အဌမမြောက် အန္တိမတာအို မွေးဖွားလာခြင်း(က)
Vol. 104 Ch. 1601
ဟင်းလင်းပြင်ထဲတွင် သူ၏ ခန္ဓာကိုယ်က လှေဖြစ်လာပြီး သူ၏ ဝိညာဉ်က ကူးတို့လှေသမားဖြစ်လာသည်။ လှေက လက်ရှိအချိန်စီးဆင်းမှုကို ဆန့်ကျင်လျက် အရှေ့သို့ ဆန်တတ်သွားနေသည်။
ဤလမ်းကြောင်းက အဆုံးမဲ့စွာ ရှည်လျားသည်။
သူ၏ အတိတ်ဘဝများသည် မင်းမှုထမ်း၊ ကုန်သည်၊ ဓားပြ၊ သမားတော်၊ လယ်သမားနှင့် ကျင့်ကြံသူဖြစ်သည်။
ယင်းတို့က သာမန်အတွေ့အကြုံများ သို့မဟုတ် သာမန်ပြန်လည်မွေးဖွားခြင်းစက်ဝန်းများဖြစ်သည်ဟု အောက်မေ့ရသည်။
သို့သော်လည်း သူကိုယ်တိုင်က ထိုဘဝများနှင့် တစ်သားတည်းဖြစ်နေသောကြောင့် ယင်းတို့၏ အနှစ်သာရများကို မမြင်နိုင်ခဲ့ပေ။
ယခု သူက ပြန်နိုးလာပြီဖြစ်လေရာ ထိုအနှစ်သာရများကို ထွင်းဖောက်မြင်နိုင်သွားသည်။
အမှန်မှာ ယင်းတို့က ဒြပ်စင်ငါးမျိုး ဖြစ်ကြသည်။
ဝန်ကြီးချုပ်ဖြစ်ခဲ့သော ရွှီကျင်းဖန်သည် မင်းဆက်တစ်ခုကို တည်ထောင်ရန် ရက်စက်ကြမ်းကြုတ်သော အာဏာရှင်နည်းလမ်းများကို အသုံးပြုခဲ့သည်။ သူက သူရသတ္တိနှင့် ပြည့်စုံပြီး စစ်သည်တော်သန်းပေါင်းများစွာ၏ ယုံကြည်မှုကို ရရှိခဲ့သည်။ သူက စစ်ပွဲအလံတိုင်ကို ကိုင်ဆွဲလျက် မရေမတွက်နိုင်သော စစ်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့သည်။ သူ၏ ဘဝက သတ္ထုကို ကိုယ်စားပြုသည်။
သတ္ထုက စစ်မက်ဖြစ်ပွားခြင်း၊ အာဏာရှင်ဆန်ခြင်းနှင့် ဆက်စပ်မှုရှိသည်။ သူက ထိုဘဝတွင် သတ္ထုအဖြစ် နေထိုင်ရန် ကံကြမ္မာပါလာခဲ့သည်။
ရွှီဟုန်သည် နာမည်ကျော်ကြားသော ကုန်သည်တစ်ဦးဖြစ်ပြီး သူ၏ သနားကြင်နာမှုနှင့် ပေးကမ်းရက်ရောမှုကြောင့် လူသိများသည်။ သူက အလွန်ကြွယ်ဝသော ဥစ္စာပစ္စည်းများကို ပိုင်ဆိုင်ခဲ့သော်လည်း တစ်စုံတစ်ယောက်၏ အကောက်ကြံမှုကြောင့် စီးပွားပျက်ခဲ့ပြီး ဆိုးဝါးစွာ သေဆုံးသွားခဲ့သည်။ သူ၏ ဘဝက ရေဓာတ်ဖြင့် လွှမ်းမိုးခံခဲ့ရသည်။
