← Chapters

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အခန်း (၆၀၁)

ကျန်းချန် အံ့အားသင့်သွားခဲ့သည်။

နဂါးနက်ကုန်သွယ်ရေး ဥက္ကဌက အဘယ်ကြောင့် ဖိတ်ကြားမှန်း သူမသိသော်လည်း ကျန်းချန် မငြင်းဆန်ခဲ့ပေ။

မူလတွင် သူသည် နဂါးနက်ကုန်သွယ်ရေးအဖွဲ့ကို သွားပြီး ပစ္စည်းများ ဝယ်ယူကာ မုချင်းရွှယ်အတွက် ပစ္စည်းတချို့ ချန်ထားရန် ကြံစည်ခဲ့သည်။

ယခုအခါ နဂါးနက်ကုန်သွယ်ရေး ဥက္ကဌက တလေးတစား ဖိတ်ကြားလာခဲ့ရာ သူက လိုလိုလားလားပင် လိုက်သွားခဲ့၏။

နာရီဝက်ခန့်အကြာတွင် ကျန်းချန်သည် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ် ဆီသို့ ရောက်ရှိလာခဲ့သည်။

ရှန့်အန်းက မင်ယွဲ့ရှင်းနှင့် မုန့်ချင်းရွှယ်ကို ပထမတန်းစားအခန်းတွင် စီစဥ်ပေးခဲ့ပြီး ကျန်းချန်ကို နဂါးနက်ကုန်သွယ်ရေး ဥက္ကဌနှင့် တွေ့ဆုံရန် ခေါ်ဆောင်သွားခဲ့သည်။

"ချင်းရွှယ်.. ဒီမှာခဏနေပြီး ငါ့ရဲ့သတင်းကို စောင့်နေပါ"

ကျန်းချန်က မုန့်ချင်းရွှယ်ကို နှုတ်ဆက်ပြီးနောက် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ ဥက္ကဌနှင့် တွေ့ဆုံရန် ရှန့်အန်းနှင့်အတူ လိုက်သွားခဲ့သည်။

မကြာခင်မှာပင် ရှန့်အန်းသည် ကျန်းချန်ကို နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ ဗဟိုအဆောက်အဦး ဆီသို့ ခေါ်ဆောင်သွားခဲ့၏။

သို့သော်လည်း ကျန်းချန်နှင့် ရှန့်အန်းတို့ တံခါး၀သို့ အရောက်မှာပင် တန်ဖိုးကြီး ၀တ်စုံဝတ် လူငယ်တစ်ဦးသည် တံခါးကနေ ဖြည်းညှင်းစွာ လျှောက်ထွက်လာခဲ့သည်။

ထိုလူငယ်က ကျန်းချန်ကို တအံ့တသြ အမူအရာဖြင့် ကြည့်လိုက်သည်။

မကြာခင်မှာပင် သူက မကြည်လင်သော မျက်နှာ အမူအရာဖြင့် ရှန့်အန်းကို အော်ငေါက်လိုက်၏။

"ရှန့်အန်း ဒီကောင်ကဘယ်သူလဲ ဘာလို့ ဒီကို ခေါ်လာခဲ့တာလဲ "

ရှန့်အန်းက လူငယ်ကို တလေးတစားပင် ပြန်ဖြေလိုက်သည်။

"သခင်လေး.. ကျွန်တော်က ဒီကညီနောင် ကျန်းချန်ကို ဥက္ကဌနဲ့တွေ့ဖို့ ခေါ်လာတာပါ "

"ငါ့အဖေနဲ့ တွေ့ဖို့လား "

ပိုးထည်ဝတ်စုံဝတ် လူငယ်က အေးစက်စွာပြုံး၍ ပြောလိုက်သည်။

"ရှန့်အန်း ငါ့အဖေက ခွေးတွေ ကြောင်တွေ တွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ မဟုတ်ဘူးကွ.. ဒီကောင့်မှာ ငါ့အဖေကိုတွေ့ဖို့ ဘာအဆင့်အတန်း ရှိလို့လဲ"

"သခင်လေး.. ညီနောင်ကျန်းချန်က မြောက်ပိုင်းတောရိုင်းဒေသရဲ့ အစစ်အမှန် နဂါးပါရမီရှင် ဖြစ်တဲ့အတွက် ဥက္ကဌကိုယ်တိုင်က သူ့ကို ဒီကိုလာဖို့ ဖိတ်ကြားထားခဲ့တာပါ "

