အပိုင်း (၁၉၆)
Vol. 14 Ch. 196
ခြောက်ယောက်တို့သည် ၎င်းတို့၏ ထိုင်ခုံပေါ်တွင် အသီးသီး ထိုင်လိုက်၏။ လီယွင်သည် တည်ငြိမ်အေးချမ်းသည့် ပုံပန်းသွင်ပြင်မျိုးနှင့် ထိုင်ကာ ယုံကြည်ချက်ရှိရှိဖြင့် ပြောဆိုလိုက်၏။ “ခင်ဗျားတို့ ဒီကိုလာတဲ့ ရည်ရွယ်ချက်ကို ကျုပ် အစောကြီးကတည်းက သိပြီးသား။ ခင်ဗျားတို့ရဲ့ လူငယ်မျိုးဆက်တွေကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က တိုက်ခိုက်ခဲ့တဲ့ လူတွေအကြောင်းကို သိချင်တာမလား။ လက်စားချေချင်လို့ မဟုတ်လား”
“အမှန်ပါပဲ”
ရွှေကျီးကန်းကလန်မှ ခေါင်းဆောင်သည် ခေါင်းကို ညိတ်လိုက်၏။ ၎င်းသည် ဘေးတစ်ဖက်တွင် ရှိနေသည့် ရီချင်းမင်ကို လှမ်းကြည့်ကာဖြင့် မေးမြန်းလိုက်သည်။ “ကျုပ် မေးချင်ပါတယ် စီနီယာ။ ဒါ ရီကလန်နဲ့ လင်းကလန်တို့ စီစဉ်တဲ့ ကိစ္စလား”
“ခင်ဗျား”
ရီချင်းမင်၏ မျက်နှာတစ်ခုလုံးသည် မဲမှောင်သွားခဲ့၏။ အင်ပါရီယာလင်းကလန်၏ ကလန်ခေါင်းဆောင် သည် တူညီစွာပင် ဒေါသထွက်သွား၏။ ရွှေကျီးကန်းကလန်သည် တကယ်ပင် မောက်မာလွန်းနေ၏။ အခြေခံ ယဉ်ကျေးမှုပင် မရှိဘဲ ၎င်းတို့ဆီသို့ လက်ညှိုးထိုးကာ ပစ်တင်ရှုတ်ချလျက် ရှိနေ၏။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် ၎င်းတို့ ကလန်နှစ်ခု ပူးပေါင်းကာ ပြုလုပ်ခဲ့သည့်အရာဟု တရားလွန် ပြောဆိုလျက် ရှိနေလေ၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် ယန်ရှိုမှာမူ အရှေ့ဆီသို့ အချိန်ကိုက် လှမ်းတက်ကာဖြင့် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “စီနီယာနန်းဆောင်သခင်... လှုပ်ရှားတိုက်ခိုက်တဲ့အခါမှာ သူတော်စင်ဘုရင် ဆယ်ယောက်လောက်ကို ထုတ်ဖော်နိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းဆိုတာ တကယ့်ကို သာမန်ထက်ပိုတဲ့ နောက်ခံ ရှိရမယ်။ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ပြုလုပ်တာလား။ ဒါမှမဟုတ် တကယ့်ကို ခန့်မှန်းလို့ မရအောင် အားကောင်းလှတဲ့ အဖွဲ့အစည်းတစ်ခုက ပြုလုပ်တာလားဆိုတာ သေချာမသိဘူး။ ကျုပ်တို့ အနေနဲ့ ဒီသတင်းအချက်အလက်ကို ဝယ်ယူမယ်ဆိုရင် စုပေါင်းပြီး ဝယ်လို့ ရနိုင်လား”
“သေချာတာပေါ့”
လီယွင်သည် ရွှေကျီးကန်းကလန်မှ ခေါင်းဆောင်ကို တစ်ချက်လှမ်းကြည့်လိုက်၏။ သူ၏ အထင်တွင် ရွှေကျီးကန်းကလန်၏ ခေါင်းဆောင်သည် တကယ်ပင် အသိပညာပိုင်းဆိုင်ရာတွင် နိမ့်ကျသည့်ပုံ ပေါ်၏။
“အရမ်းကောင်းတယ်”
ယန်ရှိုသည် စိတ်သက်သာရာရလို့ သက်ပြင်းချလိုက်မိ၏။ အားလုံးသောသူတို့ ပူးပေါင်းပြီး မျှခံမည့် ပမာဏတစ်ခုကို စီနီယာ သဘောမတူမည်ကို သူက စိုးရွံ့မိခဲ့သည်။
