အခန်း (၆၁၃-၆၁၅)
Vol. 41 Ch. 613-615
အခန်း(၆၁၃)
"ငါ ဘယ်သူလဲဆိုတာ သေတော့မဲ့လူ အတွက် သိစရာမလိုဘူး"
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် လူကို မထီမဲ့မြင် ကြည့်လိုက်ပြီး ရွှေရောင်အလင်းတန်းများ ဝန်းရံနေသော လက်သီးချက်ဖြင့် ထပ်မံ ထိုးနှက်လိုက်သည်။
ကျန်းချန် ထပ်မံ ထိုးလိုက်သည်ကို မြင်လျှင် အနက်ရောင်ဝတ်စုံဝတ်လူသည် ဘာကြောင့်ရယ်မသိ အေးစက်သွားသလို ခံစားလိုက်ရသည်။
သူက သူ၏ မူလစွမ်းအင်ကို အလျင်အမြန် လှုံ့ဆော်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ အနက်ရောင် အကာအကွယ် တစ်ခုကို စုစည်းကာ ကျန်းချန်၏ လက်သီးကို ခုခံရန် ကြိုးစားခဲ့သည်။
သို့သော်လည်း ကျန်းချန်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် စွမ်းအင်သိပ်သည်းခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူနှင့် ယှဉ်နိုင်သည့် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်၏။
ထို့အပြင် ဝေါ်လုံကန်ထဲသို့ ဝင်ရောက်ပြီးနောက် သူ၏ သွေးစွမ်းအားက ထပ်မံ အားကောင်းလာသည်။
ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်။
ယင်းက ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် အများကြီး သက်ဆိုင်သည်။
ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ် ကျင့်စဥ်ကို ထုတ်ဖော်သည့် လူက ခန္ဓာကိုယ်အင်အား ပိုမို အားကောင်းလေ၊ ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်၏ အင်အားသည် အဆပေါင်းများစွာ တိုးလာလေလေပင် ဖြစ်၏။
ကျန်းချန်၏ လက်ရှိ ခွန်အားဖြင့် ထိုက်ရှတိုက်ခိုက်ရေး ခန္ဓာကိုယ်ကို အသုံးပြုသည့် အင်အားသည် အရင်ကကဲ့သို့ မဟုတ်တော့ပေ။
စွမ်းအင်သိပ်သည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လျှင်ပင် "တောင်တန်းနှင့် မြစ်များ လှုပ်ခါစေ" တိုက်ကွက်ကို ပိတ်ဆို့ရန် ခက်ခဲလိမ့်မည် ဖြစ်၏။
သို့ဖြစ်ရာ အကြီးအကျယ် ထိခိုက်ထားခဲ့သည့် အနက်ရောင်ဝတ်စုံဝတ် လုပ်ကြံသူသည် ကျန်းချန်၏ တိုက်ကွက်ကို မည်သို့ ခုခံနိုင်ပါမည်နည်း။
"ဝုန်း"
