးထွက်သွားပြီး ထျဲဟန်ထံကနေ လျင်မြန်စွာ ဝေးကွာလာခဲ့၏။
ထျဲဟန်က မျက်မှောင်ကြုတ်ပြီး အလျင်စလို ပြေးလိုက်လိုက်၏။
သို့သော်လည်း သူ၏ လှုပ်ရှားမှု နည်းစနစ်က အကန့်အသတ်ထိ ရောက်ရှိလာလျှင်တောင် သူသည် အလွန်ဆုံး လျှိုဖျင်ကို ယှဉ်နိုင်ရုံသာ ရှိပြီး ဆက်လက်၍ ချဉ်းကပ်မလာနိုင်တော့ပေ။
“မင်းရဲ့ အမြုတေသွေးကို လောင်ကျွမ်းခံပြီး ထုတ်ဖော်ထားတဲ့ မင်းရဲ့ ထွက်ပြေးခြင်း နည်းစနစ်က ဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ”
ထျဲဟန်က အေးစက်စွာ ပြောလိုက်၏။
“မင်းဆက်ပြီး တောင့်မခံနိုင်တော့တဲ့ အချိန်ကျရင် မင်းရဲ့ ခန္ဓာကိုယ်ထဲက ရေခဲဓားသွားတွေရဲ့ တိုက်ခိုက်မှုက ပိုပြီးတော့ ပြင်းထန်ကြမ်းတမ်းလာလိမ့်မယ်.. မင်းက သေချာပေါက် သေရမှာ”
အမြုတေသွေးသည် ကျင့်ကြံသူတစ်ယောက်၏ အခြေခံအုတ်မြစ်နှင့် တူလေသည်။
ဤထွက်ပြေးခြင်း နည်းစနစ်ဖြစ်သည် အစကတည်းက ရှားရှားပါးပါးဖြစ်ပြီး ၎င်း၏ သက်ရောက်မှုက ထုတ်ဖော်လိုက်သည့် ခဏမှာပင် အလွန်တရာ တုန်လှုပ်စရာကောင်းလေသည်။ ဤသွေးလောင်ကျွမ်း ထွက်ပြေးခြင်း နည်းစနစ်သည် ဓမ္မသွေးထွက်ပြေးခြင်းနှင့် ဆင်တူသော်လည်း ကွဲပြားလေသည်။
ဓမ္မသွေးထွက်ပြေးခြင်း နည်းစနစ်သည် အရှိန်အဟုန်ကို ယာယီမြှင့်တင်ဖို့အတွက် ကျင့်ကြံသူတစ်ယောက်၏ သွေးချီ တစ်စိတ်တစ်ပိုင်းကို အဆုံးရှုံးခံရပြီး သူ၏ အခြေခံအုတ်မြစ် ခန္ဓာကိုယ်ကို ပျက်စီးထိခိုက်စေလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း သွေးလောင်ကျွမ်း ထွက်ပြေးခြင်း နည်းစနစ်သည် သူ၏ အမြုတေသွေးကို အဆက်မပြတ် လောင်ကျွမ်းနေစေဖို့ လိုအပ်လေသည်။
သူက အဲဒါကို မရေတွက်နိုင်ဘဲ သူ၏ အမြုတေသွေးက အဆက်မပြတ် လောင်ကျွမ်းနေမည်ဆိုလျှင် အဲဒါသည် ထိုကျင့်ကြံသူအပေါ် ပြန်လည်အဖတ်မဆယ်နိုင်သည့် ပျက်စီးထိခိုက်မှုကို ဖြစ်စေပြီး သူ၏ အခြေခံအုတ်မြစ်ကို ထိခိုက်ကာ နောက်ဆုံး အသက်ပင် သေဆုံးရနိုင်၏။
လျှိုဖျင်သည် လောလောဆယ်မှာ အေးစက်ချီနှင့် ရေခဲဓားသွားတို့ကို ခုခံထားနိုင်သည့် အကြောင်းရင်းမှာ သူ၏ အမြုတေသွေး လောင်ကျွမ်းခြင်းကနေ သိပ်သည်းပြင်းထန်သော စွမ်းအားက ထွက်ပေါ်လာသောကြောင့် ဖြစ်၏။
တစ်ဖက်မှာတော့ ထိုစွမ်းအားကို သူ၏ အလျင်အဟုန်ကို မြှင့်တင်ရာမှာ အသုံးချနေ၏။
