အခန်း (၆၁၀-၆၁၂)
Vol. 41 Ch. 610-612
အခန်း (၆၁၀)
လျှိုလင်ကျူး၏ မိတ်ဆက်ပေးမှုကြောင့် ကျန်းချန်သည် သူရောက်ရှိနေသည့် နေရာကို အကြမ်းဖျင်း သိရှိသွားခဲ့သည်။
စန်းဟိုင်ကျွန်းသည် ကျုံးကျိုးကုန်းမြေ၏ အပြင်ဘက်ဒေသရှိ ကျွန်းတစ်ကျွန်း ဖြစ်သည်။
သို့သော်လည်း ဤကျွန်းသည် မြောက်ပိုင်းတောရိုင်း ဒေသထက် အဆပေါင်းများစွာ ပိုမိုကျယ်ပြောသည့် ဧရိယာများကို လွှမ်းခြုံထားခဲ့သည်။
စန်းဟိုင်ကျွန်းတွင် နယ်မြေလေးခုရှိ၏။
ယခု ကျန်းချန် ရောက်ရှိနေသောနေရာသည် ထိုနယ်မြေလေးခုထဲမှ တစ်ခုဖြစ်သည့် ချင်းလွမ်နယ်မြေ ဖြစ်သည်။
သူ့ရှေ့မှ လျှိုလင်ကျူးဟု ခေါ်သည့် သခင်မလေးသည် ချင်းလွမ်၏ နံပါတ်တစ်မိသားစု ဖြစ်သော လျှိုမိသားစုမှ သခင်မလေး ဖြစ်၏။
"သခင်မလေးလျှို.. ကျုံးကျိုးကုန်းမြေက ယန်ဒီမြို့ အကြောင်းကို ကြားဖူးလား...ဒီကနေ ယန်ဒီမြို့ကို သွားရင် ဘယ်လောက်ဝေးလဲ"
သူမည်သည့်နေရာတွင် ရှိနေသည်ကို သိရှိပြီးနောက်တွင် ကျန်းချန်သည် လျှိုလင်ကျူးကို မေးခွန်း ထပ်ထုတ်လိုက်သည်။
"ရှင်..ရှင်က ယန်ဒီမြို့ကို သွားမလို့လား"
ကျန်းချန်၏ စကားကိုကြားလျှင် လျှိုလင်ကျူးသည် တအံ့တသြဖြစ်ကာ ပြန်လည် မေးခွန်းထုတ်လိုက်သည်။
ထိုစကားကြောင့် ကျန်းချန်က အနည်းငယ် အံ့သြသွားပြီး မေးလိုက်သည်။
"ဘာဖြစ်လို့လည်း သခင်မလေး"
"ယန်ဒီမြို့ဆိုတာက ကျုံးကျိုးကုန်းမြေရဲ့ ဒဏ္ဍာရီလာမြို့တော်ငါးခုထဲက တစ်ခုပဲ...ရှင့်အနေနဲ့ စန်းဟိုင်ကျွန်းကနေ ယဒီမြို့ကို ခရီးသွားဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး"
ဓားကိုင်ထားသော မိန်းကလေးက ၀င်ပြောလိုက်သည်။
ကျန်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ဓားကိုင်ထားသောမိန်းကလေးကို လှည့်ကြည့်ကာ မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
"ယန်ဒီမြို့က ဒီနေရာနဲ့ဆိုရင် မိုင်သန်းနဲ့ချီ ဝေးကွာတဲ့နေရာမှာတည်ရှိတယ်.. သိုင်းသခင်အဆင့် ကျင့်ကြံသူတွေက အားကုန်သုံးပြီးသွားရင်တော့ တစ်နှစ် ဒါမှမဟုတ် တစ်နှစ်ခွဲလောက် ကြာမြင့်လိမ့်မယ်.. ဒါ့အပြင် ကျုံးကျိုးကုန်းမြေထဲကို ၀င်ရောက်ဖို့က မလွယ်ဘူး.. မြို့တော်ငါးခုထဲက တစ်ခုဖြစ်တဲ့ ယန်ဒီမြို့ကို သွားဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက်ပဲ"
ဓားကိုင်ထားသော မိန်းကလေးက သူမ သိထားသလောက် ရှင်းပြလိုက်သည်။
"လျှိုယင် သခင်လေးကျန်းကို လေးလေးစားစား ပြောစမ်းပါ"
လျှိုလင်ကျူးက ဓားကိုင်ထားသော မိန်းကလေးကို ဆူပူလိုက်သည်။
ထို့နောက် သူမက ကျန်းချန်ကို ညင်သာစွာ ရှင်းပြလိုက်သည်။