မမြင်နိုင်သော လက်သီးစွမ်းအားက လေထုကို ဖောက်ထွင်းပြီး အနက်ရောင်ဝတ်စုံဝတ်လူဆီ ပြင်းထန်စွာ ထပ်မံ ကျရောက်သွားသည်။
အနက်ရောင်ဝတ်စုံဝတ်လူ၏ ပတ်ပတ်လည်မှ အနက်ရောင်အကာအကွယ်သည် စက္ကန့်ဝက်ပင် မခံနိုင်ဘဲ ကြေမွသွားခဲ့၏။
ယင်းနောက်တွင် အနက်ရောင်ဝတ်စုံဝတ် လူ၏ ပုံရိပ်သည် မီတာအတော်ဝေးဝေးရှိ တောအုပ်ထဲသို့ တိုက်ရိုက် လွင့်စင်သွားခဲ့ပြီးနောက် ၎င်းထံမှ မည်သည့် လှုပ်ရှားမှုမှ မရှိတော့ချေ။
"အရမ်း သန်မာတာပဲ"
လျိုလင်ကျူးက ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
သူမ၏ နူးညံ့သည့် မျက်နှာထက်တွင် မယုံကြည်နိုင်သည့် အမူအရာများ ဖြစ်ပေါ်နေ၏။
အမြဲလိုလို မာနကြီးသည့် လျိုယင်၏ မျက်ဝန်းသည်လည်း တောက်ပနေခဲ့သည်။
လျိုမိသားစု၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ယောက်အနေဖြင့် လျိုယင်၏ ကိုယ်ခံပညာအပေါ် နားလည်မှုသည် လျိုလင်ကျူးထက် အဆများစွာ သာလွန်သည်။
ထို့ကြောင့် သူမက ကျန်းချန်၏ အစွမ်းအစကို ပို၍ ခံစားနိုင်သည်မှာ အံ့ဩစရာ မဟုတ်ပေ။
သူမနှင့် အသက်အရွယ်တူသည့် ကောင်လေး တစ်ယောက်က ကိုယ်ခံပညာနှစ်မျိုး၏ စစ်မှန်သည့် အဓိပ္ပာယ်ကို သိရှိခဲ့ပြီး ကောင်းကင်အဆင့် ကျင့်စဉ် တစ်ခုကိုလည်း လေ့ကျင့်ထားခဲ့သည်။
လျိုယင်ကို အံ့ဩစေသည့်အချက်မှာ ဤကောင်လေးသည် စွမ်းအင်သိပ်သည်းခြင်း အဆင့်ကိုပင် မရောက်ရှိသေးဘဲ သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့်ဖြင့် တစ္ဆေလူသတ်သမားဂိုဏ်းမှ အနက်ရောင်ဝတ် လူသတ်သမားကို ခပ်လွယ်လွယ် ဇာတ်သိမ်းပေးလိုက်ခြင်း ဖြစ်၏။
ထိုကဲ့သို့ တိုက်ခိုက်ရေး ပါရမီကို စကားလုံးများဖြင့်ပင် ဖော်ပြရန် မလွယ်ပေ။
"ဘုရင်အဆင့် ပါရမီရှင်.. သူ... သူက တကယ်ကို ဘုရင်အဆင့် ပါရမီရှင်ပဲ"
လျိုယင် အံ့သြ တုန်လှုပ်သွားခဲ့သည်။
သူမက ကျုံးကျိုး ကုန်းမြေမှ ဒဏ္ဍာရီလာ ဘုရင်အဆင့် ပါရမီရှင်ကို တစ်ခါမှ မမြင်ဖူးသော်လည်း ဘုရင်အဆင့် ပါရမီရှင်၏ တိုက်ခိုက်ရေးစွမ်းအားကသာ ဤမျှလောက် အစွမ်းထက်နိုင်သည်ဟု တွေးမိခဲ့သည်။
"သခင်မလေး လင်ကျူး.. ဒီမှာ အကြာကြီးနေဖို့ မသင့်တော်တော့ဘူး.. မိုးကြိုးသားရဲကို ယူပြီး ဒီနေရာက ထွက်သွားကြစို့"