တစ်ဖက်မှာတော့ အဲဒါသည် သူ၏ ခန္ဓာကိုယ်ထဲရှိ အေးစက်ချီနှင့် ရေခဲဓားသွားများကို ခုခံပေးနေ၏။
သူ၏ အမြုတေသွေးက ကုန်ခန်းပြီး အေးစက်ချီက ကျူးကျော်ဝင်ရောက်လာသည်နှင့် သူသည် ထျဲဟန် ပြောသလိုပင် သေချာပေါက် သေရပေလိမ့်မည်။
လျှိုဖျင်ကလည်း အဲဒါကို သိရှိထားသော်လည်း သူက သူ၏ ခြေလှမ်းကို မရပ်တန့်လိုက်ပေ။
ဂျူနီယာညီ ဆူကြောင့် မဟုတ်ရင် ငါက အဆင့်-၄ မှာ သေခဲ့ရမှာ.. ငါ့ရဲ့ အသက်ကို ဂျူနီယာညီ ဆူက ကယ်တင်ပေးထားတာပဲ.. ငါ သူ့ကို တက်လှမ်းလာခွင့်ပေးလို့ မဖြစ်ဘူး..။
စီနီယာအစ်ကိုယဲ့က သူ့ကိုယ်သူ စွန့်လွှတ်စတေးပြီး သေသွားခဲ့ပြီ.. ငါ သူ့ကို စိတ်မပျက်စေရဘူး..။
ငါက ဂျူနီယာညီ ဆူကိုတင် မဟုတ်ဘူး.. တက္ကသိုလ်က တခြားတပည့်ဂိုဏ်းသားတွေကိုလည်း သတိပေးရမယ်.. ငါ တောင့်ခံထားရမယ်..။
လျှိုဖျင်က ထိုအတွေးများကို ထပ်တလဲလဲ စဉ်းစားနေ၏။
သူ၏ အမြုတေသွေးက ပိုမိုမြန်ဆန်သည်ထက် မြန်ဆန်စွာ လောင်ကျွမ်းလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်က ပို၍ အားနည်းလာခဲ့၏။ သို့သော်လည်း သူ၏ အကြည့်က ခိုင်မာနေလေသည်။
ငါက ဂျူနီယာညီ ဆူကို အသက်ရှင်လျက် တွေ့ရမယ်။ ငါ သူ့ကို အကုန်လုံး ပြောပြချင်တယ်။ အဲဒါမှ သူက ငါတို့ရဲ့ တခြားတပည့်ဂိုဏ်းသားတွေကို တားဆီးပေးနိုင်မှာ။
ထိုစွဲလမ်းမှုနှင့်အတူ လျှိုဖျင်က ထျဲဟန်၏ လိုက်လံဖမ်းဆီးမှုကနေ ရုန်းထွက်ရင်း တုန်လှုပ်စရာကောင်းသော စိတ်စွမ်းအားတစ်ခုကို ထုတ်ဖော်ထား၏။ ယဲ့ဖေးလိုပင် သူက အညံ့ခံဖို့ကို ငြင်းဆန်လေသည်။
ရင်ပြင်ပေါ်မှာ…
မီးတောက်များဖြင့် လောင်ကျွမ်းနေသော်လည်း သူ၏ ဦးခေါင်းထက်မှာ အေးစက်နေသော အော်ရာတစ်ခု ရှိနေသည့် တက္ကသိုလ်မှ ကျင့်ကြံသူတစ်ယောက်ကို တွေ့မြင်သောအခါ လူတိုင်းက စိတ်လှုပ်ရှားယိမ်းယိုင်သွားကြ၏။ သူ့မှာ ဖြူဖတ်ဖြူလျော် အမူအရာတစ်ခု ရှိနေသော်လည်း သူ၏ အကြည့်က ပြတ်သားနေ၏။
ထိုအခိုက်အတန့်မှာ ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်သည် အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းထဲမှ တစ်ဂိုဏ်း ဘာကြောင့်ဖြစ်နေသည်ကို ကျင့်ကြံသူများစွာက နောက်ဆုံး နားလည်သဘောပေါက်လာကြ၏။
