← Chapters

အပိုင်း (၂၀၇)

Vol. 14 Ch. 207

အပိုင်း (၂၀၇)

Vol. 14 Ch. 207

အလွန်တရာ အန္တရာယ်များလှသည့် အခြေအနေ ဖြစ်နေမည်မှန်း သိရှိသည်ဆိုလျှင်တောင်မှ သွေးနတ်ဆိုးကလန် သည် ဤနေရာကို စောင့်ကြပ်လျက် ရှိနေတုန်းပင်ဖြစ်၏။ ကြည့်ရသည်မှာ ဤကျောက်စိမ်းစင်မြင့်သည် ၎င်းတို့ အတွက် အလွန်ပင် အဓိပ္ပာယ်ရှိသည့်ပုံ ပေါ်၏။

ယန်ရှိုသည် ထိုအခြင်းအရာကို သေသေချာချာ စဉ်းစားနေမိသည်။ သူသည် အရူးတစ်ယောက် မဟုတ်ပေ။ ဤကျောက်စိမ်းစင်မြင့်ကြီးကို မြင်ရသည့်အချိန် ခဏအတွင်းမှာပဲ ဖြစ်နိုင်ဖွယ်ရာ ကိစ္စရပ်များ အားလုံးကို သူက တွေးတောမိနေ၏။ သွေးနတ်ဆိုးကလန်မှ တန်ဖိုးထားရသော နေရာ၌ ထူးခြားသည့်အရာများ တည်ရှိနေနိုင်ကြောင်း သူ နားလည်မိသည်။

“ငါသိသလောက်ဆိုရင် သွေးနတ်ဆိုးကလန်က ဒီလောကကြီးရဲ့ သန္ဓေလောကသားတွေ မဟုတ်ဘူး။ သူတို့ ရောက်ရှိလာတဲ့လမ်းက တကယ့်ကို ဆန်းကြယ်လွန်းတယ်”

ယန်ရှို၏ မျက်လုံးများသည် တောက်ပသွားခဲ့သည်။ သူသည် ကျောက်စိမ်းစင်မြင့်၏ အထက်ဆီသို့ လှမ်းကာကြည့်ရှုရင်း တီးတိုးရေရွတ်လိုက်၏။ “ဒီစင်မြင့်က သော့ချက်တစ်ခု ဖြစ်လာမှာလား”

မှန်ပေ၏။ ယန်ရှို၏ အမူအရာသည် တဖြည်းဖြည်းနှင့် တောက်လာခဲ့၏။ သွေးနတ်ဆိုးကလန်အနေဖြင့် ဤနေရာကို အလွန်အရေးကြီးသည့် အခြေအနေ တစ်ခုအဖြစ် စောင့်ကြပ်နေသည်မှာ ဤအကြောင်းအရာ ကြောင့်သာ ဖြစ်ပေလိမ့်မည်။

သွေးနတ်ဆိုးကလန်၏ သဘောသဘာဝကို ကြည့်ရှုရမည်ဆိုလျှင် ၎င်းတို့၏ ကြီးကျယ်ခမ်းနားလှသည့် ရည်မှန်းချက် အရာအားလုံးတို့သည် ကောင်းကင်မူလ လောကကြီးကို လာရောက်လွှမ်းမိုးရန် ဖြစ်၏။ လက်ရှိ ရောက်ရှိနေသည့် လောကကြီးသည်ကပင် ကျူးကျော်လာခဲ့ခြင်း ဖြစ်ပေမည်။

“အပြင်ဘက်မှာ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာ ငါ့ကို အခွင့်အရေးတစ်ခု ပေးနေတာပဲ” ယန်ရှိုသည် အသာရယ်မော လိုက်၏။ သွေးနတ်ဆိုးကလန်၏ စွမ်းအားမြင့် ကျင့်ကြံသူများသည် အတွင်း၌ ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက် ရှိနေ၏။ ထို့ကြောင့် သူတော်စင်တစ်ယောက်ပင်လျှင် မကျန်ရှိတော့ချေ။ ယနေ့ သူတော်စင်ဘုရင် တစ်ယောက်သာ ရှိနေမည်ဆိုလျှင်လည်း ထိုသူတော်စင်သည် ကံဆိုးခြင်းအဖြစ်သို့ ရောက်ရှိမှာ သေချာ၏။

