အပိုင်း (၂၀၈)
Vol. 14 Ch. 208
“မင်း.. မင်းက ပုရွက်ဆိတ်လေး တစ်ကောင်ပဲ။ ငါ့ရဲ့ နာမည်ကို ကြားဖို့အတွက် ထိုက်တန်တဲ့လူ မဟုတ်ဘူး” အရိုးခြောက်ကဲ့သို့လူသည် ခေါင်းကို အသာမော့ကာဖြင့် ပြောလိုက်၏။ သူ၏ မျက်လုံးကို ဖွင့်လိုက်သည့် အချိန်မှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် စူးရှသော အရိပ်အယောင်များ ထွက်ပေါ်လျက် ရှိနေ၏။ ထိုအော်ရာများသည် ဤလောကြီးထဲသို့ ဆင်းသက်လာခဲ့၏။
ဘုန်း
တောင်တစ်ခုက ပြိုလဲသွား၏။ ပင်လယ်များသည် လှိုင်းထန်လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အော်ရာများသည် ကောင်းကင်ယံထက်တွင် တည်ရှိနေပြီး နေလုံးကြီးတစ်ခုလုံးကိုပင် ပေါက်ကွဲထွက်သွားနိုင်သည့် အရှိန်အဝါမျိုးပင်။ ရေတွက်လို့ မရအောင် များပြားလှသည့် ပုရွက်ဆိတ်ကဲ့သို့ အားနည်းသော သက်ရှိသတ္တဝါများ သည် လက်ရှိအချိန်၌ အသက်ရှူရန်ပင် မနည်းရုန်းကန်နေကြရသည်။
“တော်.. တော်... တော်ဝင်အင်ပါယာ” ယန်ရှိုသည် ထိတ်လန့်ကြောက်ရွံ့နေခဲ့မိ၏။ ပြောနေတုန်းမှာပဲ သူ၏ လျှာသည် ခလုတ်တိုက်မိခဲ့၏။ သူသည် စောဏကလေးတင် ထိုအကြောင်းအရာကို စဉ်းစားထားခဲ့၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ သူ၏အရှေ့တွင် ပေါ်ပေါက်လျက်ရှိနေ၏။ သူ၏ ရှေ့မှလူသည် တော်ဝင်အင်ပါယာ တစ်ယောက်၏ အရှိန်အဝါနှင့် အော်ရာမျိုးကို ထုတ်ဖော်ပြသနေ၏။
“ဘာတွေဖြစ်ကုန်တာလဲ”
“ဘာဖြစ်တာလဲ”
“တော်ဝင်အင်ပါယာ တစ်ယောက် ရောက်လာတာလား”
“သွေးနတ်ဆိုးလောကကြီးရဲ့ တော်ဝင်အင်ပါယာလား”
လေဟာနယ်ထဲကို ဖြတ်သန်းကာ ရောက်ရှိလာခဲ့သည့် စွမ်းအားမြင့် ကျင့်ကြံသူများသည် တောင်ကြားထက်တွင် ပေါ်ပေါက်လာခဲ့ကြ၏။
လက်ရှိအခြေအနေမှာတော့ ယန်ရှိုအနေ၏ အကာအကွယ် အစီအရင် ဖန်တီးရမလား၊ မဖန်တီးရဘူးလား ဟူသော ဝေခွဲမရစိတ်များကို ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တော်ဝင်အင်ပါယာ၏ စိတ်ဆန္ဒ ပေါ်ပေါက် လာသည့်အချိန်မှာတော့ ကွာစီအင်ပါယာ သုံးယောက်တို့ကို ဆွဲဆောင်ခဲ့သည်။
ထိုသုံးယောက်တို့သည် လေဟာနယ်ထဲတွင် မတ်မတ်ရပ်လျက် ရှိနေပြီး မျက်နှာများသည်လည်း ပျက်ယွင်းသွားကြ၏။ ၎င်းတို့သည် အောက်ဖက်တွင် ရှိနေသည့် အရိုးခြောက်ကဲ့သို့သောလူကို လှမ်းကာ ကြည့်ရှုနေ၏။