မိန်းကလေးနှစ်ယောက် အံ့သြ တုန်လှုပ်နေသည့် အချိန်မှာပင် ကျန်းချန်၏ တည်ကြည်သော အသံသည် သူတို့ကို အသိဝင်လာစေခဲ့သည်။
"အင်း ဒီက အရင် ထွက်သွားကြတာပေါ့"
လျိုလင်ကျူးက အလျင်အမြန် ခေါင်းညိတ်လိုက်၏။
ထို့နောက် သူတို့ သုံးယောက်က မိုးကြိုးသားရဲထံမှ အဖိုးတန်အစိတ်အပိုင်းများကို ရယူပြီး ချင်းလွမ်နယ်မြေ၏ အလယ်ဗဟို၌ရှိသည့် ချင်းလွမ်မြို့ကို ဦးတည်ကာ ခရီးနှင်ခဲ့ကြသည်။
ကျန်းချန်တို့ လက်ရှိ ရောက်နေသည့်နေရာသည် ချင်းလွမ်မြို့နှင့် အရမ်း မဝေးသော်လည်း မဟာရှားနိုင်ငံ၏ တစ်ဝက်ကျော်ကျော် ဝေးသည်။
သို့သော် လျိုမိသားစု၏ သခင်မလေးအနေဖြင့် လျိုလင်ကျူးသည် စတုတ္ထအဆင့်၊ အဆင့်မြင့် ငှက်သားရဲကို အစီးအနင်း အဖြစ် ယူလာသောကြောင့် သဘာဝကျစွာပင် အလွန် အဆင်ပြေခဲ့သည်။
သုံးရက်မပြည့်ခင်မှာပင် ဖီးနစ်ငှက် အတောင်ပံဖြန့်ထားသကဲ့သို့ ခန့်ညားထည်ဝါသော မြို့တစ်မြို့သည် ကျန်းချန်၏ မြင်ကွင်းထဲ၌ ပေါ်လာခဲ့သည်။
ချင်းလွမ်မြို့၊ ချင်းလွမ်နယ်မြေ၏ ဗဟိုမြို့။
ဤနေရာက မဟာရှားနိုင်ငံ၏ အင်ပါယာမြို့ကဲ့သို့ ဖြစ်ပြီး ချင်းလွမ်နယ်မြေတွင် အကြွယ်ဝဆုံးနေရာ ဖြစ်သည်။
ချင်းလွမ်မြို့၌ အင်အားစုပေါင်း ဒါဇင်နှင့်ချီ ရှိ၏။
ဆိုရလျှင် ချင်းလွမ်နယ်မြေ၏ အင်အားကောင်းသော မိသားစု အားလုံးနီးပါးသည် ဤမြို့၌ပင် ရှိနေကြသည်။
အခန်း(၆၁၃) ပြီး၏
အခန်း(၆၁၄)
လျိုမိသားစုသည် ချင်းလွမ်၏ နံပါတ်တစ် မိသားစု ဖြစ်သည်။
ချင်းလွမ်၏ အင်အားအကြီးဆုံး အင်အားစုများထဲမှ တစ်ခုအနေဖြင့် လျိုမိသားစုသည် ချင်းလွမ်၏ အရှေ့ဘက်၌ရှိသည့် ကျယ်ဝန်းသော ဧရိယာကို ပိုင်ဆိုင်ထား၏။
ကျန်းချန်က လျိုလင်ကျူးတို့နောက်ကနေ ချင်းလွမ်မြို့ထဲသို့ လိုက်ဝင်လာပြီး မကြာမီမှာပင် လျိုမိသားစု၏ အိမ်တော်သို့ ရောက်လာခဲ့သည်။
လျိုမိသားစု သခင်မလေး ဖိတ်ကြားထားသည့် ဧည့်သည်အနေဖြင့် ကျန်းချန်သည် သဘာဝကျစွာပင် လျိုမိသားစု၏ ဧည့်သည် ဖြစ်လာပြီး လျိုမိသားစု၏ ဧည့်ဆောင်၌ နေထိုင်ခဲ့ရသည်။
ကျန်းချန်က လျိုအိမ်၌ နေထိုင်ပြီးနောက် လျိုလင်ကျူးကို စန်းဟိုင်ကျွန်းအကြောင်း အသေးစိတ် ပြောပြပေးရန် တောင်းဆိုခဲ့သည်။
