အပိုင်း (၂၀၄)
Vol. 14 Ch. 204
"ရွှေကျီးကန်းကလန်က ဘာမှမဟုတ်ပါဘူး"
ပြော၍မပြီးသေးခင်မှာပဲ သွေးနတ်ဆိုးကလန်မှ ကွာစီအင်ပါယာသည် ရုတ်တရက် နှလုံးသားထဲ၌ လေးလံသည့် ခံစားချက်များ ဖြစ်တည်လာခဲ့၏။ ကောင်းကင်နှင့် မြေပြင်သည် ကွဲအက်သွားခဲ့ပြီး ကြီးမားလွန်းသည့် ဖိအားကြီးသည် သူ့ထံသို့ ကျဆင်းလာခဲ့သည်။
ဝေါင်း ….
နဂါးတစ်ကောင်၏ အော်သံသည် ကောင်းကင်တစ်ခုလုံးကို လှုပ်ခါစေခဲ့၏။ တခြားသော အင်ပါရီယန် လက်နက်တစ်ခု ပေါ်ပေါက်လာပြီးသည့်နောက် ကောင်းကင်ယံမှ ကျဆင်းလာခဲ့၏။
အသူရာနတ်ဘုရား ကြေးအိုးကြီးသည် ရွှေရောင်အလင်းတန်းများ ထွန်းတောက်ကာဖြင့် ကျဆင်းလာခဲ့၏။ အသူရာနဂါးကိုးဆယ့်ကိုးကောင်တို့သည် အသက်ဝင်လာခဲ့သလိုပင် လေဟာနယ်ထဲ၌ ရစ်သိုင်းလျက် ရှိနေပြီး တိမ်များအား ရစ်ခွေနေသည်။ ဤကဲ့သို့သော အော်သံကြီးသည် လောကကြီး တစ်ခုလုံးကိုပင် ပြိုလဲစေခဲ့၏။
သွေးနတ်ဆိုးကလန်မှ ကွာစီအင်ပါယာသည် သူ၏ ခေါင်းထက်တွင် အင်ပါရီယန်လက်နက်ကိုထားကာ ခုခံထားသည် ဆိုလျှင်တောင်မှ အဝေးသို့ လွင့်စင်သွားခဲ့၏။ သူ့အနေဖြင့် ခုခံနိုင်ခဲ့သည် ဆိုလျှင်တောင်မှ မိုင်တော်တော်ဝေးဝေးသို့ လွင့်စင်သွားခဲ့သေးသည်။
ဤကဲ့သို့သော တိုက်ခိုက်မှုသည် သူ့အား တစ်ကယ်ပင် ကြီးကြီးမားမား တုန်လှုပ်စေခဲ့၏။ သူ၏မျက်နှာတစ်ခုလုံးသည် ဖြူလျော်လျက် ရှိနေပြီး နှုတ်ခမ်းထောင့်မှ သွေးများပါ ကျဆင်းလာ၏။ ၎င်း၏ အော်ရာများသည် အားနည်းသွားခဲ့၏။ သေသေချာချာ တွက်ချက်ထားခဲ့သည် ဆိုသော်လည်း တခြားသော ကွာစီအင်ပါယာများ ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
ကြည့်ရှုရသည်မှာ ဤကဲ့သို့သော အခွင့်အရေးကို စောင့်စားကာ တိုက်ခိုက်ခဲ့ခြင်းပင် ဖြစ်ရပေမည်။
"မုန့်ရှင်းကျီ …. ငရဲကိုးကောင် နတ်ဆိုးဂိုဏ်းရဲ့ ကွာစီအင်ပါယာ " သွေးနတ်ဆိုးကလန်မှ ကွာစီအင်ပါယာသည် အေးစက်စက် လေသံဖြင့် ပြောလိုက်၏။
"အမှန်ပဲ"
ကောင်းကင်ယံထက်တွင်တော့ မုန့်ရှင်းကျီက ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် တည်နေရာတစ်ခုလုံး ကို ပြန့်နှံ့သွားစေနိုင်သည့် အမဲရောင် နေလုံးကြီး၏ စွမ်းအင်များကို ထုတ်ဖော်လျက် ရှိနေပြီး ကျယ်လောင်လှသည့် နဂါးအော်သံများနှင့် အတူ ကြီးကျယ်ခမ်းနားလွန်းသော အော်ရာများကို ထုတ်ဖော်နေ၏။ ဆန်းကြယ်လွန်းလှသည့် အော်သံထဲတွင် တာအို၏ နိယာမများ ပါဝင်နေသောကြောင့် အားလုံးသောသူများသည် နှလုံးသားများ တုန်ခါသွားခဲ့ကြသည်။
