လောကက သက်ရှိအားလုံးအတွက် ဧည့်ဂေဟာ
Vol. 104 Ch. 1599
အနောက်ပိုင်းကြယ်စင်စု၊ အင်မော်တယ်တာအိုဂိုဏ်း…
အလွန်ကျယ်ပြောသော ယာတောထဲ၌ အပင်နှစ်ပင်၏ ယှဉ်ပြိုင်မှုသည်လည်း အဆုံးသတ်သို့ ရောက်ရှိသွားသည်။
အပင်တစ်ပင်က ရှည်လျားစွာ ရပ်နေပြီး အသက်ဓာတ်ဖြင့် ပြည့်ဝနေသည်။ ၎င်း၏ သစ်ရွက်များက လှုပ်ယမ်းနေစဉ် ကြယ်အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
၎င်း၏ ဘေးတွင် ညှိုးနွမ်းခြောက်သွေ့နေသော အပင်တစ်ပင်က လဲကျနေသည်။ ၎င်း၏ သစ်ရွက်များက ခြောက်သွေ့နေပြီး ၎င်း၏ ပန်းပွင့်များက နွမ်းလျနေသည်။ ၎င်းက မြေဩဇာနှင့် ပေါင်းစပ်သွားနေဟန် ရ၏။
သို့သော်လည်း အဆိပ်ဘုရင်က အပင်ကို စိုက်ကြည့်နေဆဲပင်။
သူက အသက်ဓာတ်ဖြင့် ပြည့်ဝနေသော အပင်ကို ကြည့်နေခြင်းမဟုတ်ပေ။ ယင်းအစား သူက ရွှံ့မြေဖြင့် ပေါင်းစပ်နေသော အပင်ကို ကြည့်နေသည်။
“ သေခြင်းကနေ ပြန်လည်မွေးဖွားတာလား ”
အဆိပ်ဘုရင်က တီးတိုးရေရွတ်လိုက်စဉ် ထူးဆန်းသော အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
…..
တစ်ချိန်တည်းမှာ အနောက်ပိုင်းကြယ်စင်စု၏ ကောင်းကင်ပေါ်တွင် လီမုန့်တုက လေထဲမှာ ပျံသန်းနေစဉ် သူ၏ မျက်နှာက ဖြူဖျော့နေသည်။ သူ၏ အတွင်းဒဏ်ရာများက ထိန်းချုပ်မရအောင် ထွက်ပေါ်နေသည်။ ရံဖန်ရံခါ သူက သွေးချောင်းဆိုးလိမ့်မည်။
သူက ဒဏ်ရာများကို မည်သို့ဖိနှိပ်ထားပါစေ သူ၏ အခြေအနေက အရေးကြီးအမှတ်သို့ ရောက်ရှိနေသည်။
ဤတိုက်ပွဲက သူ့ဘဝတစ်လျှောက်တွင် အပြင်းထန်ဆုံး သေခြင်းရှင်ခြင်းတိုက်ပွဲ ဖြစ်သည်။
သူက လက်တစ်လုံးခြား အနိုင်ရသွားခဲ့သော်လည်း သူ၏ ဒဏ်ရာများက ပိုပြီးဆိုးဝါးပြင်းထန်လာသည်။
“ တခြားကြယ်ပွင့်တွေနဲ့ တိုက်ခိုက်ရင်တောင် ဒီလောက် အခြေအနေမဆိုးနိုင်ဘူး ”
လီမုန့်တုက တီးတိုးရေရွတ်လိုက်သည်။ သူက အနိုင်သွားခဲ့သည့်တိုင် အစောနက တိုက်ပွဲအကြောင်းကို ပြန်စဉ်းစားလိုက်သည့်အခါ ကြောက်ရွံ့မှုကို ခံစားမိသွားဆဲပင်။
ထိုကြောင့် သူက လုံးဝစိတ်မအေးနိုင်ပေ။
“ ဒီလောကမှာ အမြဲတမ်း မတော်တဆမှုတွေ ရှိတယ်… အထူးသဖြင့် ကောင်းကင်အရွေးချယ်ခံတွေကြားမှာပဲ ”
လီမုန့်တုက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက ထိုသို့မတော်တဆမှုမျိုး အဖြစ်မခံနိုင်ပေ။ သို့ဖြစ်၍ လက်ရှိ သူ၏ အမြန်နှုန်းက အလွန်နှေးကွေးသည်ဟု သူခံစားမိသည်။
နောက်အခိုက်အတန့်မှာ သူက ညာလက်ကို မြှောက်လိုက်ပြီး သူ၏ နဖူးပေါ်သို့ ဖိချလိုက်သည်။ ကျယ်လောင်သော ဟိန်းသံနှင့်အတူ သူ၏ မျက်နှာက နီရဲလာသည်။ သူက သူ့ကိုယ်ပိုင်ပါရမီ၏ အကန့်အသတ်ကို လှုံ့ဆော်လိုက်သည့်အလား သူ့အခွင့်အာဏာ၏ တစ်စိတ်တစ်ပိုင်းက လောင်ကျွမ်းသွားသည်။
