အခန်း (၆၀၇-၆၀၉)
Vol. 41 Ch. 607-609
အခန်း(၆၀၇)
"ချင်းရွှယ်.. ဒီပစ္စည်းတွေကို အမြန်သိမ်းလိုက်.. ငါတို့ ထျန်းယွဲ့ဂိုဏ်းကို ချက်ချင်းပြန်ကြမယ်"
မင်ယွဲ့ရှင်း၏ နှလုံးသားသည် ကြောက်ရွံ့ထိတ်လန့်မှုကနေ သက်သာလာရန် အချိန်အတော်ယူခဲ့ရသည်။
သူမ၏ မျက်နှာထက်တွင် အလွန်လေးနက်သော အမူအရာတစ်ခု ဖြစ်ပေါ်နေခဲ့၏။
ကောင်းကင်အဆင့် ကျင့်စဥ်သည် မြောက်ပိုင်းတောရိုင်းဒေသတစ်ခုလုံး၌ လက်တစ်ဆုပ်စာလောက်သာ ရှိသည့် တည်ရှိမှုတစ်ခု ဖြစ်သည်။
အစောပိုင်းတွင် နဂါးနက် ကုန်သွယ်ရေးအဖွဲ့သည် မပြည့်စုံသည့် ကောင်းကင်အဆင့်ကျင့်စဥ်ကိုသာ လေလံတင်ခဲ့၍ ၎င်း၏ တန်ဖိုးသည် ပြီးပြည့်စုံသော ကျင့်စဥ်၏ ဆယ်ပုံတစ်ပုံမျှပင် မရှိပေ။
ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးကလည်း ဓားဆန္ဒကို မြှင့်တင်ပေးနိုင်သည့် ကောင်းကင်ကိုပင် ဆန့်ကျင်သော ဆေးလုံးအမျိုးအစား ဖြစ်သည်။
မည်သည့် ဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးမဆို ဓားကျင့်ကြံသူများ၏ အိပ်မက်ထဲမှ ရတနာများပင် ဖြစ်သည်။
ဤဓားဆန္ဒသိပ်သည်းခြင်း ဆေးလုံးနှစ်ဆယ်နှင့် ကောင်းကင်အဆင့်ကျင့်စဥ် အကြောင်းသာ သတင်းပျံ့နှံ့သွားခဲ့လျှင် မုန့်ချင်းရွှယ်ကို ထျန်းယွဲ့ဂိုဏ်းဆီသို့ ဘေးကင်းကင်းနှင့် ပြန်ပို့နိုင်မည်ဟု သူမ အာမမခံနိုင်တော့ပေ။
---------------
ကျန်းချန်က ဟေးလုံမြို့ကနေ ထွက်ခွာလာပြီးနောက်တွင် မီးလျှံသားရဲကိုစီးကာ ထိုက်ရှဂိုဏ်း ဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့သည်။
လ၀က်ခန့်အကြာတွင် ကျန်းချန်သည် ထိုက်ရှဂိုဏ်းဆီသို့ ပြန်ရောက်လာခဲ့ပြီး အဂ္ဂိရတ်ခန်းမ၏ ဒုတိယအကြီးအကဲ ဖြစ်သည့် ချင်ကျူ၏ လက်ထဲတွင် သူ့ဆရာ ရှောင်တုလီ ထားခဲ့သော ပစ္စည်းများကို ရယူခဲ့သည်။
ထိုက်ရှဂိုဏ်းတွင် နှစ်ရက်မျှ အနားယူပြီးနောက်တွင် ကျန်းချန်သည် ဂိုဏ်းကနေ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး တစ်ကိုယ်တော် ခရီးသစ်တစ်ခုကို စတင်ခဲ့သည်။
သူ့ဆရာရှောင်တုလီ ထားခဲ့သည့် သတင်းစကားအရ ဤတစ်ခေါက်သူသွားရမည့်နေရာသည် ရှန်း၀ူတိုက်ကြီး၏ အကျယ်ပြန့်ဆုံးနေရာဖြစ်သည့် ကျုံးကျိုးကုန်းမြေ ဖြစ်သည်။
ကျုံးကျိုးကုန်းမြေကို ရှန်း၀ူတိုက်၏ သူတော်စင်ကုန်းမြေဟုလည်း ခေါ်ကြသည်။
ထိုနေရာတွင် ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအင်သည် မြောက်ပိုင်းတောရိုင်းဒေသထက် အဆပေါင်းများစွာ ပိုသိပ်သည်းပြီး သန့်စင်၏။
ကိုယ်ခံပညာများ ထွန်းကားသလို အမွေအနှစ် အမျိုးမျိုးလည်း ရှိသည်။
ထို့အပြင် သိုင်းသခင်နယ်ပယ်အဆင့် အထက်မှ ကျင့်ကြံသူများပင် ရှိ၏။
ကျန်းချန်က သူ့ဆရာ ရှောင်တုလီ ထားရှိခဲ့သည့် အချက်အလက်များကို သိရှိပြီးနောက်တွင် သွေးများဆူပွက်လာခဲ့ပြီး ကျုံးကျိုး ကုန်းမြေ ဆီသို့သွားချင်သည့်ဆန္ဒသည် အဆုံးမရှိ ဖြစ်ပေါ်လာခဲ့သည်။
