← Chapters

လီမိသားစု၏ အခြေခံအုတ်မြစ်

Vol. 104 Ch. 1592

လီမိသားစု၏ အခြေခံအုတ်မြစ်

Vol. 104 Ch. 1592

အနောက်ပိုင်းကြယ်စင်စု၏ ကောင်းကင်ယံတွင် တခြားလူများ မမြင်နိုင်သော ဧရာမပန်းပွင့်က ရုတ်တရက် လှုပ်ယမ်းသွားသည်။

၎င်းက အနည်းငယ် ဝေဝါးသွားသည်။

ပန်းပွင့်၏ ပွင့်ချပ်(၁၂)ခုအနက် ပွင့်ချပ်နှစ်ခုက လုံးဝပျောက်ကွယ်သွားကြပြီး ကျန်ပွင့်ချပ်(၁၀)ခုက ဝေဝါးသွားကြသည်။

ပျောက်ဆုံးသွားသော ပွင့်ချပ်နှစ်ခုက လီမုန့်တု၏ နဖူးပေါ်မှာ ထွက်ပေါ်လာကြသည်။

မည်သို့ဖြစ်ပါစေ သူက အဆိပ်ဘုရင်၏ တပည့်ဖြစ်ပြီး ဤအမွေအနှစ်က သူ့အတွက် အထူးပြင်ဆင်ထားသောအရာ ဖြစ်သည်။ သို့ဖြစ်၍ သူက အမွေအနှစ်ဆက်ခံခြင်းအပိုင်းမစမီ ကြိုတင်ပြင်ဆင်ထားခဲ့သည်။

သူက ဤအမွေအနှစ်ကို လူတိုင်းထက် အစောကြီး ကြိုသိထားသည်။

အမှန်မှာ သူက တူညီသော တိုတမ်များကို ကြိုတင်လေ့လာထားခဲ့သည်။

သူက တိုတမ်တစ်ခုချင်းစီကို ဂရုတစိုက် ဆင်ခြင်နားလည်ခဲ့သည်။

တစ်နည်းဆိုရသော် အမွေအနှစ်ဆင်ခြင်နားလည်ခြင်းက သူ့အတွက်တော့ ပန်းခြံထဲတွင် လမ်းလျှောက်နေရခြင်းနှင့် မခြားပေ။

ထို့ပြင် အဆိပ်တာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုက အတော်လေး မြင့်မားသည်။

ထိုအချက်အားလုံးက ဤအခိုက်အတန့်မှာ ပေါင်းစုံသွားသည့်အခါ သူက တာအိုဆင်ခြင်နားလည်ခြင်းတွင် ကြီးမားသော အားသာချက်ကို ရရှိသွားသည်။

တစ်ဖက်မှာတော့ ရွှီချင်းက အစတွင် အကြိမ်ကြိမ် ကျရှုံးခဲ့ပြီး တန်ဖိုးရှိသော အချိန်တချို့ကို ဆုံးရှုံးခဲ့သည်။

အဆုံးမှာ လမ်းမှန်ကို သူရှာတွေ့သွားပြီးနောက် သူ၏ ဆင်ခြင်နားလည်မှု အမြန်နှုန်းက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ သို့သော်လည်း သူက လီမုန့်တုထက် အနည်းငယ် နောက်ကျနေဆဲပင်။

ဤသို့တာအိုဆင်ခြင်နားလည်ခြင်းတွင် ကြိုတင်ပြင်ဆင်မှုကို လိုအပ်ရုံသာမက နက်ရှိုင်းသော နားလည်သဘောပေါက်မှု ရှိရန်လည်း လိုအပ်သည်။

ယင်းက အသိစိတ်ထဲမှာ တံဆိပ်ရိုက်ခတ်နိုင်ရုံဖြင့် မလုံလောက်သေးပေ။

တစ်စုံတစ်ယောက်က ယင်းကို အပြည့်အဝ စုပ်ယူရန် အမွေအနှစ်၏ အနှစ်သာရကို ဖမ်းဆုပ်ထားရမည်။

လီမုန့်တုက ဤအပိုင်းကို ကြိုတင်ပြီးမြောက်ခဲ့သည်။ တစ်ဖက်မှာတော့ ရွှီချင်းက ယခုမှ စတင်ရှာဖွေနေတုန်းသာ ဖြစ်သည်။