“သွေးနတ်ဆိုးလောကကြီးက တကယ့်ကို အခွင့်အရေးပေါင်း မြောက်များစွာ တည်ရှိနေတဲ့ ကျယ်ပြောလှတဲ့ လောကကြီးအဖြစ်တော့ တည်ရှိနေသေးတယ်။ သူတို့က အင်ပါယာအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကိုတောင် ပြုစု ပျိုးထောင်နိုင်တယ်။ ဖြစ်နိုင်တာက ဒီမှာ အင်ပါရီယာ လက်နက်တွေကို သန့်စင်ပေးနိုင်တဲ့အရာများ ရှိလို့ များလား။ ဒါတွေကိုသာ ယူဆောင်သွားပြီးတော့ ငါတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်းက ထိန်းချုပ်ထားနိုင်မယ် ဆိုရင် ငါတို့ဂိုဏ်းကလည်း လက်ရှိ ခေတ်ကာလမှာ အားအကောင်းဆုံးသော ဂိုဏ်းတစ်ခု ဖြစ်လာမှာပဲ”

ယန်ရှိုသည် စိတ်လှုပ်ရှားစွာဖြင့် တွေးတောလိုက်မိ၏။ သူသည် ကျောက်စိမ်းစင်မြင့်၏ ထိပ်ဆီသို့ လှမ်းကာ ကြည့်ရှုပြီးသည့်နောက် မည်သည့် အန္တရာယ်မှ မရှိသည်ကို တွေ့မြင်ရ၏။ သူသည် တစ်လှမ်းချင်းစီ လှမ်းလျှောက်သွား၏။ ဤကျောက်စိမ်းစင်မြင့်ကြီးသည် နယ်မြေလောကများကို ဖြတ်သန်းရန်အတွက် သော့ချက်တစ်ခု ဖြစ်ပုံပေါ်၏။ တစ်ချက်ကြည့်လိုက်သည်နှင့် ထိုအရာမှာ သိသာထင်ရှားလွန်းလှသည်။

ပေတစ်ထောင် အထက်ဆီသို့ တက်လှမ်းပြီးသည့်နောက် ကျောက်စိမ်းစင်မြင့်၏ အလယ်ဗဟို တည်နေရာတွင် သွေးနီရောင် ဂိတ်တံခါးကြီး တစ်ခုက မတ်မတ်တည်ရှိနေ၏။ ဂိတ်တံခါး၏ အတွင်းဘက်တွင် မဲမှောင်လျက် ရှိနေပြီး နက်နဲပြီး ခန့်မှန်း၍ မရနိုင်သည့် အော်ရာများ ထွက်ပေါ်နေသည်။ ထိုအရာသည် တခြားလောကကြီး တစ်ခုဆီသို့ ဦးဆောင် ခေါ်ဆောင်သွားမည့် အရာမျိုးနှင့်ပင် ဆင်တူနေ၏။

“ထင်ထားတဲ့အတိုင်းပဲကိုး”

ယန်ရှိုသည် ဂိတ်တံခါးဆီသို့ အသာချဉ်းကပ်ပြီးသည့်နောက် အထက်မှ အောက်ဆီသို့ သေသေချာချာ စစ်ဆေးလိုက်၏။ နှလုံးသားထဲတွင် ဖြစ်တည်နေသည့် စိတ်လှုပ်ရှားမှုများကို ကြာကြာ မဖိနှိပ် နိုင်ခဲ့ချေ။ အရာအားလုံးသည် သူထင်မှတ်ထားသည့်အတိုင်း ဖြစ်ပေါ်လာခဲ့တော့၏။ ဤနေရာသည် သွေးနတ်ဆိုးကလန်၏ လောကကူးပြောင်းသည့် တည်နေရာ အစစ်အမှန် ဖြစ်လို့နေလေသည်။

နှောင့်နှေးခြင်းတစ်ချက် မရှိဘဲနှင့် ယန်ရှိုသည် အစီအရင်နှင့်ပတ်သက်သည့် ပစ္စည်းများကို သေသေချာချာ စစ်ဆေးလိုက်၏။ မည်သူမှ သတိမပြုမိသည့် အချိန်အတိုင်းအတာအတွင်းမှာပဲ သူသည် ပုံရိပ်ယောင် အစီအရင် တစ်ခုကို ချက်ချင်းဖန်တီးပြီးသည့်နောက် တခြားသူများ ရောက်ရှိလာမည်ကို တားမြစ်သည့် အစီအရင်များကိုပါ ဖန်တီးလိုက်သည်။ ထောင်ချောက် အစီအရင်များကိုလည်း တည်ဆောက်ထားလိုက်၏။ ပြီးနောက် သူသည် ဘိုးဘေးကြီး မုန့်ရှင်းကျီထံသို့ လှမ်းကာ သတင်းပေးပို့ရန် စီစဉ်လိုက်၏။