ထိုအတွက် ရလဒ်အနေဖြင့် သူ၏ အလျင်က တစ်ဟုန်ထိုး တိုးမြှင့်သွားသည်။ သူက မျက်စိတစ်မှိတ်အတွင်းမှာ တည်နေရာပြောင်းရွှေ့သွားသည်။
ထိုသို့ဖြင့် သုံးရက်ကြာပြီးနောက် သူက ရှေးဟောင်းတည်နေရာပြောင်းရွှေ့ခြင်းအစီအရင်၏ အကူအညီနှင့်အတူ နောက်ဆုံးမှာတော့ လီမိသားဆီသို့ ပြန်ရောက်လာသည်။
သူက ကန့်သတ်ဧရိယာဆီသို့ မသွားပေ။ ယင်းအစား သူက လီမိသားစု၏ ဘိုးဘေးကုန်းမြေဆီသို့ ဦးတည်သွားသည်။
လီမြို့တော်…
ထိုမြို့တော်သည် ခမ်းနားထည်ဝါပြီး ဖွင့်ဖြိုးတိုးတတ်သည်။ ထိုနေရာမှာ မရေမတွက်နိုင်သော ကျင့်ကြံသူများ ရှိကြသည်။
လီမြို့တော်၏ အလွန်နက်ရှိုင်းသော မြေအောက်ထဲတွင် အံ့ဖွယ်ကောင်းသော မြေအောက်နန်းတော်တစ်ခု ရှိသည်။
ထိုမြေအောက်နန်းတော်က သီးခြားကမ္ဘာငယ်တစ်ခုအဖြစ် တည်ရှိနေသည်။
အတိအကျဆိုရလျှင် ယင်းက အမှန်တကယ်ပင် ကမ္ဘာငယ်တစ်ခု ဖြစ်သည်။
ထိုကမ္ဘာထဲတွင် ကောင်းကင်နှင့်မြေပြင် တည်ရှိသော်လည်း သက်ရှိများ မရှိပေ။
လောကတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ လေတိုးဝှေ့သံသာ ဤနေရာမှာ ပျံ့လွင့်နေသည်။ ယင်းက မြစ်ချောင်းများ၊ လွင်ပြင်များနှင့် တောင်ထွတ်များကို ဖြတ်သန်းတိုက်ခတ်သွားသည်။
ထိုထဲမှ တောင်ထွတ်တစ်ခု၏ အပေါ်တွင် သစ်သားတဲအိမ်တစ်လုံး ရှိသည်။
တံခါးက တင်းကျပ်စွာ ပိတ်ခံထားရသည်။
ခြံဝန်းထဲတွင် ဆေးမီးဖိုတစ်လုံးက ထောင်မတ်နေပြီး ဆေးမီးဖိုထဲတွင် အမွှေးတိုင်များကို ထွန်းညှိထားသည်။ သို့ဖြစ်၍ မီးခိုးငွေ့များက လေထဲသို့ တလိပ်လိပ် မြှောက်တတ်သွားနေသည်။
အချိန်တစ်ခဏကြာပြီးနောက် ဤကမ္ဘာငယ်၏ ကောင်းကင်ပေါ်တွင် လှိုင်းဂယက်များ တိတ်တဆိတ် ထွက်ပေါ်လာကြသည်။ ထို့နောက် လီမုန့်တု၏ ပုံရိပ်က အပြင်မှ ဝင်ရောက်လာသည်။
ဤနေရာသို့ ရောက်လာပြီးနောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သစ်သားတဲအိမ်၏ ခြံဝန်းဆီသို့ လျှောက်သွားသည်။ ပိတ်ထားသော တံခါးကို ကြည့်နေရင်း သူ၏ အမူအရာက တည်ကြည်သွားသည်။
သူက မြေပြင်ပေါ်မှာ ဒူးထောက်လိုက်သည်။
ဤနေရာက လီမိသားစု၏ အထွတ်အမြတ်နယ်မြေဖြစ်ပြီး လီမိသားစုဘိုးဘေး၏ နေအိမ်လည်း ဖြစ်သည်။
ဘိုးဘေးကွယ်လွန်သွားပြီးနောက် ဤနေရာက လီမိသားစု၏ ဘိုးဘေးခန်းမဖြစ်လာသည်။
လီမိသားစု၏ စည်းမျဉ်းများအရ ဘိုးဘေးကန်တော့ပွဲနေ့မဟုတ်လျှင် လီမိသားစုဝင်များသည် ဤနေရာသို့ မဝင်ရောက်နိုင်ပေ။
“ ကျွန်တော်လီမုန့်တုက ဘိုးဘေးရဲ့ ငြိမ်းချမ်းမှုကို လာအနှောင့်အယှက်ပေးမိတဲ့အတွက် တောင်းပန်ပါတယ် ”
လီမုန့်တုက တိုးညင်းစွာ ပြောသည်။ ထို့နောက် သူက ကြည်ညိုလေးစားမှုနှင့်အတူ မြေကြီးနှင့် ဦးတိုက်လိုက်ပြီး အရိုအသေပေးသည်။