"စန်းဟိုင်ကျွန်းလို အပြင်ဘက်ဒေသနဲ့ ကျုံးကျိုးကုန်းမြေကြားမှာ သဘာ၀အတားအဆီး တစ်ခုက ခွဲခြားထားတယ်.. သိုင်းသခင်နယ်ပယ်အဆင့် အထက်က နတ်၀ိညာဥ်ဘုရင်အဆင့် ကျင့်ကြံသူတွေပဲ အလိုရှိသလို ၀င်ထွက်နိုင်ကြတယ်...ဒါကြောင့် စန်းဟိုင်ကျွန်းက လူတွေအတွက် ကျုံးကျိုးကုန်းမြေ ဆီ သွားဖို့ဆိုတာက အလွန်ခက်ခဲတဲ့ကိစ္စတစ်ခုပဲ သခင်လေးကျန်း...စန်းဟိုင်ကျွန်းကနေ ကျုံးကျိုးကုန်းမြေ ထဲကို ၀င်ဖို့မလွယ်ပေမဲ့ အခွင့်အရေးမရှိတာတော့ မဟုတ်ဘူး...ကျုံးကျိုးကုန်းမြေရဲ့ မြောက်ဘက်အရပ်မှာ စန်းလန်အဖွဲ့အစည်းရှိတယ် စန်းလန်အဖွဲ့အစည်းက ဒေသအသီးသီးက ပါရမီရှင် တပည့်တချို့ကို သုံးနှစ်တစ်ကြိမ် ခေါ်ယူလေ့ရှိတယ်.. အခုအချိန်က စန်းလန် အဖွဲ့အစည်းအနေနဲ့ လူသစ်ခေါ်ယူဖို့ တစ်လတောင်မလိုအပ်တော့ဘူး.. သခင်လေးကျန်း ကျွန်မတို့ လျှိုမိသားစုထဲကို ၀င်လိုက်ပါ.. အချိန်ကျရင် ကျွန်မတို့ လျှိုမိသားစုက စန်းလန်အဖွဲ့အစည်းရဲ့ စစ်ဆေးမှုမှာ သခင်လေးကျန်း ပါ၀င်နိုင်ဖို့အတွက် နေရာတစ်ခု ပေးပါ့မယ်"
လျှိုလင်ကျူးက ညင်သာစွာပြုံး၍ ပြောလိုက်သည်။
"ပြောရရင် စန်းလန်အဖွဲ့အစည်းဆီမှာ ကျုံးကျိုးကုန်းမြေရဲ တချို့နေရာတွေကိုသွားနိုင်တဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တစ်ခုရှိတယ်.. သခင်လေးကျန်းသာ စန်းလန်အဖွဲ့အစည်းထဲကို ၀င်နိုင်မယ်ဆိုရင် ယန်ဒီမြို့နဲ့ ပိုနီးတဲ့နေရာကို တည်နေရာ ရွှေ့ပြောင်းခြင်းအစီအရင်ကနေ သွားရောက်နိုင်မှာ အသေအချာပဲ"
"ငါနားလည်ပါပြီ. ငါလျှိုမိသားစုထဲကို ၀င်ဖို့ဆန္ဒရှိပါတယ်"
ကျန်းချန်က ခေါင်းညိမ့်လိုက်ပြီး တွေဝေမနေဘဲ ပြောလိုက်သည်။
သူက ဤနေရာသို့ ယခုမှ ရောက်လာခြင်းဖြစ်၍ မည်သို့ပင်ဖြစ်စေ၊ နေစရာတစ်ခုက မရှိမဖြစ် လိုအပ်နေသည်။
"မမလေး ကျွန်မတို့ အရင် မိုးကြိုးသားရဲကို ယူလိုက်ကြရအောင်"
လျှိုလင်ကျူးက ကျန်းချန်ကို လျှိုမိသားစုထဲသို့ ၀င်ရန်ဖိတ်ကြားလိုက်ပြီး စန်းလန်အဖွဲ့အစည်း၏ စစ်ဆေးမှုအတွက် နေရာတစ်နေရာ ချန်ထားပေးမည်ဟု ကတိပေးလိုက်သည်ကိုကြားလျှင် ဓားကိုင်ထားသော မိန်းကလေးသည် ခေါင်းခါရမ်းရုံသာ တတ်နိုင်ခဲ့သည်။
ယခုအခါတွင် သူမတို့၏ လျှိုမိသားစုသည် ကိုယ့်ကိုယ်ကိုယ်ပင် မကာကွယ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေ၏။
သို့သော်လည်း သူမ၏ သခင်မလေးသည် သူစိမ်းကို ကူညီရန်စိတ်ကူးနေဆဲပင်။
"ကောင်းပြီလေ လျှိုယင်.. ငါတို့မိုးကြိုးသားရဲကို သွားယူကြစို့"
လျှိုလင်ကျူးက တိတ်တဆိတ် ထွက်လာသည့် သူမ၏ ရည်ရွယ်ချက်ကို တွေးမိပြီး အလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။
"ခဏလေး နေဦး.."