ရှန့်အန်းက အခြေအနေကို ထိန်းထိန်းသိမ်းသိမ်း ပြန်ဖြေလိုက်သည်။

"သခင်လေး မယုံရင် ဥက္ကဌကို ကိုယ်တိုင် သွားမေးနိုင်ပါတယ်"

"ဟုတ်လို့လား.. ငါ့အဖေက သူ့ကို ဖိတ်ခိုင်းခဲ့တယ်လို့ ငါဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး.. ငါ့အဖေက အခု တံခါးပိတ်ကျင့်ကြံနေတဲ့အတွက် ဘယ်သူ့ကိုမှ တွေ့မှာမဟုတ်ဘူး.. သူ့ကို အခုချက်ချင်း ဒီကနေ ခေါ်ထုတ်သွားလိုက်ပါ "

ပိုးထည်ဝတ်စုံ၀တ် လူငယ်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု ဖျပ်ခနဲ ပေါ်လာခဲ့သည်။

နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ သခင်လေးအနေဖြင့် သူ့အဖေသည် နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ လျှို့ဝှက်ချက် အချို့ကို ဖော်ထုတ်ရန် မကြာသေးခင် နှစ်များအတွင်း လူငယ်ပါရမီရှင်များအား ရှာဖွေနေခဲ့သည်ကို သိထားခဲ့သည်။

သူ့အနေဖြင့် ထိုတာဝန်သည် သခင်လေးဖြစ်သည့် သူ၏ တာဝန်သာ ဖြစ်သင့်သည်ဟု ခံယူထားခဲ့၏။

ထို့ကြောင့် ပိုးထည်ဝတ်စုံဝတ် လူငယ်သည် သူ့အဖေ ရှာဖွေခဲ့သည့် လူငယ်ပါရမီရှင်များကို တစ်နည်းတစ်ဖုံ ခြိမ်းခြောက်၍ နှင်ထုတ်လေ့ ရှိသည်။

ဥက္ကဌ၏ ဖိတ်ကြားမှုကို ရရှိခဲ့သော လူငယ်ပါရမီရှင် အများအပြား ရှိဖူးသော်လည်း အဆုံးသတ်တွင် ပိုးထည်ဝတ်စုံဝတ် လူငယ်၏ နှောင့်ယှက်မှုအောက်၌ နောက်ဆုတ်သွားခဲ့ရသည်။

ယခု သူ့ရှေ့မှ လူငယ်သည် မြောက်ပိုင်းတောရိုင်းဒေသမှ ဂိုဏ်း ကြီး၃ဂိုဏ်း သိုင်းပြိုင်ပွဲတွင် ချန်ပီယံဆုကို ရယူနိုင်ခဲ့သော ကြောင့် မြောက်ပိုင်းတောရိုင်းဒေသ၏ နံပါတ်တစ် ပါရမီရှင်ဟူ၍ ညွှန်းဆို၍ ရသည်။

ထိုကဲ့သို့သော လူမျိုးကို ပိုးထည်၀တ်စုံဝတ် လူငယ်သည် သူ၏ ဖခင်နှင့် အလွယ်တကူ တွေ့ခွင့်ပေးမည် မဟုတ်ပေ။

"သခင်လေး.. ကျွန်တော်က ဥက္ကဌရဲ့ အမိန်နဲ့ ညီနောင်ကျန်းချန်ကို သွားဖိတ်ခဲ့တာပါ.. ဒီလိုမျိုး အလွယ်တကူ နှင်ထုတ်လိုက်လို့မရဘူး "

ရှန့်အန်း၏ မျက်နှာက ရုတ်တရက် အကျည်းတန်သွားခဲ့သည်။

"တော်လိုက်တော့.. ငါ့စကားကို မလိုက်နာချင်တာနဲ့ ငါ့အဖေနာမည်ကို အသုံးချချင်နေတာ မဟုတ်လား"

ပိုးထည်၀တ်စုံ၀တ် လူငယ်က စိတ်မရှည်ဟန်ဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။

ထို့နောက် သူက ကျန်းချန်ကို စေ့စေ့ကြည့်လိုက်၏။

"ကောင်လေး.. ငါ့အဖေနဲ့ တွေ့တာက မင်းအတွက် ဘာမှ ကောင်းမှာမဟုတ်ဘူး.. လက်လျှော့လိုက်ဖို့ ငါအကြံပေးချင်တယ် "