စုံစမ်းမှုအချို့ ပြုလုပ်ပြီးနောက် ကျန်းချန်သည် စန်းဟိုင်ကျွန်း အကြောင်း အကြမ်းဖျင်း နားလည်သွားခဲ့သည်။
စန်းဟိုင်ကျွန်းသည် ကျုံးကျိုးကုန်းမြေ မြောက်ပိုင်း၌ ရှိသည့် အပြင်ဘက်ဒေသများထဲမှ တစ်ခုဖြစ်ပြီး ချင်းလွမ် အပါအဝင် နယ်မြေလေးခု ရှိသည်။
ဤနယ်မြေလေးခု၏ အင်အားတစ်ခုစီသည် မြောက်ပိုင်းတောရိုင်းဒေသနှင့် ယှဉ်လျှင် မနိမ့်ကျချေ။
ချင်းလွမ်၏ နံပါတ်တစ် မိသားစု ဖြစ်သည့် လျိုမိသားစုသည် မြောက်ပိုင်းတောရိုင်းဒေသတွင် အင်အားအကြီးဆုံးဖြစ်သည့် နတ်ဓားဂိုဏ်းထက် ပိုမို အားကောင်းသည်။
လျိုမိသားစု၏ မိသားစုခေါင်းဆောင် လျိုရွှယ်ဖုန်းသည် လျိုလင်ကျူး၏ အဖေ ဖြစ်ပြီး သိုင်းသခင်နယ်ပယ် စတုတ္ထအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သည်။
ထို့အပြင် လျိုမိသားစု၏ သိုင်းသခင်နယ်ပယ် ကျင့်ကြံသူ အရေအတွက်သည် နတ်ဓားဂိုဏ်းထက် အရေအတွက် ပိုများသည်။
ထိုကဲ့သို့ မြောက်ပိုင်းတောရိုင်းဒေသကို လွှမ်းမိုးရန် လုံလောက်သည့် မိသားစုမျိုးသည် စန်းဟိုင်ကျွန်း၌ လေးငါးခု လောက် ရှိ၏။
ကျန်းချန်ကို ပို၍ တုန်လှုပ်သွားစေသည့်အရာမှာ လျိုမိသားစုကဲ့သို့ မိသားစုများသည် ကျုံးကျိုးကုန်းမြေတွင်မူ အခြေချရန် မသင့်တော်သည့် အဆင့်အတန်းမျှသာ ရှိခြင်းပင်။
ဆိုရလျှင် လျှိုမိသားစုသည် ကြယ်တစ်ပွင့်အင်အားစု အဆင့်သာရှိသည်။
ကျုံးကျိုးနယ်မြေသည် ကျယ်ပြောသော နယ်မြေ တစ်ခုဖြစ်ပြီး အားနည်းသူကို အားကြီးသူက စားစတမ်း ဥပဒေနှင့် အားကြီးသူကို လေးစားသည့် ဥပဒေက အထူးထင်ရှား၏။
အဓိက အင်အားစုများကြားတွင် အကျိုးစီးပွားအတွက် ယှဉ်ပြိုင်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
အားနည်းသူ၏ ကံကြမ္မာသည် အမြဲတစေပင် အားကြီးသူ၏ လက်ထဲ၌သာ ရှိနေလိမ့်မည်။
အင်အားစုများကို အင်အားအလိုက် ကြယ်ငါးပွင့်ဖြင့် ခွဲခြားထားသည်။
ထိုသို့ ခွဲခြားရာ၌ အရေးကြီးဆုံးအရာမှာ အင်အားစုတွင် ပါဝင်နေသည့် ကျင့်ကြံသူ၏ အဆင့်အတန်းကို ကြည့်ရန်သာ ဖြစ်သည်။
ယေဘုယျအားဖြင့် သိုင်းသခင်နယ်ပယ်၏ နဝမအဆင့် အင်အားကို ပိုင်ဆိုင်သည့် အင်အားစုကို ကြယ်တစ်ပွင့်အင်အားစုဟု ခေါ်ဆိုနိုင်၏။
