အပိုင်း (၁၉၄)
Vol. 14 Ch. 194
“ဒီလိုဆိုရင် ကျေးဇူးပြုပြီး တာအိုရောင်းရင်းရန်... အခုရထားတဲ့ သတင်းအချက်အလက်တွေကို ပြပါအုံး။ ကျုပ်တို့တွေ ကြည့်ကြရအောင်” ဝူဝူရှမ်က ပြောဆိုလိုက်၏။
လက်ရှိ ရှိနေကြသော အားလုံးသော သူတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် အကြောင်းနှင့် ပတ်သက်၍ စိတ်ဝင်တစား ဖြစ်လို့နေခဲ့၏။ ထို့အပြင် ၎င်း၏ အားအင်အဆင့်နှင့် ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းမှ လူများ အားလုံးကို လုံခြုံရေးအပြည့်ရှိအောင် ဖန်တီးပေးနိုင်ခဲ့သည်။ သူတို့၏ သူတော်စင်ဘုရင်နှစ်ပါးကိုပင် သတ်ဖြတ် ပစ်ခဲ့သေးသည်။
“ကောင်းပြီ”
ရွှဲ့ရန်သည် ခေါင်းကို အသာညိတ်ပြီးသည့်နောက် တီးတိုးပြောဆိုလိုက်၏။ သူသည် အားလုံးသော သူများကို တစ်ချက်ဝှေ့ကြည့်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ အလွန်တရာ ဂုဏ်ယူဝံ့ကြွားလှသည့် အရိပ် အယောင်များ ထင်ဟပ်လာခဲ့သည်။ ယနေ့အချိန်တွင်တော့ သူသည် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်ပြသရင်း သူ၏ လုပ်နိုင်စွမ်းကို အားလုံးသောသူများ မြင်နိုင်ရန် ပြသရပေတော့မည်။ မဟုတ်ပါက သူ၏ကိုယ်ပိုင် အသုံးပြုသည့် နည်းလမ်းကို နားမလည်ကြသောကြောင့် အထင်အမြင် သေးနေကြပေလိမ့်မည်။
ရွှဲ့ရန်၏ ခန္ဓာကိုယ်အိုအိုကြီးသည် မတ်မတ်ရပ်လျက် ရှိနေ၏။ ဆံနွယ်များသည် လေဟာနယ်ထဲတွင် လွင့်မျောလျက် ရှိနေပြီး သူ၏ လက်ဝါးထက်တွင် သင်္ကေတတစ်ခုက ပေါ်ပေါက်လာခဲ့၏။ လက်ဝါး၌ နတ်ဘုရား အလင်းတန်းများ ထွန်းတောက်နေခဲ့၏။ သွေးနီရောင် ကျောက်သည် ပြောင်းပြန်လည်လာ၏။
ဘုန်း ဘုန်း ဘုန်း ဘုန်း
ထိုကျောက်တုံး ပြောင်းပြန်လည်လျက် ရှိနေတုန်းမှာပဲ ရေတွက်လို့ မရအောင် များပြားသည့် နတ်ဘုရား အလင်းတန်းများ တလက်လက် ထွန်းတောက်လျက် ရှိနေ၏။ ထိုအလင်းတန်းများသည် ကောင်းကင်ပတ်ဝန်းကျင် တစ်ခုလုံးတွင် များပြားလှသည့် အဓိပ္ပာယ်မဖော်နိုင်သော စာလုံးများအဖြစ် ဖြစ်တည်လာခဲ့သည်။
“စာလုံးတွေပဲ”
သွေးနတ်ဆိုးတစ်ကောင်သည် ထကာ အော်ဟစ်လိုက်၏။ သူသည် မယုံကြည်နိုင်သလို အရှေ့တွင် ရှိနေသည့် အရာအားလုံးကို လှမ်းကာ ကြည့်ရှုလိုက်၏။ “ဒီစာသားတွေက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ရဲ့ သတင်းအချက်တွေကို ပြောပြမှာလား”
“အင်း... စာလုံးအရေအတွက်က နည်းနေတယ်။ ဖြစ်နိုင်ပါ့မလား။”
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က သူ့ရဲ့ သတင်းအချက်အလက်တွေကို ဖုံးကွယ်ထားဖို့ ကြိုးစားတဲ့နေရာမှာ ကျရှုံးခဲ့တာပဲ ဖြစ်ရမယ်” တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ တွက်ချက်လိုက်မိ၏။
