Ch 74
Vol. 6 Ch. 74
စွန်းရှင်းယွဲ့ရဲ့ အသံက နူးညံ့နေခဲ့သည်။ သူ့ရဲ့နားထဲကို ဖြတ်ဝင်သွားတဲ့ သူမရဲ့ အသက်ရှုငွေ့လေးကိုပါ လင်းဖေးဟန် ခံစားလို့ ရနေသည်။
လင်းဖေးဟန် သူ့ရဲ့ ကိုယ်ကို နည်းနည်း ထပ်ငုံ့ပေးလိုက်သည်။
ထို့နောက်မှာ သူ့ရဲ့ ပါးပြင်တစ်ဖက် အနည်းငယ် နွေးသွားတာကို ခံစားလိုက်ရသည်။
လင်းဖေးဟန် ခဏလောက် ကြောင်အမ်း သွားတော့သည်။ သူတစ်ကယ်ကြီး အနမ်းခံ လိုက်ရတာပဲ။
ရေပြင်ကို လက်နဲ့တစ်ချက် ထိသလိုမျိုးလေး ခဏတာလေး ထိလိုက်ရုံပဲဆိုပေမဲ့ လင်းဖေးဟန် ချက်ချင်း ဓားသိုင်း ကျင့်ချင်စိတ်ပါ ပေါက်လာသည်။
သူ စွန်းရှင်းယွဲ့ကို ပြုံးပြီး ကြည့်လိုက်တော့ သူမက ရှက်ရွံ့စွာ ခေါင်းကိုငုံ့ထားသည်။ စွန်းရှင်းယွဲ့၏ နှလုံးက ယုန်တစ်ကောင်လို အခုန်မြန်နေပြီး ပါးနှစ်ဖက်လုံးလဲ ပူနွေးနေခဲ့သည်။
'ကျွန်မ.. ကျွန်မက အစ်ကိုလင်းကို ကျေးဇူးတင်ကြောင်း ပြချင်ရုံပဲ… တစ်ကယ် ကျေးဇူးတင်ချင်…”
စွန်းရှင်းယွဲ့ ရှင်းပြလိုက်ပေမဲ့ သူမရဲ့ အသံက တစ်ဖြည်းဖြည်း သိမ်ဝင်လာခဲ့သည်။
လင်းဖေးဟန် စွန်းရှင်းယွဲ့ကို ရှင်းပြခွင့် မပေးချေ။ သူမရဲ့ နှုတ်ခမ်းပြီး တန်းပြီး နမ်းပစ်လိုက်သည်။
ကောင်မလေးကိုပဲ ဘာလို့ အတင်းအကျပ် နမ်းခွင့် ပြုရမှာလဲ? ဒီလိုကိစ္စမှာ သူက ဦးဆောင်သင့်တာလေ။
စွန်းရှင်းယွဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားပေမဲ့ ခုတော့ မခုခံပေ။
ဒါကသူမရဲ့ ပထမဆုံးအနမ်းပဲ။
ခဏအကြာတွင်….
