← Chapters

အာဏာစက်ဆိုတာ ဘာလဲ

Vol. 104 Ch. 1604

အာဏာစက်ဆိုတာ ဘာလဲ

Vol. 104 Ch. 1604

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ပန်းချီစာလိပ်၏ အခြားတစ်ဖက်ကို ကြည့်လိုက်သည်။

သူမြင်လိုက်သည်မှာ အင်မော်တယ်တာအိုဂိုဏ်း၏ ဦးတည်ရာဖြစ်သည်။

အင်မော်တယ်တာအိုဂိုဏ်းထဲ၌ မည်သို့ဖြစ်ပျက်နေကြောင်း သူ၏ ခန္ဓာကိုယ်နှင့် စိတ်အာရုံက အာရုံမခံနိုင်ပေ။

သို့သော်လည်း သူ၏ စိတ်သည်တော့ ခြားနားသည်။

ဤအခိုက်အတန့်မှာ သူ၏ ရုပ်ခန္ဓာကိုယ်ထက် သာလွန်သော ခံစားမှုတစ်ခုက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

“ တာအိုကို ချေးငှားတာလား ”

ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ တစ်ခဏကြာပြီးနောက် သူက အတွေးများကို ပြန်ရုပ်သိမ်းလိုက်သည်။

သူ့အတွက်တော့ ယခုအချိန်မှာ အရေးကြီးဆုံးက သူ၏ အဌမမြောက် အန္တိမတာအိုကို အခြေတည်အောင် ပြုလုပ်ရန် ဖြစ်သည်။

အဌမမြောက် အန္တိမတာအို၏ ထွက်ပေါ်လာမှုက သူ၏ အစီအစဉ်ထဲမှာသာ ရှိသော်လည်း အာဏာစက်၏ မွေးဖွားလာမှုက သူ၏ ယခင်နားလည်မှုများကို ဖျက်ဆီးပစ်လိုက်သည်။

ယင်းက ရိုးရာတိုက်ခိုက်ရေးနည်းလမ်းများကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

အဌမမြောက် အန္တိမတာအိုက သူ၏ လက်ရှိ အဆင့်မြင့်ဆုံး စွမ်းအားဖြစ်သည်။ ယင်းက ယခင်အန္တိမတာအိုခုနစ်ခု၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ပထမဆုံး အန္တိမတာအိုငါးခုက အခြေခံအုတ်မြစ်ဖြစ်ပြီး အချိန်နှင့် လေဟာနယ်က လောင်စာဖြစ်သည်။ ယင်းတို့ကို မီးညှိလိုက်ပြီး ထုတ်လွှတ်လိုက်သည့်အခါ သူစိတ်ကူးထားသော အဌမမြောက် အန္တိမတာအိုက ထွက်ပေါ်လာလိမ့်မည်။

ထိုတာအိုထဲမှာ ပြန်လည်မွေးဖွားခြင်း၊ ကမ္မနှင့် ယင်းတို့နှစ်ခုကြားမှ အရာအားလုံး ပါဝင်ကြသည်။ ယင်းက အချိန်လေဟာနယ်တာအို ဖြစ်သည်။

ထိုတာအို ဒြပ်ထည်ဖွဲ့စည်းသွားသည့်အခိုက် နက်နဲသိမ်မွေ့သော ဆင်ခြင်နားလည်မှုက ရွှီချင်း၏ စိတ်ထဲမှာ ပြည့်နှက်သွားသည်။

“ အဲ့ဒါက ဈာန်ရသွားတာနဲ့ ဆင်တူတယ် ”

“ ရုပ်ခန္ဓာကိုယ်က ဘာမှမပြောင်းလဲသွားပေမဲ့ အတွေးတွေနဲ့ ဝိညာဉ်က နောက်တစ်ဆင့်ကို တတ်လှမ်းသွားတယ် ”

ရွှီချင်းက မျက်လုံးမှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ အဌမမြောက် အန္တိမတာအိုကို အာရုံခံလိုက်သည်။

“ အဲ့ဒါက ဘယ်အချိန်မဆို ဝင်ရောက်နိုင်တဲ့ အခြေအနေပဲ ”

“ ရုပ်ခန္ဓာကိုယ်က အပြင်ဘက်မှာ နဂိုအတိုင်း ကျန်ရှိနေတဲ့အချိန် စိတ်က အရင်အကန့်အသတ်တွေကို ကျော်လွန်သွားပြီး အနန္တအသိဉာဏ်အဆင့်ကို ရောက်သွားလိမ့်မယ် ”

“ အဲ့ဒီအခြေအနေမှာ သက်ရှိတွေနဲ့ ရုပ်ဝတ္ထုတွေကို ပန်းချီကားတစ်ချပ်အဖြစ် ငါရှုမြင်နိုင်တယ်… ပြီးတော့ ပန်းချီကားကို ငါ့ရဲ့ ဆန္ဒပေါ်မူတည်ပြီး အလွယ်တကူ ပြုပြင်ပြောင်းလဲပစ်နိုင်တယ် ”