“အင်း.. တာအိုရောင်းရင်းရွှဲ့ရဲ့ စွမ်းဆောင်ရည်က ခန့်မှန်းလို့ မရနိုင်ဘူး။ တကယ့်ကို အားကောင်းတာပဲ။ တော်ရုံလူဆိုလို့ကတော့ သဲလွန်စ တစ်ခုကိုတောင်မှ ရှာနိုင်မှာ မဟုတ်ဘူး” သွေးနတ်ဆိုးတစ်ကောင်သည် တီးတိုး ပြောဆိုလိုက်သည်။
ဟောခန်းအတွင်းမှာတော့ သွေးနတ်ဆိုးများသည် တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးပြောဆိုလျက် ရှိနေကြပြီး လေထုထဲတွင် ဖြစ်ပေါ်လာသည့် စာလုံးများကို သေသေချာချာ ကြည့်ရှုနေ၏။
ဆန်းကြယ်လွန်းလှသည့် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ နောက်ကြောင်းသည် တဖြည်းဖြည်းချင်း ပေါ်ပေါက်လာတော့မည်လား။ အနည်းငယ်သော သတင်းအချက်အလက်များ ပေါ်ပေါက်လာလျှင်ပင် သူတို့အတွက် လုံလောက်အောင် စုံစမ်း၍ ရနိုင်မည်ဖြစ်၏။ ဤသတင်းအချက်အလက်နှင့်ဆိုလျှင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင် ၏ အားအင်အဆင့် သို့မဟုတ် သူတို့ မည်သူဖြစ်သည်ကို သိရှိနိုင်ပေမည်။
“ပေါ်လာပြီ။ ပေါ်လာပြီ” တခြားသော သွေးနတ်ဆိုးတစ်ကောင်က တီးတိုးပြောဆိုလိုက်သည်။
လက်ရှိအချိန်မှာတော့ အားလုံးသော သူတို့သည် သက်ပြင်းရှည်ကြီးကို ချကာဖြင့် ကောင်းကင်ယံထက်သို့ လှမ်းကာ ကြည့်ရှုလိုက်၏။ ရောင်စဉ်တန်းများ ပျောက်ကွယ်သွားပြီးသည့်နောက် လေဟာနယ်ထဲတွင် စာလုံးကြီး ခြောက်ခုက ပေါ်ပေါက်လာ၏။ ထိုစာလုံးကြီးများသည် နေကဲ့သို့ပင် တောက်ပလျက်ရှိ၏။
“ငါက မင်းရဲ့ ဒုတိယဦးလေး ဟုတ်လား”
သွေးနတ်ဆိုးတစ်ကောင်၏ အမူအရာသည် ပျက်ယွင်းသွားခဲ့၏။ သူသည် အားလုံးသော သူများကို လှမ်းကာ ကြည့်ရှုလိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်နှင့် ပတ်သက်သည့် သတင်းအချက်အလက်သည် ဤအရာလား။
မေးစရာရှိသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် မည်သူ၏ ဒုတိယ ဦးလေး ဖြစ်သနည်း။
ဤနေရာတွင် သွေးနတ်ဆိုးကလန်မှ လူပေါင်းများစွာတို့ တည်ရှိနေသည် ဆိုသော်လည်း ၎င်းတို့၏ ရင်းနှီး ပတ်သက်မှုနှင့် သွေးဆက်နွယ်မှုသည် ခပ်ဖျော့ဖျော့သာ ရှိ၏။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက်ကြား သွေးချင်းပတ်သက်မှုသည် အထင်းသားပေါ်မနေချေ။ တစ်ဖက်လူသည် သူတို့နှင့် သွေးချင်း ဆက်နွယ်နေသည့် တစ်စုံတစ်ယောက် ဖြစ်နေလေသည်လား။
“ဒါနဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ဒုတိယဦးလေးလား။ ဘယ်သူ့ကို ပြောချင်တာလဲ။ ဒီထက်ပိုပြီးတော့ သေသေချာချာ ရှင်းရှင်းလင်းလင်း ပြသလို့ မရနိုင်ဘူးလား”
“ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ငါတို့ သွေးနတ်ဆိုးကလန်ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နိုင်တယ်” တစ်စုံတစ်ယောက် က ဝင်ရောက်ကာ ပြောဆိုလိုက်၏။
“တာအိုရောင်းရင်းရန် ..... ကျုပ်တို့ ကလန်ထဲက ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေကို တွက်ချက်နိုင်စွမ်းရှိတဲ့ တစ်စုံတစ်ယောက်က အဲလောကထဲကို ရောက်သွားတာမျိုး ရှိသေးလား။” တစ်စုံတစ်ယောက်သည် လှမ်းကာ မေးမြန်းလိုက်သည်။
သတင်းအချက်အလက်များသည် တိတိကျကျ ပြသနေသည်။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် မည်သူဖြစ်သနည်း။ သူတို့၏ သွေးနတ်ဆိုးကလန်သားတစ်ယောက် ဖြစ်နေသည်လား။
သတင်းအချက်အလက်များသည် သံသယ ဖြစ်စရာဆိုသော်လည်း ၎င်းတို့၏ စိတ်ထဲတွင် ယုံကြည်ချက်တချို့က တည်ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် တာအိုရောင်းရင်းရန်၏ နတ်ဘုရားစွမ်းအင်ကို မည်သူက မေးခွန်းထုတ်ရဲသနည်း။ တစ်ဖက်လူ ထုတ်ဖော်ပြသခဲ့သည့် အချက်အလက်များသည် တကယ့်ကို စစ်မှန်သည့် အကြောင်းအရာဖြစ်ပြီး သွေးနတ်ဆိုးကလန် တစ်ခုလုံး မေးခွန်းထုတ်၍ မရနိုင်သောအရာပင် ဖြစ်သည်။
“ဟမ်” ရွှဲ့ရန်သည် လူများ၏ အံ့အားသင့်နေသော အကြည့်များကို မြင်ရသည့်အချိန်မှာတော့ ဟန်မထုတ်နိုင်တော့ချေ။ ခေါင်းမော့ကာ စာတမ်းကို ကြည့်ရှုလိုက်၏။ စာလုံးခြောက်ခုကို မြင်ရသည့် အချိန်မှာတော့ သူ၏ မျက်နှာပေါ်တွင် ရှိနေသည့် ကြွက်သားများသည် တဆတ်ဆတ် တုန်ယင်သွားလေ၏။
“ချီးတဲ့မှ”
သူသည် အားအင်စိုက်ထုတ်၍ ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ခဲ့ခြင်းသာ ဖြစ်၏။ သို့ပေမဲ့ အဘယ်ကြောင့် ဤပေါက်ပန်းလေးဆယ် စာလုံးများ ပေါ်ပေါက်လာရသနည်း။
“ချီးတဲ့မှ... ဘာကို ဒုတိယဦးလေးလဲ”
ကောင်းကင်၏ လျှို့ဝှက်ချက်များကို တွက်ချက်ရသည့် နေရာတွင် အဆုံးမဲ့သည့် ကမ္မတရားများကို ခုခံရ၏။ ဒုက္ခငါးမျိုးကိုလည်း ကြုံဆုံရနိုင်သေး၏။ ထိုကဲ့သို့ ပေးဆပ်ပြီး တွက်ချက်ခဲ့သည် ဆိုလျှင်တောင်မှ အဘယ်ကြောင့် ကောင်းမွန်သည့် အရာများ ထွက်ပေါ်မလာဘဲ ဒုတိယဦးလေးဆိုသည့်အရာသာ ပေါ်ပေါက်လာရသနည်း။
ရွှဲ့ရန်၏ မျက်နှာသည် တဆတ်ဆတ် တုန်လျက်ရှိ၏။ သူ၏ မျက်နှာအား ခပ်ပြင်းပြင်း ရိုက်နေသကဲ့သို့ပင် ခံစားနေမိ၏။ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် သူ့ကို တမင်တကာ ဒုက္ခပေးနေသည်လား။