အချိန်အတန်ကြာပြီးနောက် လီမုန့်တုက မတ်တတ်ပြန်ရပ်လိုက်သည်။ သူက တဲအိမ်ထံမှ အကြည့်ရွှေ့ပြောင်းလိုက်ပြီး သူ၏ အရှေ့မှ ဆေးမီးဖိုကို ကြည့်လိုက်သည်။
ဤနေရာသို့ သူရောက်လာရသည့် အဓိကရည်ရွယ်ချက်က ထိုဆေးမီးဖို ဖြစ်သည်။
သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ ရွှီချင်းကို ချိပ်ပိတ်ထားသော ပန်းချီစာလိပ်က အရှေ့သို့ ပျံသန်းသွားပြီး ဆေးမီးဖိုဆီသို့ ဦးတည်သွားသည်။
ပန်းချီစာလိပ်က ဆေးမီးဖိုပေါ်သို့ ကျရောက်သွားသည့်အခိုက် ဆေးမီးဖိုတစ်ခုလုံး အပြင်းအထန် တုန်ယင်သွားသည်။ တစ်ချိန်တည်းမှာ တိတ်ဆိတ်နေသော ကမ္ဘာငယ်ထဲ၌ မိုးခြိမ်းသံသဖွယ် မြည်ဟိန်းသံက ပဲ့တင်ထပ်သွားပြီး မြေပြင်က တုန်လှုပ်သွားသည်။
အဆုံးမဲ့သော မီးတောက်များက ကမ္ဘာမြေ၏ အနက်ပိုင်းထဲမှ ပေါ်လျှိုးလာကြပြီး လောကကို အလင်းရောင်ပေးလိုက်သည်။ တစ်ဆက်တည်းမှာ စည်းချအစီအရင်က စတင်ထွန်းလင်းတောက်ပလာသည်။
ဤကမ္ဘာငယ်တစ်ခုလုံးက စည်းချအစီအရင်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး မြေကြီးမီးတောက်က နယ်နိမိတ်အကန့်အသတ်ဖြစ်လာသည်။ ယင်းက ဆေးမီးဖို၏ လည်ပတ်မှုကို လှုံ့ဆော်ပေးလိုက်သည်။ ဆေးမီးဖိုက အသက်ဝင်လာပြီး မီးဟုန်းဟုန်းတောက်လာသည်။ တစ်ချိန်တည်းမှာ ယင်းက ပန်းချီစာလိပ်၏ သန့်စင်မှုစွမ်းအားကို တစ်ဟုန်ထိုး မြှင့်တင်ပေးလိုက်သည်။
“ ဒီနည်းနဲ့ဆိုရင် ဘာမတော်တဆမှုမှ ဖြစ်မလာနိုင်တော့ဘူး… အဲ့ဒီလူ ဒီအခြေအနေကို ပြောင်းပြန်လှန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး… သူက သေချာပေါက် သေဆုံးရလိမ့်မယ် ”
သူ၏ အရှေ့မှ အရာအားလုံးကို ကြည့်နေရင်း လီမုန့်တုက နောက်ဆုံးမှာတော့ စိတ်အေးသွားသည်။
သူက ပိတ်နေသော သစ်သားတဲအိမ်ထံသို့ နောက်တစ်ကြိမ် အရိုအသေပေးလိုက်ပြီး ဤနေရာမှ ထွက်သွားရန် ပြင်လိုက်သည်။ သူက ဒဏ်ရာများကို အမြန်ဆုံး ကုသရန်အလို့ငှာ အင်မော်တယ်စွမ်းအင်ကြွယ်ဝသော အင်မော်တယ်တာအိုဂိုဏ်းဆီသို့ ပြန်ချင်သည်။
“ ငါ့ရဲ့ ဒဏ်ရာတွေ သက်သာသွားပြီး ဒီနေရာကို ငါပြန်လာတဲ့အခါ အဲ့ဒီလူရဲ့ ဝိညာဉ်က ရွှမ်ကမ္ဘာမြေထဲမှာ ပြန့်ကျဲသွားလောက်တယ်… အဲ့ဒီအခါကျရင် ငါ့အပိုင်ဖြစ်တဲ့ အမွေအနှစ်က ငါ့ဆီ ပြန်ရောက်လာလိမ့်မယ် ”
လီမုန့်တုက ခေါင်းငုံ့လိုက်ပြီး ဆေးမီးဖိုထဲမှ ပန်းချီစာလိပ်ကို နောက်တစ်ကြိမ် ကြည့်လိုက်သည်။
လီမိသားစုဘိုးဘေးသည် ကွယ်လွန်သွားပြီးနောက် ထိုပန်းချီစာလိပ်ကို မိသားစုအမွေအနှစ်အဖြစ် ထားရစ်ခဲ့သည်။ ပန်းချီစာလိပ်ထဲမှ အကြောင်းအရာကိုတော့ နောင်သားမျိုးဆက်များက မသိကြပေ။
