အပိုင်း (၁၉၅)
Vol. 14 Ch. 195
“တာအိုရောင်းရင်းရွမ်က ကောင်းကင်လျှို့ဝှက်ချက်တွေကို တွက်ချက်ရုံတင်မဟုတ်ဘူး။ ကျုပ်တို့ ကြည့်လို့ရအောင် ပြသခဲ့လို့များလား” လေဟာနယ် ထဲတွင် ရပ်တန့်လျက် ရှိနေသည့် သွေးနတ်ဆိုးတစ်ကောင်သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။
“သူက ကောင်းကင်လျှို့ဝှက်ချက်တွေကို ရေတွက်လို့ မရအောင်လို့ ထုတ်ဖော်ပြောဆိုခဲ့ပြီးသားလေ။ ဒီနေ့ ထုတ်ဖော်ခဲ့တဲ့ ရလဒ်က ကောင်းကင်နိယာမတွေရဲ့ အကန့်အသတ်ကို တွန်းဖယ်ပြီးတော့ ပြုလုပ်ခဲ့တာဖြစ်မယ်။ ဒါကြောင့်မို့လို့ ဒီလိုအခြေအနေမျိုး ဖြစ်သွားတာဖြစ်မယ်” တစ်စုံတစ်ယောက်သည် ဘေးတစ်ဖက်ဆီမှ ဝင်ရောက်ကာ တွက်ချက် ပြောဆိုလိုက်သည်။
“အင်း... တာအိုရောင်းရင်းရန် ကတော့ ကံဆိုးတာပဲ” ဝူဝူရှမ်သည် သက်ပြင်းချလိုက်မိ၏။ သူ၏ အမူအရာသည် တကယ်ပင် ဝမ်းနည်းလျက် ရှိနေ၏။
ရွှဲ့ရန်ကို ဆုံးရှုံးရမည်ဆိုလျှင် အနာဂတ်တွင် ပတ်သက်သည့် အကြောင်းအရာများနှင့်ပတ်သက်၍ သူ့တွင် အန္တရာယ်များ ရှိလာနိုင်၏။ ကောင်းကင်၏ လျှို့ဝှက်ချက်များ၏ ကြိုတင်မသိရှိသည် ဆိုပါက နောက်ထပ် သူ လုပ်ရမည့် ခြေလှမ်းများအတွက် အလွန်ပင် ခက်ခဲသွားပေလိမ့်မည်။ မည်မျှ အားကောင်းလှသည့် စွမ်းရည်အဆင့်ကို ပိုင်ဆိုင်လှသည်ဆိုလျှင်တောင်မှ ဤကဲ့သို့ ကြိုတင်တွက်ချက်နိုင်မှု မရှိဘူးဆိုပါက ဆိုးရွားလှသည့် အခြေအနေဆီသို့ ရောက်ရှိသွားစေနိုင်သည်။
“ဒါနဲ့”
ဘေးတစ်ဖက်တွင် ရှိနေသည့် ဝူဝူရှမ်သည် သက်လတ်ပိုင်းအရွယ် သွေးနတ်ဆိုးတစ်ကောင်အား အသာ လှမ်းကြည့်ကာဖြင့် တီးတိုးရေရွတ်လိုက်၏။ “နောက်ဆုံးကျန်တဲ့ သတင်းအချက်အလက်တွေက တာအိုရောင်းရင်းရန် မသေဆုံးခင်မှာ တွက်ချက်ခဲ့တဲ့ အရာတွေပဲ။ ဒါက အစစ်အမှန်လား။ အမှားအယွင်းတွေ ဖြစ်နေလား”
“အမ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ အားလုံးသော သူတို့သည် သူတို့၏ အကြည့်များကို တစ်ဖက်လူဆီသို့ ရွေ့လိုက်သည်။
“တကယ်လို့ မှားယွင်းတယ်ဆိုရင် ကောင်းကင်ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားသွားတယ်လို့ တွက်ချက်လို့ မရဘူးလေ။ တာအိုရောင်းရင်းရန်အနေနဲ့ မထိမခိုက် အကောင်းတိုင်း ဖြစ်နေရမှာပေါ့။ အမှန်မလို့ သူ့ရဲ့ တုံ့ပြန်မှုက ကြမ်းတမ်းလွန်းနေတာပေါ့”