သူ့အသက်ကိုပင် စတေးကာ ယဲ့ဖေးက ကာကွယ်ချင်ခဲ့သည့်အရာကို လူတိုင်းက တဖြည်းဖြည်း နားလည်သဘောပေါက်လာ၏။
အဲဒါသည် ကောင်းကင်နှင့်မြေကြီး တက္ကသိုလ်၏ ဂုဏ်သိက္ခာဖြစ်၏။
တက္ကသိုလ်၏ တပည့်ဂိုဏ်းသားများက သေချာပေါက် ဦးညွှတ်လိမ့်မည် မဟုတ်ပေ။
“ဒီတိုင်းသာ ဆက်သွားရင် အဲဒီ တက္ကသိုလ် တပည့်ဂိုဏ်းသားက ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး”
“အား.. ဒီလို ရလဒ်ဖြစ်လာမယ်လို့ ငါထင်မထားဘူး.. ကောင်းကင်နဲ့မြေကြီး တက္ကသိုလ်က လူနှစ်ယောက်ကို ဆက်တိုက်ဆုံးရှုံးလိုက်ရပြီ.. မင်းသမီး သက်တံနီ တစ်ယောက်ကပဲ ဒီတစ်ခေါက် ကမ္ဘာမြေအဆင့်သတ်မှတ်ချက်မှာ ရပ်တည်နိုင်တော့မယ်”
“ဒါပေမဲ့ သူတို့က လူအများရဲ့ လေးစားမှုကို ရရှိသွားပြီ”
အဆင့်-၄ ကို ဖြတ်ကျော်ဖို့ပင် တိုက်ခိုက်ရည်ခွန်အား မရှိသော ကမ္ဘာမြေအင်မော်တယ်တစ်ယောက်.. လျှိုဖျင်သည် ထျဲဟန်နှင့် ခွန်အားချင်းမှာ မိုးနှင့်မြေလို ကွာခြားနေ၏။
သို့သော်လည်း ကျင့်ကြံသူများစွာ၏ စောင့်ကြည့်မှုအောက်မှာ လျှိုဖျင်သည် ထျဲဟန်၏ လိုက်လံဖမ်းဆီးမှုကနေ လွတ်မြောက်လာနိုင်ခဲ့ပြီး နောက်ဆုံးမှာ အဆင့်-၄ သို့ သွားရာ ပို့ဆောင်ရေး ဝင်္ကပါကို တွေ့မြင်လိုက်ရပြီဖြစ်၏။
တက္ကသိုလ်မှ အကြီးအကဲများက နီရဲနေသော မျက်လုံးများဖြင့် အရာရာတိုင်းကို စောင့်ကြည့်နေ၏။
လျှိုဖျင်သည် ပို့ဆောင်ရေး ဝင်္ကပါသို့ ရောက်ရှိလာသောအခါ သူက နောက်ကနေ ပြေးလိုက်လာသည့် ထျဲဟန်ကို လှည့်ကြည့်ကာ သွားဖြဲပြလိုက်၏။ သူက အဆင့်-၅ မှ ထွက်ခွာပြီး ပျောက်ကွယ်သွားလေသည်။
ထိုနေရာမှာ မတ်တတ်ရပ်ရင်း ထျဲဟန်က ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် လျှိုဖျင် နောက်သို့ ဆက်လိုက်မသွားပေ။
သူက ရပ်တန့်လိုက်မည်ဆိုလျှင်တောင် လျှိုဖျင်က သေလူတစ်ယောက် ဖြစ်နေလေပြီ။
ဒါ့အပြင် အဆင့်-၄ ၏ မြေပြင်အနေအထားက ရှုပ်ထွေးပြီး ဒေသပေါက်ပင်များက စိမ်းလန်းစိုပြေနေ၏။ သူက ဆူဇီမိုနှင့် အထဲမှာ ကြုံတွေ့ရမည်ဆိုလျှင် ရလဒ်ကို ကြိုတင်ခန့်မှန်း၍ ရမည် မဟုတ်ဘဲ သူ့အနေဖြင့် ထိုအန္တရာယ်ကို စွန့်စားစရာ မလိုပေ။
ထိုသို့ အတွေးဖြင့် ထျဲဟန်က တစ်ဖက်သို့ လှည့်ပြီး ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ရှိရာသို့ ပြန်လျှောက်သွား၏။
အဆင့်-၄ တွင်..