ဤအခြေအနေသည် တကယ့်ကို အရေးကြီးလွန်းလှသည်။

ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း၏ ကွာစီအင်ပါယာ သည်လည်း ရောက်ရှိလာခဲ့၏။ ဘိုးဘေးကြီးကို တခြားသူများအတွက် ကာကွယ်ရန် ဤနေရာတွင် ထားခဲ့သည်ဆိုပါက သူတို့ ငရဲကိုးကောင်နတ်ဆိုးဂိုဏ်း ပိုင်ဆိုင်သည့် ဂိတ်တံခါးကြီးတစ်ခု ဖြစ်လာမည် မဟုတ်ပါလား။ အနာဂတ်တွင် သူတို့ အနေနှင့် တပည့်များ လေ့ကျင့်ရန်အတွက် ဤသွေးနတ်ဆိုးလောကကြီးကို အသုံးပြုနိုင်၏။

ဤအရာသည် လေ့ကျင့်ရေးကွင်းပြင်ကြီးအဖြစ် ပြောင်းလဲသွားမည့်အပြင် စိတ်ဝိညာဉ်ဆေးပင်များကိုလည်း ရရှိနိုင်သလို၊ သဘာဝ လျှို့ဝှက်နယ်မြေများကိုလည်း တွေ့ရှိနိုင်စွမ်းရှိ၏။ တကယ့်ကို အကန့်အသတ်မဲ့ များပြားလှသည့် အခွင့်အရေးကောင်းများသည် သူတို့၏ အရှေ့၌ တည်ရှိလို့လေသည်။

“အင်း... သွေးနတ်ဆိုးကလန်မှာ တော်ဝင်အင်ပါယာ တစ်ယောက် တည်ရှိလား၊ မရှိလား ဆိုတာကသာ မသေချာတာပဲ” ယန်ရှိုသည် ထိုအကြောင်းအရာကို တွေးတောလိုက်၏။ သို့ပေမဲ့ သူသည် ချက်ချင်းပဲ ခေါင်းကို ခါယမ်းကာဖြင့် ထိုအတွေးကို ဖယ်ချလိုက်မိ၏။

ဖြစ်နိုင်ဖွယ်ရာသည် အလွန်ပင် သေးငယ်လွန်းလှ၏။ တော်ဝင် အင်ပါယာတစ်ယောက် တည်ရှိနေသည်ဆိုလျှင် လက်ရှိအချိန်၌ ပေါ်ပေါက်လာရမည်ဖြစ်၏။ ထို့အပြင် သွေးနတ်ဆိုးကလန်၏ ကွာစီအင်ပါယာသည် များပြားလှသည့် ကွာစီအင်ပါယာများ၏ လက်ထဲသို့ ရောက်ရှိနေ၏။ အလွန်တရာ ခက်ခဲသည့် အခြေအနေဟု ပြောရပေမည်။

သို့ပေမဲ့ သွေးနတ်ဆိုးကလန်ဆီမှ တော်ဝင်အင်ပါယာတစ်ယောက်သည် အစကနေ အခုထိ ပေါ်ပေါက်လာခဲ့ချေ။ ကြည့်ရသည်မှာ မရှိသောကြောင့်ပင် ဖြစ်ပုံပေါ်၏။

ယန်ရှို အနေနှင့် မြန်မြန်ဆန်ဆန်ဖြင့် အစီအရင်များကို ဖန်တီး ပြုလုပ်လျက် ရှိနေတုန်းမှာပဲ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားလာမိသည်။

ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် ပြောင်းလဲလာသည်ဟု ခံစားမိခြင်းပင်။ ကောင်းကင် သို့မဟုတ် မြေပြင် တစ်ခုလုံးတွင် သွေးကဲ့သို့သော လှိုင်းများ ဖြစ်တည်လာခဲ့ပြီး ထိုအရာများသည် ကောင်းကင်ယံထက်ဆီမှ သွေးစက်များအဖြစ် ကျဆင်းလာခဲ့၏။ အလွန်တရာ နက်နဲပြီးကြီးမားလွန်းလှသည့် သွေးအော်ရာ များသည် လေထုထဲတွင် ပျံ့နှံ့နေခဲ့ပြီး ထိုသွေးအော်ရာများသည် များပြားလှသည့် အလောင်းများဆီမှ ရရှိလာခဲ့သည့် သွေးအော်ရာများကဲ့သို့ပင် လောကကြီး တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

“အမ်”