ကြွယ်ဝချမ်းသာမှုက ရေကို ကိုယ်စားပြုသည်။ မိုးရွာသည့်အခါတွင် ရေများပြည့်လျှံပြီး မိုးခေါင်သည့်အခါတွင် ရေရှားပါးသည်။ ရွှီဟုန်၏ ကံကြမ္မာသည်လည်း ထိုအတိုင်းပင်။
တောပုန်းဓားပြရွှီစန်း၏ ဘဝက မြေကြီးမဟုတ်ဘဲ သစ်သားဖြစ်သည်။ သူ့ဘဝက ရေပေါ်မှာ မျောနေသော ဘဲစားမှော်ပင်များနှင့် ဆင်တူသည်။ ကလေးဘဝတွင် သူက ယိုယွင်းဆွေးမြေ့နေသော သစ်သားနှင့် ဆင်တူပြီး အရွယ်ရောက်လာသည့်အခါ တောပုန်းဓားပြ ဖြစ်လာသည်။ သူက တောတောင်များကြားထဲတွင် အမြဲတစေ နေထိုင်ခဲ့လေရာ သူ၏ ဘဝကို သစ်သားကံကြမ္မာက လွှမ်းမိုးထားသည်။
သူက အသိဉာဏ်ပညာ နည်းပါးသောကြောင့် ဒေါသ၏ ထိန်းချုပ်မှုကို အလွယ်တကူ ခံရလေ့ရှိသည်။ သူက ဒူးထောက်ပြီး အနိုင်ကျင့်ခံမည့်အစား တန်ပြန်တိုက်ခိုက်ပြီး သေဆုံးရမည်ကို ပိုပြီးနှစ်သက်သည်။
ရွှီယုသည် သမားတော်ဖြစ်ပြီး ကြင်နာသနားသော ကရုဏာနှလုံးသားကို ပိုင်ဆိုင်ထားသည်။ သူက ကောင်းကင်နှင့် မြေပြင်၏ ဆေးမီးဖိုဖြစ်လာရန် ကိုယ်တိုင်ဆန္ဒရှိပြီး သူ့ဘဝတစ်လျှောက်တွင် ဆေးဖက်ဝင်အပင် အများအပြားကို သန့်စင်ခဲ့သည်။ သူ၏ ဘဝနှင့် ကံကြမ္မာက မီး၏ လွှမ်းမိုးခံထားရသည်။
သူ့မှာ ဗာမီလီယံငှက်၏ နှလုံးသားရှိပြီး သူက ဘဝ၏ ထိန်းလင်းတောက်ပမှုကို လိုလားသည်။
သို့တိုင်အောင် ထိုဘဝတွင် မီးနှင့် လေက သူ၏ နှလုံးသားကို စားသုံးခဲ့ပြီး သူ၏ အသက်ကို ငြိမ်းသတ်ပစ်ခဲ့သည်။
ရွှီခွန်းသည် သာမန်လယ်သမားတစ်ယောက်ဖြစ်ပြီး သူ၏ ဘဝနေထိုင်မှုက ရိုးရှင်းသည်။ သူက ရိုးသားပြီး စကားနည်းသည်။ သူက နေ့စဉ်နေ့တိုင်း ပြင်းထန်သော နေရောင်ခြည်အောက်မှာ တူးရွင်းပြားတစ်လက်နှင့် လယ်လုပ်ခဲ့သည်။ သူက မည်သည့်ညည်းညူမှုကိုမှ မဖော်ပြဘဲ ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့သည်။
ကောင်းကင်က သူ၏ ဦးခေါင်းပေါ်မှာ ရှိနေပြီး မြေကြီးက သူ၏ ခြေဖဝါးအောက်မှာ ရှိနေစဉ် သူက အနာဂတ်ဘဝအတွက် အချိန်ဆွဲရန် ကြိုးစားခဲ့သည်။ သူ၏ ဘဝက မြေကြီးကို ကိုယ်စားပြုပြီး နောက်ဆုံးနေဝင်ချိန်မှာပင် သူက မြေကြီးထဲမှာ အဆုံးသတ်သွားခဲ့သည်။