သူတို့သိထားသည်မှာ ဤစာလိပ်က အထွတ်အမြတ် ရတနာတစ်ခုဖြစ်ပြီး ရွှမ်ကမ္ဘာမြေဟုခေါ်သော နေရာမှ ဆင်းသက်လာသည်။
ရွှမ်ကမ္ဘာမြေက ဘိုးဘေး၏ မွေးရပ်ဇာတိဖြစ်သည်။
ဘိုးဘေး၏ နောက်ဆုံးအမှာစကားအရ ဤပန်းချီစာလိပ်သည် အဆင့်နိမ့်အင်မော်တယ်တစ်ပါးကိုပင် ချိပ်ပိတ်နိုင်သည်။
လီမိသားစုထဲတွင် လီမုန့်တုတစ်ယောက်တည်းသာ သူ၏ သက်တမ်းကို စတေးပြီး ဤပန်းချီစာလိပ်၏ အစွန်းကို ဖွင့်လှစ်နိုင်သည်။ သို့ဖြစ်၍ သူက ပန်းချီစာလိပ်အကြောင်းကို တခြားလူများထက် ပိုပြီးသိထားသည်။
“ ခန္ဓာကိုယ်က ခြောက်သွေ့သွားပြီး အခွံလွတ်ဖြစ်လာမယ်… ဝိညာဉ်ကတော့ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ရောက်ပြီး တဖြည်းဖြည်း တိုက်စားခံရမယ်… နောက်ဆုံးမှာတော့ စိတ်ဝိညာဉ်က ရွှမ်ကမ္ဘာမြေထဲမှာ ပြန့်ကျဲသွားလိမ့်မယ် ”
လီမုန့်တုက တီးတိုးရေရွတ်လိုက်ပြီး ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။ ထို့နောက် သူက နေရာမှ ပျောက်ကွယ်သွားသည်။
သူထွက်သွားသည်နှင့် တိတ်ဆိတ်ငြိမ်သက်နေသော ကမ္ဘာငယ်က ဆူညံသံများဖြင့် ပြည့်နှက်သွားသည်။ အဆုံးမဲ့သော မီးတောက်များက နေရာအနှံ့မှာ တဟုန်းဟုန်း တောက်လောင်နေသည်။ ထိုအသံက အချိန်အတော်ကြာအောင် ပဲ့တင်ထပ်သွားသည်။
…..
ဂျိန်း…
ဂျိန်း…
ဂျိန်း…
ကောင်းကင်ဘုံမိုးခြိမ်းသံက အဝေးရှိ မိုးကုပ်စက်ဝိုင်းမှ ဆင်းသက်လာသည့်အလား အစစ်အမှန်လောကကို ဖြတ်သန်း၍ ပုံရိပ်ယောင်ကောင်းကင်ပေါ်သို့ ကျဆင်းလာသည်။ ထိုအခါ ကျယ်လောင်သော မိုးထစ်ချုန်းသံက မြည်ဟိန်းသွားသည်။
ယင်းက မြို့တော်ထဲမှာ အိပ်စက်အနားယူနေကြသော လူပေါင်းမြောက်များစွာကို အထိတ်တလန့် ဖြစ်သွားစေသည်။
မြို့ထဲမှ သက်ရှိအားလုံးက နိုးသွားကြသည်။
မိုးခြိမ်းသံက အဖိုးအိုတစ်ယောက်ကိုလည်း နိုးသွားစေသည်။ သူက တိတ်တဆိတ် မျက်လုံးဖွင့်လိုက်ပြီး ညင်သာစွာ ချောင်းဟန့်လိုက်သည်။
အတိုင်းအတာတစ်ခုထိဆိုရသော် ထိုချောင်းဟန့်သံက ကောင်းကင်ဘုံမိုးခြိမ်းသံထက် သာလွန်သည့်အလား အဖိုးအို၏ စံအိမ်တစ်ခုလုံးကို ချက်ချင်း မီးလင်းထိန်သွားစေသည်။ မရေမတွက်နိုင်သော အစေခံများနှင့် အခြွေအရံများက ချက်ချင်း ပြေးလာကြသည်။
သူတို့က နည်းနည်းမှ နောက်မကျဝံ့ကြချေ။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ပေါ်မှ မိုးခြိမ်းသံက ကံကြမ္မာပေါ် မူတည်နေသော လူများကို သတ်ပစ်နိုင်သည်။
အခြားတစ်ဖက်မှာတော့ ဤအဖိုးအိုက သူ၏ စိတ်ခံစားချက်ပေါ်မူတည်၍ လူသတ်ပစ်နိုင်သည်။
သို့ဖြစ်၍ သူ၏ ချောင်းဟန့်သံက ကောင်းကင်ဘုံမိုးခြိမ်းသံထက် သာလွန်နေခြင်း ဖြစ်သည်။