ပိုးထည်၀တ်စုံဝတ် လူငယ်၏ အသံတွင် ခြိမ်းခြောက်သောအရိပ်အယောင်များ ပါဝင်နေသည်။

"ဟားဟား.. ရိုးရိုးသားသားပြောရရင် နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ ဥက္ကဌကို လာတွေ့တာက ကောင်းသလား ဆိုးသလားဆိုတူ ငါတကယ်မသိဘူး.. ဒါပေမယ့် တစ်ခုတော့ ငါသေချာသိတယ်"

ကျန်းချန်က ပိုးထည်ဝတ်စုံ၀တ် လူငယ်ကို စေ့စေ့ကြည့်ကာ ပြောလိုက်သည်။

"ဒါက ငါ့ကိစ္စပဲ.. မင်းဝင်စွက်ဖက်စရာ မလိုဘူး "

အခန်း (၆၀၁) ပြီး၏။

အခန်း (၆၀၂)

"မင်းက ဝိုင်ကောင်းကို အေးအေးဆေးဆေး မသောက်ချင်ဘူးကိုး"

ပိုးထည်ဝတ်စုံဝတ် လူငယ်၏ အမူအရာက အေးစက်သွားခဲ့သည်။

"ဦးလေးလုံတ...ဒီကောင့်ကို ကျွန်တော့်အတွက် ချက်ချင်းနှင်ထုတ်ပေးပါ"

ပိုးထည်ဝတ်စုံဝတ် လူငယ်၏ စကားသံ ဆုံးသည်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တံခါးဝကနေ ထွက် ပေါ်လာခဲ့သည်။

"ကောင်လေး.. နဂါးနက်ကုန်သွယ်ရေးအဖွဲ့ကနေ ထွက်သွားဖို့အတွက် မင်းကို တစ်မိနစ်အချိန်ပေးမယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားကကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။

သူ၏ အေးစက်သော အသံသည် လေထဲတွင် ပေါက်ကွဲထွက်လာခဲ့၏။

"လုံတ.. ကျန်းချန်ကို ဥက္ကဌ ကိုယ်တိုင်ဖိတ်ကြားခဲ့တာနော်.. မင်းအကျိုးဆက်ကို စဥ်းစားသင့်တယ်...ဥက္ကဌ သိရင် မင်းဒီအကျိုးဆက်တွေကို ခံယူနိုင်မှာ မဟုတ်ဘူး"

ရှန့်အန်းက လေးနက်သော အမူအရာဖြင့် သတိပေးလိုက်သည်။

"ရှန့်အန်း.. မင်းက ငါ့ကိုဖိအားပေးဖို့ ဥက္ကဌရဲ့ နာမည်ကို သုံးချင်တာလား.. မင်းအနေနဲ့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ ကိစ္စတွေကိုပဲ ကောင်းကောင်းမွန်မွန် စီမံခန့်ခွဲဖို့ စဥ်းစားပါ.. သိပ်ပြီးတော့ ဖင်ခေါင်းမကျယ်ဖို့ ငါအကြံပေးချင်တယ်"

ထို့နောက်တွင် လုံတသည် ရှန့်အန်ကို အထင်သေးစွာ စိုက်ကြည်ရင်း ပြောလိုက်သည်။

"ငါတို့ လုံမျိုးနွယ်စုရဲ့ အတွင်းရေးကိစ္စကို မင်းလို အပြင်လူတွေ ဝင်ရောက် စွက်ဖက်ဖို့ မသင့်ဘူး"

ထိုစကားကိုကြားလျှင် ရှန့်အန်း၏ အမူအရာသည် အလွန် အမင်း အကျည်းတန်သွားခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် လုံတကို စူးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"လုံတ.. ဒီနေ့ငါ ကျန်းချန်ကို ဥက္ကဌနဲ့ တွေ့ခွင့်ပေးလိုက်ရင် မင်းငါ့ကို ဘာလုပ်ချင်လဲ "

"သတ္တိရှိရင် မင်းစမ်းကြည့်လိုက်လေ"

လုံတက မထီမဲ့မြင် ကြည့်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"မင်းသူ့ကို အထဲကို ခြေတစ်လှမ်းဝင်ခွင့် ပေးရဲရင်တောင် မင်းအနေနဲ့ နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှာ ထပ်ရှိနိုင်တော့မှာမဟုတ်ဘူးလို့ ငါပြောရဲတယ်"