ဤသို့ဖြင့် ရှောင်တုလီ ထားရစ်ခဲ့သည့် လမ်းကြောင်းအတိုင်း ကျန်းချန်သည် တောက်လျောက် ခရီးနှင်လာခဲ့ပြီး အဆုံးသတ်တွင် ထိုက်ရှဂိုဏ်းနှင့် မိုင်ထောင်ချီ ဝေးကွာသောနေရာရှိ ချိုင့်၀ှမ်း တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။
"ဒီနေရာက ကျုံးကျိုးကုန်းမြေ ဆီကို သွားဖို့အတွက် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ကို ဆရာ ပြုလုပ်ထားတဲ့နေရာ ဖြစ်မယ်ထင်တယ်"
သူ့ရှေ့မှ ချိုင့်၀ှမ်းကိုကြည့်ကာ ကျန်းချန်သည် ခပ်တိုးတိုးရေရွတ်လိုက်သည်။
လွန်ခဲ့သော နှစ်တစ်သောင်းက ရှန်း၀ူတိုက်တွင် ကမ္ဘာကိုပင်တုန်လှုပ်စေနိုင်သည့် အနှိုင်းမဲ့တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲအတွင်း ရှန်း၀ူတိုက်၏ မြောက်ဘက်ထောင့်နေရာကို ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်သည့်အင်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် ဓားဖြင့် ခုတ်ဖြတ်လိုက်ရာ ရှန်း၀ူတိုက်ကြီးသည် ကွဲထွက်သွားခဲ့ပြီး မြောက်ပိုင်းတောရိုင်းဒေသ သီးခြားကုန်းမြေတစ်ခုလို ဖြစ်သွားသည်ဟု အဆိုရှိကြသည်။
ရှောင်တုလီသည် ကျုံးကျိုးတိုက်ကြီးကနေ မတော်တဆမှုတစ်ခုကြောင့် မြောက်ပိုင်းတောရိုင်းဒေသကို ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မြောက်ပိုင်းတောရိုင်းဒေသကို ရောက်ရှိလာပြီးသည့် နှစ်အနည်းငယ်အတွင်း ရှောင်တုလီသည် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တည်ဆောက်ရန် ပစ္စည်းများကို စုဆောင်းနေခဲ့ပြီး အဆုံးသတ်တွင် ဤချိုင့်၀ှမ်းထဲ၌ ကျုံးကျိုးတိုက်ကို ဦးတည်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်နိုင်ခဲ့သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှုသွင်းလိုက်ပြီး ချိုင့်၀ှမ်းထဲသို့ ၀င်သွားခဲ့သည်။
မကြာခင်မှာပင် ကျန်းချန်သည် ချိုင့်၀ှမ်းထဲ၌ ရှောင်တုလီ ပြောခဲ့သည့် လှိုဏ်ဂူကို ရှာတွေ့ပြီး လှိုဏ်ဂူထဲတွင် ရိုးရှင်းစွာတည်ဆောက်ထားသည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုကို တွေ့ရှိခဲ့သည်။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တွေ့သည်နှင့် ကျန်းချန်သည် ရှောင်တုလီ ထားရစ်ခဲ့သည့် လျှို့၀ှက်ဆန်းကြယ်သော စွမ်းအင်ကျောက်တုံး လေးလုံးကို ထုတ်ယူကာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိ အပေါက် လေးခုထဲတွင် ထည့်လိုက်သည်။
ထိုကျောက်တုံးလေးတုံးကို ထည့်လိုက်သည်နှင့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် တစ်ခုလုံးသည် တုန်ခါလာခဲ့ပြီး ချက်ချင်းပင် ထူးဆန်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်၌ အားကောင်းသော လေဟာနယ်လှိုင်းများ ဖြစ်ပေါ်လာခဲ့၏။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင် စတင် အသက်၀င်လာသည်ကိုမြင်လျှင် ကျန်းချန်၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ပေါ်ပေါက်လာခဲ့သည်။
"ကျုံးကျိုးတိုက်ကြီးရေ.. ငါကျန်းချန်လာပြီဟေ့.."
