ပန်းချီစာလိပ်ဖွင့်ခြင်း(က)
Vol. 104 Ch. 1597
ဖျစ်ညှစ်လိုက်သည့်အခါ သွေးနှလုံးသားက ချက်ချင်း အက်ကွဲသွားသည်။
နှလုံးသား၏ အသွေးအသားများနှင့် သွေးက နေရာတိုင်းသို့ ပြန့်ကျဲသွားသည်။
ပြန်လည်အားဖြည့်ခြင်းအခြေအနေမှာ ရှိနေသည့်တိုင် ပြင်းထန်သော နာကျင်မှုကြောင့် လီမုန့်တုက ဆက်တိုက် သွေးအန်လိုက်ရသည်။ သွေးက သူ၏ ရင်ဘက်ပေါ်ရှိ ဟောင်းလောင်းပေါက်ထဲမှလည်း ဒလဟော စီးကျလာသည်။
သူ၏ ခန္ဓာကိုယ်က ရွှီချင်းကဲ့သို့ သွေးဖြင့် ရွှဲစိုသွားသည်။
ထို့ပြင် အလွန်ပြင်းထန်သော နာကျင်မှုကြောင့် သူ၏ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် တွန့်လိမ်သွားသည်။ သို့သော်လည်း အထူးဆန်းဆုံးမှာ သူက အမှန်တကယ် ပြုံးနေသည်။
သူ၏ လက်ထဲမှ အဖိုးအိုသစ်သားပန်းပုရုပ်သည်လည်း ပြုံးနေသည်။
သူတို့၏ ခန္ဓာကိုယ်က ထိန်းချုပ်မရအောင် လူးလွန့်နေပြီး သူတို့၏ မျက်နှာပေါ်မှာ နာကျင်မှုဖြင့် ပြည့်နှက်နေသည့်တိုင်အောင် သူတို့က ပြုံးထားကြသည်။
သူတို့၏ ကိုယ်ဟန်အမူအရာက တစ်ထပ်တည်း တူညီကြသည်။
ရွှီချင်းက ရုတ်တရက် နှလုံးတုန်ယင်သွားသည်။ ချက်ချင်းဆိုသလို သူ၏ ရင်ဘက်က သူ့ဘာသာ ဟက်တက်ကွဲသွားသည်။ ဤသည်မှာ သူ၏ ရင်ဘက်က သဏ္ဍာန်မဲ့လက်တစ်ဖက်ဖြင့် ထိုးဖောက်ခံလိုက်ရသည့်အလားပင်။ သွေးလွှမ်းနေသော အပေါက်တစ်ပေါက်က သူ၏ ရင်ဘက်ပေါ်မှာ ထွက်ပေါ်လာပြီး သူ၏ နှလုံးက မြင်သာလာသည်။
ဤအခိုက်အတန့်မှာ သူ၏ နှလုံးက သဏ္ဍာန်မဲ့လက်တစ်ဖက်ဖြင့် ဖျစ်ညှစ်ခံလိုက်ရသည့်အလား စတင်အက်ကွဲလာသည်။
“ ကမ္မဥပဒေသ ”
ရွှီချင်း၏ မျက်လုံးထဲမှ တာအိုအမှတ်အသားများက ရုတ်တရက် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားကြသည်။ သူက သစ်သားပန်းပုရုပ်နှင့် သူ့ကြားမှ ကမ္မချည်မျှင်များကို ချက်ချင်း မြင်တွေ့သွားသည်။ ထို့ပြင် သစ်သားပန်းပုရုပ်နှင့် လီမုန့်တုကြားမှာလည်း ကမ္မချည်မျှင်များ ရှိသည်။
ဤသည်မှာ သစ်သားပန်းပုရုပ်က လီမုန့်တုနှင့် ရွှီချင်းကို ဆက်သွယ်ပေးထားသော ကြားခံနယ်ပစ္စည်းတစ်ခု ဖြစ်ဟန် ရသည်။
ထိုဆက်နွယ်မှုမှတဆင့် လီမုန့်တု ခံစားလိုက်ရသော အတွေ့အကြုံက ရွှီချင်းပေါ်မှာလည်း ဖြစ်ပေါ်လာသည်။
သို့ဖြစ်၍ လီမုန့်တုက သူ့နှလုံးကို ချေမွဖျက်ဆီးလိုက်သည့်အခါ ရွှီချင်း၏ နှလုံးသည်လည်း ချေမွဖျက်ဆီးခံလိုက်ရသည်။
ရွှီချင်း၏ အမူအရာက မည်းမှောင်သွားသည်။ သူ၏ နှလုံးက အက်ကွဲတော့မည်ကို မြင်သောအခါ ဧရာမကတ်ကြေးတစ်လက်ကို ချက်ချင်း ထုတ်လိုက်သည်။
မဟာဧကရာဇ်အဆင့် ရတနာကတ်ကြေးချည်းသာ မဟုတ်။ သူက ပယ်ဖျက်ခြင်းအခွင့်အာဏာ၏ တာအိုအမှတ်အသားများကိုလည်း လှုံ့ဆော်လိုက်သည်။