ရှက်နေပြီး ခေါင်းကြီးငုံ့ထားတဲ့ စွန်းရှင်းယွဲ့ကို လင်းဖေးဟန်က ခေါင်းလိုက်ငုံ့ပြီး လိုက်ကြည့်နေရင်း ရှုချင်းရှန့်ရဲ့ ကဗျာတစ်ပုဒ်က သူ့ခေါင်းထဲ ပေါ်လာခဲ့သည်။
အသိမ်မွေ့ဆုံး အရာက ခေါင်းငုံ့ထားတဲ့ အရာလေးပဲ…
အေးစက်စက်လေပြေရဲ့ကြားက ရေကန်ငယ်ထဲ ရှက်ရွံ့စွာ ခေါင်းငုံ့နေတဲ့ ကြာပန်းလေးလိုပေါ့…
ဒီအချိန်မှာ စွန်းရှင်းယွဲ့က ကြာပန်းထက်တောင် ပိုလှနေသည်။
စွန်းရှင်းယွဲ့နဲ့ ခဏအကြာထိ အဖော်ပြုပေးပြီး နောက်မှာ နောက်ဆုံးတော့ သူမ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ လင်းဖေးဟန်ကို ကြည့်တဲ့အကြည့်တွေကတော့ ပိုပြီး နူးညံ့နေခဲ့သည်။
လင်းဖေးဟန် သူ့ရဲ့ ဗီလာကို ညနေခင်းတွင် ပြန်သွားခဲ့သည်။
စနစ်က လင်းဖေးဟန်ကို စိတ်ရှည်စွာ မစောင့်နိုင်တော့ပဲ ဆက်သွယ်လာသည်။
“ အသုံးပြုသူ ဒီတစ်ခေါက် အရမ်းမိုက်တဲ့အကွက်ကို သုံးခဲ့တာပဲ။ တန်းပြီး ဇာတ်လိုက်ကို ခံရအောင် လုပ်နိုင်ခဲ့တယ်”
လင်းဖေးဟန် ပြုံးလိုက်သည်။ ဒါက ယဲ့ဖန်းကို မျက်နှာပျက်အောင် လုပ်ခဲ့တဲ့ ဒုတိယအကြိမ်ပဲ။ အရေးအကြီးဆုံး အချက်က စွန်းရှင်းယွဲ့ကို သူ့ဆီကနေ ယဲ့ဖန်း လုံးဝ ထပ်ပြီး ခေါ်ထုတ်သွားနိုင်တော့မှာ မဟုတ်ဘူး။
ဇာတ်လိုက်ဆီကနေ အရင်ဆုံး အောင်မြင်စွာ ဖယ်ရှားနိုင်တဲ့ အမျိုးသမီး ဇာတ်လိုက်က စွန်းရှင်းယွဲ့ဖြစ်လိမ့်မယ်လို့တော့ မထင်ထား မိခဲ့ဘူး။
စနစ်မှ ထပ်မေးလာသည်။
“ ဒီတစ်ခေါက် နည်းနည်းတော့ စိတ်လိုက်မာန်ပါ လုပ်ခဲ့သလိုပဲ။ ကိုယ့်ကိုယ်ကို အဖော်ထုတ်ခံပြီး ယဲ့ဖန်းကို အရင် ရန်စလိုက်တယ်။ တစ်ကယ်ပဲ လုံးဝ စိတ်မပူဘူးလား?”
လင်းဖေးဟန် ပြုံးပြီး ပြောလိုက်သည်။
“ ငါနဲ့ ဇာတ်လိုက်နဲ့က အဆုံးကျလဲ ထိပ်တိုက်တွေ့ရမှာပဲ။ ငါက ပြဿနာ သွားမရှာတောင် သူက လာရှာမှာ။ အဲ့ဒါက စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ ဘာမှ မကွာသွားဘူး။ အရင်လက်ဦးမှု ယူထားလိုက်တာ ပိုကောင်းတယ်”
“ အသုံးပြုသူရဲ့ တွေးခေါ်ပုံက မှန်ပါတယ်”
လင်းဖေးဟန်က ယဲ့ဖန်းရဲ့ မိန်းကလေးနဲ့ ယဲ့ဖန်းရဲ့ အခွင့်အရေးတွေကို ယူချင်ရုံတင် မဟုတ်ဘူး။ ယဲ့ဖန်းနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာကိုလဲ သူလုံးဝ မကြောက်ဘူး။ ပြီးတော့ ယဲ့ဖန်းနဲ့ ရင်ဆိုင်ရမဲ့ နည်းလမ်းကိုလဲ သူတွေးထားပြီးသားပဲ။
လင်းဖေးဟန် တန်းပြီး ဥပဒေရေးရာ ဋ္ဌာနက လီရှောင်ဟွေ့ကို ဖုန်းဆက်လိုက်သည်။
ထိုအချိန်မှာ လီရှောင်ဟွေ့က နူးညံ့တဲ့ ကုတင်ပေါ်မှာ လှဲနေခဲ့တာ ဖြစ်သည်။ ဒါပေမဲ့ ဥက္ကဋ္ဌလင်းဆီကနေ ဖုန်းကောလ်ကို လက်ခံရလိုက်တာနဲ့ သူနဲ့ ဓားသိုင်းကျင့်ချင်နေတဲ့ မိန်းကလေး သုံးယောက်ကို တွန့်ဆုတ်စွာ တွန်းလွှတ်လိုက်ရပြီး လင်းဖေးဟန်ရဲ့ ဗီလာကို အပြေးသွားလိုက်ရသည်။
“ ဥက္ကဋ္ဌ ကျွန်တော့်ကို ရှာနေတာပါလား?”