ကျန်းချန်က ၀မ်းသာအားရ ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ တိုက်ရိုက်တက်သွားခဲ့သည်။
တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ အရောက်တွင် လျှို့၀ှက်ဆန်းကြယ်သော အလင်းလွှာတစ်ခုသည် ကျန်းချန်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ဖုံးလွှမ်းသွားခဲ့သည်။
ခဏအကြာတွင် ကျန်းချန်၏ ပုံရိပ်သည် တည်နေရာရွှေ့ ပြောင်းခြင်း အစီအရင် ပေါ်ကနေ အလျင်အမြန် မှိန်ဖျော့သွားခဲ့၏။
အဆုံးသတ်တွင် လေထဲရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ပေါ်တွင် ဘာမှမကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
အခန်း (၆၀၇) ပြီး၏။
အခန်း (၆၀၈)
ကျန်းချန်က တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ပေါ်သို့ တက်လိုက်သည်နှင့် မှောင်မိုက်သော လမ်းကြောင်း တစ်ခုထဲကို ၀င်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အချိန်အတော်ကြာပြီးနောက်တွင် ပတ်၀န်းကျင်ရှိ မှောင်မိုက်မှုသည် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး ကျန်းချန်၏ မျက်စိရှေ့တွင် တောက်ပသော အလင်းရောင်တစ်ခု ပေါ်လာခဲ့သည်။
နောက်ထပ် တခဏတွင် ကျန်းချန်သည် သူ၏ ခန္ဓာကိုယ်က လေထဲကနေ အလျင်အမြ န်ပြုတ်ကျလာနေသည်ကို တွေ့ရှိလိုက်ရသည်။
"လခွမ်း.. ငါက ဘာလို့လေထဲကို ရောက်နေရတာလဲ"
ကျန်းချန်က အံ့သြတုန်လှုပ်သွားခဲ့ပြီး သူ၏ စွမ်းအားများကိုလှုံ့ဆော်ကာ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်၍ လေထဲကနေ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။
ဤနေရာရှိ ပတ်၀န်းကျင်လေထုထဲတွင် ပါ၀င်နေသည့် ကောင်းကင်နှင့်မြေကြီး၏ အသက်စွမ်းအားများသည် မြောက်ပိုင်းတောရိုင်းဒေသထက် အဆပေါင်းများစွာ ပိုမိုအား ကောင်းသည်ကို သူသတိပြုမိလိုက်သည်။
မြောက်ပိုင်းတောရိုင်းဒေသမှ ဂိုဏ်းကြီးသုံးဂိုဏ်း၏ အသက်စွမ်းအား ပေါကြွယ်၀သော နေရာများပင် ဤနေရာကို ယှဥ်နိုင်ရန် များစွာ လိုအပ်နေသေး၏။
"ဒီနေရာက ကျုံးကျိုးကုန်းမြေလား မသိဘူး"
ကျန်းချန်က အနည်းငယ် မသေချာခဲ့ပေ။
သူက ယခုလေးတင် လေထဲကနေ တိုက်ရိုက် ပြုတ်ကျခဲ့၍ တည်နေရာ ရွှေ့ပြောင်းခြင်းလုပ်ငန်းစဥ်တွင် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်မှာ ထင်ရှားနေ၏။
"အရင်ဆုံး တစ်ယောက်ယောက်ကို ရှာပြီး ဒါက ကျုံးကျိုးကုန်းမြေ ဟုတ်မဟုတ်ဆိုတာ သေချာအောင်မေးမြန်းရမယ်"