အဖိုးအိုက ခမ်းနားထည်ဝါသော ပိုးသားဝတ်စုံကို ဝတ်ဆင်ထားလေရာ လွန်စွာ အဆင့်အတန်းမြင့်မားကြောင်း ထင်ရှားသည်။
သူ၏ ဦးခေါင်းတစ်ခုလုံးက ဖြူဖွေးနေပြီး သူ၏ မျက်နှာပေါ်မှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည့်တိုင် သူ၏ မြင့်မားသော အဆင့်အတန်းကြောင့် အာဏာရှင်အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်နေသည်။ ဤသည်မှာ သူ၏ အမိန့်တော်က သေခါနီးလူတစ်ယောက်ကိုပင် သူ့ကံကြမ္မာ၏ အဆုံးသတ်ကို မေ့လျော့သွားစေနိုင်ဟန် ရ၏။
မိုးခြိမ်းသံက သူ့ဘဝတစ်လျှောက်တွင် ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်ပြတ်သားမှုများကို ပြန်လည်အောက်မေ့စေသည်။
“ ဘယ်အချိန်ရှိပြီလဲ ”
အဖိုးအိုက အက်ရှရှအသံဖြင့် ပြောသည်။
အစေခံတစ်ယောက်က အရှေ့သို့ မြန်မြန်လျှောက်လာပြီး ရိုသေကျိုးနွံစွာ ပြန်ပြောသည်။
“ သခင်… အာရုဏ်တတ်ခါနီးအချိန် ရှိပါပြီ ”
အဖိုးအိုက နှုတ်ဆိတ်သွားသည်။ အချိန်တစ်ခဏကြာပြီးနောက် သူက ကုတင်ပေါ်မှာ ပြန်လဲလျောင်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။
“ မင်းတို့အားလုံး ထွက်သွားကြတော့ ”
ယင်းကို ကြားသောအခါ အစေခံအားလုံးက စိတ်ထဲမှာ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြပြီး အခန်းထဲမှ တိတ်တဆိတ် ထွက်သွားကြသည်။
အခန်းက နောက်တစ်ဖန် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ရံဖန်ရံခါ ထွက်ပေါ်လာသော ကောင်းကင်ပေါ်မှ မိုးခြိမ်းသံသည်သာ ဆက်လက် ပဲ့တင်ထပ်နေသည်။
အမှောင်ထုအောက်ဝယ် အဖိုးအိုက မျက်လုံးမမှိတ်သေးပေ။ သူက အမှောင်ထုကို ကြည့်နေလျက် သူ့ဘဝ၏ နေဝင်ချိန်ကို ခံစားလိုက်သည်။ သူက ဤသို့အားနည်းသော ဘဝကို လက်မခံချင်ပေ။ သေခြင်းတရားက သူ့ထံသို့ ချဉ်းကပ်လာနေသည်ကို သူမလိုလားပေ။
“ ငါက အသက်ကြီးနေပြီ… ဒါပေမဲ့ အရေးကြီးတဲ့ တစ်စုံတစ်ခုကို ငါမေ့နေတယ်လို့ ဘာလို့ ခံစားမိတာလဲ ”
အဖိုးအိုက တီးတိုးရေရွတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက နောက်ဆုံးမှာတော့ ထာဝရ မျက်လုံးမှိတ်သွားသည်။
မဟာနင်မင်းဆက်၏ ထည်ဝါကောင်းကင်ခေတ်၊ သက္ကရာဇ်(၇၉)ခုနှစ်၌…
မဟာနင်မင်းနေပြည်တော်ထဲတွင် ကောင်းကင်ဘုံရတနာဟုခေါ်သော မြို့တစ်မြို့ ရှိသည်။
ဝန်ကြီးချုပ်ရွှီကျင်းဖန်သည် အုပ်ချုပ်ရေးအာဏာကို ကိုင်ဆောင်ထားလျက် ထည်ဝါကောင်းကင်ဧကရာဇ် ထီးနန်းဆက်ခံနိုင်ရန် ကူညီပေးခဲ့သည်။ ဝန်ကြီးချုပ်ရွှီသည် သူရသတ္တိနှင့် ပြည့်စုံပြီး ပြည်ထောင်(၂၅)ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ မဟာနင်မင်းဆက်တွင် ဖော်မပြနိုင်သော အုပ်ချုပ်ရေးအာဏာကို ထူထောင်ခဲ့သည်။