ရှန့်အန်း နှင့် လုံတတို့၏ အငြင်းပွားမှုကို ကြားလျှင် ကျန်းချန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ကြည့်ရသည်မှာ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ ဥက္ကဌက သူ့ကို ဖိတ်ကြားသည့် ကိစ္စသည် လုံးဝ ရိုးရှင်းပုံ မရပေ။

သို့မဟုတ်လျှင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့၏ သခင်လေးသည် သူ့ကို နဂါးနက် ကုန်သွယ်ရေးအဖွဲ့မှ နှင်ထုတ်ရန် ဤမျှလောက်အထိ အပင်ပန်းခံပြီး လုပ်ဆောင်နေမည် မဟုတ်လောက်ပေ။

ကျန်းချန်က နဂါးနက်ကုန်သွယ်ရေးအဖွဲ့၏ အရှုပ်အထွေးများကြားတွင် ပါဝင်ပတ်သက်ဖို့ စိတ်ကူးမရှိချေ။

ထိုအတွေးက သူ၏ဦးနှောက်ထဲ လျှပ်တပြက် ပေါ်လာပြီးသည့်နောက်တွင် ကျန်းချန်သည် ရှန့်အန်းကို နှုတ်ဆက်ကာ ဤနေရာမှ ထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ရှန့်အန်းကို သူစကားပြောဖို့ မစရသေးခင်မှာ လုံတထံမှ အေးစက်သော အသံက ထပ်မံ ပဲ့တင်ထွက်လာခဲ့၏။

"ကောင်လေး တစ်မိနစ်ပြည့်သွားခဲ့ပြီ.. မင်းဘာသာမင်း မထွက်ဘူးဆိုမှတော့ ငါကိုယ်တိုင်ပဲ နှင်ထုတ်ရတော့မှာပေါ့"

လုံတက အေးစက်သောအကြည့်ဖြင့် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးကို ခြုံ၍ ကြည့်လိုက်သည်။

ထို့နောက်တွင် ပြင်းထန်သော လက်သီးချက်ဖြင့် ကျန်းချန်ကို တိုက်ရိုက် ထိုးချလိုက်၏။

ကျန်းချန်က လေဆန္ဒကို ထုတ်ဖော်လိုက်ပြီး ဘေးတိုက်လှုပ်ရှားမှုဖြင့် လက်သီးချက်ကနေ ရှောင်တိမ်းလိုက်သည်။

"အမှန်တိုင်းပြောရမယ်ဆိုရင် မင်းတို့ဥက္ကဌနဲ့ တွေ့ဖို့ ငါလုံးဝစိတ်မဝင်စားဘူး...ဒါ့အပြင် မင်းတို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်ဖို့လည်း စိတ်မဝင်စားခဲ့ဘူး.. ဒါပေမယ့် အခုငါ စိတ်ပြောင်းသွားခဲ့ပြီ.. ဒီနေ့ မင်းတို့ နဂါးနက်ကုန်သွယ်ရေးအဖွဲ့ ဥက္ကဌနဲ့ တွေ့ဆုံဖို့ ငါ ဆုံးဖြတ်လိုက်ပြီ"

လုံတက သူ့ကို အနိုင်ကျင့်ချင်နေသည်ကို မြင်လျှင် ကျန်းချန်၏ မျက်လုံးများသည် ချက်ချင်းပင် အလွန်တရာ အေးစက်သွားခဲ့သည်။

သူက အတွေးတစ်ချက်ဖြင့်ပင် ဓားဆန္ဒ ဒုတိယအဆင့်၏ ခွန်အားကို ဖော်ထုတ်လိုက်၏။

တစ်ဖက်က သူ့ကို ရုတ်တရက် တိုက်ခိုက်လိုက်သည်ကို သိလိုက်ရလျှင် လုံတသည် အလွန်ပင် ဒေါသထွက်သွားပြီး ချက်ချင်းပင် အားကောင်းသော အရှိန်အဝါ တစ်ခုကိုဖော်ထုတ်လိုက်သည်။

"လုံတ.. မင်းဒါဘာလုပ်တာလဲ"

လုံတက ကျန်းချန်ကို တိုက်ခိုက်တော့မည့် အချိန်တွင် လေထုထဲကနေ အနက်ရောင် အရိပ်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ထိုအနက်ရောင်အရိပ်က လုံတကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စက်အသံဖြင့် ပြောလိုက်သည်။

"လုံတ မင်းငါ့ကို မျက်စိထဲတောင် မထည့်တော့ဘူးလား.. ငါဖိတ်ကြားထားတဲ့ ဧည့်သည်ကိုတောင် တားမြစ်ရဲတယ်"

ထိုစကားကိုကြားလျှင် လုံတ၏ မျက်နှာအမူရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ဥက္ကဌ.. ကျွန်တော်က.."