“ဒီဆန်းကြယ်တဲ့လူရဲ့ နောက်မှာရှိတဲ့ အင်အားစုက သာမန်ထက် ပိုတယ်လေ။ ခင်ဗျားတို့ သူတို့ရဲ့ ထိပ်တိုက် သွားပြီး ရင်ဆိုင်တိုက်ခိုက်မယ်ဆိုရင် တစ်ခုမှ ကောင်းကျိုးရမှာ မဟုတ်ဘူး” လီယွင်သည် အေးဆေးတည်ငြိမ်စွာ ပြောလိုက်၏။
ဤကိစ္စ၏ လက်သည်တရားခံကို သူ စနစ်ဆီမှ စစ်ဆေးပြီးဖြစ်၏။ စနစ်သည် ဤသတင်းအချက်အလက်နှင့် ပတ်သက်၍ ကောင်းကင်လျှို့ဝှက်အမှတ် နှစ်သန်းကို တောင်းဆိုခဲ့၏။ ဤတန်ဖိုးသည် တော်ရုံ နတ်နယ်မြေများ တက်နိုင်သည့် အရာမျိုး မဟုတ်ချေ။ တန်ဖိုးသည် အရမ်းကို မြင့်မားလွန်းလှချေသည်။
နတ်နယ်မြေ တစ်ဖွဲ့ချင်းစီတိုင်း အနေဖြင့် ထိုသတင်းအချက်အလက်ကို ဝယ်ယူသည်ဆိုပါက ၎င်းတို့၏ ရှိရှိသမျှသော အရာများကို ထုတ်ဖော်၍ အသုံးပြုမှသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အားလုံးသောသူတို့ ပူးပေါင်းကာဖြင့် ဝယ်ယူမှ တတ်နိုင်သောအရာ ဖြစ်လို့လာခဲ့၏။
“လောကကြီးမှာ ဒီလိုကြောက်ဖို့ကောင်းတဲ့ အင်အားစု ရှိနေသေးတာလား” ယန်ရှိုသည် သက်ပြင်းကို ချလိုက်မိ၏။ စီနီယာ၏ စကားအရဆိုလျှင် ဆန်းကြယ်လှသည့် နောက်ကွယ်မှ လုပ်ကြံသူများသည် တကယ်ပင် အားကောင်းလှပုံပေါ်၏။ တစ်ခါတည်း တိုက်ခိုက်သည့် အချိန်တွင် သူတော်စင်ဘုရင် ဆယ်ယောက်ကိုပင် ထုတ်ဖော်ကာ အသုံးပြုနိုင်စွမ်း ရှိနေ၏။ ထိုအရာသည် ၎င်းတို့၏ အကန့်အသတ်ဖြစ်ပုံ မပေါ်သေးပေ။
“တကယ့်ကို ထိတ်လန့်တုန်လှုပ်စရာပဲ”
သူတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းတွင် သူတော်စင်ဘုရင် လေးယောက် ရှိ၏။ တစ်ယောက်ချင်းစီတိုင်းသည် တကယ်တမ်း ထွက်ပေါ်ကာ တိုက်ခိုက်မည်ဆိုလျှင်တောင်မှ တစ်ဖက်အဖွဲ့အစည်းကို လုံးဝအနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ တကယ်တမ်း ရင်ဆိုင်တိုက်ခိုက်သည်ဆိုပါက ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးသည် ပျောက်ကွယ်ပျက်စီးသွားမှာ သေချာ၏။
“အင်း... ရဲရဲတင်းတင်းနဲ့ မေးချင်ပါတယ် စီနီယာ။ ဒီခန့်မှန်းလို့ မရတဲ့ အားအင်အဖွဲ့အစည်းက ဘယ်သူတွေလဲ။ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါ” ရီချင်းမင်သည် သူတော်စင်အဆင့် ဆေးပင်တစ်ခုကို ထုတ်ယူပြီး လီယွင်၏ ရှေ့သို့ ချလိုက်၏။ ပြီးနောက် လေးလေးစားစား မေးမြန်းလိုက်သည်။
ယခင်ကတည်းက ကောင်းကင်လျှို့ဝှက်နန်းဆောင်ဆီသို့ ရောက်ရှိခဲ့ပြီးပြီ ဖြစ်သောကြောင့် အင်ပါရီယာ ရီကလန်သည် စည်းမျဉ်းစည်းကမ်းနှင့် ပတ်သက်၍ ရင်းနှီးနေပြီးသားဖြစ်၏။ သူတို့ အနေနှင့် တိကျသည့် သတင်း အချက်အလက်ကို စုံစမ်းချင်သည်ဆိုပါက ကျိန်းသေပေါက် ထိုက်တန်သည့် အရာတစ်ခုကို ပေးအပ်ရမှာဖြစ်၏။