ယနေ့ည အာရုဏ်တတ်ခါနီးအချိန်တွင် ဝန်ကြီးချုပ်ရွှီသည် ကွယ်လွန်သွားသည်။
ထိုညတွင် မိုးခြိမ်းသံက ဆက်တိုက် မြည်ဟိန်းနေသည်။
ဤသည်မှာ ပြန်လည်မွေးဖွားခြင်းသံသရာက အဆုံးမရှိဘဲ ဆက်တိုက် ဖြစ်ပျက်နေသည်ဟု အသိပေးနေသည့်အလားပင်။
သို့တိုင်အောင် အချိန်စီးဆင်းမှု သဘောတရားအရ လူတချို့သာလျှင် ယင်းကို သမိုင်းအဖြစ် မှတ်မိနေကြလိမ့်မည်။ တခြားလူများသည်တော့ ယင်းကို မေ့ပျောက်သွားကြလိမ့်မည်။
ဝန်းကြီးချုပ်ရွှီ ကွယ်လွန်သွားသည့် ညမှာပင် အခြားကမ္ဘာတစ်ခု၌ ရွှီဟုန်ဆိုသော ကလေးငယ်က မွေးဖွားလာသည်။
သူ၏ အဖေက ကုန်သည်တစ်ဦးဖြစ်ပြီး စီးပွားရေးတွင် ထူးချွန်ထက်မြက်သည်။ သူ၏ အိမ်မက်က ကြွယ်ဝချမ်းသာသော သူဌေးတစ်ယောက်ဖြစ်လာရန် ဖြစ်သည်။
ထို့ကြောင့် ကလေးကို မိသားစု၏ ပထမဆုံး သားကြီးအနေဖြင့် ဟုန်ဟု နာမည်မှည့်တွင်ခဲ့သည်။
ရွှီဟုန်သည် သူ့အဖေ၏ အိပ်မက်ကို ဖြည့်ဆည်းပေးရန် သူ၏ စာပေသင်ကြားမှုကို စွန့်လွှတ်ခဲ့ပြီး မိသားစု၏ စီးပွားရေးကို လက်လွှဲယူခဲ့သည်။
ထိုသို့ဖြင့် တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ကုန်ဆုံးသွားသည်။
ဤဘဝတွင် သူက သနားကြင်နာမှုနှင့် ရက်ရောမှုအတွက် နာမည်ကျော်ကြားသည်။ တခြားလူများက သူ့ကို အကြီးမြတ်ဆုံး ပေးကမ်းသူအဖြစ် သိကြသည်။
ကံမကောင်းစွာဖြင့် သူ၏ အနီးနားမှာရှိသော တစ်စုံတစ်ယောက်၏ ကလိမ်ကျမှုကြောင့် သူ့မိသားစု၏ အိမ်မက်က ပြိုကွဲသွားသည်။
ကံကြမ္မာဆိုးက သူ့ကိုယ်ပိုင် မျှော်လင့်ချက်ကို ငြိမ်းသတ်ပစ်လိုက်သည်။
သူပိုင်ဆိုင်ထားခဲ့သော ချမ်းသာကြွယ်ဝမှုက ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားသည်။
သူ့မိသားစုက အလဲလဲအကွဲကွဲ ဖြစ်သွားသည်။ သူကိုယ်တိုင်က ဆိုးဝါးသော အခြေအနေဖြင့် ကျန်ရစ်နေခဲ့သည်။ သူ၏ နောက်ဆုံးအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က ဖျာလိပ်ဖြင့် ရစ်ပတ်ခံလိုက်ရပြီး မြို့ထဲမှ အလောင်းပုံများကြားထဲမှာ လွှတ်ပစ်ခံလိုက်ရသည်။ သူ၏ နေအိမ်က ပြာအဖြစ် မီးလောင်တိုက်သွင်းခံလိုက်ရသည်။
နောင်တ…
ရွှီစန်းသည် မသေချာပေ။ သူက ပြင်းထန်သော ဝမ်းနည်းမှုကိုသာ ခံစားနေမိသည်။ သူက ခေါင်းကိုက်ဝေဒနာကို တောင့်ခံရင်း သူ့အရှေ့မှ မီးလောင်ကျွမ်းခံထားရသော အပျက်အစီးများကို ကြည့်လိုက်သည်။ သူက ပါးစပ်အပြည့် သွေးတစ်ပွက် အန်လိုက်သည်။
သူ၏ ဘေးပတ်ဝန်းကျင်၌ ပျက်စီးနေသော မြင်းလှည်းများ ရှိသည်။ ရွှေချောင်းများက လမ်းမပေါ်မှာ ပြန့်ကျဲနေပြီး အမျိုးသမီးများက ဒူးထောက်နေလျက် ကြောက်ရွံ့တုန်ယင်နေကြသည်။ မီးတောက်များကြားတွင် လူတိုင်း၏ မျက်လုံးထဲမှာ လောဘရမ္မက်ဖြင့် ပြည့်နှက်နေသည်။