"စီနီယာပြောခဲ့တဲ့အတိုင်းပဲ ခင်ဗျားက မောက်မာပြီးတော့ ကိုယ့်ရဲ့ ကွာစီအင်ပါယာ ကျင့်ကြံခြင်း အဆင့် နဲ့ တခြားသူတွေကို နှိမ့်ချဆက်ဆံခဲ့တယ်။ ဒီနေ့မှာတော့ ကျုပ်က ခင်ဗျားကို သင်ခန်းစားကောင်းကောင်းပေး မယ်။ နောက်ဘဝအထိ မှတ်သားသွားရမယ့် သင်ခန်းစာမျိုးပေါ့"
"ခင်ဗျား"
သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် ကြောက်လန့်သွားခဲ့၏။ ဘာတွေဖြစ်နေသနည်း။ ကွာစီအင်ပါယာနှစ်ယောက်သည် မထင်မှတ်ထားအောင်ပင် ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့ ရောက်ရှိလာခြင်းဆိုသည်မှာ သူတို့ကို တိုက်ခိုက်ရန် ရောက်ရှိလာခြင်း ဖြစ်ကာ သူ၏ အ ကြောင်းအရာအားလုံးကိုလည်း သိရှိနေပြန်၏။
ယနေ့မတိုင်ခင်က သူတို့သည် တစ်ခါမှ မတွေ့ဆုံခဲ့ကြဖူးချေ။ ထို့အပြင် တူညီသည့် လောကကြီးတွင် နေထိုင်သည့် လူများလည်း မဟုတ်ပေ။ အဘယ့်ကြောင့် ကောင်းကင်လျို့ဝှက် နန်းဆောင်သခင်က တွက်ချက်နိုင်နေသနည်း။ သူမည်သူဖြစ်သည်နှင့် သူ၏အရည်အသွေးပါ သိရှိနေသည်။
"ရွှေကျီးကန်းကလန်က တာအိုရောင်းရင်း….. ကျုပ်တို့ သူ့ကို ပူးပေါင်းပြီးတော့ တိုက်ခိုက်ကြမယ်။ အင်ပါရီယန် လက်နက်ပိုင်ရှင်နဲ့ ပတ်သက်ပြီးတော့ နောက်မှ ဆွေးနွေးကြရအောင် " မုန့်ရှင်းကျီက အဆိုပြုလိုက်၏။
"သဘောတူတယ်" ခြေသုံးချောင်း ရွှေကျီးကန်းသည် နှောင့်နှေးခြင်းတစ်ချက် မရှိဘဲ သဘောတူညီလိုက်၏။ သူ၏ နက်ရွှေရောင် တောက်ပနေသည့် မျက်လုံးထဲတွင် အေးစက်နေသည့် သတ်ဖြတ်လိုခြင်းဆန္ဒများ ထွန်းတောက် လာခဲ့သည်။
ဝုန်း ……
သူ၏အတောင်ပံကို ယမ်းခါလိုက်ချိန်မှာတော့ ကောင်းကင်ယံတွင် မီးတောက်များ ကျဆင်းလာခဲ့၏။ ထိုမီးတောက်များသည် အောက်တွင် ရပ်လျက် ရှိနေသည့် ကွာစီအင်ပါယာကို တိုက်ခိုက်ခဲ့ခြင်းပင်။
တစ်ချိန်တည်းမှာပဲ မုန့်ရှင်းကျီက လှုပ်ရှားလာခဲ့၏။ သူ၏ လက်တစ်ဖက်ကို ဝေ့ယမ်းပြီးသည့်နောက် များပြားလှသည့် နတ်ဆိုးချီများနှင့် ဖန်တီးထားသော လက်ဝါးကြီးတစ်ခုပေါ်ပေါက်လာကာ တစ်ဖက်လူကို ရိုက်နှက်လိုက်သည်။