အားလုံးသော သူတို့၏ စိတ်နှလုံးသည် လေးလံသွားခဲ့ကြ၏။ ဤလူသည် အမှန်ပင် တော်ဝင်အင်ပါယာ ဖြစ်လေ၏။ သို့ပေမဲ့ ပိန်ခြောက်လျက် ရှိနေသည့် ခန္ဓာကိုယ်နှင့် ယုတ်လျော့လျက် ရှိနေသည့် အသက်ဓာတ်များ၊ ဖြူလျော်နေသည့် ဆံပင် ပွစာကျဲများကို မြင်ရသည့်အချိန်မှာတော့ ၎င်း၏ အားအင်အဆင့်သည် ထိပ်ဆုံးဆင့်၌ မရှိသည်ဖြစ်ကြောင်း သိရှိနိုင်သည်။
ကြည့်ရှုရသည်မှာ အချိန်တော်တော်ကြာ အသက်ရှင်တော့မည့် ပုံစံမျိုး မရှိချေ။ ထိုသို့ဆိုလျှင်တောင်မှ တော်ဝင် အင်ပါယာသည် တော်ဝင်အင်ပါယာသာလျှင် ဖြစ်၏။ ပုရွက်ဆိတ်တစ်ကောင် ဆိုလျှင်တောင်မှ အသားတော့ ရှိနေသေး၏။ ဤတော်ဝင်အင်ပါယာသည်သာ လောကကြီးကို ဖြတ်သန်းကာ ရောက်ရှိလာမည်ဆိုပါက ကွာစီ အင်ပါယာ သုံးယောက်ကို သတ်ဖြတ်ရန် ကြိုးစားပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူတို့ အလွန်တရာ ခက်ခဲလိမ့်မည် မဟုတ်ပါလား။
“ငါ မင်းတို့အားလုံးကို မှတ်ထားမယ်” ပိန်လျော်နေသည့် အရိုးခြောက်ကဲ့သို့ လူ၏ နှုတ်ခမ်းများသည် အသာပွင့် သွား၏။ ခြောက်ကပ်ကပ် အသံသည် လေအေးများနှင့်အတူ ထွက်ပေါ်လာခဲ့၏။ သူ၏ အသံသည် လောကကြီး တစ်ခုလုံးကို ပျံ့နှံ့ပြီးသည့်နောက် ကြားရသူအားလုံး၏ ရိုးတွင်းခြင်ဆီထဲသို့ပင် ဖောက်ထွင်း ဝင်ရောက်သွား၏။
“ပြန်လာတဲ့အချိန်ကျရင် ကောင်းကင်မူလလောကကြီးကို သိမ်းပိုက်မယ်။ မင်းတို့ အားလုံးက ဒီသွေးကြွေးကို ပြန်ပေးဆပ်ရမယ်”
ထိုစကားသံ ပျောက်ကွယ်သွားသည့် အချိန်မှာတော့ ထိုပိန်ပါးသည့်လူ၏ မျက်လုံးထဲ၌ ပြန်လည်ဝင်စားခြင်း လမ်းခြောက်သွယ်၏ ပုံရိပ်များသည် တစ်ခုချင်းစီ ပေါ်ပေါက်လာ၏။ စကြဝဠာ တစ်ခုလုံးသည်လည်း လှုပ်ခါ လာခဲ့၏။ ကောင်းကင်ယံထက်တွင် ရှိနေသည့် ကြယ်စုများသည် တစ်ခုပြီး တစ်ခုပြုတ်ကျလာခဲ့ပြီး တည်နေရာနှင့် အချိန်ကို ဖြတ်သန်းကာ နတ်ဘုရားအလင်းတန်းများ ထွန်းတောက်လာခဲ့သည်။
တစ်ယောက်ချင်းစီတိုင်း၏ ခန္ဓာကိုယ်ပေါ်တွင် သွေးစည်းသင်္ကေတများ ဖြစ်ပေါ်လာခဲ့၏။ အရာအားလုံး ပျောက်ကွယ်သွားခဲ့ပြီးသည့်နောက် ထိုပိန်ပိန်ပါးပါးလူသည် အသာလှည့်ပြီးသည့်နောက် ဂိတ်တံခါး၏ တစ်ဖက်ဆီမှ ပျောက်ကွယ်သွားခဲ့၏။
“သွားပြီလား”