အကယ်၍ သူထင်သလို တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တွင် မတော်တဆမှုတစ်ခုခု ဖြစ်ခဲ့လျှင် သူ့အနေဖြင့် သူ့ဆရာရှောင်တုလီကို ချောချောမွေ့မွေ့ ရှာဖွေတွေ့ရှိရန် မလွယ်ကူလောက်ဟု သူထင်ခဲ့သည်။
ယခု ကျန်းချန်အတွက် အရေးကြီးဆုံးအရာမှာ မည်သည့်နေရာကို ရောက်နေသလဲ သိရှိရန် ဖြစ်၏။
ကျန်းချန်က ပတ်၀န်းကျင်ကို အကဲခတ်လိုက်ရာ သူက လူသူကင်းမဲ့သည့် ကြီးမားသော တောင်တန်းတစ်ခုတွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်ရှိနေသည့် နေရာနှင့် မိုင်ပေါင်းများစွာ ကွာဝေးသော ကျုံးကျိုးကုန်းမြေ၊ ယန်ဒီမြို့ရှိ ရှောင်မိသားစုတွင် တင်ပျဥ်ခွေ၍ ကျင့်ကြံနေသည့် ရှောင်တုလီသည် ရုတ်တရက် တစ်စုံတစ်ရာကို ခံစားမိလိုက်ပြီး မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"မကောင်းတော့ဘူး.. ငါသူ့ကို ချန်ထားပေးခဲ့တဲ့ အသက်စွမ်းအင် ကျောက်တုံးလေးတုံးက သူတစ်ယောက်တည်းကိုပဲတည်နေရာရွှေ့ပြောင်းခြင်းလုပ်ဖို့ အထောက်အပံ့ ပေးနိုင်တယ်ဆိုတာ ပြောဖို့မေ့သွားခဲ့တယ်.. ဒီကောင်လေးမှာ မီးလျှံသားရဲတစ်ကောင် ပါနေတာကြောင့် ငါသတ်မှတ်ထားတဲ့နေရာကို တည်နေရာရွှေ့ပြောင်းခြင်း လုပ်ဖို့မဖြစ်နိုင်ဘူး.. ကြည့်ရတာ ယန်ဒီမြို့ဆီရောက်ဖို့ သူ့ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ လာရတော့မယ် ထင်တယ်"
ကျန်းချန်က ဤတစ်ခေါက် မတော်တဆမှုတစ်ခု ဖြစ်ခဲ့သည်မှာ မီးလျှံသားရဲကြောင့်မှန်း လုံး၀မသိခဲ့ပေ။
သူက သူ့ရှေ့မှ တောင်တန်းများကို အမှန်တကယ် စူးစမ်းလေ့လာနေခဲ့သည်။
တစ်နာရီခန့်အကြာတွင် ကျန်းချန်သည် တောတောင်ထဲတွင် မိုင်ရာနှင့်ချီ လျှောက်သွားခဲ့သည်။
လမ်းခရီးတွင် ကျန်းချန်သည် အင်အားကြီးမားသည့် သားရဲအများအပြားနှင့် ဆုံတွေ့ခဲ့ရပြီး ပဥ္စမအဆင့် သားရဲများ၏ အရှိန်အ၀ါကိုပင် ရံဖန်ရံခါ ခံစားမိခဲ့သည်။
သူနှင့် မရင်းနှီးသောပတ်၀န်းကျင်တွင် ကျန်းချန်သည် ဤသားရဲများနှင့် တိုက်ခိုက်ကာ အင်အားကို မဖြုန်းတီးချင်ခဲ့ပေ။
ထို့ကြောင့် အင်အားကြီးမားသည့် သားရဲများ၏ အရှိန်အ၀ါကိုခံစားမိသောအခါတွင် ကျန်းချန်သည် အန္တရာယ်ကို လမ်းလွှဲပြီး ပဋိပက္ခကို အတတ်နိုင်ဆုံး ရှောင်နိုင်ရန် ကြိုးစားခဲ့သည်။
"ဝေါင်း"
ကျန်ချန်းက တောင်တန်းထဲ၌ သတိကြီးစွာ လျှောက်လာနေသောအချိန်တွင် သူ၏ရှေ့ကနေ သားရဲဟိန်းဟောက်သံ တစ်သံက ထွက်ပေါ်လာခဲ့သည်။