လျှိုလင်ကျူး ထွက်သွားတော့မည့် ဆဲဆဲတွင် ကျန်းချန်၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။
ထို့နောက်တွင် သူ၏ အေးစက်စက်အသံသည် ချက်ချင်းပင်လေထဲ၌ ပဲ့တင်ထပ်လာခဲ့၏။
"ဟေ့လူ ခင်ဗျားထွက်လာမှာလား ဒါမှမဟုတ် ကျွန်တော်ခင်ဗျားကို ဆွဲထုတ်ပေးရမလား"
အခန်း (၆၁၀) ပြီး၏။
အခန်း(၆၁၁)
"ဒီမှာ တခြားလူတွေ ရှိသေးတာလား"
ကျန်းချန်၏ အေးစက်စက် အော်ဟစ်သံကြောင့် လျိုလင်ကျူးနှင့် လျိုယင်တို့ မှင်တက်သွားသည်။
သူတို့ မှင်တက်ရာမှ သတိပြန်မဝင်ခင်မှာပင် ထူးဆန်းသည့် ရယ်သံတစ်သံသည် လေထဲ၌ ရုတ်တရက် ပျံ့နှံ့လာခဲ့၏။
"ကောင်လေး အာရုံခံနိုင်စွမ်းကောင်းသားပဲ.. ငါ့ရဲ့ တည်ရှိမှုကိုတောင် ခံစားနိုင်တယ်"
စကားသံနှင့်အတူ အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက်သည် ကျန်းချန်တို့ ရှေ့၌ တစ္ဆေတစ်ကောင်လို တိုက်ရိုက် ပေါ်လာသည်။
"ရှင် ဘယ်သူလဲ"
လျိုယင်က သူမရှေ့မှ အနက်ရောင်ဝတ်စုံနှင့် လူကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး သူမ လက်ထဲမှ ဓားရှည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့သည်။
သူမ၏ အမူအရာသည် ချက်ချင်းဆိုသလို အလွန်အမင်း အေးစက်သွားခဲ့၏။
"မင်းတို့ကို သတ်ဖို့ လာတဲ့သူပဲ.. လူတချို့က လျိုအိမ်ဆီ မင်း အသက်ရှင်လျက် ပြန်ရောက်လာမှာကို မလိုလားကြဘူး.. မူလက မိုးကြိုးသားရဲနှစ်ကောင်နဲ့ မင်းတို့ကို ဖြေရှင်းဖို့ လုံလောက်မယ်လို့ ထင်ထားပေမဲ့ ဒီကောင်လေးက ရုတ်တရက် ရောက်လာပြီး ငါ့အစီအစဥ်ကို ဖျက်ဆီးလိုက်တယ်.. ဒါကြောင့် ငါကိုယ်တိုင် ထွက်လာရတော့တာပဲ"
အနက်ရောင်ဝတ်စုံနှင့် လူက ပဟေဠိဆန်ဆန် အပြုံးတစ်ခုကို ပြုံးလိုက်ပြီး ချက်ချင်းဆိုသလို ခန္ဓာကိုယ်တစ်ခုလုံးသည် တစ္ဆေကဲ့သို့ နေရာမှာပင် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တခဏတွင် သူ၏ ပုံရိပ်သည် လျိုလင်ကျူး၏ နောက်ကျော၌ ပေါ်လာခဲ့ပြီး လက်ထဲမှ အေးစက်သော ဓားမြှောင်တစ်လက်ဖြင့် လျိုလင်ကျူး၏ လည်ပင်းကို အလျင်အမြန် လှီးရန် ကြိုးစားလိုက်၏။
"သခင်မလေး... သတိထား"
ထိုခဏတွင် လျိုယင်၏ လှပသော မျက်နှာလေးသည် အမူအရာ ပြောင်းလဲသွားခဲ့သည်။
ဓားဆန္ဒက သူမထံမှ ချက်ချင်းပင် ပေါက်ကွဲထွက်လာကာ အနက်ရောင်ဝတ်စုံနှင့် လူကို တိုက်ရိုက် ဖိနှိပ်လိုက်သည်။