ယန်ရှို၏ မျက်နှာတစ်ခုလုံးသည် သွေးဆုတ်လုမတတ်ပင် ဖြူလျော်လျက်ရှိ၏။ သူ သေသေချာချာ လေ့လာအကဲခတ်လိုက်သည့် အချိန်မှာတော့ သူ၏ ဝိညာဉ်ပေါ်တွင် သွေးကဲ့သို့သော စာလုံးတစ်လုံး ဖြစ်တည်နေသည်ကို မြင်ရ၏။ ဤအရာသည် တော်ဝင်အင်ပါယာ၏ အမှတ်အသားပင် ဖြစ်သည်။
သွေးနတ်ဆိုးလောကကြီးဆီမှ တော်ဝင်အင်ပါယာသည် မည်သည့် ရည်ရွယ်ချက်ကြောင့် ထိုကဲ့သို့သော သင်္ကေတမျိုးကို ထားခဲ့ရသနည်း။
တွေးကြည့်လိုက်ရုံဖြင့် ယန်ရှိုသည် တစ်ခါတည်း အဖြေထုတ်နိုင်၏။ ထိုတော်ဝင်အင်ပါယာသည်သာ လောကကြီးဆီသို့ ဖြတ်သန်းရောက်ရှိလာနိင်ပါက ယနေ့ တိုက်ခိုက်ခဲ့သော လူအားလုံးကို လက်စားချေ သွေးကြွေးဆပ်ပေလိမ့်မည်။
“ဒီအမှတ်အသားကို ဖျက်နိုင်မယ့် နည်းလမ်းရှိလား” မုန့်ရှင်းကျီ၏ မျက်လုံးများသည် သုန်မှုန်လျက် ရှိနေ၏။ နောက်ဆုံးအချိန်တွင် သူသည် တော်ဝင်အင်ပါယာကြီးတစ်ယောက်၏ ပစ်မှတ်ထားမှုကို ခံလိုက်ရ၏။ ဤခံစားချက်သည် တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ တော်ဝင်အင်ပါယာကြီး မည်သည့် အချိန်တွင် ရောက်ရှိလာမည်ဆိုသည်ကို မည်သူမှ မသိရှိနိုင်ချေ။
ထို့အပြင် လောကကြီးနှစ်ခုကြားထဲတွင် မည်သည့် အတားအဆီးမှ မရှိပေ။ တစ်စုံတစ်ယောက်သာ ရောက်ရှိလာချင်သည်ဆိုပါက လာနိုင်စွမ်း ရှိနေသည်။ သူတို့အနေနှင့် အစီအရင်များကို ဖန်တီးကာ တားဆီးမည်ဆိုလျှင်တောင်မှ တော်ဝင်အင်ပါယာတစ်ယောက်ကို တားဆီးနိုင်လိမ့်မည် မဟုတ်ပေ။
“အင်း... တော်ဝင်အင်ပါယာ ချန်ခဲ့တဲ့အရာဆိုတာ ကျုပ်တို့ရဲ့ လက်ရှိ လုပ်နိုင်စွမ်းရဲ့ အထက်မှာ ရှိနေတယ်လေ။ သူနဲ့အဆင့်တူ တစ်စုံတစ်ယောက်က ဖယ်ရှားပေးမှ ရလိမ့်မယ်။ ကျုပ်တို့ရဲ့ လက်ရှိ အားအင်အဆင့်နဲ့ ဖြေရှင်းလို့ မရနိုင်ဘူး။ တော်ဝင်အင်ပါယာက အမှတ်အသားကို ချန်ခဲ့တယ်လေ။ အဲတော့ ကျုပ်တို့က အနည်းဆုံး ဒီအတိုင်းပဲ နေရတော့မှာပေါ့” ရွှေကျီးကန်းကလန်မှ ကွာစီအင်ပါယာသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။
“သွေးနတ်ဆိုးလောကကြီးမှာ တော်ဝင်အင်ပါယာတစ်ယောက် ရှိနေတယ်လေ။ ဒါက ကျုပ်တို့ ထင်မှတ်ထား တာထက် ပိုတယ်လေ။ ကျုပ်တို့လောကကြီးရဲ့ အင်ပါယာထဲက တစ်ယောက်ကိုသာ ဖိတ်ခေါ်လိုက်မယ်ဆိုရင် ကျုပ်တို့ အခုသွားပြီး သူ့ကို သတ်လို့ရနိုင်လား” ဆံပင်များ ပွစာကျဲလျက်ရှိသည့် တခြားသော ကွာစီအင်ပါယာ သည် ကြီးမားလှသည့် ပုဆိန်ကြီးကို ကိုင်ဆောင်ထားပြီး သူရဲကောင်းဆန်ဆန် ပြောဆိုလိုက်သည်။