ရတနာကတ်ကြေးက အတိတ်မှာကဲ့သို့ မကြီးမြတ်တော့သော်လည်း ရွှီချင်း၏ ကျင့်ကြံခြင်းအခြေခံက မြင့်တတ်လာသည်နှင့် ယင်းသည်လည်း အလွန်အားကောင်းလာသည်။ ကတ်ကြေးသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သစ်သားပန်းပုရုပ်နှင့် ရွှီချင်းကြားမှ ကမ္မချည်မျှင်များကို ညှပ်ပစ်လိုက်သည်။
တောက်ဟူသော မြည်သံနှင့်အတူ ကမ္မချည်မျှင်အားလုံးက ဖြတ်တောက်ခံလိုက်ရသည်။
သူက နှလုံးအက်ကွဲမည့် အန္တရာယ်ကို ဖြေရှင်းနိုင်သွားသည်။
ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး လီမုန့်တုကို တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်
သို့သော်လည်း နောက်အခိုက်အတန့်မှာ လီမုန့်တု၏ အက်ရှရှအသံက ထွက်ပေါ်လာသည်။
“ ထူးခြားတဲ့ အဲ့ဒီအခွင့်အာဏာကို မင်းပိုင်ဆိုင်ထားတာကို ငါမြင်လိုက်တဲ့အချိန်မှာ ကမ္မကို ဖြတ်တောက်နိုင်တဲ့ နည်းလမ်းတစ်ခု မင်းဆီမှာ ရှိလောက်မယ်လို့ ငါခန့်မှန်းထားခဲ့တယ်… ဒီတော့ ငါက ဘယ်လိုလုပ် ဘာမှမပြင်ဆင်ထားဘဲ နေမှာလဲ ”
“ စောစောက နှလုံးကို ငါဖောက်ထုတ်လိုက်တာက မင်းမှာ ကမ္မကို ဖြတ်တောက်နိုင်တဲ့ နည်းလမ်းတစ်ခုရှိမရှိ အတည်ပြုချင်လို့ပဲ ”
လီမုန့်တုက စကားပြောလိုက်ပြီးနောက် သစ်သားပန်းပုရုပ်အား ကိုင်ထားသော လက်ကို အကြမ်းပတမ်း ဖျစ်ညှစ်လိုက်သည်။ ချက်ချင်းဆိုသလို သစ်သားပန်းပုရုပ်က ပြင်းထန်စွာ တုန်ယင်သွားပြီး အဖိုးအို၏ ဦးခေါင်းက လီမုန့်တုကြောင့် ကျိုးသွားသည်။
ထိုသစ်သားပန်းပုရုပ်၏ ဇစ်မြစ်က လျှို့ဝှက်ဆန်းကြယ်ပြီး အလွန်ထူးခြားသည်။ ကမ္မချည်မျှင်များက ဖြတ်တောက်ခံလိုက်ရသော်လည်း ၎င်းထံမှ ထွက်ပေါ်လာသော တန်ပြန်ဆိုးကျိုးများက အလွန်ကြောက်စရာကောင်းဆဲပင်။
ထို့ပြင် ဦးခေါင်း ကျိုးသွားသည့်အခိုက် ပြတ်တောက်သွားဟန်ရသော ကမ္မချည်မျှင်များက အသက်ပြန်ဝင်လာသည်။ ယင်းတို့က စပါးအုံးမြွေများအလား ရွှီချင်း၏ ရတနာကတ်ကြေးကို ရစ်ပတ်ချုပ်နှောင်လိုက်ကြသည်။
ထိုသို့ရစ်ပတ်မှုအောက်မှာ ပြတ်တောက်သွားသော ကမ္မဆက်နွယ်မှုက ပြန်ရောက်လာသည်။
ရွှီချင်း၏ သူငယ်အိမ်က ကျုံ့သွားသည်။
တစ်ချိန်တည်းမှာ လီမုန့်တုက ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး သူ၏ ဘယ်လက်ဖြင့် ဓားမြှောင်တစ်လက်ကို ထုတ်လိုက်သည်။ သူက ရွှီချင်းကို အေးစက်စက် စိုက်ကြည့်လိုက်ပြီး သူ၏ လည်ပင်းကို တုံ့ဆိုင်းခြင်းမရှိဘဲ အကြင်နာမဲ့စွာ လှီးဖြတ်လိုက်သည်။