စောဏတုန်းက ပြောခဲ့သည့် သွေးနတ်ဆိုးတစ်ကောင်သည် ဝင်ရောက်ကာ ပြောလိုက်၏။ “အမှားဖြစ်ဖို့မှားတယ်။ ဘယ်လိုဖြစ်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်တို့ သွေးနတ်ဆိုးကလန်ရဲ့ တစ်စုံတစ်ယောက် ဖြစ်နေရမှာလဲ။ တာအိုရောင်းရင်းရန်တောင် မသေခင် မှားနေတာလို့ ရှင်းရှင်းလင်းလင်း ပြောပြခဲ့တယ်လေ”
“ဒါဆိုရင် ခုဏတုန်းက ဖြစ်ပျက်ခဲ့တဲ့ နတ်ဘုရားအပြစ်ပေးမှုကကော ဘာလဲ” တစ်စုံတစ်ယောက်သည် ဝင်ရောက်ကာ မေးမြန်းလိုက်သည်။
နတ်ဘုရားအပြစ်ပေးမှုဆိုသည်မှာ လူတိုင်း ခေါ်ယူ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ နတ်ဘုရားအပြစ်ပေးမှုကို ဆွဲခေါ်ခဲ့သည်လူဆိုသည်မှာ အလွန်အားကောင်းလှသည့် လူတစ်ယောက်ပြီး အကန်အသတ်မဲ့ ကမ္မနှောင်ကြိုးများကို ဖျက်ဆီးခဲ့သူ သို့မဟုတ် ကောင်းကင်၏ လျှို့ဝှက်ချက်များကို ထုတ်ဖော် ပြောဆိုခဲ့သူ ဖြစ်ရပေမည်။ ရွှဲ့ရန် အနေနှင့် ကြီးမားလှသည့် အန္တရာယ်အတွင်းသို့ သက်ဆင်းခဲ့ရ၏။ ကောင်းကင်၏ လျှို့ဝှက်ချက်များကို ဖော်ပြခဲ့သည့်အတွက် ဖြစ်ပေါ်လာခဲ့သည့် တန်ပြန်မှု သည် ၎င်းကို တကယ်ပဲ သတ်ဖြတ်ပစ်ခဲ့၏။
“ဒီတော့ ဆိုလိုတာက ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်က ကျုပ်တို့ သွေးနတ်ဆိုးကလန်ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်နေတာလား၊ ဒါမှမဟုတ် မဟုတ်ဘူးလား ။ ရှုပ်ကုန်ပြီ” သွေးနတ်ဆိုးတစ်ကောင်သည် ဝင်ရောက်ကာ မေးမြန်းလိုက်သည်။
ရွှဲ့ရန်ကို ဆုံးရှုံးခဲ့၏။ သို့ပေမဲ့ ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်ကို ပြန်လည်ရရှိမည်ဆိုလျှင် ဆိုးရွားသည့် အရာမျိုး မဟုတ်တော့ချေ။ ထို့အပြင် ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်သည် အားအင်အဆင့်၌ ပိုပြီးတော့ ကောင်းမွန်သည် ဆိုသည်မှာ ရှင်းလင်းလှ၏။
ဤလောကကြီးထဲတွင် ပြိုင်ဘက်ကင်းလှသည့် အခွင့်အာဏာကို တည်ထောင်နိုင်စွမ်းရှိနေသည့် လူတစ်ယောက်လည်း ဖြစ်နေနိုင်၏။ မည်သူမှ ၎င်း၏စကားကို မေးခွန်းမထုတ်ရဲကြချေ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင် အနေနှင့် သွေးနတ်ဆိုးကလန်ပေါ်တွင် တကယ်ပဲ အလေးအနက်ထားကာ ပြောဆိုပေးမည် ဆိုပါက ၎င်းတို့အနေဖြင့် နယ်မြေကို ဖြတ်သန်းပြီး ရုန်းကန်လှုပ်ရှားရမည့် အရာမျိုးကို အဘယ်ကြောင့် အာရုံ အနောက်ခံကာ ပြုလုပ်ရတော့မည်နည်း။ ပွင့်ပွင့်လင်းလင်းနှင့် အထဲသို့ လျှောက်ဝင်လိုက်ရုံသာရှိသည်။
