← Chapters

တာအိုယှဉ်ပြိုင်ပွဲ

Vol. 104 Ch. 1593

တာအိုယှဉ်ပြိုင်ပွဲ

Vol. 104 Ch. 1593

“ ငါက အစွမ်းကုန် ထုတ်လွှတ်ပြီး ပန်းချီစာလိပ်ရဲ့ အစွန်းကို ဖွင့်လိုက်မယ်ဆိုရင်တောင် အဲ့ဒါရဲ့ သက်ရောက်မှုအကျယ်အဝန်းက ကီလိုမီတာ(၅၀၀)ပဲ ရှိလိမ့်မယ်… ”

လီမိသားစု၏ ကန့်သတ်ဧရိယာထဲတွင် လီမုန့်တုက မျက်လုံးမှေးကျဉ်းလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ သူ၏ လက်ထဲမှ ပန်းချီစာလိပ်က အပေါ်သို့ ချက်ချင်း ပျံတတ်သွားပြီး သူ၏ ဦးခေါင်းထက်တွင် လွင့်မျောသွားသည်။

ပန်းချီစာလိပ်က မပွင့်သွားသော်လည်း ယင်းက လီမုန့်တု၏ ခန္ဓာကိုယ်ပေါ်သို့ သိမ်မွေ့ညင်သာသော အလင်းကို ထုတ်လွှတ်ပေးလိုက်သည်။

ပန်းချီစာလိပ်က မပွင့်သွားလျှင်ပင် ယင်းက ပိုင်ရှင်၏ အသိစိတ်ကို ကြည်လင်ရှင်းလင်းစေနိုင်သော အံ့ဖွယ်အာနိသင်တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ အထူးသဖြင့် ယင်းက တာအိုကို ဆင်ခြင်နားလည်ခြင်းတွင် အထောက်အကူ ပေးနိုင်သည်။ သို့ဖြစ်၍ လီမုန့်တုက ပန်းချီစာလိပ်ကို အမြဲတမ်း ကိုယ်နှင့်မကွာဆောင်ထားသည်။

တစ်ချိန်တည်းမှာ သေခြင်းရှင်ခြင်းကပ်ဘေးဖြင့် ရင်ဆိုင်ရသည့်အခါမျိုးတွင် ယင်းက သူ၏ အသက်ကယ်ဝှက်ဖဲကတ်လည်း ဖြစ်သည်။

လီမိသားစု၏ မျှော်စင်ကိုးထောင်နှင့် အံ့ဖွယ်ပန်းချီစာလိပ်၏ အထောက်အပံ့ကြောင့် သူ၏ ဆင်ခြင်နားလည်မှုက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

“ အစက ဒီဟာတွေကို နောက်ပိုင်းအဆင့်ကျမှ အသုံးပြုမယ်လို့ ငါစီစဉ်ထားခဲ့တာ… ဒါပေမဲ့ အခုတော့ အဲ့ဒါတွေကို မဖြစ်မနေ စောစောစီးစီး အသုံးပြုရတော့မယ် ”

လီမုန့်တုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့ဆရာ သူ့အတွက် ပြင်ဆင်ထားသော ဤအမွေအနှစ်က မည်မျှထူးခြားကြောင်း ကောင်းမွန်စွာ သူနားလည်သည်။ ယင်းက တခြားကြယ်စင်စုသုံးခုမှ အမွေအနှစ်များနှင့် မတူညီပေ။

ဤအမွေအနှစ်က တမူထူးခြားသည်။ ယင်းကို လူတစ်ယောက်တည်းသာ ရယူနိုင်သည်။

အကယ်၍ ဆင်ခြင်နားလည်မှုက ခွဲဝေသွားမည်ဆိုလျှင် မည်သူမှ အမွေအနှစ်၏ အစစ်အမှန်အနှစ်သာရကို ဖမ်းဆုပ်မိလိမ့်မည် မဟုတ်ချေ။

“ အဲ့ဒီလူက ဘယ်သူပဲဖြစ်ဖြစ် သူက ငါနဲ့ တာအိုယှဉ်ပြိုင်ဖို့ စတင်လိုက်ပြီပဲ… ”

“ ငါတို့ကြားမှာ အရင်က ဘာရန်ငြိုးမှ မရှိခဲ့ရင်တောင်… ဒီတိုက်ပွဲကို ရှောင်လွှဲဖို့ မဖြစ်နိုင်တော့ဘူး ”