လျိုယင်၏ ဓားဆန္ဒ ဖိအားအောက်၌ အနက်ရောင်ဝတ်စုံနှင့်လူ၏ လက်ထဲမှ ဓားမြှောင်သည် လေထဲ၌ တခဏလေးသာ ရပ်တန့်သွား၏။
ထို့နောက်တွင် အနက်ရောင်ဝတ်စုံနှင့် လူသည် လျိုလင်ကျူးကို ထပ်မံ ထိုးနှက်လိုက်သည်။
လျိုယင်က ထိုမြင်ကွင်းကြောင့် ဒေါသထွက်သော်လည်း လျှိုလင်ကျူးကို ထပ်မံ ကယ်တင်ရန် နောက်ကျသွားချေပြီ။
သို့သော် အနက်ရောင်ဝတ်စုံနှင့် လူ၏ ဓားမြှောင်က လျိုလင်ကျူး၏ လည်ပင်းကို ထိတော့မည့်ဆဲဆဲတွင် ကျန်းချန်၏ ပုံရိပ်သည် လျိုလင်ကျူး၏ ဘေး၌ လျှပ်တပြက် ပေါ်လာခဲ့၏။
သူက လျှပ်စီးလို အရှိန်အဟုန်ဖြင့် လက်နှစ်ချောင်းကို အသုံးပြုကာ အနက်ရောင်ဝတ်စုံနှင့် လူ၏ ဓားမြှောင်ကို တိကျစွာ ညှပ်ထားလိုက်ရာ လျိုလင်ကျူး၏ လည်ပင်းနှင့် သုံးလက်မအောက် အကွာအဝေး၌ ဓားမြှောင်က ရပ်တန့်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ခပ်ထေ့ထေ့ ရယ်သံသည် လေထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့၏။
"ဟားဟား.. မင်းက ဓားဆန္ဒ ဒုတိယအဆင့် စွမ်းအားကို အားကိုးပြီး ငါ့ရှေ့မှာ လူသတ်ချင်သေးတယ်ဆိုတော့ မင်းက ငါ့ကို အရမ်း လျှော့တွက်ထားတာပဲ"
အနက်ရောင်ဝတ်စုံနှင့် လူက သူ့ရှေ့မှ ကျန်းချန်ကို ကြည့်ကာ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
"ကောင်လေး.. ဒီကိစ္စက မင်းနဲ့ ဘာမှ မဆိုင်ဘူး.. မင်း ဝင်မရှုပ်ဖို့ ငါ အကြံပေးချင်တယ်"
"ဘယ်သူက ငါနဲ့ ဘာမှ မဆိုင်ဘူးလို့ ပြောလဲ"
ကျန်းချန်၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွတ်သွားခဲ့၏။
"အခုလေးတင်ပဲ ငါက လျိုမိသားစုထဲကို ဝင်ဖို့ သဘောတူပြီးပြီ.. ဒါကြောင့် ငါက လျိုမိသားစုရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ"
"မင်း လျိုမိသားစုထဲကို ဝင်တာက စန်းလန် အဖွဲ့အစည်းရဲ့ ဝင်ခွင့် အကဲဖြတ်မှုနဲ့ ပတ်သက်ပြီး နေရာတစ်နေရာ ရချင်လို့မဟုတ်လား.. လက်ရှိ လျိုမိသားစုရဲ့ အခြေအနေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့တောင် ခက်ခဲနေပြီ.. သူတို့ မင်းလိုချင်တာကို ပေးနိုင်မှာ မဟုတ်ဘူး"
အနက်ရောင်ဝတ်စုံနှင့် လူက ကျန်းချန်ကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"မင်းရဲ့ ပါရမီနဲ့ဆိုရင် စန်းလန် အဖွဲ့အစည်းရဲ့ ဝင်ခွင့် တစ်နေရာစာလောက်ကို ငါတို့လည်းပေးနိုင်ပါတယ်.. ဘာလို့ လျိုမိသားစုမှာ တွယ်ကပ်ချင်နေရတာလဲ"