ကျန်းချန် ယခုရှိနေသည့် စန်းဟိုင်ကျွန်းတွင် သိုင်းသခင်နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ဦးသာ ရှိပြီး ၎င်းမှာ စန်းဟိုင်ကျွန်း၏ ကျွန်းသခင် ဖြစ်သည်။
တစ်နည်းအားဖြင့် ကျွန်းတစ်ခုလုံးရှိ အင်အားစု အားလုံးကို ကြယ်တစ်ပွင့်အင်အားစုဟု သတ်မှတ်နိုင်ပေသည်။
ကြယ်တစ်ပွင့် အင်အားစုထက် ပိုမို အားကောင်းသည့် ကြယ်နှစ်ပွင့် အင်အားစုများသည် နတ်ဝိညာဉ်ဘုရင်အဆင့် ကျင့်ကြံသူများ ရှိသည့် အင်အားစုများ ဖြစ်သည်။
ဥပမာ စန်းလန် အဖွဲ့အစည်းသည် နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူ ရှိ၍ ကြယ်နှစ်ပွင့် အင်အားစု ဖြစ်သည်။
ကြယ်သုံးပွင့်အင်အားစု အနေဖြင့် နတ်သန္ဓေအင်ပါယာ အဆင့် ကျင့်ကြံသူကို ပိုင်ဆိုင်ထားရမည် ဖြစ်၏။
ထိုကဲ့သို့ အင်အားစုသည် ကျုံးကျိုးတိုက်၌ပင် အလွန်ရှားပါးသည်။
မည်သည့် ကြယ်သုံးပွင့် အင်အားစုမဆို ကျုံးကျိုးတိုက်ကို လွှမ်းမိုးနိုင်သည့် အင်အားစုဟု ဆို၍ ရသည်။
လက်ရှိတွင် ကျန်းချန်အတွက် အရေးအကြီးဆုံးအရာမှာ လျိုမိသားစုကို အသုံးပြုပြီး ကြယ်နှစ်ပွင့်အင်အားစု ဖြစ်သည့် စန်းလန် အဖွဲ့အစည်း၏ စစ်ဆေးမှုကို ကျော်ဖြတ်ကာ စန်းလန်အဖွဲ့အစည်း၏ တပည့်တစ်ဦး ဖြစ်လာရန် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဝိညာဉ်ဘုရင် ရှိသည့် ကြယ်နှစ်ပွင့်အင်အားစုများကသာ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကို တည်ဆောက်နိုင်၍ပင်။
ကျန်းချန်က ရှောင်တုလီကို ရှာရန် ယန်ဒီမြို့ကို သွားချင်သည်ဖြစ်ရာ စန်းလန် အဖွဲ့အစည်းသည် သံသယဖြစ်ဖွယ်ရာ မရှိ သူ၏ ပထမဆုံးခြေလှမ်း ဖြစ်သည်။
နောက်တစ်နေ့ မနက်စောစောတွင် လျိုလင်ကျူးသည် ကျန်းချန်ကို လာတွေ့ပြီး ကျန်းချန်ကို လျိုမိသားစု၏ အထူးဧည့်တပည့်အဖြစ် ခန့်အပ်ချင်သည်ဟု ပြောခဲ့သည်။
လျိုမိသားစု၏ တပည့်များကို ဧည့်တပည့်နှင့် မိသားစုတပည့် ဟူ၍ နှစ်မျိုးခွဲခြားထား၏။
အထူးဧည့်တပည့် ဆိုသည်မှာ လျိုမိသားစုတွင် မိသားစု၏ အဓိကတပည့်နှင့် တူညီသော အဆင့်အတန်းဖြစ်သည်။
ကျန်းချန်က လျိုမိသားစု၏ အထူးဧည့်တပည့် ဖြစ်မှသာ စန်းလန် အဖွဲ့အစည်း၏ စစ်ဆေးမှုအတွက် အရည်အချင်း ပြည့်မီမည် မဟုတ်ပါလား။