"တော်ပြီ.. မင်းငါ့ကို ဘာမှရှင်းပြဖို့မလိုဘူး.. မင်းရဲ့စိတ်ထဲမှာ ဘယ်လိုရှိလဲဆိုတာ ဘယ်သူ့ထက်မဆို ငါက ပိုသိတယ်"

အနက်ရောင်အရိပ်က လက်ဝှေ့ရမ်းလိုက်ပြီး လုံတ၏ စကားကို တိုက်ရိုက် ဖြတ်တောက်လိုက်သည်။

မကြာခင်မှာပင် သူက လေထဲကနေ ဖြေးညှင်းစွာဆင်းသက် လာပြီး ကျန်းချန်ရဲ့ အရှေ့သို့ ရောက်ရှိလာခဲ့၏။

"ညီနောင်ကျန်းချန်.. ငါက နဂါးနက်ကုန်သွယ်ရေးအဖွဲ့ရဲ့ ဥက္ကဌ လုံလီပါ"

လုံလီက ကျန်းချန်ကို တောင်းပန်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

"ငါ့ရဲ့ သားမိုက်ကိုယ်စား ညီနောင်ကျန်းချန်ကို တောင်းပန်ပါတယ်"

အခန်း (၆၀၂) ပြီး၏။

အခန်း ( ၆၀၃ )

"ဥက္ကဌလုံက အားနာလွန်းနေပါပြီ"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

သူက လုံလီကို အပိုစကားမပြောတော့ဘဲ တဲ့တိုးပင် မေးခွန်းထုတ်လိုက်သည်။

"ဥက္ကဌလုံ ကျွန်တော့်ကိုရှာတာ ဘာကိစ္စအတွက်လဲ သိပါရစေ"

"ညီနောင်ကျန်းချန်က ကိုယ်ခံပညာမှာ အလွန်အမင်း ပါရမီထူးချွန်ပြီး အသက်၂၀ မပြည့်ခင်မှာတင် မြောက်ပိုင်းတောရိုင်းဒေသတစ်ခုလုံးရဲ့ အစစ်အမှန် နဂါးပါရမီရှင် ဖြစ်နေခဲ့ပြီ ငါ့အနေနဲ့ ညီနောင် ကျန်းချန်ကို အကူအညီ တောင်းစရာရှိတယ်"

လုံလီက ပြုံးပြ၍ ကျန်းချန်ကို ဖိတ်ခေါ်သော အမူအရာဖြင့်ပြောလိုက်သည်။

"ညီနောင်ကျန်းချန် အထဲကိုဝင်ပြီး ငါနဲ့ အေးအေးဆေးဆေး စကားပြောဖို့ ဖိတ်ခေါ်ပါတယ်"

ကျန်းချန်က အထဲကို လိုက်သွားပြီး မချိန်မဖြုန်းလိုတော့ပေ။

သူက လုံလီကို ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်၏။

"ဥက္ကဌလုံ ကျွန်တော် အချိန်သိပ်မရလို့ ခွင့်လွှတ်ပေးပါ.. ကျွန်တော် ဒီနေရာမှာပဲ ပြောချင်တယ် "

"ကောင်းပြီလေ ညီနောင်ကျန်းချန်က ဒီလောက်ပွင့်လင်းမှတော့ ငါလည်း အပိုစကားတွေ မပြောတော့ဘူး "

ထို့နောက် လုံလီက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ခပ်ဖြေးဖြေး ပြောလိုက်သည်။

"ငါက ညီနောင်ကျန်းချန်ကို ငါတို့ လုံမျိုးနွယ်စုရဲ့ ရှေးဟောင်းအမွေအနှစ် နယ်မြေဆီ ဖိတ်ခေါ်ပြီး လုံမျိုးနွယ်စုရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်စေချင်လို့ပါ "

"ဥက္ကဌ ပြောတဲ့ လုံမျိုးနွယ်စုက နဂါးနက်မြို့ကနေ လုံး၀ ပျောက်ကွယ်သွားတဲ့ မိသားစုကို ပြောတာလား"