" သေချင်နေတာပဲ "
သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာက အော်ဟစ်လိုက်၏။ ၎င်းသည် နတ်ဘုရား အတတ်ပညာ အားလုံးကို ထုတ်ဖော်ကာဖြင့် ခုခံခဲ့လေ၏။ ထို့အတူ တန်ပြန်တိုက်ခိုက်မှုကိုပါ ပြုလုပ်ခဲ့သေး၏။ သို့ပေမဲ့ တိုက်ခိုက်လိုက်သည့် အချိန်တွင် တစ်ဖက်လူနှစ်ယောက်သည် အားအင်စိုက်ထုတ်မှု ကင်းကင်းဖြင့် ရှောင်ရှားလျက် ရှိနေကြ၏။ လွယ်လွယ်ကူကူ တားဆီးလိုက်၊ လွယ်လွယ်ကူကူ ရှောင်ရှားလိုက်ဖြင့် ပြုလုပ်နေ၏။ ကြည့်ရသည်မှာ သူ၏ကျင့်ကြံခြင်းနည်းစနစ်ကို အလုံးစုံ နားလည်နေသကဲ့သို့ပင်။
သူ၏ တိုက်ကွက်များတွင် မည်ကဲ့သို့ သော နတ်ဘုရားစွမ်းရည်များ ပါဝင်နေသည်ကိုပင် သိရှိနေသကဲ့သို့ပင်။ အဆင့်တူ နှစ်ယောက်နှင့် တစ်ယောက်တည်း ရင်ဆိုင်နေရသည့် အချိန်တွင် ထိုကဲ့သို့သော အခြေအနေသို့ ရောက်ရှိနေသောကြောင့် သူသည် တစ်ကယ့်ကို ဆိုးဆိုးဝါးဝါး အခြေအနေဆီသို့ ရောက်ရှိနေခဲ့၏။ မကြာခင်မှာပဲ ကွာစီအင်ပါယာ၏ ခန္ဓာကိုယ်ဆီမှ သွေးများဆင်းလာခဲ့၏။ သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် တကယ့်ကို ထိတ်လန့်တကြား ဖြစ်လို့နေ၏။ သူ၏ စိတ်ထဲတွင် ထွက်ပြေးရမည်ဟူသော စိတ်ဆန္ဓတစ်ခုသာ တည်ရှိတော့၏။ သို့ပေမဲ့ သူ အစီအရင်ဆီသို့ လှည့်ပြန်ရန် ပြင်လိုက်သည့် အချိန်မှာပဲ ကိစ္စကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။
ချလွမ်
ကောင်းကင်တစ်ခုလုံး ကွဲအက်သွားခဲ့ပြီး ကြီးမားလှသော ပုဆိန်ကြီးသည် လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့၏။ ထိုအရာကို ကိုင်ဆောင်ထားသည့် လက်သည် ကျောက်စိမ်းကဲ့သို့ပင် ဖြူလျော်လျက် ရှိနေသည်။
ဘုန်း ဘုန်း
ထိုပုဆိန်ကြီးသည် ရှေးအဆောက်အအုံများ အားလုံးကို ဖျက်စီးစေခဲ့၏။ ရှိရှိသမျှ အရာအားလုံးကို ဖျက်စီးပစ်မည်ဟူသော အဓိပ္ပာယ်ကို ဖော်ဆောင်သည့် အင်ပါရီယန် လက်နက်ပင်။ ထိုပုဆိန်ကြီးကို ကိုင်ဆောင်ထားသူသည် ခန္ဓာကိုယ်တစ်ခုလုံး ပေါ်ပေါက်လာသည် မဟုတ်ဘဲ လက်တစ်ဖက်ပဲ ပေါ်လာသည် ဆိုလျှင်တောင်မှ ကြည့်ရှုလိုက်သည်နှင့် တစ်ပြိုင်နက် ကွာစီအင်ပါယာတစ်ယောက် ဖြစ်ကြောင်း သိရှိနိုင်၏။