“ ငါက လွှမ်းမိုးဖိနှိပ်နိုင်တယ်… ကြိုးကိုင်ခြယ်လှယ်နိုင်တယ်… ပြီးတော့ ထိန်းချုပ်နိုင်တယ် ”

ရွှီချင်းက တွေးတောနေစဉ် အဌမမြောက် အန္တိမတာအိုက သူ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ နောက်အခိုက်အတန့်မှာ အချိန်လေဟာနယ်ခံစားမှုက ပြန်ထွက်ပေါ်လာသည်။

အဝေးသို့ လှမ်းကြည့်နေစဉ် သူ၏ စိတ်အာရုံက နက်နဲသိမ်မွေ့လာသည်။

“ ဒီအခြေအနေမှာဆိုရင် ငါ့ရဲ့ တိုက်ပွဲစွမ်းအားက ရိုးရာသတ်မှတ်ချက်တွေထက် ကျော်လွန်သွားတယ် ”

“ ငါ့မျက်စိရှေ့က သက်ရှိအားလုံးဆီမှာ ဘာလျှို့ဝှက်ချက်မှ မရှိတော့ဘူး… သူတို့ရဲ့ ရုပ်ခန္ဓာကိုယ်၊ အတတ်ပညာတွေနဲ့ အတွေးတွေက ငါ့မျက်စိရှေ့မှာ ထွက်ပေါ်လာလိမ့်မယ်… တကယ်တော့ သူတို့ရဲ့ ကံကြမ္မာတွေ၊ ပြန်လည်မွေးဖွားခြင်းတွေ၊ အတိတ်တွေနဲ့ အနာဂတ်တွေတောင် ငါ့ကို မဖုံးကွယ်နိုင်ဘူး ”

“ ငါ့ရန်သူ သတိမထားမိဘဲ သူတို့ရဲ့ ရွေးချယ်မှုတွေထဲမှာ ငါဝင်ရောက်စွက်ဖက်နိုင်တယ်… သူတို့ရဲ့ သေခြင်းရှင်ခြင်းက ငါ့ရဲ့ အတွေးတစ်ချက်ပေါ်မှာ မူတည်နေတယ် ”

“ သူတို့ရဲ့ မန္တန်တွေကို ငါ့စိတ်ကြိုက် ပြောင်းလဲပစ်နိုင်တယ်… သူတို့ရဲ့ အနှစ်သာရတွေကလည်း ငါ့ရဲ့ အတွေးပေါ်မှာ မူတည်နေတယ် ”

“ ငါက ဘယ်အချိန်ကိုမဆို သွားလာနိုင်တယ်… ဘယ်နေရာကိုမဆိုရောပဲ… ငါ့ရန်သူရဲ့ မွေးဖွားခါစအချိန်ကိုတောင် ငါသွားရောက်နိုင်ပြီး သူတို့ကို ဖျက်ဆီးပစ်နိုင်တယ် ”

“ ဒီဟာက… အာဏာစက်ရဲ့ စွမ်းအားလား… အခု ငါက အောက်နယ်မြေမှာ အင်မော်တယ်တစ်ပါးအဖြစ် သတ်မှတ်ခံရဖို့ မလုံလောက်သေးပေမဲ့ ငါ့ရဲ့ တိုက်ပွဲစွမ်းအားက အဲ့ဒါနဲ့ သိပ်မကွာဝေးတော့ဘူး ”

“ ဒါပေမဲ့ ဒီနေရာက အထက်နယ်မြေရဲ့ အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုပဲ… ဒီနေရာမှာ ငါ့ကို ကန့်သတ်ထားတဲ့ အဆင့်ပိုမြင့်တဲ့ အာဏာစက်တွေ ရှိတယ် ”

ရွှီချင်းက နှုတ်ဆိတ်သွားသည်။

“ အာဏာစက်… ”

သူ့ကိုယ်ပိုင် အာဏာစက်၏ ထွက်ပေါ်လာမှုနှင့် အစောနက ဗလာနတ္ထိထဲမှ ပျံ့လွင့်လာခဲ့သော အသံကြောင့် ရွှီချင်းက အာဏာစက်အပေါ် အလိုအလျောက် နားလည်လာသည်။

တစ်စိတ်တစ်ပိုင်းက သူ့ထံမှ ထွက်ပေါ်လာပြီး အခြားတစ်စိတ်တစ်ပိုင်းက ထိုအသံထဲမှ စကားလုံးများထံမှ ထွက်ပေါ်လာသည်။