ထိုသို့တွေးမိသောအခါ လီမုန့်တု၏ မျက်လုံးက တလက်လက် ဝင်းလက်သွားသည်။ ဤသည်မှာ ရှေးဟောင်းမှော်သင်္ကေတများက သူ၏ သူငယ်အိမ်အတွင်းမှာ ထွက်ပေါ်လာကြသည့်အလားပင်။ သူက ကောင်းကင်ပေါ်မှ အမွေအနှစ်ပန်းပွင့်ကို ကြည့်လိုက်သည့်အခါ ဉာဏ်အလင်းများက သူ၏ စိတ်ထဲမှာ ဒလဟော ပေါ်လျှိုးလာကြသည်။

စတုတ္ထမြောက်ပွင့်ချပ် အပြည့်အဝ ဖွဲ့စည်းသွားပြီးနောက် ပဉ္စမမြောက်ပွင့်ချပ်က မြန်ဆန်စွာ ရုပ်လုံးပေါ်လာသည်။

သူက ပိုမိုများပြားသော ပွင့်ချပ်များကို ဆင်ခြင်နားလည်နိုင်ရန် ကြိုးစားလိုက်သည်။ ထို့နောက် သူက ဤနေရာမှ ထွက်သွားပြီး သူနှင့်တာအိုယှဉ်ပြိုင်ခဲ့သော ထိုလူကို ရှာဖွေကာ တိုက်ခိုက်လိမ့်မည်။

သူက သူ့ကိုယ်ပိုင်အမွေအနှစ်ကို ပြန်ယူချင်သည်။

အမွေအနှစ်ကို ပြန်ယူနိုင်သော နည်းလမ်းက တစ်ခုတည်းသာ ရှိသည်။

ယင်းက သတ်ဖြတ်ခြင်း ဖြစ်သည်။

လီမုန့်တုက လောလောဆယ် တိုက်ခိုက်ခြင်းကို မေ့ထားပြီး ဆင်ခြင်နားလည်ခြင်းမှာ အပြည့်အဝ စိတ်နှစ်ထားလိုက်သည်။ မျှော်စင်ကိုးထောင်နှင့် လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော အံ့ဖွယ်ပန်းချီစာလိပ်၏ အကျိုးကျေးဇူးကြောင့် သူ၏ ဆင်ခြင်နားလည်သော စွမ်းရည်က တစ်ဟုန်ထိုး တိုးတတ်သွားသည်။

မကြာမီ ပဉ္စမမြောက်ပွင့်ချပ်က သူ၏ နဖူးပေါ်မှာ ဖွဲ့စည်းသွားသည်။

သို့သော်လည်း ကောင်းကင်ပေါ်မှ ပန်းပွင့်ထံတွင် ပွင့်ချပ်လေးခုသာ ကျန်ရှိတော့သည်။

နောက်အခိုက်အတန့်မှာ ပွင့်ချပ်တစ်ခုက ပျောက်ကွယ်သွားပြီး ပွင့်ချပ်သုံးခုသာ ကျန်ရှိတော့သည်။

ပျောက်ဆုံးသွားသော ထိုပွင့်ချပ်က ရွှီချင်း၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။

ရွှီချင်း၏ အသိစိတ်ထဲ၌ အပင်တာအို၏ ဗဟုသုတများက ဒလဟော ထွက်ပေါ်နေကြစဉ် သူ၏ နဖူးပေါ်မှ ပွင့်ချပ်များက စုစုပေါင်း လေးခုအထိ ရှိသွားသည်။ ထိုအမွေအနှစ်ပန်းပွင့်ထဲမှ အဆိပ်များအပေါ် သူ၏ နားလည်သဘောပေါက်မှုသည်လည်း တစ်ဟုန်ထိုး မြင့်တတ်သွားသည်။

သူက လက်နှစ်ဖက်ကို ချက်ချင်း မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို တရစပ် ဖွဲ့စည်းလိုက်သည်။ ထိုအခါ ပုံရိပ်ယောင်ဆေးပင်အများအပြားက သူ၏ အရှေ့မှာ ထွက်ပေါ်လာကြပြီး သူ့ကို လှည့်ပတ်သွားကြသည်။ တစ်ချိန်တည်းမှာ ဆေးပင်တချို့က အချင်းချင်း ပေါင်းစပ်သွားကြသည်။

ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ စီးဆင်းသွားသည်။

ဆယ့်ငါးမိနစ်ကုန်ဆုံးသွားပြီးနောက်…

ပဉ္စမမြောက်ပွင့်ချပ်က ရွှီချင်း၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။

သို့သော်လည်း တစ်ချိန်တည်းမှာ အရှေ့အရပ်မှ လီမုန့်တု၏ နဖူးပေါ်တွင် ဆဌမမြောက်ပွင့်ချပ်က ဖွဲ့စည်းသွားသည်။

ဤအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ အမွေအနှစ်ပန်းပွင့်က လုံးဝ ဝေဝါးသွားပြီး နောက်ဆုံးပွင့်ချပ်တစ်ခုတည်းကိုသာ မြင်နိုင်တော့သည်။

ချက်ချင်းဆိုသလို အနီရောင်ချည်မျှင်နှစ်မျှင်က ကျန်ရှိသော ပွင့်ချပ်ထံမှ ပျံ့နှံ့ထွက်လာကြသည်။ ချည်မျှင်တစ်ခုက တာအိုချောက်ကမ်းပါးဆီသို့ ဦးတည်သွားစဉ် အခြားချည်မျှင်တစ်ခုက လီမိသားစု၏ ကန့်သတ်ဧရိယာဆီသို့ ဦးတည်သွားသည်။

ရွှီချင်းနှင့် လီမုန့်တုက အဆုံးမဲ့သော အကွာအဝေးကို ဖြတ်သန်း၍ ယှဉ်ပြိုင်နေကြသည်။

နှစ်ယောက်စလုံးက သူတို့၏ သက်ဆိုင်ရာနည်းလမ်းများကို အသုံးပြု၍ အမွေအနှစ်ကို စုပ်ယူနေကြသည်။ နောက်ဆုံးကျန်ရှိသော ပွင့်ချပ်က မြန်ဆန်စွာ လွင့်ပြယ်သွားသည်။

ရှစ်မိနစ်ကြာပြီးနောက် မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော မြည်သံက အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံး၌ ပဲ့တင်ထပ်သွားသည်။

ကောင်းကင်ပေါ်မှ အမွေအနှစ်ပန်းပွင့်က လုံးဝ ပျောက်ကွယ်သွားသည်။

အမွေအနှစ်ပန်းပွင့် ပျောက်ကွယ်သွားသည်နှင့် ကောင်းကင်ပေါ်မှ အမှောင်ထုက တဖြည်းဖြည်း လွင့်ပြယ်သွားပြီး ပျောက်ကွယ်သွားသော အနီရောင်မိုးသောက်အလင်းက ပြန်ထွက်ပေါ်လာသည်။

ထိုမြင်ကွင်းက အနောက်ပိုင်းကြယ်စင်စုထဲမှ တခြားတုံကင်ပိုင်ရှင်များ၏ မျက်လုံးထဲသို့ ကျရောက်လာသည်။ အမွေအနှစ်ဆက်ခံခြင်းအပိုင်းက ပြီးဆုံးသွားပြီဖြစ်ကြောင်း သူတို့နားလည်လိုက်ကြသည်။

“ ဒီတစ်ခေါက် အမွေအနှစ်ဆက်ခံခြင်းအပိုင်းက တခြားလူတွေကို ဆင်ခြင်နားလည်ဖို့ အခွင့်အရေးတစ်ခုတောင် မပေးဘူး… အဲ့ဒါကို ဆင်ခြင်နားလည်ဖို့ လီမုန့်တုတစ်ယောက်တည်း အရည်အချင်းပြည့်မီတယ်လို့ ငါထင်တယ် ”

“ အဲ့ဒါက လူတိုင်းသိထားတဲ့အရာပဲ… ဆက်ပြီး ဆွေးနွေးနေလို့ ဘာအကျိုးမှမရှိဘူး… ဒီအမွေအနှစ်က သူ့အတွက် အထူးပြင်ဆင်ထားတဲ့အရာပဲ… တခြားကြယ်စင်စုသုံးခုလည်း အတူတူပဲ… မဟာဂိုဏ်းကြီးတွေထဲက တပည့်တွေပဲ ဆင်ခြင်နားလည်ဖို့ အရည်အချင်းပြည့်မီကြတယ်… ကျန်တဲ့လူတွေက လူပိုတွေပဲ ”