သွေးနတ်ဆိုးကလန်၏ အဖွဲ့ဝင်များ အားလုံးတို့သည် ဘာမှန်းမသိလိုက်ဘဲ သေဆုံးကုန်ကြပြန်သည်။
"နောက်ထပ် ကွာစီအင်ပါယာ တစ်ယောက် "
ကွာစီအင်ပါယာတစ်ယောက်၏ အားအင်အဆင့်ဆိုသည်မှာ ပြိုင်စံရှားလွန်းလှ၏။ အစောကြီးကတည်းက သွေးနတ်ဆိုးကလန်၏ ဘိုးဘေးသည် နှစ်ယောက်တစ်ယောက် တိုက်ခိုက်နေရပြီ ဖြစ်သည်။ ကြာကြာ ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ ထိုကဲ့သို့ ခုခံနေတုန်းမှာပဲ နောက်ထပ် ကွာစီအင်ပါယာတစ်ယောက်က ပေါ်ပေါက်လာပြန်၏။ မည်သူက ခုခံနိုင်တော့မည်နည်း။
ဘုန်း ….။
နားကွဲလောက်စရာ အသံကြီးသည် ထွက်ပေါ်လာခဲ့၏။ ပုဆိန်ကြီးသည် ရှိရှိသမျှ အရာအားလုံးကို ဖျက်ဆီးလျက် ရှိနေ၏။ သွေးနတ်ဆိုးကလန်၏ တောင်အကာအကွယ် အစီအရင်ကြီး တစ်ခုလုံးကို ပျက်စီးလျက် ရှိ၏။ အစောတည်းက ပြိုလဲလုမတတ် ဖြစ်နေသည့် ကွာစီအင်ပါယာအဆင့် အစီအရင်သည် မည်သို့မှ မခုခံနိုင်တော့ချေ။ ကျယ်လောင်လှသည့် အသံကြီး ထွက်ပေါ်လာပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွား၏။ အစီအရင်ဆီမှ မီးခိုးငွေ့များပင်လျှင် ထွက်ပေါ်လျက် ရှိနေလေ၏။
"တစ်ယောက်မှ မချန်ထားနဲ့" မထူးမခြားနားလှသည့် အသံကြီး သည် လေဟာနယ်ထဲတွင် ပေါ်ပေါက်လာခဲ့၏။ ရေတွက်၍ မရအောင် များပြားလှသော သွေးနတ်ဆိုးကလန်သားများသည် ထိုအသံကြီးကို ကြားလိုက်ရသည့် အခါမှာတော့ နှလုံးသားထဲတွင် အေးစက်သည့် ခံစားချက်များ ဝင်ရောက်လာခဲ့ကြပြီး ချွေးစေးများပင် ကျဆင်းလာခဲ့ကြသည်။
ဖြောက် …. ဖြောက် …… ဖြောက် …။
လေဟာနယ်၏ တည်နေရာအနှံ့တွင် အက်ကွဲကြောင်းများ ဖြစ်တည်လျက် ရှိနေပြီး အလင်းတန်းများပင် ထွန်းတောက်နေ၏။ ထိုအလင်းတန်းများသည် တခြားသော လောကကြီးနှင့် ချိတ်ဆက်ထားသကဲ့သို့ပင် လမ်းကြောင်းကြီးတစ်ခု ပေါ်ပေါက်လာခဲ့၏။ များပြားလှသည့် အင်မော်တယ်ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး နတ်ဘုရားလက်နက်များကို ကိုင်ဆောင်ထားသည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် အတူ ရောက်ရှိလာကြပြန်၏။