"ရှေ့မှာ တစ်စုံတစ်ယောက် ရှိနေပုံပဲ"
သူ့အရှေ့ရှိ လှုပ်ရှားမှုကို ခံစားမိလျှင် ကျန်းချန်သည် အလွန်တရာ ၀မ်းသာသွားပြီး ရှေ့ကို ပြေးသွားခဲ့သည်။
"မမလေး မြန်မြန်ပြေး.. ဒီမွန်းစတား သားရဲနှစ်ကောင်ကို ကျွန်မတို့ လုံး၀ယှဥ်နိုင်မှာ မဟုတ်ဘူး"
ထိုအချိန်တွင် ထွက်ပြေးနေသော ပုံရိပ်နှစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့၏။
ထိုပုံရိပ်မှာ မိန်းကလေးနှစ်ယောက် ဖြစ်ပြီး နှစ်ဦးစလုံးသည် ကျန်းချန်နှင့် သက်တူရွယ်တူများ ဖြစ်ကြသည်။
ထိုနှစ်ယောက်ထဲမှ တစ်ယောက်သည် အဂ္ဂိရတ်သခင် ၀တ်ရုံကို ၀တ်ဆင်ထားခဲ့ပြီး နောက်တစ်ယောက်ကမူ ဓားသမားဖြစ်ကာ စွမ်းအင်သိပ်သည်းခြင်း ပထမအဆင့် ကျင့်ကြံသူ ဖြစ်သည်။
သူတို့နှစ်ယောက်က ဝေဟင်သားရဲ ဖြစ်သည့် ပဥ္စမအဆင့် မိုးကြိုး သားရဲနှစ်ကောင်၏ အနှောင့်အယှက်ပေးမှုကြောင့် အသက်လု၍ ပြေးလာပုံရ၏။
ထိုအချိန်မှာပင် မိုးကြိုး သားရဲတစ်ကောင်သည် လက်သည်းကို ရုတ်တရက် ဝှေ့ရမ်းလိုက်ရာ ငွေရောင်စွမ်းအင် တစ်ခုသည် လေထုကို ဖြတ်သန်းသွားပြီး ချက်ချင်းဆိုသလို အဂ္ဂိရတ်သခင်၀တ်ရုံကို ၀တ်ဆင်ထားသည့် မိန်းကလေးအား ထိမှန်သွားခဲ့သည်။
တခဏအတွင်း သူမ၏ လှပသောမျက်နှာလေးသည် ချက်ချင်းပင် ဖြူဖျော့သွားခဲ့၏။
အခန်း(၆၀၈)ပြီး၏။
အခန်း(၆၀၉)
"မမလေး"
ဓားကိုင်ထားသော မိန်းကလေး၏ လှပသော မျက်နှာလေးသည် ထိုအချိန်တွင် ပြောင်းလဲသွားခဲ့သည်။
သူမ ခြေချောင်းလေးများဖြင့် မြေပြင်ကို ခပ်ဖွဖွ ထောက်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲသို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက်တွင် သူမ၏လက်ထဲမှ ဓားရှည်ကို ဝှေ့ရမ်းလိုက်ပြီးတောက်ပသော အနီရောင်ဓားစွမ်းအင်ကို ထုတ်ဖော်လိုက်၏။
"၀ုန်း"
ဓားစွမ်းအင်က မွန်းစတားသားရဲ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ဓားကိုင်ထားသော မိန်းကလေးသည် စွမ်းအင်သိပ်သည်းခြင်းပထမအဆင့် ကျင့်ကြံသူဖြစ်၍ ပဥ္စမအဆင့် မိုးကြိုးသားရဲတစ်ကောင်ကို ရင်ဆိုင်ရန် အခက်အခဲ ကြီးကြီးမားမားမရှိပေ။
ကံဆိုးစွာဖြင့် သူမတို့သည် မိုးကြိုးသားရဲတစ်ကောင်ထက် ပိုပြီး တွေ့ခဲ့ရသည်။
ဓားကိုင်ထားသော မိန်းကလေးက မိုးကြိုးသားရဲတစ်ကောင်ကို တားဆီးလိုက်သော အချိန်တွင် နောက်တစ်ကောင်သည် လျင်မြန်စွာဖြင့် အဂ္ဂိရတ်သခင်၀တ်ရုံကို ၀တ်ဆင်ထားသောမိန်းကလေးအား တိုက်ရိုက် ပြေး၀င်တိုက်ခိုက်ခဲ့သည်။
"မမလေး မြန်မြန်ပြေး.."