သူသည်လည်း ထိုလူများထဲမှာ ပါဝင်သည်။
ယွင်လိုင်တောင်၏ ဓားပြတစ်ယောက်အနေဖြင့် ဤသို့အသက်ရှင်သန်သော နည်းလမ်းကို သူသဘောမကျပေ။ မည်သို့ဖြစ်ပါစေ တတိယခေါင်းဆောင်ဖြစ်သော ရွှီစန်းက လွတ်လပ်သော ဘဝကို အမြဲတမ်း နှစ်သက်သဘောကျသည်။ သူက လွတ်လပ်မှုကို တန်ဖိုးထားပြီး ခြေဦးတည်ရာ လှည့်လည်သွားလာသူ ဖြစ်သည်။
ယွင်လိုက်တောင်မှာ သူနေထိုင်နေစဉ်အတွင်း ခရီးသွားများကို ဓားပြတိုက်ပြီး သေခြင်းရှင်ခြင်းအခြေအနေဖြင့် မကြာခဏ ရင်ဆိုင်ခဲ့ရသည်။ သို့သော်လည်း အဆုံးမှာတော့ တခြားလူများက အသားစားနေစဉ် သူက အရည်သာ သောက်ခဲ့ရသည်။
ထိုသို့နေ့ရက်များကို ဖြတ်သန်းလာပြီးနောက် သူ၏ စိတ်မရှည်မှုက ကြီးထွားလာသည်။
အဓိကပြဿနာမှာ သူ၏ ခေါင်းကိုက်ဝေဒနာက တဖြည်းဖြည်း ပိုးဆိုးဝါးလာခြင်း ဖြစ်သည်။
ယင်းက ငယ်စဉ်ကလေးဘဝကတည်းက သူခံစားခဲ့ရသော နာတာရှည်ရောဂါဖြစ်သည်။ သူ့အမေပြောသည်မှာ သူ၏ ဦးနှောက်က ကြီးထွားလာနေသောကြောင့် ထိုသို့နာကျင်မှုကို ခံစားနေရခြင်း ဖြစ်သည်။
ထိုအချိန်တုန်းက သူ့အမေ၏ စကားကို သူယုံကြည်ခဲ့သည်။
သို့သော်လည်း တဖြည်းဖြည်း သူအရွယ်ရောက်လာသည်နှင့် သူ၏ ခေါင်းကိုက်ဝေဒနာက ပိုပြီးဆိုးဝါးလာသည်။ သို့သော်လည်း သူ၏ ဦးနှောက်က ဆက်ပြီး ကြီးထွားမလာဟန် ရ၏။
သူက အမြဲတမ်း လှည့်စားခံနေရပြီး လိမ်ညာခံနေရသည်။ သူ၏ အမေကိုလည်း တစ်စုံတစ်ယောက်က သတ်သွားခဲ့သည်။ သူက ထိုအတွက် လက်တုံ့ပြန်ခဲ့ဟန် ရသည်။
သို့သော်လည်း သူသေချာမမှတ်မိပေ။ သူမှတ်မိသည်မှာ လူအလုံလောက်ကို သူမသတ်ရသေးပေ။
ထို့ကြောင့် သူက ခေါင်းကို ပြင်းထန်စွာ ထုရိုက်လိုက်ပြီး ခြေထောက်မှ ဒဏ်ရာကို ပတ်တီးစည်းလိုက်သည်။ ထိုကင်းထောင့်အစောင့်က မသေခင် အရေးကြီးသော သူ၏ အဓိကနေရာများကို မည်သို့တိုက်ခိုက်ခဲ့ကြောင်း ပြန်စဉ်းစားမိသောအခါ ရွှီစန်း သက်ပြင်းချလိုက်သည်။ ယနေ့ သူက ကံမကောင်းကြောင်း ခံစားမိသွားသည်။
“ ဒီနေရာကနေ ထွက်သွားပြီး ပိုကောင်းတဲ့ နေရာကို ရှာဖွေဖို့ အခွင့်အရေးတစ်ခု ငါရှာရမယ်… ပြီးသွားရင် ငါ့ခေါင်းထဲမှာ ဘာတွေရှိလဲ စစ်ဆေးဖို့ သမားတော်တစ်ယောက်ကို ရှာဖွေရမယ် ”
ထိုစဉ် ရယ်မောသံက အဝေးမှ ပျံ့လွင့်လာသည်။ နောက်အခိုက်အတန့်မှာ တုန်ယင်နေသော အမျိုးသမီးတစ်ယောက်က ရွှီစန်း၏ အရှေ့သို့ ပစ်လွှတ်ခံလိုက်ရသည်။
“ ငတုံးကောင်အမှတ်သုံး… ဒီနေ့ မင်းလုပ်ခဲ့တာ ကောင်းတယ်… ငါမင်းကို မိန်းမတစ်ယောက် ဆုချမယ်ဆိုရင်ရော ဘယ်လိုလဲ ”
ထိုစကားကြောင့် ရွှီစန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ထိုစကားက သူ၏ ခေါင်းကိုက်ဝေဒနာကို သက်သာသွားစေပြီး သူ၏ အသက်ရှူသံကို မြန်ဆန်လာစေသည်။ သူက တုန်ယင်နေသော သူ့အရှေ့မှ အမျိုးသမီးကို စူးစိုက်ကြည့်လိုက်သည်။