ထို့ကြောင့် ရလဒ်အနေဖြင့် တာအိုဆင်ခြင်နားလည်ခြင်း၏ အစောပိုင်းအဆင့်တွင် ရွှီချင်းက လီမုန့်တုထက် အများကြီး နောက်ကျကျန်နေခဲ့သည်။

ထိုအခြေအနေကို လီမုန့်တုက ပန်းပွင့်၏ အနှစ်သာရမှတဆင့် မြန်ဆန်စွာ အာရုံခံမိသွားသည်။

သို့ဖြစ်၍ သူက စိတ်အေးသွားသည်။

“ ဘယ်လိုအကြောင်းအရင်းကြောင့် ငါနဲ့အတူ ဒီအမွေအနှစ်ကို ဆင်ခြင်နားလည်နိုင်တဲ့ တစ်စုံတစ်ယောက် ထွက်ပေါ်လာတာလဲဆိုတာ မသိပေမဲ့… ”

“ အားနည်းတဲ့ လူတွေက အမြဲတမ်း အားနည်းနေမှာပဲ ”

“ ဒီအမွေအနှစ်က ငါ့အတွက် ဆရာ အထူးပြင်ဆင်ပေးထားတဲ့အရာပဲ… ကြိုတင်ပြင်ဆင်မှုတွေမရှိဘဲ အဲ့ဒါကို ဆင်ခြင်နားလည်မယ်ဆိုရင် အရမ်းခက်ခဲတယ်… ငါနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မင်းနဲ့ ငါ့ကြားက ကွာခြားမှုက ကောင်းကင်နဲ့ မြေကြီးလိုပဲ အရမ်းကြီးမားတယ် ”

လီမုန့်တု၏ အကြည့်က အေးစက်နေသည်။ ဤအခိုက်အတန့်မှာ တတိယပွင့်ချပ်က သူ၏ နဖူးပေါ်မှာ မြန်ဆန်စွာ ဖွဲ့စည်းနေသည်။

ထိုစဉ် တာအိုချောက်ကမ်းပါးပေါ်၌ ရွှီချင်း၏ အမူအရာက တည်ငြိမ်နေသည်။

ဤအခိုက်အတန့်မှာ သူ၏ နဖူးပေါ်တွင် ပွင့်ချပ်က (၂၀)ရာခိုင်နှုန်းသာ ဖွဲ့စည်းရသေး၏။ ယင်းက ပြီးပြည့်စုံရန် အဝေးကြီး လိုနေသေးသည်။

အမှောင်ကောင်းကင်ပေါ်မှ အမွေအနှစ်ပန်းပွင့်က ဝေဝါးနေပြီး အရှေ့အရပ်ဆီသို့ ပြန့်ကျဲနေသော ချည်မျှင်များက ပိုပြီးသိပ်သည်းလာနေကြောင်း သူသတိထားမိသော်လည်း ဆန္ဒမစောပေ။ ပန်းပွင့်၏ ပွင့်ချပ်များက လျော့နည်းသွားသည့်တိုင် သူက မစိုးရိမ်ပေ။

ဤလောကထဲတွင် အံ့ဖွယ်ကောင်းသော ဆင်ခြင်နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ထားသူက သူတစ်ယောက်မဟုတ်ကြောင်း ရွှီချင်း နားလည်သည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်၏ ဆင်ခြင်နားလည်မှုက သူ့ထက် သာလွန်ခြင်းသည် သာမန်ကိစ္စသာ ဖြစ်၏။

ထို့ပြင် ဤအမွေအနှစ်ဆင်ခြင်နားလည်ခြင်းက ယှဉ်ပြိုင်ပွဲဖြစ်သည်။

ယှဉ်ပြိုင်ပွဲမှာ သူက အနိုင်ရသွားလျှင် အကောင်းဆုံး ဖြစ်လိမ့်မည်။ အကယ်၍ သူက ရှုံးနိမ့်သွားမည်ဆိုလျှင်လည်း စိတ်ဆိုးလိမ့်မည် မဟုတ်ချေ။

“ ငါ့နည်းလမ်းက မှန်သွားတာ ကောင်းတယ် ”

“ ကောင်းကင်ပေါ်က အမွေအနှစ်က ဒီခရီးတစ်လျှောက်မှာ ငါတွေ့ခဲ့တဲ့ ဒဏ္ဍာရီလာနေရာတွေနဲ့ လုံးဝကွဲပြားခြားနားတယ်… အခု ငါလုပ်ရမှာက အဲ့ဒါကို ငါ့ရဲ့ အသိစိတ်ပင်လယ်ထဲ ရွှေ့ပြောင်းဖို့ပဲ ”