သက်လတ်ပိုင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှ ကြွင်းကျန်ဝိညာဉ်နှင့် ကောင်လေးသည် တစ်ယောက်တည်းဖြစ်ပြီး ဇစ်မြစ်တူညီသည်။
သူက အချိန်ကာလများကို ဆက်စပ်ပေးမည့် ချည်မျှင်တစ်ခု ဖြစ်သည်။
ချည်မျှင်က သတ္ထုကို ကိုယ်စားပြုသော မင်းမှုထမ်းဘဝမှစ၍ မြေကြီးကို ကိုယ်စားပြုသော လယ်သမားဘဝအထိ ခေတ်ကာလအမျိုးမျိုးကို ဆက်သွယ်ပေးခဲ့ကာ နောက်ဆုံးမှာတော့ သူ့ဘဝ၏ အစစ်အမှန်ကို ရှာတွေ့သွားခဲ့သည်။
သူက အချိန်၏ ချည်နှောင်မှုများကို ဖြတ်ကျော်နိုင်ခဲ့သည်။
ယင်းက အချိန်ကံကြမ္မာ ဖြစ်သည်။
“ ဒါဆို… ပျောက်ဆုံးနေတဲ့ တစ်ခုတည်းသောအရာက လေဟာနယ်ပဲ… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
“ ဘာဖြစ်လို့ အဲ့လိုဖြစ်တာလဲဆိုတော့ ဒီလမ်းကြောင်းက မပြည့်စုံသေးလို့ပဲ ”
ပြန်လည်မွေးဖွားခြင်းက အရှေ့မှာ ရှိသည်။ သူ၏ အနောက်မှာတော့ မူလဇစ်မြစ် ရှိသည်။ သို့ဖြစ်၍ သူက အရှေ့သို့ ရွေ့လျားနေရင်း စူးစမ်းလေ့လာနေသည်။
သူက ဆက်ပြီး မနစ်မြုပ်သွားတော့ပေ။
သူက ဖြတ်သန်းသွားလာသော ခရီးသည်တစ်ယောက်ပမာ ဘဝ၏ ဆန်းကြယ်သော အပြောင်းအလဲများကို လေ့လာကြည့်ရှုနေသည်။
သူမြင်လိုက်ရသော တာအိုသည် သဏ္ဍာန်မဲ့သည်။ ထိုထဲမှာ ယောင်္ကျားနှင့် မိန်းမများ၊ လူငယ်နှင့် လူကြီးများ၊ နတ်စင်များနှင့် သိုင်းကမ္ဘာများ ပါဝင်ကြသည်။
ထိုမြင်ကွင်းများက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာကြသည်။
အချိန်က ဆက်လက် စီးဆင်းသွားနေသည်။
ရွှီချင်းက လမ်းလျှောက်လျက် ဤလမ်းကြောင်းကို စစ်ဆေးနေစဉ် နောက်ဆုံးမှာတော့ သူ၏ ခြေလှမ်းက ရပ်တန့်သွားသည်။
သူမြင်လိုက်ရသည်မှာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲမှ သူကိုယ်တိုင်ဖြစ်သည်။ ဤဘဝတွင် သူက ဇာတ်ဆရာတစ်ယောက်အဖြစ် ပြောင်းလဲသွားသည်။
…..