အာဏာစက်သည် နိယာမများနှင့် ဥပဒေသများထက် သာလွန်သည်။ ယင်းက အမည်မသိအရာဖြစ်သော်လည်း အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုထဲ၌ အထွတ်အမြတ် စွမ်းအင်ဇစ်မြစ် ဖြစ်သည်။

ဤအဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုက နတ်ဘုရားများအပိုင် ဖြစ်ကြသည်။

ထို့ကြောင့် နတ်ဘုရားများသည် ထိုအထွတ်အမြတ် စွမ်းအင်ဇစ်မြစ်ကို အလွယ်တကူ ထိတွေ့နိုင်ကြပြီး ယင်းကို ၎င်းတို့၏ လက်ထဲမှာ ဆုပ်ကိုင်နိုင်ကြသည်။

ထိုစွမ်းအင်ဇစ်မြစ်သည် နတ်ဘုရားအခွင့်အာဏာနှင့်အတူ စတင်ဒြပ်ထည်ဖွဲ့စည်းသွားပြီး နောက်ပိုင်းတွင် စစ်မှန်သော နတ်ဘုရားအစွမ်းအဖြစ် ပြောင်းလဲသွားကာ ၎င်းတို့၏ နတ်ဘုရားစွမ်းအင်အမြူတေ ဖြစ်လာလိမ့်မည်။

၎င်းတို့က ယင်းကို ရယူနိုင်ရန် မွေးရာပါအရည်အချင်း ရှိကြသည်။

ထိုအကြောင်းအရင်းကြောင့် နတ်ဘုရားများက အလွန်အစွမ်းထက်ကြသည်။

မည်သို့ဖြစ်ပါစေ နတ်ဘုရားများက အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုထဲမှာ မွေးဖွားလာကြခြင်း ဖြစ်သည်။

ပြင်ပလူများဖြစ်ကြသည့် ကျင့်ကြံသူများသည်တော့ ထိုသို့မွေးရာပါအရည်အချင်း မရှိကြပေ။

သို့ဖြစ်၍ ကျင့်ကြံသူများသည် ထိုသို့အရည်အချင်းရှိလာရန် အဆင့်ဆင့် ကြိုးစားကြရသည်။

ပထမဆုံးအနေနှင့် မူလကနဦးက အစဖြစ်ပြီး တာအိုကံကြမ္မာက လိုက်ပါလာလိမ့်မည်။ ထို့နောက် အင်မော်တယ်သန္ဓေသားလောင်းကို ဖွဲ့စည်းနေစဉ်အတောအတွင်း သူတို့က ကြယ်တာရာစက်ဝန်း၏ စွမ်းအားကို အာဟာရဓာတ်အဖြစ် စုပ်ယူလိမ့်မည်။

ထိုနည်းဖြင့် ကျင့်ကြံသူများသည် နတ်ဘုရားအခွင့်အာဏာများနှင့် ဆင်တူသော တာအိုအမှတ်အသားများကို ဖွဲ့စည်းနိုင်ကြလိမ့်မည်။

ထိုနည်းဖြင့်သာ သူတို့က ဤလမ်းကြောင်းပေါ်သို့ ခြေချနိုင်လိမ့်မည်။

အခွင့်အာဏာ တာအိုအမှတ်အသားများက နတ်ဘုရားအခွင့်အာဏာများနှင့် ဆင်တူသော်လည်း အခြေခံအားဖြင့် ယင်းတို့က နိမ့်ကျနေဆဲပင်။

အခွင့်အာဏာ တာအိုအမှတ်အသားများက အဆင့်မြင့်တတ်သွားပြီး အာဏာစက်အဖြစ် ဆင့်ကဲပြောင်းလဲသွားမှသာလျှင် ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားများနှင့် နှိုင်းယှဉ်နိုင်သော ဘဝအဆင့်အတန်းကို အမှန်တကယ် ပိုင်ဆိုင်နိုင်လိမ့်မည်။

အာဏာစက်သည် နတ်ဘုရားစွမ်းအင်အမြူတေနှင့် အဆင့်တူညီသည်။

နတ်ဘုရားများနှင့် တန်းတူယှဉ်ပြိုင်နိုင်သော အင်မော်တယ်တစ်ပါးဖြစ်လာရန် ကျင့်ကြံသူတစ်ယောက်သည် ထိုသို့အဆင့်ဆင့် ကြိုးစားရသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် အဆင့်မြင့်ကြယ်တာရာစက်ဝန်း(၃၆)ခုက ကျင့်ကြံသူများအတွက် မည်မျှခက်ခဲကြမ်းတမ်းသော ပတ်ဝန်းကျင်ဖြစ်ကြောင်း စိတ်ကူးကြည့်နိုင်ပေသည်။