“ဖြစ်နိုင်တာက တာအိုရောင်းရင်းရန် ထုတ်ဖော်ပြောဆိုခဲ့တဲ့ သတင်းအချက်အလက်တွေက ကောင်းကင်လျှို့ဝှက် နန်းဆောင်နဲ့ ပတ်သက်တဲ့ အချက်အလက် သဲလွန်စတွေ ပါနေတာပဲ ဖြစ်နိုင်တယ်” သွေးနတ်ဆိုးအိုကြီး တစ်ယောက်သည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောဆိုလိုက်၏။
ကောင်းကင်လျှို့ဝှက်နန်းဆောင်သခင်၏ အားအင်အဆင့်သည် လက်ရှိအခြေအနေမှာတော့ အလွန်ပင် ရှင်းလင်းလွန်းလှ၏။ ရွှဲ့ရန်ထက် တကယ်ပင် သာလွန်သည်မှာ သေချာသည်။
“ဒီနေရာမှာ အရမ်းကို နက်နဲတဲ့ အဓိပ္ပာယ်တွေ ပါဝင်နေတာလည်း ဖြစ်နိုင်တယ်။ ခန့်မှန်းပြီးတော့ စိတ်ဒုက္ခခံ မနေနဲ့”
ဝူဝူရှမ်သည် လက်ကို အသာယမ်းခါပြီးသည့်နောက် မိုးကြိုးလှိုင်းများကဲ့သို့ ဖြစ်တည်နေသည့် ပင်လယ်ပြင်ကြီး တစ်ခုကို လှမ်းကာ ကြည့်ရှုလိုက်၏။ ပြီးနောက် တခြားသော တည်နေရာဆီသို့ လှမ်းလျှောက် ထွက်ကာဖြင့် ပြောလိုက်၏။ “ကျုပ်တို့ စုံစမ်းဖို့ တခြား တစ်စုံတစ်ယောက်ကို လွှတ်လို့ရတယ်လေ။ အရာ အားလုံးက ရှင်းလင်းသွားလိမ့်မယ်”
သွေးနတ်ဆိုးကလန်သည် ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ တစ်စုံတစ်ယောက်ကို စေလွှတ်ရန် စီစဉ်နေတုန်းမှာပဲ အင်ပါရီယာ ရီကလန်နှင့် အင်ပါရီယာ လင်းကလန်တို့၏ ခေါင်းဆောင်တို့သည် တော်ဝင်သဲကန္တာရမြို့ဆီသို့ အတူတကွ ရောက်ရှိလာကြ၏။ ၎င်းတို့သည် ကောင်းကင်လျှို့ဝှက်နန်းဆောင် အရှေ့သို့ ရောက်ရှိသည့် အချိန်မှာတော့ အထဲသို့ မဝင်သေးချေ။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ရွှေကျီးကန်းကလန်၊ ရှုပ်ထွေးလူဝုကလန်နှင့် ခွန်ဖန်ကလန်တို့ဆီမှ ခေါင်းဆောင် များနှင့် တွေ့ဆုံခဲ့၏။ ၎င်းတို့ ငါးယောက်သည် တင်းမာခက်ထန်သည့် မျက်နှာသွင်ပြင်များနှင့် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ သူတို့အနေနှင့် တစ်ဖက်နှင့်တစ်ဖက် သံသယများ ရှိလို့နေ၏။ ထို့ကြောင့် သေသေချာချာ ဂရုစိုက်ကာ ကြည့်ရှုနေကြခြင်းဖြစ်သည်။
“ခင်ဗျားတို့ ငါးယောက်လုံး လာပြီဆိုမှတော့ ......”