“ အတိတ်မှာ တစ္ဆေအင်ပါယာတောင်ကုန်းကို ငါဆင်ခြင်နားလည်ခဲ့တဲ့ နည်းလမ်းအတိုင်း ဆောင်ရွက်ရမယ် ”

ရွှီချင်းက ကောင်းကင်ကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ နှလုံးက တည်ငြိမ်သွားသည်။ သူက ပန်းပွင့်ကို မှတ်သားလိုက်ပြီး သူ၏ စိတ်ထဲမှာ ပုံရိပ်ဖော်လိုက်သည်။ ထို့ပြင် ဤလုပ်ငန်းစဉ်အတွင်း သူက အမွေအနှစ်၏ အနှစ်သာရကိုလည်း ဆင်ခြင်နားလည်နိုင်ရန် ကြိုးစားလိုက်သည်။

သူ၏ အတိတ်တုန်းက အတွေ့အကြုံများအရ အနှစ်သာရကို ပိုပြီးနားလည်သွားလေ ဤလုပ်ငန်းစဉ်က ပိုပြီးအဆင်ပြေချောမွေ့လေ ဖြစ်သည်။

သို့သော်လည်း မကြာမီ သူက အမွေအနှစ်၏ အနှစ်သာရကို စူးစမ်းလေ့လာနေစဉ် ရုတ်တရက် မျက်မှောင်ကြုတ်သွားသည်။

“ ဒီအမွေအနှစ်က… ”

သူက ပန်းပွင့်အား ပုံရိပ်ဖော်ခြင်းကို ခဏရပ်တန့်လိုက်ပြီး အနှစ်သာရအား ဆင်ခြင်နားလည်ခြင်းအပိုင်းကို အဓိကအာရုံစိုက်လိုက်သည်။ ဂရုတစိုက် ဆင်ခြင်သုံးသပ်ပြီးနောက် သူ၏ အမူအရာက တဖြည်းဖြည်း လေးနက်လာသည်။

“ အဆိပ်လား ”

ရွှီချင်းက အတွေးနက်သွားသည်။

အဆိပ်တာအိုက သူကျွမ်းကျင်သောအရာ ဖြစ်သည်။

မည်သို့ဖြစ်ပါစေ အတိတ်မှာ သူက တားမြစ်အဆိပ်ကို နတ်ဘုရားအခွင့်အာဏာအဖြစ် ပြောင်းလဲခဲ့သည်။

တားမြစ်အဆိပ်က သူ၏ နတ်ဘုရားခန္ဓာကိုယ်ထဲမှာ ကျန်ရစ်ခဲ့သော်လည်း အဆိပ်က အပင်တာအို၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေဆဲပင်။

အပင်တာအိုက အခြေခံအားဖြင့် ဗဟုသုတများကို ရည်ညွှန်းသည်။

သို့ဖြစ်၍ ရွှီချင်းက အပင်တာအိုကို သူ၏ စိတ်ထဲမှာ မှတ်သားထားသည်။ ထိုကြောင့် နတ်ဘုရားခန္ဓာကိုယ်မှာဖြစ်စေ အင်မော်တယ်ခန္ဓာကိုယ်မှာဖြစ်စေ အပင်တာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုက မပြောင်းလဲသွားချေ။

“ ဒီဟာက အပင်တာအိုရဲ့ တစ်စိတ်တစ်ပိုင်းပဲ… ”

ရွှီချင်း၏ အတွေးများက ချက်ချင်း ကျယ်ပြောသွားသည်။ တစ်ချိန်တည်းမှာ အပင်အမျိုးမျိုးနှင့်ပတ်သက်သော ဗဟုသုတများက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။ သူက ဤအမွေအနှစ်နှင့်ပတ်သက်ပြီး ပန်းပွင့်၏ အသေးစိတ် အချက်အလက်များကို ပြန်စဉ်းစားလိုက်သည်။

“ ဒီပန်းပွင့်က သေးသွယ်ပြီး အမြစ်တွေက ဗလာနတ္ထိထဲမှာ တည်ရှိတယ်… အရွက်တွေက လွှသွားပုံစံရှိပြီး ရှေးဟောင်းဆေးပင်နဲ့ ဆင်တူတယ်… သူ့ရဲ့ အလုံးစုံပုံစံက ပုံရိပ်ယောင်စွမ်းရည်ကြောင့် နာမည်ကျော်ကြားတဲ့ တောင်သစ်ခွပန်းနဲ့ ဆင်တူတယ် ”