တစ်ယောက်ချင်းစီတိုင်းသည် မရေတွက်နိုင်သော အော်ရာများကို ထုတ်ဖော်လျက် ရှိနေ၏။ မရေတွက်နိုင်သော စစ်ပွဲများကို ရင်ဆိုင်တိုက်ခိုက်ဖူးသည့် လူများကဲ့သို့ပင် ၎င်းတို့၏ မျက်လုံးများသည် ထက်ရှလျက် ရှိနေ၏။ တစ်ချက်ကလေးမှ ကြောက်ရွံ့ထိတ်လန့်သည့် ပုံမပေါ်ချေ။ ထိုလူသား၊ မွန်းစတားများနှင့်အတူ မရေတွက်နိုင်သည့် စစ်သင်္ဘောများ၊ စစ်ရထားလုံးများသည် မိုးကုတ်စက်ဝိုင်းအောက်တွင် ပေါ်ပေါက်လာကြပြန်သည်။
"လူသားနဲ့ မွန်းစတားကလန်တွေက တကယ့်ကို ပူးပေါင်းလိုက်ကြတာလား။ "
သွေးနတ်ဆိုးကလန်၏ သူတော်စင်တစ်ယောက်သည် ကြက်သီးများပင် ထသွားမိ၏။ သူတို့ မည်သို့ပြန်၍ တိုက်ခိုက်မည်နည်း။ သွေးနတ်ဆိုးကလန်၏ လူပေါင်းများစွာတို့ အားကျမခံပြန်လည်၍ ခုခံမည်ဆိုလျှင်တောင်မှ မဖြစ်နိုင်ချေ။ တစ်ဖက်လူများသည် ရည်ရွယ်ချက်ရှိရှိ ရောက်ရှိလာကြပြီး ၎င်းတို့ကို အလုံးစုံ သုတ်သင်တော့ပေမည်။ မွန်းစတားကလန်နှင့် လူသားများသည် အချင်းချင်းတိုက်ခိုက်ရမည့်အစား အဘယ်ကြောင့် သွေးနတ်ဆိုးကလန်ကို လာရောက်ကာ တိုက်ခိုက်နေရသနည်း။
"ဖြစ်နိုင်တာက"
တခြားသော သူတော်စင်တစ်ယောက်သည် နာနာကျင်ကျင်ဖြင့် သက်ပြင်းချလိုက်၏။ "လူသားနဲ့ မွန်းစတားကလန် တွေက အချင်းချင်း တိုက်ခိုက်မဲ့အစား ငါတို့ကို တိုက်ခိုက်ဖို့ စီစဉ်ခဲ့ကြတာပေါ့။ ငါတို့မွှေးခဲ့တဲ့ မီးက ငါတို့ကို လောင်ကျွမ်းစေခဲ့ပြီ"
"မဟုတ်ဘူး"
ထိုအချိန်မှာပဲ ဝူဝူရှမ်သည် ကောင်းကင်လျှို့ဝှက် နန်းဆောင် တည်ရှိရာ နေရာဆီသို့ ခန့်မှန်း လှမ်းမျှော်ကြည့်ရှုပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ကျုပ်တို့အစီအစဉ်က အမှားအယွင်းမရှိဘူး။ ပြစ်ချက်လေးတစ်ခုပဲ ရှိတယ်။ အဲတာက ကောင်းကင်လျှို့ဝှက် နန်းဆောင်ရှိတာကို အထင်သေးခဲ့တာပဲ။ ကောင်းကင်လျှို့ဝှက် နန်းဆောင်သခင်က အရာအားလုံးကို တွက်ချက်နိုင်ခဲ့တယ်။ သူရဲ့ မျက်လုံးထဲမှာ သွေးနတ်ဆိုးကလန်ရဲ့ လုပ်ရပ်တွေက လျှို့ဝှက်ချက်ဆိုတာ မရှိတော့ဘူး။ လယ်ပြင်မှာ ဆင်သွားသလို ရှင်းရှင်းကြီး ပေါ်နေခဲ့တာပဲ။ပြောရမယ်ဆိုရင် …. "
ဝူဝူရှမ်သည် သက်ပြင်းချလိုက်၏။ ပြီးနောက် အဝေးမှ ရောက်ရှိလာခဲ့သည့် စစ်တပ်ကြီးကို ကြည့်ကာ လေးလေးနက်နက် ပြောလိုက်၏။ "ဘာမှမတတ်နိုင်တော့ဘူး။ တိုက်ပွဲကို ထိပ်တိုက်ရင်ဆိုင်ဖို့ပဲ ပြင်ဆင်ကြတော့။ "
"သတ်ကြကွာ"