ထိုအချိန်မှာပဲ အမဲရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ယန်ရှိုသည် ထိုငါးယောက်၏ ဘေးတွင် မတ်တပ်ရပ်လိုက်၏။ ၎င်းသည် အသာ ဦးညွတ်ပြီးသည့်နောက် ပြောလိုက်၏။ “ခင်ဗျားတို့ ကောင်းကင်လျှို့ဝှက် နန်းဆောင်ရဲ့ တံခါးဆီကို ရောက်ရှိလာပြီ ဆိုမှတော့ ဘယ်လိုဖြစ်ပြီးတော့ စီနီယာ နန်းဆောင်သခင်ကို သွားတွေ့ဖို့အတွက် အတူတူ မဝင်ရတာလဲ”
ဤတည်နေရာဆီသို့ ရောက်ရှိလာရခြင်း၏ ရည်ရွယ်ချက်ကို အားလုံးက သိရှိပြီးဖြစ်၏။ ၎င်းတို့၏ ရည်မှန်းချက် သည် တူညီသည့် အခြေအနေတွင် ရှိနေ၏။ ထို့ကြောင့် အားနာစရာ မလိုအပ်တော့ချေ။ တချိန်တည်းမှာပဲ ယန်ရှို သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။
အစပိုင်းက သူ့အနေနှင့် ဤကိစ္စများ ဖြစ်ပွားစေခဲ့သည့် နောက်ကွယ်မှ လူတစ်ယောက် အကြောင်းနှင့် ပတ်သက်၍ သတင်းအချက်အလက်များကို ဝယ်ယူချင်မိ၏။ သို့ပေမဲ့ ဈေးနှုန်းကို သိရှိရသည့် အချိန်မှာတော့ တကယ်ပဲ တွန့်ဆုတ်နေမိ၏။ သတင်းအချက်အလက်သည် တကယ်ပင် ဈေးကြီးလွန်းလှ၏။ ငရဲကိုးကောင်နတ်ဆိုး ဂိုဏ်းသည် ဝယ်နိုင်သည်ဆိုသော်လည်း တကယ်ပင် အကုန်အကျများသည့် ကိစ္စရပ်ပင်ဖြစ်၏။
ဤငါးယောက် ရောက်ရှိလာပြီ ဆိုမှတော့ တကယ်ပင် ရိုးရှင်းသွားခဲ့၏။ ၎င်းတို့ အနေဖြင့် သတင်းအချက်အလက် များကို မျှဝေကာ ဝယ်ယူနိုင်စွမ်း ရှိသည်ဆိုပါက တစ်ယောက်ချင်းစီတိုင်း၏ ကုန်ကျစရိတ်သည် သက်သာသွားပေ လိမ့်မည်။ မသေချာသည်မှာ ကောင်းကင်လျှို့ဝှက်နန်းဆောင်၏ စီနီယာသည် ထိုအရာကို လက်သင့်ခံမလား ဆိုသည်သာ ရှိ၏။ ပြီးတော့ အစကနေ အခုအထိ သတင်းအချက်အလက် ဝယ်ယူသောသူများသည် ် တခြားသော သူများဆီသို့ ထိုသတင်းအချက်များအား ထုတ်ဖော်ကာ မပြောဆိုရဲကြချေ။
“နောက်ကွယ်ကနေ ဒုက္ခပေးတာ ရီကလန်နဲ့ လင်းကလန်တို့ ဆိုတာ သေချာလို့ကတော့ ခင်ဗျားတို့ ကလန်တွေကို ဖျက်ဆီးတာနဲ့ ပတ်သက်ပြီး ကျုပ်ကို အပြစ်မတင်နဲ့” ရွှေရောင်ဆံပင်နှင့် သက်လတ်ပိုင်း အရွယ်ရှိသည့် ရွှေကျီးကန်းကလန်မှ ခေါင်းဆောင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများကို ထုတ်ဖော်လျက် ရှိနေလေ၏။