“ ပွင့်ချပ်(၁၂)ခုစီမှာ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာရှိပြီး မတူညီတဲ့ စိတ်ခံစားချက်တွေကို ဖော်ပြနေတယ်… အဲ့ဒါက အလိုရမ္မက်စွမ်းအင်ကို ဖော်ပြနေပြီး စိတ်ခံစားချက်ခုနစ်မျိုးမြက်နဲ့ နည်းနည်း ဆင်တူတယ် ”

“ ပန်းပွင့်ရဲ့ ရနံ့ထဲမှာ အဆိပ်ပါဝင်ပြီး ရိုးတံက အဆိပ်ပြင်းတဲ့ မြွေလိုပဲ… အရွက်တွေပေါ်မှာလည်း အဆိပ်သွေးကြောတွေ ရှိတယ်… အမြစ်တွေထဲမှာတောင် အဆိပ်က စိမ့်ဝင်နေတယ်… ”

“ ဒီပန်းက အဆိပ်ပင်ပဲ… ”

“ ပန်းပွင့်ရဲ့ တစ်ကိုယ်လုံးမှာ အဆိပ်ရာပေါင်းများစွာ ပါဝင်နေတယ်… တစ်ခုချင်းစီဆိုရင် အဆိပ်အာနိသင်က မပြင်းဘူးဆိုပေမဲ့ အဆိပ်ရာပေါင်းများစွာဆိုရင်တော့ အရမ်းကြောက်စရာကောင်းတယ်… အပင်ထဲမှာ အဆိပ်တွေရဲ့ ရောနှောနေမှုကလည်း စိတ်ဝင်စားစရာပဲ ”

“ အပြင်လူတစ်ယောက်က အဲ့ဒါကို မမြင်နိုင်ဘူး… ဒါပေမဲ့ ငါ့ရဲ့ အပင်တာအိုကနေတဆင့် သုံးသပ်ကြည့်တဲ့အခါ ဒီအဆိပ်ပန်းပင်က လူလုပ်စိုက်ပျိုးထားတာ သေချာတယ် ”

“ အဲ့ဒါက အမျိုးအစားမတူတဲ့ အပင်ဆယ်သန်းကျော်ကို မျိုးစပ်ပြီး စိုက်ပျိုးထားတာဖြစ်ရမယ်… ဒီလိုအပင်မျိုးဖြစ်လာဖို့ဆိုရင် အဲ့ဒီအပင်တစ်ပင်စီက အရမ်းရှားပါးပြီး ထူးခြားသာလွန်ရမယ်… ဒါ့အပြင် ဒီထဲကို ထူးခြားတဲ့ တစ်စုံတစ်ခု ထပ်ပြီး ပေါင်းထည့်ထားသေးတယ်… အဲ့ဒါက အပင်ကို ဒီအခြေအနေထိ ရှင်သန်ကြီးထွားလာစေတယ် ”

“ ဒီလိုအရည်အချင်းက တကယ် အံ့ဖွယ်ပဲ ”

ရွှီချင်းက နှလုံးခုန်မြန်လာပြီး သူ၏ အမူအရာက ပြောင်းလဲသွားသည်။

သူက ပိုပြီးနားလည်လာလေ ပိုပြီးအံ့ဩသွားလေ ဖြစ်သည်။

“ ဒီလိုအဆိပ်ပင်ကို ပျိုးထောင်ဖို့ဆိုရင် တစ်စုံတစ်ယောက်ရဲ့ အပင်တာအိုက မယုံကြည်နိုင်စရာကောင်းတဲ့ အဆင့်ကို ရောက်နေရမယ် ”

ရွှီချင်းက တစ်ခဏကြာ တွေးတောစဉ်းစားလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ စိတ်ဝင်စားမှုက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

“ ဒီဟာကို ဆင်ခြင်နားလည်တာက မလုံလောက်ဘူး… အဲ့ဒါကို နားလည်ဖို့ ကြိုးစားတာက ယာယီအကျိုးအမြတ်ကိုပဲ ပေးနိုင်တယ်… အကောင်းဆုံး နည်းလမ်းကတော့ ပန်းပွင့်ရဲ့ အဆိပ်ကို ဆင်ခြင်သုံးသပ်တာပဲ ”

“ အဆိပ်… ”

အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အပင်တာအိုနှင့်ပတ်သက်သော မရေမတွက်နိုင်သည့် ဗဟုသုတများက သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာကြသည်။