လီရှောင်ဟွေ့ရဲ့ အဝတ်တွေက အနည်းငယ် ရှုတ်ပွနေခဲ့သည်။ ပြေးလာခဲ့တာမို့ ဖြစ်မည်။ လင်းဖေးဟန်ရဲ့ စာဖတ်ခန်းထဲကို ဝင်ပြီးတာနဲ့ လေးစားစွာ ခါးညွတ်ပြီး တန်းနှုတ်ဆက်လိုက်သည်။
လီရှောင်ဟွေ့ရဲ့ နဖူးထိပ်သည် ချွေးစို့နေသည်။ အပူချိန်ကြောင့်တော့ မဟုတ်။ စိတ်လှုပ်ရှားနေ၍ ဖြစ်သည်။ ဒီလောက် နောက်ကျမှ လင်းဖေးဟန် သူ့ကို ဘာလို့ ရှာနေလဲဆိုတာ ဘုရားပဲသိတော့မည်။
လင်းဖေးဟန် သူ့အရှေ့က လက်ရွေးစင် ရှေ့နေကို ကြည့်လိုက်သည်။ ထိုလူက သူ့ကို တစ်ကြိမ်တောင် မကြည့်ရဲပေ။ ဖုန်းတစ်ချက် ခေါ်တာနဲ့ ခွေးတစ်ကောင်လို နာခံစွာ အပြေးရောက်လာတာပဲ။ ခံစားလို့ ကောင်းလိုက်တာ! အရမ်းကောင်းတယ်!
“ ဒီနေ့ ငါနဲ့ ယဲ့ဖန်းကြားထဲ ဘာဖြစ်ခဲ့လဲဆိုတာ မင်းသိတယ်မလား?”
လင်းဖေးဟန် မေးလိုက်သည်။
ထိုအကြောင်း မေးတာကို ကြားမှ လီရှောင်ဟွေ့ စိတ်သက်သာစွာ သက်မ တစ်ချက် ချလိုက်ရသည်။ သူ ထင်ခဲ့တာက လင်းဖေးဟန် သူ့ရဲ့ မကြာခင်က ကျူးလွန်ထားတဲ့ ကုမ္ပဏီငွေ ယွမ်သိန်းချီကို အသေးစား အလွဲသုံးစား လုပ်မိတာကိုများ မိသွားတာလားပေါ့…
သေချာပေါက် လင်းဖေးဟန်က သူသိနေလဲ ဘာမှပြောမှာတော့ မဟုတ်ပေ။ ယွမ်သိန်းချီဆိုတာ သူ့ခေါင်းက ဆံပင်တစ်မျှင် လောက်တောင် မတန်ဘူး။ သူ့ရဲ့လက်အောက် ငယ်သားတွေ ငွေအလွဲသုံးစားလုပ်မှာကို သူမကြောက်ဘူး။ သူ့အပေါ် သစ္စာမရှိမှာကိုပဲ ကြောက်တာ။ ဒီလောက် ကုမ္ပဏီ အကြီးကြီးမှာ ငွေအလွဲသုံးစား လုပ်မှု မရှိဘူးလို့လာပြောလဲ ယုံစရာမရှိဘူး။
လူသားတွေရဲ့ ပင်ကိုယ်သဘာဝက လောဘကြီးကြတယ်။ ငွေမကြိုက်တဲ့သူ မရှိဘူး။
“ သိပါတယ်” လီရှောင်ဟွေ့က သူ့ရဲ့ လက်ကိုင်အိတ်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်ပြီး ဟိုးအစောတည်းက ပြင်ဆင်ထားပြီးသား သက်သေတွေကို ထုတ်လိုက်သည်။