“ရီကလည်း ဒီလိုအကြံ ရှိပါတယ်” ရီချင်းမင်သည် အေးစက်စက်ဖြင့် တုံ့ပြန်လိုက်၏။ သူ၏ ဘေးတစ်ဖက်တွင် ရှိနေသည့် အင်ပါရီယာလင်းကလန်၏ ခေါင်းဆောင်သည်ကလည်း တောက်ပလှသည့် မျက်လုံးအစုံဖြင့် ပြန်လည်ကာ ကြည့်ရှုနေ၏။ ၎င်း၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုခြင်း ဆန္ဒများသည်လည်း အလုံးစုံ ထွက်ပေါ်လျက် ရှိနေသည်။
“ဟမ့်”
ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် နှာခေါင်းရှုံ့လိုက်၏။ ပြီးသည့်နောက် အသာလှည့်ပြီး ကောင်းကင်လျှို့ဝှက်နန်းဆောင်ထဲသို့ လှမ်းဝင်လိုက်၏။ တခြားသောသူများသည် သူ၏နောက်မှ လိုက်ဝင် လိုက်ကြ၏။
“ကျုပ်တို့ စီနီယာ နန်းဆောင်သခင်နဲ့ လာတွေ့တာပါ”
ထိုခြောက်ယောက်တို့သည် ကောင်းကင်လျှို့ဝှက် နန်းဆောင်ထဲသို့ ဝင်ရောက်ပြီးသည့်နောက် လီယွင်ကို လှမ်းကာ ကြည့်ရှုလိုက်ကြ၏။ အားလုံးသည် လေးလေးစားစားဖြင့် ဦးညွတ်ကာ ကြီးမားသည့် လေးစားသမှုကို ပြသကြသည်။
“အင်း... ရောက်လာကြပြီလား”
လီယွင်သည် ဟောခန်းထဲတွင် မတ်တပ်ရပ်လျက် ရှိ၏။ ခန္ဓာကိုယ်ကို အသာလှည့်ပြီး လူခြောက်ယောက်ကို လှမ်းကာ ကြည့်ရှုလိုက်၏။ သူ၏ နှုတ်ခမ်းပါးများတွင် အပြုံးတစ်ခုက ဖြစ်တည်လာခဲ့၏။ သူသည် မနီးမဝေးတွင် ရှိနေသည့် ထိုင်ခုံခြောက်ခုကို လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။ “ထိုင်”
“ကျေးဇူးပါပဲ စီနီယာ”
လူခြောက်ယောက်တို့သည် အသာဦးညွတ်လိုက်ကြ၏။ ပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ် များကို အသာမတ်လိုက်ကြ၏။ ထိုင်ခုံခြောက်ခုကို မြင်လိုက်ရသည့် အချိန်မှာတော့ သူတို့သည် ကြောင်အသွား ခဲ့ကြသည်။
ပြီးနောက် လီယွင်ကို အသာလှမ်းကြည့်ကာဖြင့် အံ့အားတသင့်လည်း ဖြစ်လို့နေ၏။ သူတို့ ဒီနေ့ အတူတကွ လာမည်ကို စီနီယာက ကြိုတင်ကာ သိရှိထားနေသည်လား။ မဟုတ်ပါက ဤကဲ့သို့သော ထိုင်ခုံခြောက်ခုကို ကြိုတင်ကာ ပြင်ဆင်ထားလိမ့်မည် မဟုတ်ချေ။