ယန်ရှိုသည် သူ၏ အစီအရင်ကို ပြုလုပ်လျက် ရှိနေတုန်းမှာပဲ သူ၏ ပခုံးထက်ဆီသို့ ကြီးမားသည့် ဖိအားတစ်ခု ကျဆင်းလာသည်ကို ခံစားလာမိ၏။ သူသည် ကြီးမားမြင့်မားလွန်းလှသည့် တောင်ကြီးတစ်ခုကို ထမ်းပိုးထားသကဲ့သို့ အသက်ရှူရန်ပင် ခက်ခဲလာခဲ့၏။ ဤခံစားချက်ကို သူမရရှိခဲ့သည်မှာ အချိန်အတော် ကြာပြီဖြစ်၏။ သူတော်စင်တစ်ယောက် ဖြစ်သောကြောင့် သူတော်စင်ဘုရင်တစ်ယောက် သို့မဟုတ် တော်ဝင်သူတော်စင် တစ်ယောက်သာ ဤကဲ့သို့ ဖိနှိပ်နိုင်သည့်အားအင်ကို သူ့အပေါ် ဖန်တီးပြုလုပ်နိုင်သည်။

“သွေးနတ်ဆိုးကလန်မှာ တကယ့်ကို အားကောင်းတဲ့ အဖွဲ့ဝင်တွေ ကျန်နေသေးတာလား”

ယန်ရှို၏ မျက်နှာ တစ်ခုလုံးသည် ဖြူလျော်သွားခဲ့တော့၏။ သူသည် ဖြည်းညှင်းစွာဖြင့် လှည့်ကာ အနောက်ဘက်ရှိ ဂိတ်တံခါးဆီသို့ လှမ်းကြည့်လိုက်၏။ ထိုတည်နေရာတွင်တော့ ပုံရိပ်ယောင်တစ်ခုက တည်ရှိနေ၏။

ထိုပုံရိပ်ယောင်သည် အရိုးခြောက်ကဲ့သို့ပင် ပိန်ပါးလျက် ရှိနေ၏။ ဖြူလျော်နေသည့် ကျိုးတို့ကျဲတဲ ဆံပင်များသည် ပခုံးထက်သို့ ရှုပ်ထွေးစွာ ကျဆင်းလျက် ရှိနေ၏။ လျော့တိလျော့ရဲ ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ခန္ဓာကိုယ် အရိုးခြောက်နှင့် ဝတ်စုံသည် ပွယောင်းယောင်း ဖြစ်စေသည်။

ခန္ဓာကိုယ်တစ်ခုလုံးသည် အားနည်းသည့် အရိပ်အယောင်မျိုး ပေါ်ပေါက်နေ၏။ လေတိုက်လျှင်ပင် လဲသွားနိုင်သည့် ပုံပန်းသွင်ပြင်မျိုးပင်။

ထိုသူသည် ဂိတ်တံခါး၏ အတွင်းတွင် ငြိမ်ငြိမ်သက်သက်ဖြင့် မတ်တပ် ရပ်လျက် ရှိနေပြီး ယန်ရှိုနှင့် မနီးမဝေး တည်နေရာတွင် ရှိနေ၏။ သို့ပေမဲ့ လောကကြီးတစ်ခုလုံး ခြားနားလျက် ရှိနေသလိုပင် ခံစားမိနေ၏။ နီးသလိုလို ဝေးသလိုလိုပင်။

“ငါ့”

ထိုလူက လှမ်းပြောလိုက်၏။ သူ၏ အသံသည် ခြောက်ကပ်လွန်းလှ၏။ သို့ပေမဲ့ ကြားရသည့် လူတိုင်းအား ကျောရိုးမကြီးများပင် စိမ့်တက်သွားစေခဲ့၏။ “အဖွဲ့ဝင်တွေ အားလုံးကို မင်းသတ်လိုက်တာလား”

“ခင်ဗျား ဘယ်သူလဲ” ယန်ရှိုသည် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်၏။ သူ၏ နှလုံးသားထဲတွင် ကြောက်မက်ဖွယ်ရာ ကောင်းသည့်ခံစားချက်များ ဖြစ်တည်လာခဲ့၏။ သူ၏ရှေ့တွင် ရှိနေသည့်လူသည် အလွန်တရာ အန္တရာယ်များလှသည့် လူဖြစ်ကြောင်း သူ၏ အလိုလိုသိစိတ်က သိရှိနေခဲ့၏။ ကြည့်ရှုရသည်မှာ အရိုးခြောက်ကြီးပုံစံပေါ်သော်လည်း ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်ပုံလည်း ပေါ်သည်။

All Chapters