“ ဒီဟာက နောက်ခံအင်အားပေါ် မူတည်တဲ့ဟာပဲ… ငါတို့တတ်နိုင်တဲ့အရာ ဘာမှမရှိဘူး ”

“ ဟူး… အဲ့ဒီအကြောင်းကို ဆက်မပြောတာ အကောင်းဆုံးပဲ ”

စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေသော တီးတိုးဆွေးနွေးသံများက အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားသည်။ ထိုစဉ် လီမိသားစု၏ ကန့်သတ်ဧရိယာထဲမှ မျှော်စင်ကိုးထောင်က တဖြည်းဖြည်း အရောင်မှေးမှိန်သွားသည်။ အလင်းရောင်အားလုံးက ပျောက်ကွယ်သွားသည့်အခါ ပန်းချီစာလိပ်က အောက်သို့ ပြန်ကျလာသည်။ လီမုန့်တုက ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

သူ၏ နဖူးပေါ်တွင် ပွင့်ချပ်ခြောက်ခုနှင့် တစ်ဝက်ရှိသည်။

ပွင့်ချပ်ခြောက်ခုက ပြီးပြည့်စုံသော်လည်း သတ္တမမြောက်ပွင့်ချပ်က ပြီးပြည့်စုံရန် တစ်ဝက်လိုနေသေးသည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ သတ္တမမြောက်ပွင့်ချပ်က ဝေဝါးနေသည်။

သူက လက်မြှောက်လိုက်ပြီး သူ၏ နဖူးကို ထိတွေ့လိုက်သည်။

သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ ယင်းက လေဟာနယ်ကိုပင် အေးခဲသွားစေသည်။

အနက်ရောင်နှင်းပွင့်များက လေထဲမှာ ထွက်ပေါ်လာကြပြီး ဘေးပတ်ဝန်းကျင်တွင် ပြန့်ကျဲသွားကြသည်။

“ မင်းက ဘယ်သူလဲဆိုတာ တကယ်ပဲ ငါသိချင်စမ်းတယ် ”

လီမုန့်တု၏ မျက်လုံးထဲမှ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။ အနောက်ပိုင်းကြယ်စင်စု၏ တစ်ဦးတည်းသော ကြယ်ပွင့်အနေဖြင့် လက်ရှိမျိုးဆက်တွင် မည်သူမှ သူ့ပြိုင်ဘက်မဟုတ်ကြောင်း သူ့ကိုယ်သူ ယုံကြည်မှု ရှိသည်။

အကယ်၍ သူက နှောင်းပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးဖြင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော အံ့ဖွယ်ပန်းချီစာလိပ်ကို အသုံးပြု၍ တစ်ဖက်လူကို ချိပ်ပိတ်ပြီး သတ်ပစ်နိုင်သည်။

ထိုသို့တွေးမိသောအခါ လီမုန့်တု၏ ခန္ဓာကိုယ်က လှုပ်ရှားသွားပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားသည်။ သူက အလွန်ကျယ်ပြောသော အရှိန်အဝါနှင့် ကြီးမားသော အင်အားကို ထုတ်လွှတ်လိုက်သည်။ အေးစက်စက် လေကြမ်းများ တိုက်ခတ်လာသည့်အခါ သူက တာအိုချောက်ကမ်းပါးဆီသို့ ဦးတည်သွားသည်။

သူ့အတွက် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင် မလိုပေ။

လီမိသားစု၏ ကန့်သတ်ဧရိယာက တာအိုချောက်ကမ်းပါးနှင့် အလွန်ဝေးကွာသော်လည်း သူက အဆင့်နိမ့်အင်မော်တယ်တစ်ပါး၏ တပည့်ဖြစ်ပြီး ကြယ်ရှစ်ပွင့်အနက် ကြယ်တစ်ပွင့်ဖြစ်လေရာ ထုံးစံအားဖြင့် ရတနာအများအပြားကို ပိုင်ဆိုင်ထားသည်။