"သခင်လေးကျန်း.. သူ့ရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့"
လျိုယင်က အလျင်အမြန် ဝင်ပြောလိုက်သည်။
"စန်းလန် အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ဝင်ခွင့် အရေအတွက်က စန်းဟိုင်ကျွန်းမှာ အရမ်း တန်ဖိုးရှိတယ်.. ကျွန်မတို့ သခင်မလေးက လွဲရင် ဘယ်သူမှ အဲဒီလို ဝင်ခွင့်ကို အပြင်လူတစ်ယောက်ဆီ ပေးဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး"
"စိတ်မပူပါနဲ့.. ငါ့ရဲ့ အဘိဓာန်ထဲမှာ ပြောပြီးသားစကားကို ဘယ်တော့မှ နောင်တရခဲ့တာ မရှိဘူး.. မင်းရဲ့ သခင်မလေးကို လျိုမိသားစုထဲ ဝင်ဖို့ ကတိပေးပြီးပြီဆိုမှတော့ ငါ ကတိဖျက်မှာ မဟုတ်ဘူး"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံနှင့် လူကို ကြည့်ကာ သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးညွှတ်သွား၏။
ထို့နောက်တွင် သူ၏ အေးစက်သော အသံသည် ချက်ချင်းဆိုသလို တောင်တန်းများနှင့် တောအုပ်များကို ပဲ့တင်ထပ်သွားသည်။
"မင်း ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး.. ငါ့ရှေ့မှာ ငါ့ရဲ့လျိုမိသားစုကို သတ်ရဲရင်တော့ အပြစ်ပေးခံရမယ်"
အခန်း(၆၁၁) ပြီး၏
အခန်း(၆၁၂)
ကျန်းချန်က သူ၏ အေးစက်စက် စကားသံ တိတ်ဆိတ်သွားသည်နှင့် လက်သီးကို ရုတ်တရက် ဆုပ်လိုက်ပြီး လက်သီးဆန္ဒ ဒုတိယအဆင့် ခွန်အား ပါဝင်နေသည့် ကြောက်မက်ဖွယ် လက်သီးချက်ဖြင့် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူကို တိုက်ရိုက် ထိုးနှက်လိုက်သည်။
ထိုခဏတွင် အနက်ရောင်ဝတ်စုံဝတ် လူ၏ မျက်နှာအမူအရာက အလွန်အမင်း ပြောင်းလဲသွားခဲ့သည်။
သူက လေဆန္ဒကို အလျင်အမြန် ထုတ်ဖော်လိုက်ပြီး ချက်ချင်းပင် အနက်ရောင် အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ကျန်းချန်ရှေ့၌ ပျောက်ကွယ်သွားခဲ့၏။
"ပြေးချင်တာလား"
ကျန်းချန်က အေးစက်စွာ ပြုံးလိုက်ပြီး လေဆန္ဒကို ထုတ်ဖော်ကာ အနက်ရောင်ဝတ်စုံဝတ်လူ၏ နောက်သို့ လိုက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သူက မြေကြီးအဆင့်ကျင့်စဉ် ဖြစ်သည့် ထိုက်ရှစစ်ပွဲအရိပ် ကျင့်စဉ်ကို ထုတ်ဖော်လိုက်ရာ အရိပ်၉၉ခုသည် ချက်ချင်းပင် အနက်ရောင်ဝတ်စုံဝတ် လူကို ထွက်ပြေး၍ မရစေရန် ဝိုင်းရံထားလိုက်သည်။