သို့ဖြစ်၍ အနှစ်ချုပ်ပြောရလျှင် အာဏာစက်သည် ကြယ်တာရာစက်ဝန်း(၃၆)ခု၏ စွမ်းအင်ဇစ်မြစ်ကို လုယက်နေသော အင်မော်တယ်များ၏ နောက်ဆုံးသရုပ်သဏ္ဍာန် ဖြစ်သည်။

အာဏာစက်၏ မွေးဖွားမှုလုပ်ငန်းစဉ်က အလွန်နှေးကွေးသည်။ ခြေလှမ်းဝက်အင်မော်တယ်အဆင့်သို့ ရောက်ရှိပြီးသော ကျင့်ကြံသူများသာလျှင် အာဏာစက်ကို ပိုင်ဆိုင်နိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်ထဲ၌ ဒြပ်ထည်ဖွဲ့စည်းနေသော အင်မော်တယ်သန္ဓေသားလောင်းကြောင့် ဖြစ်သည်။

သို့သော်လည်း ထိုဖြစ်နိုင်ခြေက အလွန်နည်းပါးသည်။ ယင်းက အခွင့်အလမ်းများပေါ်မှာ မူတည်သည်။

ပုံမှန်အခြေအနေမျိုးတွင် အင်မော်တယ်သန္ဓေသားလောင်းက အကြီးစားအောင်မြင်မှုအဆင့်သို့ ရောက်ရှိသွားမှသာလျှင် ကျင့်ကြံသူက အင်မော်တယ်အဖြစ် ပြောင်းလဲသွားပြီး အာဏာစက်က ထွက်ပေါ်လာလိမ့်မည်။

ထိုသို့အခြေအနေမှလွဲ၍ အာဏာစက်ကို စောစီးစွာ ထွက်ပေါ်လာစေနိုင်မည့် နည်းလမ်းက နှစ်ခုရှိသည်။

ယင်းက အမွေအနှစ်များနှင့် ဓမ္မရတနာများ ဖြစ်သည်။

ထို့ကြောင့် အင်မော်တယ်မြို့တော်၏ ဒုတိယအဆင့် အမဲလိုက်ပွဲတော်အတွင်းမှာ အမွေအနှစ်ဆက်ခံခြင်းအပိုင်းကို ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

အဆင့်မြင့်ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင်အာဏာစက်များထဲမှ အမျှင်တန်းတစ်ခုကို ဆွဲထုတ်ပြီး နောင်မျိုးဆက်များအတွက် အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းပေးနိုင်ကြသည်။

နောက်တစ်ခုက အာဏာစက်ပါဝင်သော ဓမ္မရတနာများ ဖြစ်သည်။

ထိုဓမ္မရတနာများထဲတွင် မပြည့်စုံသော အာဏာစက်နှင့် မပြည့်စုံသော ဥပဒေသစွမ်းအား ပါဝင်သည်။

ဥပဒေသစွမ်းအားက အာဏာစက်၏ တိုင်းတာမှု ဖြစ်သည်။

ထို့ကြောင့် အာဏာစက်ကို ဖွဲ့စည်းရသော လုပ်ငန်းစဉ်သည် အလွန်အရေးကြီးသည်။ ယင်းက ကျင့်ကြံသူ၏ အလားအလာကို အပြည့်အဝ ဆွဲထုတ်ခြင်း ဖြစ်သည်။ ထို့ပြင် ယင်းက အင်မော်တယ်အရှင်သခင်တစ်ပါးဖြစ်လာရန် မရှိမဖြစ်လိုအပ်သော အဓိကသော့သုံးချောင်းထဲမှ တစ်ချောင်းဖြစ်သည်။

သို့ဖြစ်၍ အာဏာစက်ကို ရရှိရန် တစ်စုံတစ်ယောက်သည် ကြီးမားသော အခွင့်အလမ်းများကို လိုအပ်သည်။ ထို့ပြင် များသောအားဖြင့် ခြေလှမ်းဝက်အင်မော်တယ်များသည်သာ အာဏာစက်ကို ပိုင်ဆိုင်နိုင်ကြသည်။ အကယ်၍ အုပ်ချုပ်သူတစ်ပါးက အာဏာစက်ကို ပိုင်ဆိုင်သွားမည်ဆိုလျှင် ယင်းက လုံးဝမတိုင်းတာနိုင်သော ခွန်အားကွာခြားမှုကို ဖြစ်ပေါ်စေလိမ့်မည်။

အာဏာစက်ကို ပိုင်ဆိုင်ထားသူနှင့် မပိုင်ဆိုင်ထားသူကြားမှ တိုက်ပွဲစွမ်းအား ကွာခြားမှုသည် လုံးဝမတိုင်းတာနိုင်လုနီးပါး အလွန်ကြီးမားသည်။