“မလုံလောက်သေးဘူး” လီယွင်သည် ထိုပစ္စည်းကို အသာလှမ်းကြည့်ကာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားရသည့် အချိန်မှာတော့ ရီချင်းမင်၏ မျက်နှာ အမူအရာသည် လုံးဝ မပြောင်းလဲခဲ့ချေ။ သူ့အနေနှင့် ဆက်လက်ပေးအပ်ရန် ရည်ရွယ်ချက်ရှိပုံ မပေါ်ချေ။
ထိုအချိန်မှာတော့ ယန်ရှိုသည် သူတော်စင်အဆင့် ဆေးပင်တစ်ခုကို ထုတ်ယူပြီးသည့်နောက် ပထမတစ်ခု၏ ဘေးတစ်ဖက်တွင် ချလိုက်၏။ တခြားသောသူများ သည်လည်း ၎င်းတို့၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် သူတော်စင်အဆင့် ဆေးပင်များကို ထုတ်ယူကာ တစ်ခုချင်းစီကို ချပေးလိုက်၏။
“စနစ်”
လီယွင်သည် စားပွဲပေါ်တွင် ရှိနေသည့် သူတော်စင်အဆင့် ပစ္စည်းများကို လှမ်းကြည့်ကာဖြင့် မေးလိုက်သည်။ “ကလန်အသီးသီးရဲ့ လူငယ်ပါရမီရှင်တွေကို နောက်ကနေ ချုံခိုတိုက်ခိုက်ခဲ့တဲ့ အဖွဲ့အစည်းက ဘယ်သူလဲ စစ်ဆေးလိုက်”
[ဒင်.. ကောင်းကင်လျှို့ဝှက်အမှတ် လေးသောင်း ကုန်ကျ၏။ စစ်ဆေးမှု အောင်မြင်သည်။ များပြားလှသည့် ကလန် အသီးသီးမှ လူငယ် ပါရမီရှင်များကို ခြုံခိုကာ တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းသည် သွေးနတ်ဆိုးကလန်ပင် ဖြစ်၏]
“သွေးနတ်ဆိုးကလန် ဟုတ်လား”
လီယွင်သည် မျိုးနွယ်စုအားလုံး၏ ကောင်းကင်ပါရမီရှင်စာရင်းနှင့် နတ်နယ်မြေ အရှင်အဆင့်စာရင်း အကြောင်းနှင့် ပတ်သက်၍ ပြန်လည်ကာ တွေးတောလိုက်၏။ ရုတ်တရက် သူက နားလည်လိုက်မိ၏။ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ၎င်းတို့သည် သွေးနတ်ဆိုးလောကကြီးဆီမှ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အခြေခံကိုလည်း ပိုင်ဆိုင်ထား၏။ ထို့ကြောင့်ပင်လျှင် ကောင်းကင်လျှို့ဝှက်အမှတ် နှစ်သန်း တောင်းဆိုသည် ဆိုသည်မှာ ယုတ္တိဗေဒ ကျလွန်းလှသည်။
“ရလဒ်က”
လီယွင်သည် စားပွဲပေါ်တွင် ရှိနေသည့် သူတော်စင်အဆင့် ပစ္စည်းများကို အသာသိမ်းဆည်းကာဖြင့် ထူးမခြားနားသလို ပြောလိုက်၏။ “နောက်ကွယ်မှာ ပြုလုပ်ခဲ့တဲ့ လူတွေက သွေးနတ်ဆိုးကလန်ကပဲ။ လူသားတွေလည်းမဟုတ်ဘူး။ မွန်းစတားတွေလည်း မဟုတ်ဘူး။ မျိုးနွယ်စုတွေကြားမှာရှိတဲ့ နယ်စပ် အရေးအခင်းအတွက် ခင်ဗျားတို့ ကိုယ့်ရဲ့ အလိုဆန္ဒအားလုံးကို ကိုယ့်ဘာသာ ထိန်းသိမ်းမှ ဖြစ်လိမ့်မယ်”
“ဪ .... သွေးနတ်ဆိုးကလန် ဖြစ်နေတာကိုး”