ထိုထဲမှ ရတနာတစ်ခုက သူ့အား ရှေးဟောင်းတည်နေရာပြောင်းရွှေ့ခြင်းအစွမ်းကို ယာယီငှားရမ်းပေးနိုင်သည်။ ထိုရတနာဖြင့်ဆိုလျှင် သူက တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ဆီသို့ သွားစရာမလိုဘဲ ဝေးကွာလှသော နေရာဆီသို့ တည်နေရာပြောင်းရွှေ့နိုင်သည်။

သူက တာအိုချောက်ကမ်းပါးဆီသို့ မြန်ဆန်စွာ ဦးတည်လာနေစဉ် ရွှီချင်းက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။

သူ၏ နဖူးပေါ်တွင် ပွင့်ချပ်ငါးခုနှင့် တစ်ဝက်က လှည့်ပတ်နေသည်။

နားလည်သဘောပေါက်သော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ပြင်းထန်သော သေခြင်းရှင်ခြင်းကပ်ဘေးက သူ့ကို သတိပေးလာသည်။

ပြင်းထန်သော အန္တရာယ်ကို ခံစားမိသောအခါ ရွှီချင်းက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

ယင်းက သူမျှော်လင့်ထားသောအရာ ဖြစ်သည်။

အမွေအနှစ်ပန်းပွင့်၏ ချည်မျှင်တစ်ခုက အရှေ့အရပ်ဆီသို့ လွင့်မျောသွားနေကြောင်း သူမြင်တွေ့ခဲ့သည်။ ထို့ကြောင့် ဆင်ခြင်နားလည်မှု အဆုံးသတ်သွားသည့်အခါ သေခြင်းရှင်ခြင်းတိုက်ပွဲက မလွဲဧကန် ဖြစ်ပေါ်လာနိုင်ကြောင်း သူနားလည်ခဲ့သည်။

တစ်ဖက်လူ၏ သရုပ်ကိုလည်း သူခန့်မှန်းနိုင်သည်။

“ အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံးမှာ ချည်မျှင်နှစ်ခုပဲ ရှိတယ်… ဆိုလိုတာက အမွေအနှစ်ကို လူနှစ်ယောက်ပဲ ဆင်ခြင်နားလည်နိုင်ခဲ့တယ် ”

“ တခြားလူတွေက ပန်းပွင့်ကို မမြင်နိုင်သလို ဆင်ခြင်နားမလည်နိုင်ကြဘူး… အဲ့ဒါရဲ့ ဆိုလိုရင်းက… ”

“ ဒီအမွေအနှစ်ကို ဆင်ခြင်နားလည်ဖို့ဆိုရင် အခြေအနေတချို့ကို လိုအပ်တယ် ”

“ တခြားလူတွေက အဲ့ဒီအခြေအနေနဲ့ မကိုက်ညီတာကြောင့် အမွေအနှစ်ကို အာရုံမခံနိုင်ကြဘူး… ငါက ဘယ်လိုလုပ် အဲ့ဒီအခြေအနေနဲ့ ကိုက်ညီသွားတာလဲ မသိပေမဲ့ ငါ့ရဲ့ တည်ရှိမှုက အဲ့ဒီလူအတွက် သေချာပေါက် မတော်တဆမှုတစ်ခု ဖြစ်ရမယ် ”

“ အဲ့ဒါကို အခြေခံပြီး ခန့်မှန်းရရင် အဲ့ဒီလူရဲ့ သရုပ်က အရမ်းထင်ရှားတယ်… သူက… ”

“ အမှတ်ငါးကြယ်တာရာစက်ဝန်းရဲ့ လက်ရှိမျိုးဆက်ရဲ့ ကြယ်ရှစ်ပွင့်ထဲက အနောက်ပိုင်းကြယ်စင်စုရဲ့ တစ်ခုတည်းသော ကြယ်ပွင့် လီမုန့်တုပဲ ”

ရွှီချင်းက မတ်တတ်ရပ်လိုက်သည့်အခါ မြေပုံထဲမှာ သူဖတ်ရှုထားသော လီမုန့်တု၏ သတင်းအချက်အလက်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

‘ လီမုန့်တုက လီမိသားစုကနေ ဆင်းသက်လာတာဖြစ်ပြီး နောက်ပိုင်းမှာ အင်မော်တယ်တာအိုဂိုဏ်းဆီ ဝင်ရောက်ခဲ့တယ်… သူ့ရဲ့ ဆရာက အင်မော်တယ်တာအိုဂိုဏ်းရဲ့ ကောင်းကင်စောင့်ရှောက်သူပဲ ”