အကယ်၍ သူတို့၏ ကျင့်ကြံခြင်းအဆင့်က တူညီနေလျှင်ပင် သူတို့ကြားမှ စွမ်းအားကွာခြားမှုက ကောင်းကင်နှင့် မြေကြီးပမာ ကြီးမားနေဦးလိမ့်မည်။

ထိုအကြောင်းအရင်းကြောင့် လီမုန့်တုက အမွေအနှစ်ကို ပြန်လုယက်ရန် ရွှီချင်းနှင့် သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

အာဏာစက်ကို ပိုင်ဆိုင်ထားခြင်းက အုပ်ချုပ်သူနယ်ပယ်၏ အထွတ်အထိပ်မှာ ရပ်တည်နေခြင်းနှင့် တူညီသည်။

အာဏာစက် ပိုင်ဆိုင်ထားသော လူကို အာဏာစက် ပိုင်ဆိုင်ထားသော တခြားလူများကသာ တိုက်ခိုက်နိုင်သည်။

အကယ်၍ ပြိုင်ဘက်မှာ အာဏာစက်မရှိလျှင် သို့မဟုတ် သူတို့က အဆင့်မတူလျှင် အာဏာစက်ပိုင်ဆိုင်ထားသူက သူ့ပြိုင်ဘက်ကို အလွယ်တကူ လွှမ်းမိုးဖိနိုင်သည်။

ထို့ကြောင့် အာဏာစက်နှင့်ပတ်သက်သော ဥပဒေသုံးခုက ထွက်ပေါ်လာသည်။

ပထမတစ်ခုမှာ အာဏာစက်ကို ကျင့်ကြံသူများသာ ပိုင်ဆိုင်နိုင်ပြီး ယင်းက အင်မော်တယ်များ၏ အမှတ်လက္ခဏာတစ်ခု ဖြစ်သည်။

ဒုတိယတစ်ခုမှာ အာဏာစက်နှစ်ခုကြားမှ အားပြိုင်မှုသည် အပြန်အလှန် ဖျက်ဆီးခြင်း ဖြစ်သည်။ ပထမဆုံး အဖျက်ဆီးခံလိုက်ရသည့်ဘက်က သေခြင်းရှင်ခြင်းအခြေအနေသို့ ကျရောက်သွားလိမ့်မည်။

တတိယတစ်ခုမှာ အာဏာစက်သည် အမြင့်ဆုံးစွမ်းအင် ဖြစ်သည်။ ယင်းကို တခြားအာဏာစက်များ သို့မဟုတ် နတ်ဘုရားများ၏ နတ်ဘုရားစွမ်းအင်အမြူတေသာ တွန်းလှန်နိုင်ပြီး အပြန်အလှန် ဖျက်ဆီးပစ်နိုင်သည်။

ထို့ပြင် အာဏာစက်ကို တာအိုအရေအတွက်ပေါ်မှာ မူတည်ပြီး မတိုင်းတာပေ။

တာအိုအရေအတွက် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ယင်းက တစ်စုံတစ်ယောက်၏ အဆင့်အတန်းနှင့် စွမ်းအားအပေါ် သက်ရောက်မှုမရှိပေ။ တစ်စုံတစ်ယောက်က အာဏာစက်အများကြီးကို ကျွမ်းကျင်ထားလျှင်ပင် ယင်းက သူ၏ အဆင့်အတန်းအပေါ် သက်ရောက်မှုမရှိပေ။

ယင်းအစား အာဏာစက်၏ တိုက်ပွဲစွမ်းအားပေါ်မှာသာ မူတည်သည်။

သို့ဖြစ်၍ အာဏာစက်ကို ပိုင်ဆိုင်ထားကြသော ကျင့်ကြံသူများသည် တခြားအာဏာစက်များကို လိုက်ရှာဖွေမည့်အစား ကိုယ်ပိုင်ဆိုင်ထားသော အာဏာစက်တစ်ခုတည်းကိုသာ ပြီးပြည့်စုံသည့် အဆင့်ထိရောက်အောင် ကြိုးစားကြသည်။

ထိုအတွေးများက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

အချိန်အတော်ကြာပြီးနောက် သူက အတွေးများကို ပြန်ရုပ်သိမ်းလိုက်သည်။

“ ထွက်သွားဖို့ အချိန်ကျပြီ ”

ရွှီချင်းက ဘာမှမလုပ်ဆောင်ဘဲ သူ့အရှေ့မှ ဟင်းလင်းပြင်ကို တစ်ချက်သာ ကြည့်လိုက်သည်။

ဟင်းလင်းပြင်က ချက်ချင်း လှိုင်းထသွားသည်။ ထို့နောက် လေမုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ တိတ်တဆိတ် ပျံ့နှံ့သွားသည်။ စက္ကန့်ပိုင်းအတွင်းမှာ ပန်းချီကားအတွင်းမှ လောကတစ်ခုလုံးက လေမုန်တိုင်း၏ ဝါးမျိုခံလိုက်ရသည်။