“ သူဋ္ဌေးလင်း ဒါက ကျွန်တော် ပြင်ထားတဲ့ သက်သေတွေပဲ”
လင်းဖေးဟန် ခေါင်းညိတ်ပြီး အချက်အလက်တွေကို ကြည့်လိုက်သည်။
ယဲ့ဖန်းနဲ့ အားသောင်နဲ့ တိုက်ခိုက်နေတဲ့ ပုံတွေကော၊ အားသောင် ဒဏ်ရာရသွားတဲ့ ပုံတွေပါပါသည်။
လီရှောင်ဟွေ့ရဲ့ အလုပ်ကို လင်းဖေးဟန် တော်တော်လေး စိတ်ကျေနပ်မိသည်။
လင်းဖေးဟန် ခဏလောက်စဥ်းစားပြီး ပြောလိုက်သည်။
“ ငါ မေးစရာရှိတယ်။ သူ့ရဲ့ လက်ရှိ အပြစ်တွေ အရဆိုရင် သူဘယ်လောက်လောက် ထိန်းသိမ်းခံရ လောက်လဲ?”
လီရှောင်ဟွေ့ရဲ့ မျက်လုံးတွေ ကျဥ်းသွားပြီး သူ့နှလုံးသားလဲ တုန်ယင်လာခဲ့သည်။
ယဲ့ဖန်းဆိုတဲ့ ကောင်လေးကတော့ သေကြောင်း ရှာခဲ့တာပဲ။ ဥက္ကဋ္ဌလင်းကို ဒေါသထွက်အောင် သွားလုပ်ခဲ့တယ်။ ဥက္ကဋ္ဌလင်းက အခုသူ့ကို ထောင်မှာပဲ အရိုးဆွေးသွားစေ ချင်လောက်တယ်။
“ ဒီကိစ္စမှာ ယဲ့ဖန်း အရင်မှားတာပါ။ လက်ရှိ သက်သေတွေအရ သေချာလေး လုပ်ရင်တော့ ရှစ်နှစ်လောက် ထောင်ချလို့ ရပါတယ်”
“ကောင်းပြီ!”
လင်းဖေးဟန်ရဲ့ မျက်လုံးထဲ အလင်းတစ်ချို့ ဖြတ်ပြေးသွားသည်။ ယဲ့ဖန်းသာ တစ်ကယ်ကြီး ထောင်ထဲမှာ ရှစ်နှစ်လောက် နေခဲ့ရင် ငါ့အတွက် သန်မာအောင်လုပ်ဖို့ သေချာပေါက် အချိန်ရမှာပဲ။
သေချာပေါက် ဒါက လက်တွေ့တော့ မဆန်ဘူးပေါ့။ ယဲ့ဖန်းရဲ့ ဇာတ်လိုက်ဆိုတဲ့ အနေအထားကြောင့် မကြာခင်မှာ ထောင်ပြင်ကို ထွက်ရမှာပဲ။
ဒါပေမဲ့လဲ အနည်းဆုံး သူ့ကို လအနည်းငယ်လောက် တားနိုင်မယ်ဆိုလဲ အဆင်ပြေတယ်။
လင်းဖေးဟန် ပြောလိုက်သည်။
“ သူ့ကို ရှစ်နှစ် ထောင်ကျဖို့ မင်းအကောင်းဆုံး ကြိုးစား။ ကုမ္ပဏီရဲ့ ငွေကို ကြိုက်သလောက် သုံးလို့ရတယ်။ ဒီကိစ္စပြီးရင် ငါမင်းရဲ့ လစာကို တိုးပေးမယ်”
“ ကျေးဇူးပါ မစ္စတာလင်း ကျေးဇူးပါ!”