“ဒါ အတုပဲဖြစ်မယ်။ ကျုပ် ထပ်ပြီးတော့ တွက်ချက်ကြည့်အုံးမယ်”
ရွှဲ့ရန်သည် အင်္ကျီလက်ကို ဝှေ့ယမ်းပြီး သည့်နောက် ကောင်းကင်ထက်တွင် ပေါ်ပေါက်လျက် ရှိနေသည့် စာလုံးခြောက်ခုကို ဖယ်ရှားလိုက်၏။ သူသည် လက်စည်းသင်္ကေတများကို ဖန်တီးပြုလုပ်လိုက်၏။ သို့ပေမဲ့ သူ၏ လှုပ်ရှားမှု မပြီးသေးခင်မှာပဲ ဟောခန်း၏ အပြင်ဘက်၌ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လေဝဲကြီး တစ်ခု ဖြစ်တည်လာခဲ့ပြီး အားလုံးသောသူတို့၏ နှလုံးသားများကို ဖိနှိပ်လိုက်တော့၏။
“တစ်စုံတစ်ခု မှားနေပြီပဲ”
ဝူဝူရှမ်၏ စိတ်ထဲတွင် ရှိနေသည့် မကောင်းသည့် ခံစားချက်များသည် ပိုမိုကာ ကြီးမားလာခဲ့၏။ ထို့ကြောင့် သူက ရုတ်တရက် ထအော်လိုက်၏။ “မြန်မြန်နောက်ဆုတ်ကြ”
သို့ပေမဲ့ သူ၏ စကားကို ပြီးဆုံးအောင် မပြောရသေးချေ။ ကြောက်မက်ဖွယ်ရာကောင်းသည့် အသံကြီး ထွက်ပေါ်လာခဲ့ပြီး လေဟာနယ်ထဲတွင် သွေးနီရောင် အလင်းတန်းများ ထွန်းတောက်လာခဲ့၏။ ထိုအရာကြီးသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် မိုးကောင်းကင်မြစ်ကြီး တစ်စင်းကဲသို့ပင် အဓိက ဟောခန်းထဲသို့ ဆင်းသက်လာခဲ့သည်။
အားလုံးသောသူတို့ တုံ့ပြန်ချိန် မရသေးခင်မှာပဲ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စွမ်းအင်လှိုင်းများသည် ရှိရှိသမျှသော သူတို့ကို သုတ်သင် ရှင်းလင်းပစ်၏။
ဘုန်း ဘုန်း
မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့ပြီး ဟောခန်းကြီး တစ်ခုလုံးသည် သွေးနီရောင် မိုးကြိုးပင်လယ်ကြီး ထဲတွင် လှုပ်ရှားလူးလွန့် သွားလာလျက်ရှိသည့် လှေငယ်လေးတစ်ခုကဲ့သို့ပင် ဖြစ်လို့နေခဲ့၏။ သွေးနတ်ဆိုးကလန်မှ အဖွဲ့ဝင်များသည် ကြောက်လန့်တကြားဖြင့် မျက်နှာများ ဖြူလျော်သွားခဲ့ကြ၏။ သွေးနတ်ဆိုးကလန်၏ ဟောခန်းအပြင်ရှိ လူများမှာ ကံကောင်းလွန်းလှ၏။ အဘယ်ကြောင့်ဆိုသော် တိုက်ခိုက်မှုသည် ၎င်းတို့ကို ပစ်မှတ်မထားခဲ့ချေ။ ဟောခန်းထဲတွင် ရှိနေသည့် အရာများကိုသာ ပစ်မှတ်ထား တိုက်ခိုက်သောကြောင့်ပင်။
ဟောခန်းထဲတွင် ရှိနေသည့်လူများ အားလုံးတို့သည် အန္တရာယ်အတွင်းမှ မလွတ်ကင်းနိုင်ခဲ့ကြချေ။ သူတော်စင် ခုနှစ်ယောက်ပင်လျှင် မည်သည့်အခါကမှ မရှိသလို ပျောက်ကွယ်သွားခဲ့၏။ ရွမ်ယွမ်လည်း အပါအဝင်ဖြစ်သည်။
“ဒါ... နတ်ဘုရား အပြစ်ပေးမှုပဲ”
ခဏလောက် ကြာပြီးသည့်နောက် သွေးနတ်ဆိုးကလန်မှ အဖွဲ့ဝင် တစ်ယောက်သည် ဖြူလျော်နေသည့် မျက်နှာဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။ သူသည် ကြောက်လန့် တကြားဖြင့် တံတွေးပင် မျိုချလိုက်မိ၏။