ထို့နောက် အရာအားလုံးက ဝေဝါးသွားပြီး လွင့်ပြယ်သွားသည်။

ယခု ရွှီချင်း၏ အရှေ့တွင် ထွက်ပေါ်လာသည်မှာ ပန်းချီကားမဟုတ်တော့ပေ။ ယင်းအစား ဆေးမီးဖိုနှင့် တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များ ဖြစ်သည်။

မီးတောက်များက ချက်ချင်း ရပ်တန့်သွားသည်။

ယင်းတို့က တိုက်ခိုက်စွမ်းအားကို ဆုံးရှုံးသွားသည်။

အတိအကျဆိုရသော် အကယ်၍ မီးတောက်များမှာသာ အသိစိတ်ရှိသည်ဆိုလျှင် ရွှီချင်းထွက်ပေါ်လာသည့်အခိုက် ယင်းတို့က စဉ်းစားဆင်ခြင်နိုင်စွမ်း ကင်းမဲ့သွားကြသည်။ ဤသည်မှာ ရွှီချင်းက ယင်းတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်နေသော တည်ရှိမှုတစ်ခု ဖြစ်သည့်အလားပင်။

ယင်းတို့၏ လောင်ကျွမ်းမှုက အဓိပ္ပာယ်မဲ့သွားသည်။

ရွှီချင်း၏ အကြည့်အောက်မှာ ဆေးမီးဖိုသည်ပင် ဝေဝါးသွားသည်။ ဤသည်မှာ ဆေးမီးဖိုက တကယ်မတည်ရှိသည့်အလားပင်။

ယင်းတို့က ပျောက်ကွယ်သွားကြသည်။

ရွှီချင်းက လီမိသားစု၏ ကမ္ဘာငယ်ထဲမှာ ရပ်နေလျက် ပိတ်ထားသော သစ်သားတဲအိမ်ကို ကြည့်လိုက်သည်။

သူ၏ မျက်လုံးထဲတွင် ဤကမ္ဘာငယ်၏ မရေမတွက်နိုင်သော အတိတ်နှင့် အနာဂတ်က ထွက်ပေါ်လာကြသည်။ အရာအားလုံးက တစ်ပုံစံတည်းသာ ဖြစ်သည်။ အတိတ်နှင့် အနာဂတ်မှာ ထိုတဲအိမ်က အမြဲတမ်း ပိတ်ခံထားရသည်။ တဲအိမ်ထဲမှ လက်ရေးအလှပန်းချီကားသည်လည်း ဘာမှမပြောင်းလဲသွားချေ။

သို့သော်လည်း အလွန်ကြာညောင်းသော အတိတ်မြင်ကွင်းတစ်ခုထဲတွင် ပုံရိပ်တစ်ခုကို ရွှီချင်း မြင်သွားသည်။

ထိုလူက ဤလောကမှ မဟုတ်ဟန် ရ၏။

သူ့မှာ အတိတ်သာရှိသည်။ ပစ္စုပ္ပန်နှင့် အနာဂတ် မရှိပေ။

အတိတ်မြင်ကွင်းထဲမှာပင် သူက ဝေဝါးနေပြီး ပြိုကွဲတော့မည့်ဟန် ရ၏။ သူက ဝတ်စုံပြာကို ဝတ်ဆင်ထားပြီး တဲအိမ်ထဲမှ သစ်သားစားပွဲ၏ အရှေ့မှာ မတ်တတ်ရပ်နေသည်။ သူ၏ လက်ထဲတွင် စုတ်တံတစ်ချောင်းကို ကိုင်ထားသည်။

သူက နက်နဲစွာ တွေးတောနေသည်။ ဤသည်မှာ သူက စာကို မည်သို့စတင်သင့်ကြောင့် မသိသည့်အလားပင်။

“ ငါ့ဘဝရဲ့ နောက်ဆုံးစကားကို ဘယ်လိုရေးသင့်လဲ ငါမသိဘူး… ဒီက တာအိုရောင်းရင်းက အချိန်လေဟာနယ်ထဲကနေ ရောက်လာတာဆိုတော့ ငါ့ကို တစ်ခုခုများ အကြံပေးနိုင်မလား ”

ဝတ်စုံပြာကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားသည် အတိတ်ကာလထဲမှာ တည်ရှိနေလျက် နူးညံ့စွာ ပြောသည်။

သူက စကားပြောနေစဉ် ခေါင်းမမော့သလို ရွှီချင်းကိုလည်း မကြည့်ပေ။

ရွှီချင်းက နှုတ်ဆိတ်သွားပြီး တစ်ဖက်လူ၏ ပြိုကွဲလုနီးပါးဖြစ်နေသော အတိတ်ကို ကြည့်လိုက်သည်။ သူက ရွှမ်ကမ္ဘာမြေ၊ ဝမ်ကူးကုန်းမြေနှင့် တစ်ဖက်လူ၏ သရုပ်ကို မြင်တွေ့သွားသည်။