ထိုက်ရှစစ်ပွဲအရိပ် ကျင့်စဥ်၏ ဖိအားအောက်တွင် အနက်ရောင်ဝတ်စုံဝတ် လူသည် အဆုံးသတ်၌ သူ၏ အားအထားရဆုံးတိုက်ကွက်ကို ထုတ်ဖော်လိုက်ရတော့၏။
"လူသတ်တစ္ဆေသိုင်း"
အနက်ရောင်ဝတ်စုံဝတ် လူက ကြွေးကြော်လိုက်သည်နှင့် သူ၏ လက်ထဲမှ ဓားမြှောင်ဆီသို့ ပတ်ဝန်းကျင်မှ ကောင်းကင်နှင့် မြေကြီး၏ အသက်စွမ်းအင်များသည် အလျင်အမြန် စုစည်းသွားသည်။
ထို့နောက်တွင် မှော်ဆန်စွာဖြင့် ဓားမြှောင်က တစ္ဆေတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
အနက်ရောင်ဝတ်စုံဝတ် လူ၏ ထိန်းချုပ်မှုအောက်၌ ထိုတစ္ဆေသည် ထိုက်ရှစစ်ပွဲ အရိပ် တစ်ခုဆီသို့ အလျင်အမြန် ပြေးဝင်သွားခဲ့သည်။
"ဒါက လူသတ်တစ္ဆေသိုင်းပဲ"
အနက်ရောင်ဝတ်စုံဝတ်လူ ပြသခဲ့သည့် မှော်ဆန်သောတိုက်ကွက်ကို မြင်လျှင် လျိုလင်ကျူးတို့ မိန်းကလေး နှစ်ယောက်၏ လှပသော မျက်နှာထက်တွင် ရုတ်တရက် စိုးရိမ်သော အရိပ်အယောင်များ ဖြစ်ပေါ်လာ၏။
လူသတ်တစ္ဆေသိုင်းသည် စန်းဟိုင်ကျွန်းမှ နာမည်ကြီး လူသတ်အဖွဲ့အစည်း ဖြစ်သည့် တစ္ဆေလူသတ်သမားဂိုဏ်း၏ နာမည်ကျော် မှော်တိုက်ကွက် ဖြစ်သည်။
မထင်မှတ်ဘဲ သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ်လူသည် တစ္ဆေလူသတ်သမားဂိုဏ်းမှ လူသတ်သမား ဖြစ်နေခဲ့သည်။
တစ္ဆေလူသတ်သမားဂိုဏ်းသည် စန်းဟိုင်ကျွန်းတွင် အလွန် လျှို့ဝှက်ဆန်းကြယ်သည်။
၎င်းတို့က လူကို မကြည့်ဘဲ ပိုက်ဆံကိုသာ အဓိက အသိအမှတ်ပြု၏။
သူတို့ တောင်းဆိုသလောက် ပေးနိုင်သရွေ့ တစ္ဆေလူသတ်သမားဂိုဏ်းသည် မည်သည့် လူသတ် တာဝန်ကိုမဆို ရဲရဲဝံ့ဝံ့ လုပ်ဆောင်လိမ့်မည်သာ။
တစ္ဆေလူသတ်သမားဂိုဏ်း၏ လူသတ်သမားများ အားလုံးသည် ထိပ်တန်းလူသတ်သမားများ ဖြစ်ကြသည်။
လူသတ်သမားတိုင်းသည် ၎င်းတို့ထက် ကျင့်ကြံခြင်း အဆင့် ပိုမြင့်သည့် ပစ်မှတ်များကို လုပ်ကြံနိုင်သည့် စွမ်းရည်ရှိသည်။
ယခု သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူသတ်သမားသည် စွမ်းအင်သိပ်သည်းခြင်းနယ်ပယ် ပထမအဆင့် အထွတ်အထိပ် ကျင့်ကြံသူ ဖြစ်သည်။
ထို့ကြောင့် စွမ်းအင်သိပ်သည်းခြင်း ဒုတိယအဆင့် ကျင့်ကြံသူပင် ဤအနက်ရောင်ဝတ်စုံဝတ် လူသတ်သမား၏ လက်ထဲတွင် ကျရှုံးသွားနိုင်မည့် စွမ်းရည်မျိုးကို ပိုင်ဆိုင်ထား၏။
[ကျုံးကျိုး ကုန်းမြေက သိုင်းပညာ ထွန်းကားတဲ့နေရာ ဆိုတဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. အပြင်ဘက်ဒေသက စန်းဟိုင်ကျွန်းကိုတောင် မြောက်ပိုင်းတောရိုင်းဒေသက မယှဉ်နိုင်ဘူး]