“ သူ့ရဲ့ မြင့်တတ်လာမှုကြောင့် နဂိုက အင်အားကျဆင်းလာခဲ့တဲ့ လီမိသားစုက တဖန်ဦးမော့နိုင်ခဲ့တယ်… အဲ့ဒီလီမိသားစုမှာ ထူးခြားတဲ့ ဝိသေသလက္ခဏာတစ်ခု ရှိတယ်… လီမိသားစုရဲ့ တိုက်ရိုက် မျိုးဆက်တိုင်းက သူတို့ရဲ့ နာမည်ထဲမှာ ‘ တု ’ဆိုတဲ့ စကားလုံးကို ထည့်သွင်းရတယ် ”

“ သူက အစောပိုင်းအဆင့် အုပ်ချုပ်သူတစ်ပါးဖြစ်ပြီး အခွင့်အာဏာလေးခုကို ပိုင်ဆိုင်ထားတယ်… ဒါပေမဲ့ သူ့ကိုယ်ပိုင်တိုက်ပွဲစွမ်းအားရယ် လီမိသားစုနဲ့ သူ့ဆရာဆီက ထူးခြားတဲ့ တာအိုအတတ်ပညာတွေရယ်ကြောင့် သူက အလယ်အလတ်အဆင့် အုပ်ချုပ်သူတစ်ပါးကို သတ်ဖြတ်နိုင်ခဲ့တယ် ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်သည်။ ထိုသတင်းအချက်အလက်က အသစ်မဟုတ်ပေ။ သို့ဖြစ်၍ ယင်းကို မှီငြမ်းရန်သာ အသုံးပြုနိုင်သည်။ ယင်းကို အပြည့်အဝ သူမယုံကြည်နိုင်ပေ။

တကယ့်အခြေအနေအမှန်က ထိုသတင်းအချက်အလက်များထက် ပိုပြီးလေးနက်ကြောင်း သေချာသည်။

ရွှီချင်းက နှုတ်ဆိတ်သွားသည်။ သူက အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ ဆုံးဖြတ်ချက်ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

မည်သို့ဖြစ်ပါစေ အမွေအနှစ်ကို သူရရှိပြီးပြီဆိုမှတော့ အန္တရာယ်ကြောင့်ဖြင့် ယင်းကို လက်မလျော့နိုင်ပေ။

တစ်စုံတစ်ယောက်က တာအိုယှဉ်ပြိုင်ပွဲမှာ လက်လျော့လိုက်မည်ဆိုလျှင် နောက်ကောက်ကျကျန်နေလိမ့်မည်။

တစ်စုံတစ်ယောက်က တစ်ခါနောက်ကောက်ကျကျန်နေလျှင် ထပ်ခါထပ်ခါ နောက်ကောက်ကျကျန်နေလိမ့်မည်။

ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ချက်ချင်း ထွက်သွားသည်။

သူက ဤနေရာမှာ ဆက်ပြီးနေရန် မရွေးချယ်ပေ။

ကြယ်တစ်ပွင့်အနေဖြင့် တစ်ဖက်လူက ဝှက်ဖဲကတ်များစွာကို ပိုင်ဆိုင်ထားပြီး သူ၏ တိုက်ပွဲစွမ်းအားက သေချာပေါက် ထူးချွန်ရမည်။

ထိုသို့ရန်သူတစ်ယောက်ဖြင့် ရင်ဆိုင်ရသည့်အခါ သူက ဤနေရာမှာ ထောက်ချောက်တစ်ခု ပြင်ဆင်ထားမည်ဆိုလျှင်ပင် အများကြီး ထိရောက်လိမ့်မည် မဟုတ်ချေ။

“ တကယ်လို့ ငါသာ အဌမမြောက် အန္တိမတာအိုကို ဖွဲ့စည်းနိုင်မယ်ဆိုရင်… ”

ရွှီချင်းက မျက်လုံးမှေးကျဉ်းလိုက်ပြီး ကောင်းကင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပျံသန်းသွားသည်။ သူက အနီးဆုံးမှာရှိသော တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ဆီသို့ ဦးတည်သွားသည်။

သူသွားရောက်ချင်သော ဦးတည်ရာက နတ်ဘုရားသွေးမြစ် ဖြစ်သည်။

“ အဲ့ဒီနေရာက အကောင်းဆုံး တိုက်ပွဲမြေပြင်ပဲ ”