သူက စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။

ဝတ်စုံပြာနှင့်လူက နောက်ထပ် စကားမပြောတော့ပေ။

အချိန်တစ်ခဏကြာပြီးနောက် ရွှီချင်းက ဖြည်းညင်းစွာ ပြောသည်။

“ သူက ဘာသာရေးကိုင်းရှိုင်းတဲ့ ခရီးသည်နဲ့ ဆင်တူတယ်… တကယ်တည်ရှိလား မသေချာတဲ့ ဘုရားကျောင်းကို အမြဲတမ်း လိုက်ရှာနေတယ် ”

ထိုသို့ပြောပြီးနောက် ရွှီချင်းက လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အကြည့်ပြန်ရုပ်လိုက်သည့်အခါ အရာအားလုံး လွင့်ပြယ်သွားသည်။

ကမ္ဘာငယ်က ပုံမှန်ပြန်ဖြစ်သွားသည်။

ရွှီချင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။ ထိုနေရာတွင် အချိန်နှင့်လေဟာနယ်က ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်မှ သီးခြားခွဲထွက်သွားသည်။

မကြာမီ သီးခြားခွဲထွက်သွားသော ဧရိယာထဲတွင် လီမုန့်တု၏ ပုံရိပ်က ထွက်ပေါ်လာသည်။ ယင်းက လီမုန့်တု၏ အတိတ်ဖြစ်သည်။ သူက ပန်းချီစာလိပ်ကို ဆေးမီးဖိုပေါ်သို့ ပို့လွှတ်လိုက်သည်။

ရွှီချင်းက ဖမ်းဆုပ်သော လက်ဟန်ကို ပြုလုပ်လိုက်သည်။ ထိုအခါ လီမုန့်တု၏ ပုံရိပ်က ရောင်ခြည်တန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ လက်ထဲသို့ ကျရောက်လာသည်။

ချက်ချင်းဆိုသလို လီမုန့်တုနှင့်သက်ဆိုင်သော လမ်းကြောင်းအားလုံးက ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ထိုလမ်းကြောင်းများကို ကြည့်ပြီးနောက် ရွှီချင်းက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

လောကက အရည်ပျော်သွားပြီး ဟင်းလင်းပြင်က လျှောက်လှမ်းတစ်ခု ဖြစ်လာသည်။ သူက လျှောက်လှမ်းပေါ်သို့ ခြေချလိုက်သည့်အခိုက် မည်သည့်သဲလွန်စမှ မကျန်ဘဲ အဝေးတစ်နေရာဆီသို့ ပျောက်ကွယ်သွားသည်။

…..

ကမ္ဘာငယ်က တိတ်ဆိတ်ငြိမ်သက်သွားသည်။

အစောနက ရွှီချင်းထွက်သွားခဲ့သော အချိန်လေဟာနယ်ထဲ၌ နူးညံ့သော သက်ပြင်းချသံက ပဲ့တင်ထပ်လာသည်။

“ မျိုးဆက်တိုင်း မျိုးဆက်တိုင်းမှာ ထူးကဲတဲ့ ပါရမီရှင်တွေက မတူညီတဲ့ ဘုရားကျောင်းကို လိုက်ရှာဖွေကြတယ်… အစောပိုင်းနှစ်တွေမှာ ငါတို့က လမ်းခွဲခဲ့ကြပြီး ကိုယ်ပိုင်လမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြတယ်… အချိန်အတော်ကြာ ငါခရီးဆက်ခဲ့ပြီးတဲ့နောက် အဲ့ဒါကို ဒီနေရာမှာ ရှာတွေ့သွားပြီလို့ ထင်မှတ်ခဲ့တယ်… ဒါပေမဲ့ တကယ်တော့ အဲ့ဒါကို ဘယ်တုန်းကမှ ငါမရှာတွေ့ခဲ့ဘူး… အဲ့ဒီလမ်းစဉ်ကို ငါမြင်နိုင်တယ်… ဒါပေမဲ့ အဲ့ဒီလမ်းစဉ်ကို လျှောက်လှမ်းဖို့အတွက် ငါ့မှာ အလုံအလောက် အင်အားမရှိဘူး ”

“ ဒါပေမဲ့ ဒီလူရဲ့ ထွက်ပေါ်လာမှုက ငါ့ကို ခံစားမှုတစ်ခု ပေးတယ် ”

“ သူက ဘုရားကျောင်းဖြစ်နိုင်တယ်… ”