သူ့ရှေ့မှ လူသတ်သမား ပြသခဲ့သည့် တိုက်ကွက်က အဆင့်အတန်း တစ်ခု ရှိနေသည်ကို မြင်လျှင် ကျန်းချန် အံ့ဩသွားခဲ့သည်။
"သခင်လေးကျန်း.သတိထား.. ဒီလူက တစ္ဆေလူသတ်သမားအဖွဲ့က လူသတ်သမားပဲ"
ထိုအချိန်၌ လျိုလင်ကျူး၏ စိုးရိမ်သော အသံသည် ကျန်းချန်၏ နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
"ဟားဟား.. ဘယ်အဖွဲ့ကဖြစ်ဖြစ် အရေးမကြီးဘူး.. သူ့ရဲ့ စွမ်းရည်က ငါ့ကို သတ်ဖို့ မလုံလောက်သေးပါဘူး"
လေထဲမှ အရိပ် ကိုးဆယ့်ကိုးခု၏ မထီမဲ့မြင် ရယ်သံသည် တစ်ချိန်တည်းတွင် ပဲ့တင်ထပ်လာ၏။
နောက်ထပ် တခဏတွင် အရိပ်၉၉သည် ချက်ချင်းပင် တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး ကျန်းချန်၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
ချက်ချင်းဆိုသလို ကျန်းချန်၏ ခန္ဓာကိုယ်သည် ရွှေရောင် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားခဲ့၏။
ထို့နောက် ကျန်းချန်က လက်သီးချက်ကို ထုတ်ဖော်ကာ တစ္ဆေကို ထိုးချလိုက်သည်။
"ဝုန်း"
လေထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
အနက်ရောင်ဝတ်စုံဝတ်လူ ထိန်းချုပ်ထားသည့် တစ္ဆေသည် မမြင်နိုင်သည့် ကြောက်မက်ဖွယ်ရာ အင်အားတစ်ခုကြောင့် ချက်ချင်းဆိုသလို ကြေမွသွားခဲ့သည်။
ထို့အပြင် အနက်ရောင်ဝတ်စုံဝတ်လူသည်လည်း ထိုအင်အား၏ သက်ရောက်မှုအောက်၌ မီတာ အတော်ဝေးဝေးထိ လွင့်စင်သွားခဲ့သည်။
"ဝုန်း"
အနက်ရောင်ဝတ်စုံဝတ်လူက မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီးနောက်တွင် ပါးစပ်မှ သွေးတစ်ပွက်ကို အန်ထုတ်လိုက်သည်။
"မင်း... မင်း ဘယ်သူလဲ"
အနက်ရောင်ဝတ်စုံဝတ် လူက သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်ပြီး တစ်ဖက်မှ ကျန်းချန်ကို ကြည့်လိုက်သည်။
သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သည့် ကြောက်ရွံသောအရိပ်အယောင်များ ရှိနေခဲ့၏။
အသက်နှစ်ဆယ်ပင် မပြည့်သေးသော ဆံပင်ရှည်နှင့် ကောင်လေးတွင် အဘယ်ကြောင့် ကြောက်မက်ဖွယ် အင်အားရှိနေရပါသနည်း။
ချင်းလွမ်တွင် မည်သည့်အချိန်က ဤကဲ့သို့ ပါရမီရှင် ထွက်ပေါ်လာပါသနည်း။
ဤကောင်လေး၏ သိုင်းပါရမီသည် ချင်းလွမ်၏ နံပါတ်တစ် လူငယ်ပါရမီရှင် တင်းဟုန်အောက် လုံးဝ မလျော့ပေ။
အခန်း(၆၁၂) ပြီး၏