ရွှီချင်းက သူသိထားသော ဗဟုသုတများဖြင့် အမွေအနှစ်ပန်းပွင့်ကို တိုက်စစ်လိုက်ပြီး တူညီသော အချက်အလက်များကို ရှာဖွေလိုက်သည်။

သူက ထိုအချက်အလက်များကို ကိရိယာများအဖြစ် ပြောင်းလဲလိုက်သည်။

သူက ထိုကိရိယာများကို အသုံးပြု၍ သူ၏ အသိစိတ်ထဲမှာ အာနိသင်တူညီသော အဆိပ်အမျိုးမျိုးကို ဖန်တီးလိုက်သည်။ တစ်ချိန်တည်းမှာ သူက ထိုအဆိပ်များကို ကောင်းကင်ပေါ်မှ ပန်းပွင့်၏ အဆိပ်များဖြင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

ထိုနည်းဖြင့် သူက ပန်းပွင့်၏ အနှစ်သာရကို သူ၏ အသိစိတ်ပင်လယ်ထဲ၌ အဆင်ပြေချောမွေ့စွာ တံဆိပ်ရိုက်ခတ်နိုင်လိမ့်မည်။

ထိုသို့ဖြင့် အချိန်က စီးဆင်းသွားသည်။

လီမိသားစု၏ ကန့်သတ်ဧရိယာထဲရှိ မျှော်စင်အတွင်းဝယ် အမွေအနှစ်အား ဆင်ခြင်နားလည်ခြင်းတွင် အပြည့်အဝ စိတ်နှစ်ထားသော လီမုန့်တု၏ နဖူးပေါ်၌ တတိယပွင့်ချပ်က ထွက်ပေါ်လာသည်။

ဤတစ်ကြိမ်က ယခင်အခေါက်များထက် ပိုပြီးနှေးကွေးသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ နားလည်မှုက ပိုပြီးနက်ရှိုင်းလာလေ တိုးတတ်ရန် ခက်ခဲမှုက ပိုပြီးတိုးမြှင့်လာလေ ဖြစ်သည်။ သူက ဤအတွက် ကြိုပြင်ဆင်ထားပြီး သူ၏ ဆင်ခြင်နားလည်သော ပါရမီက အံ့ဖွယ်ကောင်းသော်လည်း တစ်ကြိမ်တည်းဖြင့် မအောင်မြင်နိုင်ပေ။

“ ဒီအမွေအနှစ်ကို ဆင်ခြင်နားလည်ဖို့ ဆယ်ရက်ကြာလိမ့်မယ်လို့ ငါ့ကို ဆရာပြောဖူးတယ် ”

“ အခု အမြန်နှုန်းအရဆိုရင် တကယ်ပဲ ဆယ်ရက်ကြာလိမ့်မယ် ”

လီမုန့်တုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆက်လက် ဆင်ခြင်နားလည်ရန် ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ကောင်းကင်ပေါ်မှ အမွေအနှစ်ပန်းပွင့်က ရုတ်တရက် တုန်ယင်သွားပြီး ထပ်မံ ဝေဝါးသွားသည်။

ကျန်ရှိသော ပွင့်ချပ်ကိုးခုထဲမှ တစ်ခုက ရုတ်တရက် ပျောက်ကွယ်သွားသည်။

“ ဟမ် ”

လီမုန့်တု၏ သူငယ်အိမ်က ကျုံ့သွားပြီး သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ချက်ချင်း မြင့်တတ်သွားသည်။ သူက တာအိုချောက်ကမ်းပါး၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည့်အခါ သူ၏ အမူအရာက မည်းမှောင်သွားသည်။

တာအိုချောက်ကမ်းပါးပေါ်တွင် တရားထိုင်နေသော ရွှီချင်း၏ နဖူးပေါ်မှာ ပထမဆုံးပွင့်ချပ်က ထွက်ပေါ်လာသည်။

“ ဒီနည်းလမ်းက မှန်တယ် ”

သူ၏ နဖူးပေါ်မှ ပွင့်ချပ်ကို အာရုံခံမိသောအခါ ရွှီချင်းက ဝမ်းသာပျော်ရွှင်မှုကို ခံစားမိသွားသည်။ ထိုသို့ပျော်ရွှင်မှုကို သူမခံစားရသည်မှာ အချိန်အတော်ကြာမြင့်သွားပြီ ဖြစ်သည်။