လင်းဖေးဟန်ရဲ့ စကားကို ကြားတော့ လီရှောင်ဟွေ့ အရမ်းပျော်ပြီး ကျေးဇူးတင် မိသည်။ လင်းဖေးဟန်ရဲ့ ပေါင်ကို ကောင်းကောင်း ဖက်ထားရမယ်။ ငါ့ရဲ့ အနာဂတ်ကတော့ မရေမတွက်နိုင်အောင် ငွေတွေ ဝင်လာတော့မယ်!
“ မှတ်ထား။ ဒီတစ်ခေါက် ငါတို့ကောင်းကောင်း ကိုင်တွယ်ရမယ်။ အကုန်လုံးကို ဥပဒေ ဘောင်ထဲကပဲသွားရမယ်။ ကျိုးကြောင်းမရှိပဲ တစ်ဖက်ကို အနိုင်မကျင့်ရဘူး”
“ဟုတ်ကဲ့!”
လီရှောင်ဟွေ့ အလွန်ကို စိတ်လှုပ်ရှားနေပြီး ဒီည လင်းဖေးဟန်ရဲ့ ဗီလာမှာပဲ အချိန်ပို ဆင်းပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ ယဲ့ဖန်းကို ထောင်ရှစ်နှစ် ချနိုင်အောင် ဥပဒေရဲ့ ဟာကွက်တွေကို ရှာပြီး အသုံးချရမည်လေ။
လင်းဖေးဟန်ရဲ့ ခွင့်ပြုချက်ကိုရပြီးတာနဲ့ လီရှောင်ဟွေ့ တန်းပြီး လပ်တော့ပ်ကို ဖွင့်ကာ အလုပ်စတော့သည်။
လင်းဖေးဟန်က HOK ကစားနေခဲ့ပြီး အိပ်တော့မဲ့ အချိန်မှာ သူ့ဆီကို ဖုန်းတစ်ခု ဝင်လာခဲ့သည်။
ခေါ်ဆိုသူက လုရွှမ်ယင်။
လင်းဖေးဟန် ဖုန်းကိုင်လိုက်သည်။
“ လင်းဖေးဟန် ငါနင်နဲ့ ဆွေးနွေးစရာ ရှိလို့ ဒီနေ့လာခဲ့တာ”
ဖုန်းတစ်ဖက်ကနေ လုရွှမ်ယင်ရဲ့ အသံ ထွက်လာပေမဲ့ သူမရဲ့အသံမှာ အားငယ်မှုတွေ ပြည့်နေခဲ့သည်။
“ ယဲ့ဖန်းက ဘိုးဘိုး ငါ့အတွက် ရှာပေးထားတဲ့ ဘော်ဒီဂတ်ပဲ။ ဒီနေ့ နားလည်မှု လွဲသွားခဲ့တာ ဖြစ်ရမယ်။ နင်ငါ့ကို မျက်နှာသာ ပေးပြီး သူ့ကို လွှတ်ပေးလိုက်လို့ မရဘူးလား?”
ဒီနေ့ ထိုသို့ဖြစ်ခဲ့ကြောင်းကို လုရွှမ်ယင် ကြားကြားချင်းက မယုံခဲ့ပေ။ လင်းဖေးဟန်ရဲ့ အဆက်အသွယ်တွေ ဒီလောက် များတာကို ရဲခေါ်ဖို့ ရွေးချယ်မှာ မဟုတ်ဘူးလို့ သူမ ထင်မိသောကြောင့်ပင်။