သူ၏ အသံက တဖြည်းဖြည်း တိုးညင်းသွားသည်။

သစ်သားတဲအိမ်ထဲမှ လက်ရေးအလှပန်းချီကားသည် ရုတ်တရက် ဝေဝါးလာပြီး တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ယခု နောက်ထပ် စာကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။

“ အဲ့ဒါကို ငါရှာတွေ့သွားပြီလို့ ထင်တယ် ”

ထိုစာကြောင်း ထွက်ပေါ်လာသည်နှင့်ချက်ချင်း မမြင်နိုင်သော ကံကြမ္မာအားလှိုင်းတစ်ခုက အမှတ်ငါးကြယ်တာရာစက်ဝန်းတစ်ခုလုံးအပေါ် သက်ရောက်သွားသည်။ သို့သော်လည်း ယင်းဆီမှာ အကန့်အသတ်ရှိ၏။ ယင်းက လီမိသားစု၏ အသက်ရှင်ကျန်ရစ်သော မိသားစုဝင်များပေါ်မှာသာ သက်ရောက်မှု ရှိသည်။

လီမုန့်တုအပါအဝင် လီမိသားစုဝင်အားလုံးသည် ဘိုးဘေးခန်းမထဲမှ လက်ရေးအလှပန်းချီကားနှင့်ပတ်သက်ပြီး သူတို့၏ မှတ်ဉာဏ်များက ပြောင်းလဲသွားကြောင်း ရှာတွေ့သွားကြသည်။

ကောင်းကင်ပေါ်မှ မိုးသောက်အလင်းသည်လည်း တအိအိလှုပ်ခတ်သွားသည်။

မိုးသောက်အလင်းထဲတွင် ကောင်းကင်စောင့်ရှောက်သူဆယ့်နှစ်ပါး၏ မျက်လုံးထဲ၌ ထူးဆန်းသော အလင်းရောင်က ထွက်ပေါ်လာသည်။ သူတို့တစ်ယောက်စီက သဏ္ဍာန်မဲ့ချည်မျှင်များကို ထုတ်လွှတ်၍ တစ်စုံတစ်ခုကို တွက်ချက်လိုက်ကြသည်။

သူတို့၏ ဦးခေါင်းထက်မှ ပိုပြီးမြင့်မားသော ကောင်းကင်ပေါ်တွင် အင်မော်တယ်နန်းတော်(၁၁)ခုက လွင့်မျောနေကြသည်။ နန်းတော်ကိုးခုက ပုံမှန်အတိုင်း ဆက်ရှိနေကြသော်လည်း အင်မော်တယ်နန်းတော်နှစ်ခုက ရုတ်တရက် ထွန်းလင်းတောက်ပလာကြသည်။ ယင်းတို့က မှော်သင်္ကေတများကိုပင် ထုတ်လွှတ်လိုက်ကြသည်။

ထို့နောက် တည်ငြိမ်သော အသံသည် ကောင်းကင်၏ အမြင့်ဆုံးနေရာထံမှ ဆင်းသက်လာသည်။

“ အချိန်လေဟာနယ်က တစ်သတ်မတ်တည်းပဲ… မပြောင်းလဲဘူး ”

“ ဒါပေမဲ့ ဒီအာဏာစက်က ကြီးမားတဲ့ အလားအလာကို ပိုင်ဆိုင်ထားတယ်… အဲ့ဒါက အင်မော်တယ်တွေရဲ့ သုံးသပ်နိုင်မှုထက်တောင် ကျော်လွန်တယ် ”

ထိုစကားသံ အဆုံးသတ်သွားသည်နှင့်ချက်ချင်း မိုးသောက်အလင်းထဲမှ ကောင်းကင်စောင့်ရှောက်သူဆယ့်နှစ်ပါးသည် ချက်ချင်း ခေါင်းငုံ့လိုက်ကြပြီး သူတို့ထုတ်လွှတ်ထားသော ချည်မျှင်များကို ဖြတ်တောက်လိုက်ကြသည်။

ထွန်းလင်းတောက်ပနေသော အင်မော်တယ်နန်းတော်နှစ်ခုသည် အကျိုးအကြောင်းကို ချင့်ချိန်စဉ်းစားပြီးနောက် တိတ်ဆိတ်နေရန် ရွေးချယ်လိုက်ကြသည်။

သစ်သားတဲအိမ်ထဲမှ လက်ရေးအလှပန်းချီကားသည်တော့ နောက်တဖန် ဝေဝါးသွားပြီး မူလအခြေအနေသို့ ပြန်ပြောင်းလဲသွားသည်။ လီမိသားစုဝင်များ၏ မှတ်ဉာဏ်များသည်ပင် သူတို့ကိုယ်တိုင် သတိမထားမိဘဲ ပုံမှန်ပြန်ဖြစ်သွားသည်။

All Chapters