သူက ဝမ်းသာပျော်ရွှင်သွားရခြင်းမှာ အကြောင်းအရင်းနှစ်ခုကြောင့် ဖြစ်သည်။ ပထမတစ်ခုက အမွေအနှစ်အပေါ် သူ၏ ဆင်ခြင်နားလည်သော နည်းလမ်းက မှန်ကန်ခြင်း ဖြစ်သည်။ ဒုတိယအကြောင်းအရင်းမှာ အချိန်အတော်ကြာအောင် မြှုပ်ကွယ်နေခဲ့သော အပင်တာအိုနှင့်ပတ်သက်သည့် သူ၏ ဗဟုသုတများက ပြန်လည်ထွက်ပေါ်လာခြင်း ဖြစ်သည်။

ကောင်းကင်ပေါ်မှ ပန်းပွင့်မှတဆင့် အပင်တာအိုကို ပိုပြီးနက်ရှိုင်းစွာ သူနားလည်သွားသည်။

ထိုအမွေအနှစ်ထဲမှာ ကိန်းအောင်းနေသော ဇစ်မြစ်အရှိန်အဝါ၏ တစ်စိတ်တစ်ပိုင်းကိုလည်း နောက်ဆုံးမှာတော့ သူမြင်နိုင်သွားသည်။ သူ၏ အမြင်အရ ယင်းက အခွင့်အာဏာ တာအိုအမှတ်အသားများထက် သာလွန်သည်။

“ ဒီအဆိပ်ပင်က လူလုပ်စိုက်ပျိုးထားတဲ့ဟာဖြစ်ပြီး အရမ်းအံ့ဖွယ်ကောင်းတယ်… ဒါကြောင့် အပင်ကို ဖန်တီးလိုက်တာက ဗလာနတ္ထိထဲ အသစ်တစ်စုံတစ်ခု ခေါ်ဆောင်လာတာနဲ့ ဆင်တူတယ် ”

“ အဲ့ဒီနောက် အပင်က ရှင်သန်ကြီးထွားလာပြီး ဒီလောကထဲမှာ ဒုတိယအပင် မတည်ရှိနိုင်တဲ့အထိ အားကောင်းလာတယ်… ဒီအပင်ကို ဖန်တီးခဲ့တဲ့လူတောင်မှ အဲ့လိုမလုပ်နိုင်ဘူး… ဒါကြောင့် အပင်က ပြိုင်ဘက်ကင်းလာတယ် ”

“ အဲ့လိုပြိုင်ဘက်ကင်းတာကြောင့် အပင်က ဒီလောကရဲ့ တစ်ခုတည်းသော ရှားပါးမျိုးစိတ်ဖြစ်လာတယ်… နဂိုကတည်းက တမူထူးခြားတဲ့ ဒီအပင်က ရှားပါးမျိုးစိတ်ဖြစ်သွားပြီးနောက် မယုံကြည်နိုင်စရာကောင်းတဲ့ အဆင့်ထိ ကြီးထွားသွားတယ်… ”

“ ပြိုင်ဘက်ကင်းတာအိုနဲ့အတူ အပင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကြောင့် အခွင့်အာဏာ တာအိုအမှတ်အသားတွေထက် သာလွန်တဲ့ အရှိန်အဝါတစ်ခု မွေးဖွားလာတယ် ”

ရွှီချင်း၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားသည်။

ကောင်းကင်ပေါ်မှ ပန်းပွင့်ကို စိုက်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ ထို့နောက် သူက စကားလုံးတစ်လုံးကို တီးတိုးရေရွတ်လိုက်သည်။

“ အာဏာစက်လား ”

ထိုစကားလုံးက သူ၏ ပါးစပ်ထဲမှ ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ အသိစိတ်က ရုတ်တရက် ရှင်းလင်းသွားသည်။

ထို့နောက် သူက မြန်ဆန်စွာ နားလည်သဘောပေါက်သွားသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက် ဒုတိယပွင့်ချပ်က သူ၏ နဖူးပေါ်မှာ ထွက်ပေါ်လာသည်။

တစ်နာရီကြာပြီးနောက် တတိယပွင့်ချပ်က ဖွဲ့စည်းသွားသည်။

ထိုသို့အမြန်နှုန်းက အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

သူက အစတွင် နောက်ကောက်ကျကျန်နေခဲ့ကြောင်း ထင်ရှားသည်။ သို့သော်လည်း ယခု သူက လီမုန့်တုကို လိုက်မီသွားသည်။