ဓားကိုင်ထားသောမိန်းကလေးက အလွန်ပင် စိတ်ပူသွားခဲ့သည်။
သူမက မိုးကြိုးသားရဲတစ်ကောင်နှင့် အပြင်းအထန် တိုက်ခိုက်နေရသောကြောင့် အဂ္ဂရိတ်၀တ်ရုံ၀တ် မိန်းကလေးကို အကူအညီပေးရန် ခက်ခဲနေခဲ့သည်။
ထို့ကြောင့် သူမအနေဖြင့် မိုးကြိုးသားရဲက သခင်မလေး ဆီသို့ ပြေး၀င်တိုက်ခိုက်နေသည်ကို ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။
အဂ္ဂိရတ်သခင် ၀တ်ရုံ၀တ်မိန်းကလေးသည် သူမ မြင်ကွင်းတွင်ပေါ်လာသည့် မိုးကြိုးသားရဲကိုကြည့်ကာ စိတ်ပျက်အားငယ်သည့် အမူအရာတစ်ခု မျက်နှာထက်တွင် ပေါ်လာခဲ့၏။
အဂ္ဂိရတ်သခင်အနေဖြင့် သူမ၏ ကျင့်ကြံခြင်းအဆင့်သည် သဘာ၀စွမ်းအားဖွင့်ခြင်း ဆဋ္ဌမအဆင့်သာ ရှိသောကြောင့် မိုးကြိုးသားရဲ၏ တိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
ဤသို့ဖြင့် မိုးကြိုးသားရဲသည် လျင်မြင်စွာ ပြေးလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း မိန်းကလေးရှေ့၌ ပေါ်လာခဲ့သည်။
ထို့နောက် မိုးကြိုးသားရဲသည် တောက်ပပြီး ချွန်ထက်သော လက်သည်းများဖြင့် မိန်းကလေး၏ ဦးခေါင်းကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
သူ၏ ရှေ့မှမိန်းကလေးက မိုးကြိုးသားရဲ၏ တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်တော့မည်ကို မြင်လျှင် ကျန်းချန်သည် မိန်းကလေး၏ ရှေ့၌ လျှပ်တပြက်ပေါ်လာခဲ့၏။
"သွားစမ်း.."
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး မိုးကြိုးသားရဲကို လက်သီးဖြင့် ထိုးချလိုက်သည်။
"၀ုန်း"
မိုးကြိုးသားရဲက နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်သည်လည်း ချက်ချင်းဆိုသလို လွင့်စင်သွားခဲ့သည်။
မိုးကြိုးသားရဲသည် လေထဲတွင် လွင့်စင်ရင်း သစ်ပင်ကြီးများကို အဆက်မပြတ် အများအပြား တိုက်မိကာ အဆုံးသတ်တွင် ကျယ်လောင်သောအသံဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။
ဖုန်မှုန့်များက ပတ်၀န်းကျင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
သူမ ရှေ့တွင်ပေါ်လာသည့် အနက်ရောင်၀တ်စုံနှင့် ကောင်လေးက မိုးကြိုးသားရဲကို လက်သီးတစ်ချက်တည်းဖြင့် အလွယ်တကူ သတ်ပစ်လိုက်သည်ကို မြင်လျှင် အဂ္ဂိရတ်သခင် ၀တ်ရုံ၀တ်မိန်းကလေးသည် ပါးစပ်အဟောင်းသားဖြင့် ကြည့်နေခဲ့သည်။
အချိန်အတော်ကြာမှသာ သူမသည် မှင်တက်နေရာကနေ ပြန်လည် အသိ၀င်လာခဲ့၏။