ပမာဏများပြားသော သွေးက ပန်းထွက်လာသည်။ ဒဏ်ရာက အလွန်နက်ရှိုင်းလေရာ သူ၏ အရိုးများပင် လှီးဖြတ်ခံလိုက်ရသည်။
တူညီသော ဒဏ်ရာက ရွှီချင်း၏ လည်ပင်းပေါ်မှာ ချက်ချင်း ထွက်ပေါ်လာသည်။
သွေးပန်းထွက်လာသည်နှင့် ရွှီချင်း၏ တစ်ကိုယ်လုံးက အပြင်းအထန် တုန်ယင်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် ဤမတိုင်ခင်ကတည်းက ဒဏ်ရာအများအပြား ရရှိထားခဲ့သည်။ ယခု သူက အလွန်ပြင်းထန်သော ဒဏ်ရာကို ရရှိသွားသည့်အခိုက် သူ၏ ကျင့်ကြံခြင်းအခြေခံက ဖရိုဖရဲဖြစ်သွားပြီး သူ၏ အသက်ဓာတ်က မြန်ဆန်စွာ ခမ်းခြောက်သွားသည်။
သူက လည်ပင်းပေါ်မှ ဒဏ်ရာကို လက်တစ်ဖက်ဖြင့် ဖိထားလိုက်ပြီး အမြန်အနောက်ဆုတ်သွားသည်။
သို့သော်လည်း မူးဝေခြင်းက သူ့အပေါ်ကို ဆူနာမီလှိုင်းလုံးသဖွယ် ဖုံးလွှမ်းသွားသည်။
အခြားတစ်ဖက်မှာတော့ လီမုန့်တုက သစ်သားပန်းပုရုပ်ကို ပြန်သိမ်းဆည်းလိုက်ပြီး နောက်ဆုံးကျန်ရှိသော ပြန်လည်အားဖြည့်ခြင်းအခိုက်အတန့်မှ စွမ်းအားကို ငှားယူလိုက်သည်။ ထိုအခါ သူ၏ ဟောင်းလောင်းပေါက်ဖြစ်နေသော နှလုံးနှင့် လည်ပင်းပေါ်မှ ဒဏ်ရာက မြန်ဆန်စွာ ပြန်ကောင်းမွန်သွားသည်။
ပြန်လည်အားဖြည့်ခြင်းအခွင့်အာဏာ၏ ကြာချိန် ကုန်ဆုံးသွားသည့်အခိုက် သူက ဒဏ်ရာကင်းမဲ့သော အခြေအနေသို့ ပြန်ရောက်သွားသည်။
သို့သော်လည်း နောက်အခိုက်အတန့်မှာ ပြန်လည်အားဖြည့်ခြင်းအခွင့်အာဏာကို အသုံးပြုခဲ့သော တန်ကြေးက ထွက်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ ဆံပင်တစ်ဝက်က ဖြူဖွေးသွားပြီး သူ၏ ခန္ဓာကိုယ်က ပိန်ချုံးသွားသည်။ သူ၏ အရှိန်အဝါသည်လည်း သိသိသာသာ အားနည်းသွားသည်။
သို့သော်လည်း သူက ရွှီချင်း၏ အနောက်ဆုတ်သွားနေသော ပုံရိပ်ကို ကြည့်နေရင်း မျက်လုံးဝင်းလက်သွားသည်။
“ ကြည့်ရတာ မင်းရဲ့ အချိန်နောက်ပြန်ဆုတ်ခြင်းက ငါထင်ထားတဲ့အတိုင်း မှန်နေတာပဲ… အဲ့ဒါကို မင်းက အချိန်တိုအတွင်း ဒုတိယအကြိမ် အသုံးမပြုနိုင်ဘူး ”
သူက စကားပြောနေရင်း ရွှီချင်းဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။ သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
ရွှီချင်းက အချိန်နောက်ပြန်ဆုတ်ခြင်းကို ဒုတိယအကြိမ် အသုံးမပြုနိုင်ကြောင်း သူသေချာသွားသည်။
သူ၏ အလျင်က အလွန်မြန်ဆန်လေရာ သူက တည်နေရာပြောင်းရွှေ့သွားသည့်အလား ရွှီချင်း၏ အရှေ့မှာ ချက်ချင်း ထွက်ပေါ်လာသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်နှင့် လီမုန့်တုက လက်မြှောက်လိုက်ပြီး အောက်သို့ အကြင်နာကင်းမဲ့စွာ ဖိချလိုက်သည်။