ဧရာမ မိုးမခပင်၏ ရှေ့မှာ ဆူဇီမိုသည် သူ၏ လက်ထဲမှာ သေးငယ်သော ကျောက်စိမ်းရောင် သစ်ကိုင်းတစ်ခုကို ဆုပ်ကိုင်ထား၏။ ထိုသစ်ကိုင်းက အဆင့်-၄ ၏ ရတနာဖြစ်၏။
ထိုရတနာကို ကြာသပတေးဂြိုဟ်သစ်သားဟု ခေါ်ဆိုသော်လည်း တကယ်တော့ အဲဒါသည် ကြာသပတေးဂြိုဟ်မှ ကျဆင်းလာသော ကျောက်တုံးတစ်တုံး ဖြစ်၏။ သို့သော်လည်း အဲဒါက သစ်ကိုင်းတစ်ကိုင်းနှင့် တူပြီး အသက်ဓာတ်အားဖြင့် ပြည့်နှက်နေ၏။
ဆူဇီမိုသည် ကြာသပတေးဂြိုဟ်သစ်သားကို ကိုင်စွဲထား၏။ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာမှာ ကြာသပတေးဂြိုဟ်သစ်သား၏ စွမ်းအားကို သူ့ဘာသာသူ ဝါးမျိုရယူလိုသည့် သန်မာသော စိတ်ဆန္ဒတစ်ခု ရှိနေ၏။
သူသည် ခဏမျှ တွေဝေတုံ့ဆိုင်းပြီးနောက် ကြာသပတေးဂြိုဟ်သစ်သားကို ငရဲဖိနှိမ်မီးဖိုထဲသို့ ပစ်မထည့်လိုက်ပေ။ ထိုအစား သူက အဲဒါကို သိုလှောင်အိတ်ထဲမှာ အရင်ဆုံး သိမ်းဆည်းလိုက်၏။
ငရဲဖိနှိမ်မီးဖိုသည် သောကြာဂြိုဟ်ကျောက်တုံးကို ဝါးမျိုပြီးနောက် စတုတ္ထမြောက် မီးဖိုနံရံကို ပြင်ဆင်နိုင်ဖို့ အခွင့်အရေး ရှိနေပြီဖြစ်၏။
မိုးပြာနဂါး အထွတ်အမြတ် ဝိညာဉ်သည် နိုးထလာမည့် မည်သည့် လက္ခဏာမှ မပြသသေးသော်လည်း သူသည် နောက်ပိုင်းမှာ အခြားသော ရတနာများကို ရရှိမည်ဆိုလျှင် ငရဲဖိနှိမ်မီးဖိုကို ဆက်လက်၍ အားဖြည့်ပေးဖို့က နောက်ကျလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ စုပ်ယူဖို့အတွက် သင့်လျော်သော ရတနာက များစွာ မရှိပေ။
မိုးမခသစ်ကိုင်းများက ဆူဇီမို၏ ပတ်လည်မှာ တစ်ခုပြီးတစ်ခု ကခုန်လာပြီး သူ၏ ပခုံးကို ညင်သာစွာ ပွတ်သပ်နေ၏။ သူတို့က အလွန်တရာ နာခံတတ်သည့်ပုံပေါ်လာပြီး စောစောကလို ရန်လိုခက်ထန်မှု မရှိတော့ပေ။
မိုးမခသစ်ပင်၏ အလယ်က.. ဆူဇီမို ကြာသပတေးဂြိုဟ်သစ်သားကို လုယူခဲ့စဉ် အတင်းအကျပ် ခွဲထုတ်ခံခဲ့ရ၏။
ကြာသပတေးဂြိုဟ်သစ်သား၏ အကူအညီနှင့်ပင်လျှင် ၎င်း၏ ခွန်အားသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာကို မတိုက်ခိုက်နိုင်ခဲ့ပေ။
ထိုအခိုက်အတန့်မှာ သူ၏ သေခြင်း ရှင်ခြင်းက ဆူဇီမို၏ အတွေးတစ်ချက်ပေါ်မှာ မူတည်နေသည်ကို သိရှိသွားပြီး ၎င်းက သနားညှာတာဖို့အတွက် စတင်တောင်းပန်လာခဲ့၏။
ဆူဇီမိုမှာ သရော်တော်တော် အမူအရာတစ်ခု ရှိနေပြီး သူ့ရှေ့မှာ ရှိသော မိုးမခသစ်ပင်ကို ကြည့်ကာ လှောင်ရယ်လိုက်၏။
“မင်းက အခုတော့ သနားညှာတာပေးဖို့အတွက် တောင်းပန်ချင်နေပြီပေါ့လေ”
“ဟမ့်”
ရုတ်တရက် ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး မလှမ်းမကမ်းတွင် ရှိသော ပို့ဆောင်ရေး ဝင်္ကပါကို တစ်ချက်လှမ်းကြည့်လိုက်၏။
ပုံရိပ်တစ်ခုက ဖြူဖပ်ဖြူလျော်မျက်နှာနှင့် ပြာနှမ်းနေသော နှုတ်ခမ်းများနှင့်အတူ ဒယီးဒယိုင် လျှောက်လှမ်းလာ၏။ အဲဒါသည် မကြာသေးခင်ကမှ တက်လှမ်းသွားသော လျှိုဖျင် ဖြစ်၏။