ဇာတ်ဆရာဘဝတွင် မရေမတွက်နိုင်သော ဇာတ်ကောင်များဖြင့် ပြည့်နှက်နေသည်။
မနေ့ညတွင် ဗုံသံများနှင့် အိုးစည်သံများက လေထဲမှာ ပြည့်နှက်နေသည်။ ပန်းပွင့်များက ဇာတ်စင်ပေါ်မှာ ပြန့်ကျဲသွားသည်နှင့် ပေါင်ဒါလိမ်းခြယ်ထားသော အကသမားများက ထွက်ပေါ်လာကြသည်။
ယနေ့ညတွင် အလံတိုင်များက တဖျပ်ဖျပ်လှုပ်ခတ်နေပြီး လေက အရပ်ရှစ်မျက်နှာထံမှ တိုက်ခတ်လာသည်။ သစ္စာရှိသော လူကောင်းများနှင့် သစ္စာမဲ့သော လူယုတ်မာများက ဆုံးဖြတ်ခံထားရပြီးသော ကံကြမ္မာနှင့်အတူ ဇာတ်စင်ပေါ်သို့ တတ်လာကြသည်။
မျက်နှာက မနေ့ကနှင့် တူညီသော်လည်း အဝတ်အစားများက ကွဲပြားခြားနားသည်။ သူတို့က မတူညီသော ဇာတ်ကောင်စရိုက်များနှင့်အတူ ပရိသတ်များကို ဖျော်ဖြေပေးကြသည်။
ပရိသတ်အများစုက စိတ်လှုပ်ရှားဖွယ်ကောင်းသော ဇာတ်လမ်းကြောင့် ပျော်ရွှင်နေကြစဉ် ပရိသတ်တချို့က ဇာတ်သိမ်းပိုင်းကို သဘောမကျသောကြောင့် နောင်တရနေကြသည်။
ဇာတ်စင်ပေါ်တွင် ဤလောက၏ ထူးခြားဆန်းပြားသော ကိစ္စအမျိုးမျိုးကို သရုပ်ဖော်ပြနေသည်။
သို့တိုင်အောင် ထိုသရုပ်ဆောင်များ၏ စစ်မှန်သော နှလုံးသားက မည်သို့ရှိကြောင်း မည်သူသိနိုင်မည်နည်း။
အချိန်ကြာလာသည်နှင့်အမျှ အမှန်တရားနှင့် ပုံရိပ်ယောင်ကြားမှ ကွာခြားမှုက စတင်ဝေဝါးလာသည်။
အနီရောင်ပိတ်ကားက အောက်ကျလာပြီး ပရိသတ်များ လူစုခွဲသွားသည့်အခါ သရုပ်ဆောင်များက ဇာတ်စင်နောက်သို့ ပြန်ဝင်သွားကြသည်။ ထိုအချိန်မှသာ ဇာတ်လမ်း၏ ကြိုးကိုင်သူဖြစ်သော ဇာတ်ဆရာက အပြင်သို့ ထွက်လျှောက်လာသည်။ သူ၏ မျက်နှာက ညှိုးမှိုင်နေသည်။ ယင်းက ယနေ့ ဖျော်ဖြေခဲ့သော ဇာတ်လမ်းကြောင့် ဖြစ်နိုင်သည်။ သို့သော်လည်း အတိတ်နှင့် အနာဂတ်မှ ဇာတ်လမ်းများ၏ ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုက သူ၏ မျက်နှာပေါ်မှာ ပုံရိပ်ပြန်လာသည်။ ဤအခိုက်အတန့်မှာ ဘဝက တဒင်္ဂမျှသာ ကြာမြင့်သော အိမ်မက်တစ်ခုဖြစ်ကြောင်း သူနားလည်သွားသည်။ ထိုအိမ်မက်ထဲ၌ အချိန်က တိတ်တဆိတ် ကုန်ဆုံးသွားပြီး မည်သည့်သဲလွန်စမှ မကျန်ဘဲ ပျောက်ကွယ်သွားသည်။
နောက်ဆုံးမှာတော့ သက်ပြင်းချသံက ပဲ့တင်ထပ်သွားသည်။
“ ဒီလောကမှာ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုက ဇာတ်ကောင်တွေ အများကြီးနဲ့ သက်ဆိုင်နေတယ်… အဲ့ဒါတွေက အစစ်အမှန်လား ပုံရိပ်ယောင်လားဆိုတာ ဘယ်သူက သေချာပြောနိုင်မှာလဲ… ”
“ အဲ့ဒါတွေကို ခွဲခြားပစ်လို့ မရဘူး… ”
ဇာတ်ဆရာဘဝ၏ မှတ်ဉာဏ်အပိုင်းအစများက လှိုင်းဂယက်များသဖွယ် လှုပ်ရှားသွားပြီး အိမ်မက်ထဲမှ နိုးလာကြသည်။ ယင်းတို့က နှစ်ထောင်ပေါင်းများစွာကြာအောင် လှည့်ပတ်သွားဟန် ရ၏။