သူက ရွှီချင်းကို ဤနေရာမှာတင် အပြတ်ရှင်းပစ်ချင်သည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ လည်ပင်းပြတ်ခါနီးနေသော ရွှီချင်းက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူ၏ မျက်လုံးထဲ၌ ထွက်ပေါ်နေသည်မှာ စိတ်ပျက်အားလျော့မှုမဟုတ်ပေ။ ယင်းအစား အလွန်အားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြစ်သည်။
သူက ဤတိုက်ပွဲမစတင်ခင်ကတည်းက သူ၏ ပါးစပ်ထဲမှာ ငုံထားခဲ့သော ပစ္စည်းကို ချက်ချင်း မျိုချလိုက်သည်။
ယင်းက ပွင့်ချပ်တစ်ခု ဖြစ်သည်။
ထိုပွင့်ချပ်ထဲမှာ လပူဇော်ဒေသကြီးထဲမှ အဖွားငါး၏ ပြန်လည်ကုသခြင်းစွမ်းအင် ပါဝင်သည်။
မဖြစ်မနေ လိုအပ်သော အခြေအနေမျိုးမဟုတ်လျှင် ရွှီချင်းက ယင်းကို အသုံးမပြုချင်ပေ။
အဘယ့်ကြောင့်ဆိုသော် သူက ထိုစွမ်းအင်ကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် ကုသလိုက်မည်ဆိုလျှင် အဖွားငါး၏ အသက်ဓာတ်က ကြီးကြီးမားမား ဆုတ်ယုတ်သွားလိမ့်မည်။
သို့သော်လည်း ယခုအခြေအနေအရ သူ့မှာ ထိုစွမ်းအားကို အသုံးပြုရုံမှတပါး တခြားရွေးချယ်စရာ မရှိပေ။
ပွင့်ချပ်ကို မျိုချလိုက်သည်နှင့်ချက်ချင်း သိမ်မွေ့ညင်သာသော စွမ်းအားက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ ချက်ချင်း ပျံ့နှံ့သွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူ၏ တစ်ကိုယ်လုံးက ထိုစွမ်းအားဖြင့် ပြည့်နှက်သွားပြီး သူ၏ ရင်ဘက်ပေါ်မှ အရိုးများနှင့် အသွေးအသားများက ပြန်ကောင်းမွန်လာသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက သက်သာပျောက်ကင်းသွားပြီး သူ၏ ပြတ်ခါနီးနေသော လည်ပင်းသည်လည်း ပြန်သက်သာလာသည်။
တစ်ဆက်တည်းမှာ ရွှီချင်းက အဖိုးရှစ်ပေးခဲ့သော ဒေါသစွမ်းအင်မှော်သင်္ကေတကို ချေမွလိုက်သည်။
ချက်ချင်းဆိုသလို ဖော်မပြနိုင်အောင် အလွန်ပြင်းထန်သော ဒေါသက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။ အဆုံးမဲ့သော ဒေါသနောက်တွင် ပိုမိုအားကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပေါ်လျှိုးလာသည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ဒေါသစိတ်ကြောင့် တစ်ဟုန်ထိုး မြင့်တတ်သွားသည်။
သူ၏ ရုပ်ခန္ဓာကိုယ်သည်ပင် ဒေါသစိတ်ကြောင့် ပိုပြီးသန်မာလာသည်။
ရွှီချင်း၏ ခန္ဓာကိုယ်က ကြီးထွားလာပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးကြောများက ဖောင်းကြွလာကြသည်။ သူ၏ မျက်လုံးသည်လည်း သွေးရောင်လွှမ်းသွားသည်။ သူ၏ အသက်ရှူသံထဲမှာ စိတ်ခံစားချက်များကို ပရမ်းပတာဖြစ်စေနိုင်သော အစွမ်းတစ်မျိုး ကိန်းအောင်းနေသည်။