လူခြောက်ယောက်တို့၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့၏။ ၎င်းတို့၏ နှလုံးသားထဲတွင် ဒေါသမီးလျှံများ တောက်ပလျက် ရှိနေ၏။ တိုင်ချူးနတ်နယ်မြေနှင့် သွေးနတ်ဆိုး ကလန်တို့ကြားတွင် ဖြစ်ပွားခဲ့သည့် ပြဿနာသည် ယနေ့အချိန်မှာတော့ တကယ့်ကို အရေးတကြီးဖြင့် ဆွေးနွေးရမည့် ကိစ္စရပ်မျိုး ဖြစ်လာခဲ့သည်။
ကြည့်ရသည်မှာ တိုင်ချူးနတ်နယ်မြေသည် သွေးနတ်ဆိုးကလန်သည် နှိမ်နင်းနိုင်ခဲ့သည့်ပုံစံ ပေါ်သော်လည်း တကယ့် အစစ်အမှန်တရားမှာတော့ ထိုသို့ဟုတ်ပုံ မပေါ်ခဲ့ချေ။ လက်ရှိ အခြေအနေမှာတော့ တိုင်ချူးနတ်နယ်မြေ သည် ယခင်တုန်းကလို အခြေအနေမျိုး ရှိတော့သည် မဟုတ်ပေ။ သူတို့တွင် အင်ပါယာတစ်ယောက် ရှိခဲ့ဖူးသည် ဆိုသော်လည်း လက်ရှိ အခြေအနေမှာတော့ မည်သည့် အင်ပါယာမှ မရှိချေ။
ထိုခေတ်၊ ထိုအခါတုန်းက တိုင်ချူးနတ်နယ်မြေသည် လူသားမျိုးနွယ်အားလုံး၏ အဓိက ထောက်တိုင်တစ်ခု ဖြစ်ခဲ့သည်မှာ မေးခွန်းထုတ်စရာ မရှိချေ။ အင်ပါယာတစ်ယောက်သည် လူသားမျိုးနွယ်တစ်ခုလုံးကို ကိုယ်စားပြုပြီး တိုက်ခိုက်ပေးခဲ့ဖူး၏။ သို့ပေမဲ့ ယခုခေတ်၊ ယခုအခါ အချိန်မှာတော့ လူသားမျိုးနွယ် တစ်ခုလုံး အနေဖြင့် သွေးနတ်ဆိုးကလန်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည့် အရှိန်အဝါမျိုး မရှိတော့ပေ။
“သွေးနတ်ဆိုးကလန်က တကယ့်ကို ပြန်လာတော့မှာလား”
လူခြောက်ယောက်တို့၏ နှလုံးသားများသည် လေးလံသွားခဲ့ကြ၏။ ၎င်းတို့သည် ၎င်းတို့၏ စိတ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည့် အတွေးများကို အသာဖိနှိပ်ပြီးသည့်နောက် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်သည်။ “စီနီယာရဲ့ ညွှန်ကြားချက်တွေကို ကျုပ်တို့က လေးလေးစားစားနဲ့ လိုက်နာပါမယ်”
စီနီယာက ထိုကဲ့သို့ ပြောသည်ဆိုမှတော့ ကျိန်းသေပေါက် သူတို့အနေနှင့် စီနီယာ၏ အနောက်သို့ လိုက်ပါရပေလိမ့် မည်။ လူသားနှင့် မွန်းစတားမျိုးနွယ်များကြားတွင် ရှိနေသည့် ကိစ္စရပ်များသည် များပြားလှသည့် ပဋိပက္ခများကို ဖြစ်ပေါ်စေခဲ့၏။ သူတို့အနေနှင့် ထိုကဲ့သို့သော ပဋိပက္ခများကို မရပ်တန့်ဘူးဆိုပါက အခြေအနေသည် ထင်ထားသည်ထက်ပင် ပိုမိုကာ ဆိုးရွားလာပေလိမ့်မည်။
လီယွင်၏ သတိပေးမှုကို ကြားရသည့်အချိန်မှာတော့ ထိုလူခြောက်ယောက်တို့သည် အရာအားလုံးတို့မှာ သွေးနတ်ဆိုးကလန်မှ စီမံဆောင်ရွက်သည့် အရာများ ဖြစ်ကြောင်းကို သိရှိနားလည်လိုက်ကြ၏။ လူသားနှင့် မွန်းစတားမျိုးနွယ်များ ကြားထဲတွင် ရှိနေသည့် ပဋိပက္ခ ကိစ္စရပ်များ အားလုံးကို သူတို့အနေနှင့် မဖြစ်မနေ ရပ်တန့်မှ ဖြစ်ပေလိမ့်မည်။