အခန်း(၆၁၄) ပြီး၏
အခန်း(၆၁၅)
လျိုမိသားစု၏ အစည်းအဝေးခန်းမသို့ လျိုလင်ကျူးနှင့် ကျန်းချန်တို့ ရောက်ရှိလာသောအချိန်တွင် ခန်းမထဲ၌ ပုံရိပ်အချို့ စုဝေးနေကြသည်။
အဓိက နေရာတွင် ထိုင်နေသူမှာ ငွေရောင်ဆံပင်နှင့် အဖြူရောင်ဝတ်စုံဝတ်ထားသည့် အဘိုးအိုတစ်ဦး ဖြစ်သည်။
အဖြူရောင်ဝတ်စုံဝတ် အဘိုးအိုက အသက်ကြီးပုံရသော်လည်း မျက်လုံးများက တက်ကြွလန်းဆန်းနေ၏။
လျိုလင်ကျူး၏ မိတ်ဆက်မှုမှတဆင့် ကျန်းချန်သည် အဖြူရောင်ဝတ်စုံဝတ် အဘိုးအို၏ အထောက်အထားကို သိခဲ့ရသည်။
အဘိုးအိုက လျိုမိသားစု၏ အကြီးအကဲ လျိုရီကျန်း ဖြစ်ပြီး သိုင်းသခင်နယ်ပယ် တတိယအဆင့် ကျင့်ကြံသူ တစ်ဦးဖြစ်သည်။
လျိုရီကျန်း၏ ကျင့်ကြံခြင်း အဆင့်က လျိုမိသားစု ခေါင်းဆောင် လျိုရွှယ်ဖုန်းလောက် မမြင့်မားသော်လည်း လျိုရွှယ်ဖုန်း၏ အဖေနှင့် မျိုးဆက် တစ်ဆက်တည်း ဖြစ်၏။
မကြာသေးမီက လျိုမိသားစု၏ အကြီးအကဲ လျိုရွှယ်ဖုန်းသည် အတွင်းဒဏ်ရာ ပြင်းထန်စွာ ရရှိပြီး တံခါးပိတ်ကုသနေခဲ့သည်။
ထို့ကြောင့် ယခုအခါတွင် လျိုမိသားစု၏ အရေးကြီးသည့် ကိစ္စအားလုံးကို အကြီးအကဲ လျိုရီကျန်းက ယာယီ ဦးဆောင်နေခဲ့၏။
အကြီးအကဲ လျိုရီကျန်းအပြင် အစည်းအဝေးခန်းမထဲ၌ ပုံရိပ်နှစ်ခု ရှိပါသေးသည်။
တစ်ယောက်က လူလတ်ပိုင်းအရွယ် ဖြစ်ပြီး လင်းယုန်မျက်လုံးကဲ့သို့ စူးရှသောအကြည့်ကို ပိုင်ဆိုင်ထားသည်။
ထိုလူက လျိုမိသားစု ခေါင်းဆောင် လျိုရွှယ်ဖုန်း၏ ညီဖြစ်သည့် လျိုရွှယ်ယင်း ဖြစ်၏။
၎င်းက လျိုမိသားစု၏ သိုင်းသခင်နယ်ပယ် အကြီးအကဲများထဲမှ တစ်ယောက်လည်း ဖြစ်သည်။
လျိုရွှယ်ယင်း ဘေးတွင် အသက်၁၈၊ ၁၉ခန့် လူငယ် တစ်ယောက်သည် မတ်တပ် ရပ်နေခဲ့၏။
ထိုလူငယ်၏ ကျင့်ကြံခြင်း အဆင့်က အားမကောင်းဘဲ သဘာဝစွမ်းအားဖွင့်ခြင်း နဝမအဆင့် ကျင့်ကြံသူဖြစ်သည့် ကျန်းချန်ထက်ပင် အားနည်းသည်။
သို့သော်လည်း သူ၏ ရင်ဘတ်၌ ပဉ္စမအဆင့် အလယ်အလတ် သားရဲသခင် တံဆိပ်ပြားသည် အလွန် ထင်ရှားစွာ ရှိနေခဲ့၏။
အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် ပဉ္စမအဆင့် အလယ်အလတ် သားရဲသခင်။
ယင်းမှာ သားရဲယဥ်ပါးခြင်း ပညာရပ်တွင် တကယ်ကို ရှားပါးသော ပါရမီရှင်မျိုး ဖြစ်သည်။