ကြည့်ရှုရသည်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် သင်္ကေတ အမှတ်အသား ထားခဲ့သည်ဆိုသော်လည်း သူသည် စိတ်မပူလှပေ။ အချက်အလက်အားဖြင့် သူသည် တစ်ဖက်ဆီသို့ သွားရောက်ကာဖြင့် တော်ဝင်အင်ပါယာနှင့် တိုက်ခိုက်ချင်စိတ် ပေါ်နေ၏။
“တော်ဝင်အင်ပါယာအိုကြီး တစ်ယောက်ဖြစ်တယ် ဆိုရင်တောင်မှ တော်ဝင်အင်ပါယာပဲလေ” မုန့်ရှင်းကျီသည် တစ်ဖက်လူကို အထင်အမြင်သေးစွာဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ လူသားမျိုးနွယ်ဖြစ်သည်ဆိုလျှင်တောင်မှ တစ်ဖက်လူ၏ ဉာဏ်ရည်ဉာဏ်သွေးနှင့် ပတ်သက်၍ သူသည် တကယ်ပင် အထင်အမြင်သေးမိသည်။
ကွာစီအင်ပါယာ တစ်ယောက် အနေနှင့် အင်ပါရီယာ လက်နက်ကို ကိုင်ဆောင်ထားရုံဖြင့် တော်ဝင်အင်ပါယာကို တိုက်ခိုက် အနိုင်ယူ နိုင်မည်ဟု ထင်မှတ်နေလေသည်လား။
“မဟုတ်ရင် ခင်ဗျားဆီမှာ ဘယ်လိုဖြေရှင်းနည်း ရှိလို့လဲ” ကွာစီအင်ပါယာသည် လှမ်းကာဖြင့် ရန်ဆောင်လိုက်၏။
ထိုစကားကို ကြားသည့်အချိန်မှာတော့ မုန့်ရှင်းကျီ၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားခဲ့၏။ သူ့၌ ဖြေရှင်းနည်း ရှိသည်ဆိုလျှင် အလှည့်အပြောင်း ဖြစ်သွားနိုင်၏။
“တကယ်လို့ ခင်ဗျားသာ အင်ပါယာတစ်ယောက် ဖြစ်လာမယ်ဆိုရင် ဖြေရှင်းနည်း ရှိတာပေါ့” မုန့်ရှင်းကျီသည် သေသေချာချာ စဉ်းစား ပြောဆိုလိုက်သည်။ ထိုစကားကို ပြောပြီးသည့်နောက် သူသည် အထင်အမြင်သေးသည့် အကြည့်နှစ်ခုကို ခံစားလိုက်ရသည်။
ရွှေကျီးကန်း ကလန်၏ ကွာစီအင်ပါယာသည် မုန့်ရှင်းကျီကို လှမ်းကြည့်ကာ လှောင်ပြောင်လိုက်၏။ “တာအိုရောင်းရင်းမုန့်... ခင်ဗျားသာ အင်ပါယာဖြစ်မယ်ဆိုရင် ဘယ်လိုဖြစ်ပြီး နှစ်သန်းပေါင်းများစွာ အချိန်ဖြုန်းနေမှာလဲ”
အားလုံးထဲတွင် မုန့်ရှင်းကျီသည် အသက်အကြီးဆုံးဖြစ်၏။ စီနီယာ ဝါစဉ်အရဆိုလျှင် သူသည် တခြားသော နှစ်ယောက်ထက် ပိုမိုကာ အသက်ကြီးမားလွန်းလှ၏။ မတူညီသည့် ခေတ်များကိုပင် ကျော်ဖြတ်ခဲ့၏။ မုန့်ရှင်းကျီ အနေနှင့် ဤနေရာတွင် ထွက်ပေါ်မလာသည် ဆိုပါက သူအသက်ရှင်ကြောင်း မည်သူမှ သိရှိလိမ့်မည် မဟုတ်ချေ။