သူတို့နှစ်ယောက်မှလွဲ၍ အနောက်ပိုင်းကြယ်စင်စုထဲတွင် မည်သည့်တုံကင်ပိုင်ရှင်မှ ထိုမြင်ကွင်းကို အာရုံမခံနိုင်ကြချေ။ သို့မဟုတ်ဘဲ အကယ်၍ သူတို့သာ ထိုမြင်ကွင်းကို သတိထားမိသွားမည်ဆိုလျှင် မယုံကြည်နိုင်မှုက သူတို့၏ စိတ်ထဲမှာ ထွက်ပေါ်လာလိမ့်မည်။

ရွှီချင်း၏ ဆင်ခြင်နားလည်မှုက အလွန်မြန်ဆန်သည်။

လီမုန့်တု၏ နှလုံးက အပြင်းအထန် တုန်ယင်သွားသည်။

ဤအခိုက်အတန့်မှာ သူ၏ နဖူးပေါ်တွင် ပွင့်ချပ်သုံးခုသာ ရှိသေးသည်။ စတုတ္ထမြောက်ပွင့်ချပ်က ယခုမှ (၄၀)ရာခိုင်နှုန်းသာ ဖွဲ့စည်းရသေးသည်။

“ အဲ့ဒီလူက ဘယ်သူလဲ ”

“ သူက အစမှာ နှေးတယ်… ဒါပေမဲ့ ရုတ်တရက် သူက အရမ်းမြန်လာတယ် ”

လီမုန့်တု၏ အသိစိတ်က ပရမ်းပတာ လှုပ်ခတ်သွားပြီး သူ၏ အသက်ရှူသံက မြန်ဆန်လာသည်။ သူ့ကိုယ်ပိုင် အခွင့်အရေးအား တခြားတစ်ယောက် လုယက်နေသည်ကို ကြည့်နေရခြင်းက သူ့ကို စိတ်မသက်မသာ ခံစားရစေသည်။ တစ်ချိန်တည်းမှာ သတ်ဖြတ်ချင်သော စိတ်ဆန္ဒက သူ၏ နှလုံးသားထဲမှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။

“ အဲ့လိုမဖြစ်ရဘူး ”

စိတ်ဓာတ်ပြတ်သားမှုက လီမုန့်တု၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူ့မှာ အသုံးမပြုရသေးသော ဝှက်ဖဲကတ်တစ်ခု ရှိသည်။ အစက သူသည် ပွင့်ချပ်ရှစ်ခုကို ရရှိပြီးမှ တိုးတတ်မှုအရှိန်ကို မြှင့်တင်ရန် ထိုဝှက်ဖဲကတ်ကို အသုံးပြုမည်ဟု စီစဉ်ထားခဲ့သည်။

သို့သော်လည်း ယခုတော့…

လီမုန့်တုက ချက်ချင်း လက်မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ကာ ဘေးပတ်ဝန်းကျင်သို့ ဖိချလိုက်သည်။

ချက်ချင်းဆိုသလို သူရှိနေသော မျှော်စင်က အပြင်းအထန် တုန်ယင်သွားပြီး ထွန်းလင်းတောက်ပသော အနီရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာ အနီရောင်အလင်းတန်းက ကောင်းကင်ပေါ်သို့ မြှောက်တတ်သွားသည်။

အလင်းက စက်ဝိုင်းသဏ္ဍာန်အားလှိုင်းတစ်ခုကို ဖွဲ့စည်းသွားပြီး မိုးခြိမ်းသံနှင့်အတူ အပြင်ဘက်သို့ ပျံ့ပွားသွားသည်။ လီမိသားစု၏ ကန့်သတ်ဧရိယာအတွင်းမှ မျှော်စင်တစ်ခုပြီးတစ်ခုက အနီရောင်အလင်းတန်းကို ထုတ်လွှတ်လိုက်ကြသည်။

ဤနေရာတွင် စုစုပေါင်း မျှော်စင်ကိုးထောင်ရှိကြသည်။ မျှော်စင်တစ်ခုစီက လီမုန့်တု၏ ဆင်ခြင်နားလည်မှုကို အရှိန်မြှင့်တင်ပေးလိုက်ကြသည်။

ယခု မျှော်စင်အားလုံး ထွန်းလင်းတောက်ပလာသည့်အခါ စတုတ္ထမြောက်ပွင့်ချပ်က သူ၏ နဖူးပေါ်မှာ အပြည့်အဝ ဖွဲ့စည်းသွားသည်။