ဘဝတွင် မွေးဖွားခြင်းက အစဖြစ်သလို သေဆုံးခြင်းကလည်း အစဖြစ်သည်။
ယင်းက တဒင်္ဂမျှသာ ကြာမြင့်သော အိမ်မက်တစ်ခု ဖြစ်သည်။
ယခု ရွှီချင်းက ထိုအိမ်မက်ထဲမှ နိုးလာသည်။
အဆုံးမဲ့သော ဟင်းလင်းပြင်ထဲတွင် သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
“ ဒီဟာကို ဇာတ်စင်လို့ ဘယ်လိုလုပ် ခေါ်လို့ရမှာလဲ… အဲ့ဒါက အချိန်ထဲက ဘဝတစ်ခုပဲ… ”
“ လူတွေက မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကို တွေ့ကြုံရသလိုမျိုး ဇာတ်စင်မှာလည်း အစပြုချိန်နဲ့ အဆုံးသတ်ချိန်ဆိုပြီး ရှိတယ်… သေခြင်းနဲ့ ရှင်ခြင်းကြားက ခြားနားမှုက အိမ်မက်နဲ့ နိုးထခြင်းကြားက ခြားနားမှုနဲ့ တူညီတယ်… ဘဝမှာ မမြင်နိုင်တဲ့ အချိုးအကွေ့တွေ ရှိသလိုမျိုး ဇာတ်စင်မှာလည်း ပရိသတ်တွေ မထင်မှတ်ထားတဲ့ ဇာတ်လမ်းအလှည့်အပြောင်းတွေ ရှိတယ် ”
“ ဒီတော့ ပြန်လည်မွေးဖွားခြင်းကို ဖြတ်ကျော်ပြီး ဘဝအိမ်မက်ထဲကနေ နိုးလာပြီးတဲ့နောက် ပန်းချီစာလိပ်ရဲ့ အဆုံးသတ်မှာ ဘယ်လိုအရာကများ ငါ့ကို စောင့်ဆိုင်းနေမှာလဲ ”
အဖြေက သူ့ဆီမှာ ရှိပြီးသား ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် သူက ပြန်လည်မွေးဖွားခြင်း၏ အဆုံးသတ်၊ လမ်းကြောင်း၏ အဆုံးသတ်ဆီသို့ လျှောက်သွားပြီးပြီ ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးမှာတော့ သူက ပန်းချီစာလိပ်၏ ဇစ်မြစ်ကို မြင်တွေ့သွားသည်။
ယင်းက ပန်းချီစာလိပ်ထဲမှ ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းကို ထောက်ပံ့ပေးထားသော တာအိုအုတ်မြစ်လည်း ဖြစ်သည်။
ယင်းက ပန်းချီကား၏ မူလအစဖြစ်သည်။
လီမုန့်တုက ပန်းချီစာလိပ်၏ အစွန်းကိုသာ ဖွင့်လှစ်နိုင်ခဲ့သည်။ သို့သော်လည်း ယခု ရွှီချင်းက ပန်းချီကားတစ်ချပ်လုံးကို မြင်တွေ့သွားသည်။
ယင်းက သလင်းကျောက်တစ်ခု ဖြစ်သည်။
သလင်းကျောက်က ဖရိုဖရဲအခြေအနေထဲသို့ ကျရောက်သွားပြီး အကန့်အသတ်မဲ့ ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် ၎င်းက ဖော်ပြရန်ခဲယဉ်းသော ရောင်ခြည်တန်းတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ပုံစံမကျသော အပိုင်းအစဆယ်ခုအဖြစ် အက်ကွဲသွားသည်။
အပိုင်းအစဆယ်ခုက အကန့်အသတ်မဲ့ ဟင်းလင်းပြင်ထဲမှာ နေရာအနှံ့သို့ ပြန့်ကျဲသွားကြသည်။
ထို့နောက် ရွှမ်ကမ္ဘာမြေက ဖြစ်တည်လာသည်။