အခြားတစ်ဖက်တွင်လည်း ဓားကိုင်ထားသော မိန်းကလေးနှင့်ရင်ဆိုင်နေရသော မိုးကြိုးသားရဲသည် သူ၏ အဖော်က လက်သီးချက် တစ်ချက်တည်းဖြင့် အသတ်ခံရသည်ကို မြင်လျှင် ချက်ချင်းဆိုသလို ကြောက်လန့်သွားခဲ့၏။
ထိုခဏမှာပင် သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် လျှပ်စီးသဖွယ် ပြောင်းလဲသွားခဲ့ပြီး တောင်၏ အတွင်းပိုင်းဆီသို့ ဦးတည်ကာ ပျောက်ကွယ်သွားခဲ့သည်။
"မမလေး အဆင်ပြေရဲ့လား"
ဓားကိုင်ထားသော မိန်းကလေးက ထွက်ပြေးသွားသောမိုးကြိုးသားရဲကို လျစ်လျူရှုလိုက်ပြီး မိန်းကလေးနားသို့လျှောက်လာကာ မေးခွန်းထုတ်လိုက်သည်။
"အဆင်ပြေပါတယ်"
အဂ္ဂိရတ်သခင် ၀တ်ရုံ၀တ်မိန်းကလေးက ခေါင်းခါရမ်း၍ ပြန်ဖြေလိုက်သည်။
ထို့နောက်တွင် သူမသည် အနက်ရောင်၀တ်စုံနှင့် လူငယ်ဘက်သို့ လှည့်လိုက်ပြီး ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျွန်မက လျှိုမိသားစုက လျှိုလင်ကျူးပါ.. အသက်ကယ်တင်ပေးတဲ့အတွက် သခင်လေးကို ကျေးဇူးတင်ပါတယ် သခင်လေးရဲ့နာမည်ကို သိလို့ရမလား"
"ကျွန်တော့်နာမည်က ကျန်းချန်ပါ"
အနက်ရောင်၀တ်စုံ၀တ် လူငယ်လေးက ပြန်ဖြေလိုက်သည်။
"သခင်လေးကျန်း ဖြစ်နေတာကိုး.. ဒါနဲ့ သခင်လေးကျန်းရဲ့နာမည်ကို ချင်းလွမ်မှာ မကြားမိဘူးနော်"
လျှိုလင်ကျူးက သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကျန်းချန်ကို စူးစမ်းသလို ကြည့်လိုက်သည်။
သူမရှေ့မှလူငယ်သည် သူမနှင့်သက်တူရွယ်တူ ဖြစ်သည်။
သို့သော်လည်း ပဥ္စမအဆင့်မိုးကြိုးသားရဲကို အလွယ်တကူ သတ်ပစ်နိုင်သည့် စွမ်းရည်ရှိ၏။
ဤကဲ့သို့ ပါရမီရှင်မျိုးသည် ချင်းလွမ်တွင် လက်ချိူးရေတွက်၍ ရသည်။
သို့သော်လည်း လျှိုလင်ကျူး၏ မှတ်ဥာဏ်ထဲတွင် ကျန်းချန်ဟုခေါ်သည့် ပါရမီရှင်မရှိခဲ့ပေ။
"ငါ မင်းကို မဖုံးကွယ်ချင်ဘူး.. ငါက မတော်တဆမှုတချို့ကြောင့် ဒီနေရာကို ရောက်လာတာပဲ.. ငါအခု ဘယ်နေရာမှာ ရှိနေမှန်းတောင် ငါမသိဘူး"
ကျန်းချန်က ခါးသီးစွာပြုံး၍ ပွင့်ပွင့်လင်းလင်ပင် မေးလိုက်သည်။
"သခင်မလေးလျှို. ဒီနေရာက ကျုံးကျိုးကုန်းမြေ ဟုတ်မဟုတ် ငါသိချင်တယ်"
"ဒီနေရာက ကျုံးကျိုးကုန်းမြေ မဟုတ်ပါဘူး...ကျုံးကျိုးရဲ့ အပြင်ဘက်မှာရှိတဲ့ နယ်မြေလေးတစ်ခုပါ
လျှိုလင်ကျူးက ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
"ရှင်အခုရှိနေတဲ့နေရာက စန်းဟိုင်ကျွန်းရဲ့ နယ်မြေလေးခုထဲက တစ်ခုဖြစ်တဲ့ ချင်းလွမ်ပဲ"
အခန်း (၆၀၉) ပြီး၏။