ထိုသို့ဆင်ခြင်နားလည်သော အမြန်နှုန်းက အလွန်အံ့ဖွယ်ကောင်းသော်လည်း လီမုန့်တုက စိတ်မချမှုကို ခံစားနေရဆဲပင်။ အဘယ့်ကြောင့်ဆိုသော် အမွေအနှစ်ပန်းပွင့်၌ ပွင့်ချပ်ဆယ့်နှစ်ခုတည်းသာ ရှိသည်။ အကယ်၍ သူက ခြေတစ်လှမ်း နောက်ကျသွားမည်ဆိုလျှင် တစ်ဖက်လူက ပိုပြီးဆင်ခြင်နားလည်နိုင်သွားလိမ့်မည်။ ယင်းကို သူလက်မခံနိုင်ပေ။

သို့ဖြစ်၍ လီမုန့်တုက အံတင်းတင်းကြိတ်လိုက်ပြီး ပစ္စည်းတစ်ခုကို ထုတ်လိုက်သည်။

ယင်းက စာလိပ်တစ်ခုဖြစ်ပြီး ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။

ထိုစာလိပ် ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်၏ အရောင်က ပြောင်းလဲသွားပြီး လေကြမ်းများ တိုက်ခတ်လာသည်။

ထိုပစ္စည်းက လီမိသားစု၏ အထွတ်အမြတ် ဘိုးဘေးရတနာဖြစ်ပြီး တစ်ခုတည်းသာ ရှိသည်။

ယင်းကို သူတို့၏ ဘိုးဘေးက သူ၏ မွေးရပ်ဇာတိထံမှ ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ သူကွယ်လွန်သွားပြီးနောက် သူ၏ နောင်သားမြေးမြစ်များအတွက် အမှာစကားတစ်ခု ချန်ထားခဲ့သည်။

“ ဒီပန်းချီကားကို သုံးကြိမ်ပဲ အသုံးပြုနိုင်တယ်… ခြေလှမ်းဝက်အင်မော်တယ်အဆင့်အောက်က ကျင့်ကြံသူတွေက ဒီပန်းချီစာလိပ်ရဲ့ အစွန်းကိုပဲ ဖွင့်လှစ်နိုင်တယ်… တကယ်လို့ ပန်းချီကားရဲ့ အစွန်းက ဖွင့်လှစ်သွားမယ်ဆိုရင် ရန်သူက ချိပ်ပိတ်ခံရလိမ့်မယ်… တကယ်လို့ ပန်းချီကားရဲ့ တစ်ဝက်က ဖွင့်လှစ်သွားမယ်ဆိုရင် ခြေလှမ်းဝက်အင်မော်တယ်တစ်ပါးက ကျဆုံးသွားလိမ့်မယ်… တကယ်လို့ ပန်းချီကားတစ်ခုလုံး ဖွင့်လှစ်သွားမယ်ဆိုရင် အဲ့ဒါက နွေဦးအင်မော်တယ်တစ်ပါးကို အန္တရာယ်ပေးနိုင်လိမ့်မယ် ”

နှစ်ပေါင်းမရေမတွက်နိုင်အောင် ကုန်ဆုံးသွားသော်လည်း အကြောင်းအရင်းတချို့ကြောင့် ထိုပန်းချီကားက အခိုးမခံရသလို မပျက်စီးသွားခဲ့ပေ။ ယင်းက လီမိသားစု၏ စံအိမ်ထဲမှာ တစ်ချိန်လုံး ရှိနေခဲ့သည်။

လီမိသားစု၏ နောင်သားမြေးမြစ်များသည် ထိုပန်းချီစာလိပ်ကို အသက်သွင်းရန် ကြိုးစားခဲ့ကြသော်လည်း သူတို့အားလုံး ကျရှုံးသွားခဲ့ကြသည်။

ဘိုးဘေး၏ သွေးမျိုးစက်နှင့် အကိုက်ညီဆုံးဖြစ်သော လီမုန့်တုတစ်ယောက်တည်းသာ ဤပန်းချီစာလိပ်ကို အသက်သွင်းနိုင်သည်။ သူက အစွမ်းကုန် ထုတ်သုံးလိုက်မည်ဆိုလျှင် ပန်းချီစာလိပ်၏ အစွန်းကို ဖွင့်လှစ်နိုင်သည်။

ယင်းက သူ့ကို ကြယ်တစ်ပွင့်ဖြစ်စေခဲ့သည့် သူ၏ စစ်မှန်သော အခြေခံအုတ်မြစ်ဖြစ်သည်။

All Chapters