“ တကယ်လို့ တိုက်ပွဲမှာ ငါအနိုင်ရသွားမယ်ဆိုရင် အဆင်ပြေသွားလိမ့်မယ်… ဒါပေမဲ့ တကယ်လို့ ငါရှုံးသွားမယ်ဆိုရင်တောင် အဆိုးဆုံးအခြေအနေကို ရှောင်ရှားဖို့ နည်းလမ်းတစ်ခု ရှိသေးတယ် ”

ရွှီချင်းက အရှိန်မြှင့်တင်လိုက်သည့်အခါ ကောင်းကင်ပေါ်တွင် အလွန်ကျယ်ပြောသော လှိုင်းဂယက်များ ထွက်ပေါ်လာကြသည်။

ရက်ပေါင်းများစွာ ကြာပြီးနောက်…

တာအိုချောက်ကမ်းပါးပေါ်တွင် ကောင်းကင်က ရုတ်တရက် တုန်ယင်သွားပြီး အနက်ရောင်ဧရာမလက်က ထွက်ပေါ်လာသည်။ အနီရောင်မိုးသောက်အလင်းသည်ပင် ဧရာမလက်၏ ဖုံးလွှမ်းခံလိုက်ရလေရာ ဘေးပတ်ဝန်းကျင်က ချက်ချင်း မည်းမှောင်သွားသည်။

တာအိုချောက်ကမ်းပါးပေါ်မှ ကျင့်ကြံတချို့က တုန်လှုပ်ချောက်ချားသွားကြစဉ် ပုံရိပ်တစ်ခုက အနက်ရောင်လက်ထဲမှ ထွက်လျှောက်လာသည်။

သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့မှာ အနက်ရောင်ဆံပင်ရှည် ရှိသည်။ သူ၏ မျက်နှာက အေးစက်နေစဉ် သူ၏ နဖူးပေါ်မှာ ပွင့်ချပ်ခြောက်ခုနှင့် တစ်ဝက်ရှိသည်။ သူက လီမုန့်တုမှလွဲ၍ တခြားလူမဟုတ်ပေ။

သူ၏ အကြည့်က ရွှီချင်းတရားထိုင်နေခဲ့သော နေရာပေါ်သို့ ကျရောက်သွားသည်။ ထို့နောက် သူက တည်ငြိမ်စွာ ပြောသည်။

“ အမိန့်တော်… လေကို ငါမေးမယ် ”

“ ဒီမှာထိုင်နေခဲ့တဲ့ ကျင့်ကြံသူက ဘယ်ကျင့်ကြံခြင်းအဆင့်ကို ရောက်နေပြီလဲ ”

ထို့နောက် သူက လက်မြှောက်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို ဘေးပတ်ဝန်းကျင်မှ လေက ပရမ်းပတာဖြစ်သွားပြီး ပုံရိပ်ယောင်ခန္ဓာကိုယ်တစ်ခုကို ဖွဲ့စည်းသွားသည်။

“ အမိန့်တော်… ကောင်းကင်ကို ငါမေးမယ် ”

“ အဲ့ဒီလူက အခွင့်အာဏာဘယ်နှစ်ခုကို ပိုင်ဆိုင်ထားလဲ ”

သူ၏ စကားက ပျံ့လွင့်သွားသည့်အခိုက် ကောင်းကင်ပေါ်တွင် လှိုင်းဂယက်များ တအိအိလှုပ်ခတ်သွားကြပြီး ဝိညာဉ်များ ထွက်ပေါ်လာကြသည်။

“ အမိန့်တော်… ဥပဒေသတွေကို ငါမေးမယ် ”

“ အဲ့ဒီလူက ဘယ်ကို ဦးတည်သွားလဲ ”

ဥပဒေသများက ဤနေရာသို့ ဆင်းသက်လာကြပြီး မျက်လုံးတစ်လုံးအဖြစ် ဖွဲ့စည်းသွားသည်။

ထို့နောက် ပုံရိပ်ယောင်ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် မျက်လုံးက အတူတကွ ပေါင်းစပ်သွားကြပြီး ထူးဆန်းသော တည်ရှိမှုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

၎င်းက လီမုန့်တုကို စိုက်ကြည့်လိုက်သည့်အခါ တာအိုအသံက ဘေးပတ်ဝန်းကျင်ဆီသို့ ပဲ့တင်ထပ်သွားသည်။