ယင်းက ရွှမ်ကမ္ဘာမြေ၏ ဖြစ်တည်မှုကို ရေးဆွဲထားသော ပန်းချီကားဖြစ်သည်။ ပန်းချီကားထဲမှ မြင်ကွင်းသည် အန္တိမတာအိုရှစ်ခုကို ရွှီချင်းဆင်ခြင်နားလည်ခဲ့စဉ်က အင်မော်တယ်ဘိုးဘေး၏ အကြည့်ထံမှတဆင့် သူမြင်တွေ့ခဲ့ရသော မြင်ကွင်းနှင့် တစ်ထပ်တည်း တူညီသည်။
ယင်းက ကောင်းကင်နှင့် မြေပြင်ကို ဖန်တီးခြင်းဖြစ်သည်။
ထို့ပြင် ဤပန်းချီကားထဲမှ မြင်ကွင်းက ပိုပြီးရှင်းလင်းသည်။
“ ဒီပန်းချီကားက အဲ့ဒီမြင်ကွင်းကို ရေးဆွဲထားတာဖြစ်မယ်လို့ ငါမမျှော်လင့်ထားဘူး ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။
“ အဲ့ဒါက ခရမ်းသလင်းကျောက်ပဲ ”
ယင်းက သူ၏ ခရမ်းသလင်းကျောက်နှင့် တစ်ထပ်တည်း ဆင်တူသည်။
သို့ဖြစ်၍ သူက နှုတ်ဆိတ်သွားသည်။
ဤအခိုက်အတန့်မှာ သူက ပန်းချီစာလိပ်ထဲမှ ထွက်ခွာနိုင်မည့် နည်းလမ်းကို ရှာတွေ့သွားသည်။
မည်သို့ဖြစ်ပါစေ သူက ပန်းချီစာလိပ်၏ ပြန်လည်မွေးဖွားခြင်းစက်ဝန်းကို ဖြတ်ကျော်နိုင်ခဲ့ပြီး လမ်းအဆုံးသို့ ရောက်ရှိသွားခဲ့သည် မဟုတ်ပါလော။
ယခု သူလုပ်ရမည်မှာ ပန်းချီစာလိပ်ထဲမှ ထွက်ခွာရန် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ရုံသာ ဖြစ်သည်။
သို့သော်လည်း သူ၏ အကြည့်က ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲသွားသော သလင်းကျောက်အပိုင်းအစဆယ်ခုပေါ်သို့ ကျရောက်သွားသည်။
အချိန်အတော်ကြာပြီးနောက် စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဒီပန်းချီကားထဲမှာ ချိပ်ပိတ်ခံထားရတာက အန္တရာယ်များပေမဲ့ ငါ့အတွက်တော့ အဲ့ဒါက ကံကြမ္မာကောင်းပဲ ”
“ ငါ့ရဲ့ အင်မော်တယ်ခန္ဓာကိုယ် ကျင့်ကြံတဲ့ တာအိုက အက်ကွဲသွားတဲ့ သလင်းကျောက်အပိုင်းအစဆယ်ခုဆီကနေ ဆင်းသက်လာတာ ဖြစ်တယ်… အခု အဲ့ဒါတွေကို နောက်တစ်ကြိမ် ငါမြင်လိုက်ရပြီဆိုတော့ ငါ့ကိုယ်ပိုင်တာအိုအပေါ် ဆင်ခြင်နားလည်မှုက အရင်ကထက် ပိုပြီးရှင်းလင်းလာတယ် ”
ထိုသို့တွေးမိသောအခါ ရွှီချင်းက နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။ သူက နေရာမှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကြက်လိုက်သည်။ ထိုအခါ သူ၏ နတ်ဘုရားစိတ်အာရုံက ဥက္ကာပျံတစ်စင်းအလား ဟင်းလင်းပြင်ထဲသို့ မြန်ဆန်စွာ ပျံသန်းသွားပြီး သလင်းကျောက်အပိုင်းအစဆယ်ခုထံသို့ ဦးတည်သွားသည်။
နောက်အခိုက်အတန့်မှာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းက နောက်တဖန် စတင်လာသည်။
ဤတစ်ကြိမ်မှာ သူက လူသားမဟုတ်တော့ပေ။
…..
ဥက္ကာပျံတစ်စင်းသည် ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး ကောင်းကင်ဘုံအာဏာစက်ဟုခေါ်သော ကြယ်ဂြိုလ်ထံသို့ ကျဆင်းသွားသည်။