ကျန်းချန်၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

"နဂါးနက်ကုန်သွယ်ရေးအဖွဲ့နဲ့ လုံမျိုးနွယ်စုကြားမှာ အလွန်နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ကောလဟလတွေ ထွက်ပေါ်ခဲ့ဖူးတယ်... အဲဒီကောလဟလက တကယ်ပဲလား "

"တကယ်တော့ နဂါးနွယ်ကုန်သွယ်ရေး အဖွဲ့ဝင်တွေ ဖြစ်တဲ့ ငါတို့က လုံမျိုးနွယ်စုဝင်တွေပါပဲ "

လုံလီက ခါးသီးစွာပြုံးလိုက်ပြီး ထိုအချိန်က လုံမျိုးနွယ်စုပျောက်ကွယ်သွားရသည့် အကြောင်းရင်းများကို ပြောပြလိုက်သည်။

လုံမျိုးနွယ်စုသည် ဟေးလုံမြို့ကနေ တစ်ညတည်းဖြင့် ပျောက်ကွယ်သွားပြီးနောက်တွင် ဟေးလုံမြို့တွင် ရှိမနေသည့် လုံမျိုးနွယ်စု တပည့်တစ်ချို့သာ ကျန်ရှိခဲ့သည်။

လုံလီ၏ ဖခင်သည် ထိုကျန်ရှိခဲ့သည့် လုံမျိုးနွယ်စု တပည့်များထဲမှ တစ်ယောက် ဖြစ်၏။

လုံမျိုးနွယ်စု ပျောက်ကွယ်သွားရသည့် အကြောင်းအရင်းများကို ရှာဖွေပြီးနောက်တွင် လုံလီ၏ အဖေသည် လုံမျိုးနွယ်စု ပျောက်ကွယ်သွားရသည်မှာ လုံမျိုးနွယ်စု၏ ရှေးဟောင်းအမွေအနှစ် နယ်မြေနှင့် ပတ်သက်နေသည်ကို တွေ့ရှိခဲ့ရသည်။

လုံမျိုးနွယ်စု ပျောက်ကွယ်သွားသည့် နောက်တွင် လုံမျိုးနွယ်စု၏ အမွေအနှစ်ဖြစ်သည့် ရှေးဟောင်းနယ်မြေကို လျှို့ဝှက်ဆန်းကြယ်သော စည်းတံဆိပ်တစ်ခုက ပိတ်ဆို့ခဲ့သည်။

လုံလီ၏အဖေသည် သိုင်းသခင်နယ်ပယ် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သော်လည်း လုံမျိုးနွယ်စု၏ တံဆိပ်ခတ်ခံထားရသော ရှေးဟောင်းအမွေအနှစ် နယ်မြေကို ဖွင့်လှစ်ရန် ဘာမှ မတတ်နိုင်ခဲ့ပေ။

နောက်ပိုင်းတွင် နဂါးနက်ကုန်သွယ်ရေးအဖွဲ့သည် လုံလီ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

လုံလီကလဲ ရှေးဟောင်းနယ်မြေကို ဖွင့်လှစ်ကာ လုံမျိုးနွယ်စုပျောက်ကွယ်သွားရသည့် အကြောင်းအရင်းကို ရှာဖွေရန် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ် အနည်းငယ်လောက်တွင် ရှေးဟောင်းနယ်မြေကို ချိတ်ပိတ်ထားသည့် စည်းတံဆိပ်သည် အကြောင်းရင်း မယ်မယ်ရရ မသိရဘဲ ပွင့်သွားခဲ့၏။

ထိုအခါ လုံလီက အလွန်၀မ်းသာသွားပြီး လုံမျိုးနွယ်စုမှ တပည့်များကို ရှေးဟောင်းအမွေအနှစ် နေရာသို့ အလျှင်အမြန်စေလွှတ်ခဲ့သည်။

သို့သော်လည်း လုံမျိုးနွယ်စုမှ တပည့်များသည် ထိုရှေးဟောင်းနယ်မြေသို့ အရောက်တွင် လျှို့ဝှက်ဆန်းကြယ်သော အကဲဖြတ်မှု တစ်ခုနှင့် ရင်ဆိုင်ခဲ့ရ၏။

ထိုအကဲဖြတ်မှုက အလွန်ပင် ခက်ခဲလွန်း၍ သူတို့ လုံမျိုးနွယ်စုမှ တပည့်များသည် အကဲဖြတ်မှု၏ ပထမအဆင့်ကိုပင် မအောင်မြင်ခဲ့ကြပေ။