ရှည်လျားလွန်းလှသော နှစ်များအတွင်းတွင် အင်ပါယာတစ်ယောက်ဖြစ်ရန် အလွန်တရာ ခက်ခဲခဲ့၏။ ထို့ကြောင့် အင်ပါယာဖြစ်ရန်ဆိုသည်မှာ အလွန်တရာ ခက်ခဲလှချေ၏။
“ခင်ဗျားတို့ ကျုပ်ကို ရန်စနေတာလား တာအိုရောင်းရင်း” မုန့်ရှင်းကျီ၏ မျက်နှာသွင်ပြင် တစ်ခုလုံးသည် အေးစက် သွားခဲ့သည်။
ရွှေကျီးကန်းကလန်မှ ကွာစီအင်ပါယာသည် စကားနိုင်လုရန် စိတ်ဝင်စားပုံ မပေါ်ပေ။ သူသည် တခြားသော ကွာစီအင်ပါယာတစ်ယောက်ကို လှမ်းကြည့်ကာဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “တာအိုရောင်းရင်းရီ အစောတုန်းက ပြောသွားတာ အဓိပ္ပာယ်ရှိတယ်”
“အမ်” အင်ပါရီယာရီကလန်မှ ကွာစီအင်ပါယာသည် မျက်နှာပေါ်တွင်လည်း စိတ်မချမ်းသာသည့် မျက်နှာ အမူအရာများ ဖြစ်တည်လာခဲ့၏။ သူနှင့် ရွှေကျီးကန်းကလန်မှ ကွာစီအင်ပါယာတို့သည် တူညီသည့်ဘက်ခြမ်းတွင် တည်ရှိနေကြသူများ မဟုတ်ပေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တူညီသည့် သဘောတရားများ ရှိသည်ဟု တစ်ဖက်လူက ပြောဆိုလျက် ရှိနေလေသည်။
“ကျုပ်တို့ သွားပြီးတော့ သူ့ကို သတ်ပစ်ဖို့ အကြံပြုနေတာလား” မုန့်ရှင်းကျီသည် မယုံကြည်နိုင်စွာဖြင့် ထကာ အော်ဟစ်လိုက်မိ၏။
ကွာစီအင်ပါယာတစ်ယောက် ရူးသွားသည် ဆိုလျှင်တောင်မှ ဖြစ်နိုင်သေး၏။ ယခု နှစ်ယောက် ရူးနေပြီဖြစ်သည်။ ရွှေကျီးကန်းကလန်မှ ကွာစီအင်ပါယာသည် အဘယ်ကြောင့် ဤမျှ ယုံကြည်ချက် ရှိနေရသနည်း။ တည်နေရာကို ဖြတ်သန်းပြီး မတူညီသည့် အဆင့်ကို ကျော်ဖြတ်ကာ တိုက်ခိုက်နိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိနေလေသည်လား။
“မဟုတ်ဘူး”
ရွှေကျီးကန်းကလန်မှ ကွာစီအင်ပါယာသည် ခေါင်းကို ခါယမ်းကာဖြင့် လေးလေးနက်နက် ပြောလိုက်၏။ “ကျုပ် ဆိုလိုချင်တာ ကျုပ်တို့ လောကရဲ့ တော်ဝင်အင်ပါယာတစ်ယောက်ကို ဖိတ်ခေါ်ဖို့လေ။ ကျုပ်တို့ရဲ့ လက်ရှိလောကထဲမှာ တော်ဝင်အင်ပါယာတစ်ယောက် အသက်ရှင်လျက် ရှိနေသေးတာပဲ။ ကောင်းကင် လျှို့ဝှက်နန်းဆောင်သခင်ပေါ့”
ရွှေကျီးကန်းကလန်မှ ကွာစီအင်ပါယာသည် ထိုစကားလုံးကို တစ်လုံးချင်းစီ ဖြည်းညှင်းစွာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။