“ ကျင့်ကြံခြင်းအခြေခံက ဝိညာဉ်စုစည်းခြင်းအဆင့်ပါ… အခွင့်အာဏာကိုးခုကို ပိုင်ဆိုင်ထားပါတယ်… အဲ့ဒါတွေကတော့ ဒြပ်စင်ငါးမျိုး၊ အချိန်၊ လေဟာနယ်၊ ပယ်ဖျက်ခြင်းနဲ့ အင်မော်တယ်အတတ်ပညာပါ ”

“ တိုက်ပွဲစွမ်းအားက အလယ်အလတ်အဆင့် အုပ်ချုပ်သူပါ… သူက တောင်ပိုင်းဆီ ဦးတည်သွားပါတယ် ”

ထိုအသံက ပျံ့လွင့်သွားသည်နှင့်ချက်ချင်း လီမုန့်တုက မျက်လုံးဝင်းလက်သွားသည်။

“ ဒီလိုတည်ရှိမှုက… ”

သူက တစ်ခဏကြာ နှုတ်ဆိတ်သွားသည်။ သူက အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပိုပြီးအားကောင်းလာသည်။

သူက ခန္ဓာကိုယ်ကို ရွေ့လျားလိုက်ပြီး တောင်ပိုင်းဆီသို့ ဦးတည်သွားသည်။ တစ်ချိန်တည်းမှာ သူ့ကိုယ်ပိုင် အင်မော်တယ်မြို့တော် အရည်အချင်းပြည့်မီတုံကင်၏ အာရုံခံနိုင်သော အကွာအဝေးက ထွက်ပေါ်လာသည်။

သူက မည်သည့်နေရာကို ဖြတ်သန်းသွားပါစေ အလင်းစက်များကို အာရုံခံမိပြီး ယင်းတို့ကို ချက်ချင်း စစ်ဆေးလိမ့်မည်။

အကယ်၍ တစ်စုံတစ်ယောက်က အနောက်ပိုင်းကြယ်စင်စုတစ်ခုလုံးကို ကောင်းကင်ပေါ်မှ ငုံ့ကြည့်မည်ဆိုလျှင် လီမုန့်တုနှင့် ရွှီချင်းကြားမှ အကွာအဝေးက မြန်ဆန်စွာ တိုတောင်းလာနေကြောင်း မြင်နိုင်လိမ့်မည်။

တဖြည်းဖြည်း နီးသထက် နီးလာသည်။

တစ်ချိန်တည်းမှာ အနောက်ပိုင်းကြယ်စင်စု၏ အင်မော်တယ်တာအိုဂိုဏ်းထဲတွင် လယ်သမားအဖိုးအိုနှင့်ဆင်တူသော အဆိပ်ဘုရင်က သူ့အရှေ့မှ အဆိပ်ပင်နှစ်ပင်ကို ဘုံကိုးဘုံအင်မော်တယ်ဆေးရည်ဖြင့် ရေလောင်းပေးနေဆဲပင်။

ဤအခိုက်အတန့်မှာ အဆိပ်ပင်နှစ်ပင်သည် ယခင်ထက် စိတ်ဝိညာဉ် ပိုကြွယ်ဝလာကြသည်။ ၎င်းတို့က အာဟာရများကို ပိုပြီးစုပ်ယူနိုင်ရန် အချင်းချင်း ယှက်ထွေရစ်ပတ်လိုက်ကြသည်။

၎င်းတို့က အဆိပ်ဆူးချွန်များကို တခြားအပင်၏ ခန္ဓာကိုယ်ထဲသို့ အပြန်အလှန် ထိုးစိုက်လိုက်ကြသည်။

၎င်းတို့က ယှက်ထွေရစ်ပတ်နေကြရင်း တစ်ယောက်ကိုတစ်ယောက် ဝါးမျိုနေကြသည်။

စိတ်ကျေနပ်သော အပြုံးက အဆိပ်ဘုရင်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ မင်းတို့ထဲက ဘယ်သူပဲသေသေ ကိစ္စမရှိဘူး… နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်က ငါ့ရဲ့ ကမ္မပါဝင်တဲ့ အမွေအနှစ်ကို ရရှိလိမ့်မယ်… ”

All Chapters