ဤနေရာမှာ ဓားပြလုပ်ရခြင်းက သူထင်ထားသကဲ့သို့ မဆိုးဝါးကြောင်း ရုတ်တရက် ခံစားမိလာသည်။
ထို့ကြောင့် သူက ဆုချီးမြှင့်ပေးသော ဒုတိယခေါင်းဆောင်ကို အမြန်ပြောလိုက်သည်။
“ အာ… ကျေးဇူးပဲ… ”
ကျောက်ခဲတစ်လုံးက ပျံသန်းလာပြီး ရွှီစန်း၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။
ကျောက်ခဲပစ်လွှတ်မှုက အလွန်အားပါလေရာ သက်သာသွားသော သူ၏ ဦးခေါင်းက ပြန်နာကျင်လာသည်။ သူက ခေါင်းမော့လိုက်သည့်အခါ သူ့အား အထင်သေးရှုံ့ချသော မျက်လုံးများဖြင့် ကြည့်နေသည့် ဒုတိယခေါင်းဆောင်ကို မြင်သွားသည်။
“ မင်းက တကယ် မိန်းမလိုချင်တာလား ”
ထိုစကားသံ၏ အနောက်တွင် ရယ်မောသံများက ဘေးပတ်ဝန်းကျင်၌ ပျံ့လွင့်သွားသည်။
“ မလိုချင်ပါဘူး... မလိုချင်ပါဘူး... ”
ရွှီစန်းက ပြုံးလိုက်သည်။ သူ၏ တည်ငြိမ်သော မျက်နှာအောက်တွင် ခေါင်းကိုက်ခြင်းထက် အဆပေါင်းများစွာ ပိုပြီးဆိုးဝါးသော ဝေဒနာရှိသည်။
ဤသည်မှာ သူက တစ်စုံတစ်ယောက်ကို ဆန္ဒပြင်းပြစွာ သတ်ချင်နေသည့်အလား သို့မဟုတ် သူ့ကိုယ်သူ သတ်ချင်နေသည့်အလားပင်။
သို့ဖြစ်၍ စခန်းကို ပြန်သည့် လမ်းတွင် သူက ဒုတိယခေါင်းဆောင်၏ အရှေ့သို့ ခုန်ဝင်လိုက်ပြီး ဓားဖြင့် ထိုးလိုက်သည်။
ကံမကောင်းစွာဖြင့် သူ၏ ဓားက ပစ်မှတ်လွဲသွားသည်။
ထို့နောက် သူ့ကို ကြိုဆိုလာသည်မှာ အလွန်ပြင်းထန်သော နာကျင်မှုဖြစ်သည်။ သူက အရုပ်ကျိုးပြတ်သွားသည့်အလား ဒဏ်ရာအများအပြားဖြင့် မြေပေါ်သို့ လဲကျသွားသည်။ ပမာဏများပြားသော သွေးက သူ၏ ခန္ဓာကိုယ်ထဲမှ စီးကျလာသည်။
သို့သော်လည်း သူက မသေဆုံးခင် နောက်ဆုံးအခိုက်အတန့်မှာ ပြုံးလိုက်သည်။
ထို့ပြင် သူ့အရှေ့မှ ဒုတိယခေါင်းဆောင်၏ ထိတ်လန့်သော အကြည့်နှင့် ဘေးပတ်ဝန်းကျင်မှ လူများ၏ အံ့ဩသော အကြည့်အောက်မှာ သူက ပါးစပ်ထဲမှ အသားတုံးကို မျိုချလိုက်သည်။
ထိုအသားတုံးက ဒုတိယခေါင်းဆောင်၏ လည်ပင်းထံမှ အသားဖြစ်သည်။
သူမြင်နေရသော လောကက ဝေဝါးလာသည်။
လောကက ဝေဝါးနေစဉ် သူ၏ ခေါင်းကိုက်ဝေဒနာက သက်သာပျောက်ကင်းသွားကြောင်း ရုတ်တရက် သူနားလည်သွားသည်။ ထိုစဉ် သူ၏ မှတ်ဉာဏ်ထဲမှာ မည်သည့်အခါကမှ မရှိခဲ့သော စာကြောင်းတစ်ခု ထွက်ပေါ်လာသည်။
" လောကက သက်ရှိအားလုံးအတွက် ဧည့်ဂေဟာဖြစ်တယ်... "
" အဲ့ဒါ ဘာအဓိပ္ပာယ်လဲ "
ရွှီစန်းသည် ထိုစာကြောင်းကို တစ်ခါမှ မလေ့လာခဲ့ဖူးပေ။ ယင်းက မည်သည့်အဓိပ္ပာယ်ကို ဆိုလိုကြောင်း သူမသိပေ။ ယင်းကို အဖြေရှာရန် သူကြိုးစားလိုက်စဉ် သူ၏ အသက်ဓာတ်က ခမ်းခြောက်သွားသည်။