မကြာသေးမီ နှစ်များမှစ၍ လုံမျိုးနွယ်စု၏ ရှေးဟောင်းနယ်မြေသည် ၁၀ နှစ်တွင် တစ်ကြိမ် နီးပါး ဖွင့်လှစ်လာခဲ့သည်။

ထိုသို့ ဖွင့်လှစ်သည့်အခါတိုင်းတွင် လုံလီက လုံမျိုးနွယ်စုမှ တပည့်များကို စေလွှတ်ခဲ့သော်လည်း မည်သူမျှ အောင်မြင်မှုမရရှိခဲ့ပေ။

ယခုတစ်ကြိမ်တွင် ရှေးဟောင်းနယ်မြေ ဖွင့်လှစ်ရန် ၂နှစ်သာ လိုတော့၏။

ဤတစ်ကြိမ်တွင်မူ လုံလီသည် ပြင်ပ ပါရမီရှင်များကို လုံမျိုးနွယ်စုသို့ ဖိတ်ခေါ်ပြီး အကဲဖြတ်မှုများကို ကျော်ဖြတ်ရန် စဥ်းစားခဲ့သည်။

"ညီနောင်ကျန်းချန်...ဒီတစ်ခေါက် မင်းကို ဖိတ်ကြားလိုက်ရတဲ့ အကြောင်းရင်းက မင်းအနေနဲ့ လုံမျိုးနွယ်စုရဲ့ ရှေးဟောင်းနယ်မြေ အကဲဖြတ်မှုမှာ ပါဝင်နိုင်မယ်လို့ မျှော်လင့်လို့ပဲ"

လုံလီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ဒိီအတွက် ညီနောင်ကျန်းချန်မှာ တောင်းဆိုစရာရှိရင် ငါ့ကိုပြောနိုင်ပါတယ် "

"အဖေ.. ကျွန်တော်တို့ လုံမျိုးနွယ်စုရဲ့ ရှေးဟောင်း အမွေအနှစ်နယ်မြေထဲကို အပြင်လူတွေ ဝင်ခွင့်မပေးရဘူးလို့ တားမြစ်ထားတယ် မဟုတ်လား "

"အဖေက တစ်ကယ်ပဲ ဘိုးဘေးတွေရဲ့ စည်းမျဥ်းကို ချိုးဖောက်ပြီး လုံမျိုးနွယ်စုရဲ့ သွေးမပါ၀င်တဲ့ သူတွေကို ရှေး ဟောင်းနယ်မြေထဲ ဝင်ခွင့်ပေးချင်တာလား "

ထိုအချိန်တွင် ပိုးထည်ဝတ်စုံဝတ် လူငယ်၏ မကျေမနပ်လေသံက ပဲ့တင်ထပ်လာခဲ့၏။

"လုံလင် ဒီကိစ္စက ငါတို့လုံမျိုးနွယ်စုရဲ့ အရေးကြီးကိစ္စပဲ...မင်းအနေနဲ့ ဝင်ရောက်စွက်ဖက်ဖို့ မသင့်တော်သေးဘူး.. ငါ ဒီကိစ္စကို ဆုံးဖြတ်ပြီးသားမို့ မင်းဘာမှ ဝင်ပြောဖို့မစဥ်းစားနဲ့ "

လုံလီက ပြတ်သားသော လေသံဖြင့် သူ့သားကို ပြောလိုက်သည်။

သူတို့ လုံမျိုးနွယ်စု၏ အမွေအနှစ်များရှိသည့် ရှေးဟောင်းနယ်မြေ အကဲဖြတ်မှုသည် အလွန်တရာ ခက်ခဲလွန်း၍ လုံမျိုးနွယ်စု၏ တပည့်များသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ကျရှုံးခဲ့ရသည်။

အပြင်လူများကို ပါဝင်ရန် မဖိတ်ကြားသရွေ့ သူတို့ လုံမျိုးနွယ်စုသည် ရှေးဟောင်း အမွေအနှစ် နယ်မြေထဲမှ သူတို့၏ လျှို့ဝှက်ချက်များကို ဘယ်တော့မှ မဖြေရှင်းနိုင်မည်ကို သူ စိုးရိမ်မိ၏။

အခန်း (၆၀၃) ပြီး၏။

All Chapters