“ဘာတွေဖြစ်လာတာလဲ”
ဆူဇီမိုက ရှေ့သို့ ခပ်မြန်မြန်တက်ပြီး အော်မေးလိုက်၏။
“ဂျူနီယာညီ ဆူ.. ငါ တောင့်မခံနိုင်တော့ဘူး.. ကျေးဇူးပြုပြီး ရှေ့ကို ဆက်မသွားနဲ့တော့”
လျှိုဖျင်သည် ဆူဇီမိုကို တွေ့မြင်သောအခါ သူက စိတ်သက်သာရာရသွားပြီး မောဟိုက်နေ၏။
“ထိုက်ဟွာနဲ့ အခြားသူတွေက ကမ္ဘာမြေအဆင့်သတ်မှတ်ချက် ကျောက်စာတိုင်ကို စောင့်ကြပ်ပြီး မင်းကို သတ်ဖြတ်ဖို့ ထောင်ချောက်တစ်ခု ပြင်ဆင်ထားကြတယ်… တက္ကသိုလ်က တခြားလူတိုင်းကလည်း သူတို့ရဲ့ ချုပ်နှောင်ခံထားရတယ်”
“အဲဒါကို နောက်မှပြော”
ဆူဇီမို၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး လျှိုဖျင်ကို စစ်ဆေးကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
လျှိုဖျင်၏ အမြုတေသွေးက လုံးဝကို လောင်ကျွမ်းသွားခဲ့ပြီဖြစ်၏။
ထိုအခိုက်အတန့်မှာ ထျဲဟန်၏ အေးစက်ချီ ဓားသွားများက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီး ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုကို ထုတ်ဖော်လိုက်၏။ သူ၏ အသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများက ရေခဲများအဖြစ်သို့ အေးခဲသွားခဲ့ပြီ ဖြစ်၏။
ဆူဇီမိုက ရှေ့သို့ တက်လှမ်းပြီး လျှိုဖျင်ကို ထူမပေးလိုက်၏။
သူ၏ လက်ဖဝါးက လျှိုဖျင်၏ လက်နှင့် ထိတွေ့မိသည့် ခဏမှာပင် အဲဒါက ရေခဲအပိုင်းအစများအဖြစ် ကြေမွသွား၏။
လျှိုဖျင်၏ ခန္ဓာကိုယ်က မည်သည့် အသက်ဓာတ်မှ မကျန်ရှိဘဲ လုံးဝကို ယိုယွင်းပျက်စီးသွားပြီဖြစ်၏။
အေးစက်ချီက လျှိုဖျင်၏ အသိစိတ်ထဲသို့ တလိပ်လိပ် တိုးဝင်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို အေးခဲပစ်ချင်နေ၏။
“ဟမ့်”
အဲဒါကို အာရုံခံမိသွားပြီး ဆူဇီမိုက ပြတ်သားစွာ တိုက်ခိုက်ကာ ကြွယ်ဝသန့်စင်သော အမြုတေချီတစ်ခုကို ထုတ်လွှတ်ပြီး လျှိုဖျင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားစေ၏။ အဲဒါက အေးစက်ချီ ရေခဲဓားသွားများကို ခြေမွဖျက်ဆီးပစ်လိုက်၏။
လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်က ရှင်သန်သွားခဲ့လေသည်။
သို့သော်လည်း သူ၏ ခန္ဓာကိုယ်က ဤထိတွေ့ရိုက်ခတ်မှုဖြင့် ကြေမွသွားပြီဖြစ်ပြီး ရေခဲအပိုင်းအစများအဖြစ် ပြောင်းလဲကာ ဆူဇီမို၏ ခြေရင်းမှာ ပြန့်ကျဲကျဆင်းသွား၏။
“ဒီခန္ဓာကိုယ်ကို ဆုံးရှုံးရလည်း ဘာမှမဖြစ်ပါဘူး.. အနည်းဆုံးတော့ ငါက အသက်ရှင်နိုင်သေးတယ်”
လျှိုဖျင်၏ အမြုတေစိတ်ဝိညာဉ်က ခါးသက်စွာ ရယ်မောလိုက်၏။
ဆူဇီမို၏ စိတ်ထဲသို့ အတွေးတစ်ခုက ဖျတ်ခနဲ ဝင်ရောက်လာပြီး သူက ရုတ်တရက် ပြောလိုက်၏။
“ခင်ဗျားရဲ့ အဲဒီ ခန္ဓာကိုယ် မရှိလည်း ဘာမှ မဖြစ်ဘူး.. ကျုပ် ခင်ဗျားကို ပိုကောင်းတဲ့ ခန္ဓာကိုယ်တစ်ခု ပေးမယ်”