"လင်ကျူး.. သမီး ဘယ်လိုကြောင့် ဒီကို ရောက်လာတာလဲ"
ကျန်းချန်တို့ နှစ်ယောက် ခန်းမတံခါးဝတွင် ပေါ်လာသည့်အချိန်၌ အကြီးအကဲ လျိုရီကျန်း၏ အိုမင်းသော အသံသည် ပဲ့တင်ထပ်လာခဲ့သည်။
"အဘိုးရီကျန်း.. သမီးက လျိုမိသားစုရဲ့ အထူးဧည့်တပည့် အသစ်နဲ့ မိတ်ဆက်ပေးချင်လို့ပါ"
လျိုလင်ကျူးက ချိုသာစွာ ပြုံး၍ လျိုရီကျန်းကို ပြောလိုက်သည်။
"ဒီသခင်လေး ကျန်းချန်က ကျွန်မ မိတ်ဆက်ပေးမဲ့လူပါ"
"လင်ကျူး...မင်းက တုံးအလိုက်တာ.. ငါတို့ လျိုမိသားစုရဲ့ အထူး ဧည့်တပည့် ရာထူးက ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ မင်းမသိဘူးလား.. အထူးဧည့်တပည့် ရာထူးကို တွေ့ကရာလူ ပေးလိုက်လို့ မဖြစ်ဘူး"
လျိုရီကျန်း စကားမပြောမီ နံဘေးတွင် ထိုင်နေသည့် လျိုရွှယ်ယင်းက လျိုလင်ကျူးကို ပြင်းထန်စွာ အော်ငေါက်လိုက်၏။
"ဦးလေးနှစ်.. သမီး အတည်ပြောနေတာ"
လျိုလင်ကျူးက လျိုရွှယ်ယင်းကို လှည့်ကြည့်ကာ မျက်မှောင်ကြုတ်၍ တုံ့ပြန်ပြောဆိုလိုက်သည်။
"သခင်လေးကျန်းရဲ့ သိုင်းပါရမီက ဘုရင်အဆင့် ပါရမီရှင်ထက် မနိမ့်ဘူးလို့ လျှိုယင်က ပြောခဲ့တယ်.. ဒါကြောင့် သခင်လေးကျန်းက လျိုမိသားစုရဲ့ အထူးဧည့်တပည့် ရာထူးအတွက် အရည်အချင်း အပြည့်အဝ ရှိပါတယ်"
"သူက ဘုရင်အဆင့် ပါရမီရှင်တဲ့လား"
လျိုရွှယ်ယင်းက ခနဲ့တဲ့တဲ့ ရယ်မောကာ ပြောလိုက်သည်။
"မင်းက ဘုရင်အဆင့် ပါရမီရှင်ကို မြင်ဖူးလို့လား.. သူသာ တကယ်ပဲ ဘုရင်အဆင့် ပါရမီရှင်ဆိုရင် စန်းဟိုင်ကျွန်းမှာ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ"
ဘုရင်အဆင့် ပါရမီရှင် ဆိုသည်မှာ နာမည်နှင့် လိုက်လျောညီထွေစွာပင် နတ်ဝိညာဉ်ဘုရင် အဆင့် ကျင့်ကြံသူ ဖြစ်ရန် အလားအလာရှိသည့် ပြိုင်ဘက်ကင်း ပါရမီရှင်ကို ဆိုလိုသည်။
ဤကဲ့သို့ ပါရမီရှင်မျိုးသည် ကြယ်နှစ်ပွင့် အင်အားစုများကြားမှာပင် ရှားပါးသည်။
ဤကောင်လေးက တကယ်ပဲ ဘုရင်အဆင့် ပါရမီရှင်ဆိုလျှင် စန်းလန် အဖွဲ့အစည်းက သူ့ကို ရွေးသွားပြီးသား ဖြစ်နိုင်ပြီး သူတို့ လျိုမိသားစုတွင် ပေါ်လာစရာ အကြောင်းမရှိချေ။
"သမီးက ဘုရင်အဆင့် ပါရမီရှင်ကို မမြင်ဖူးဘူး ဆိုတော့ ဦးလေးနှစ်ကရော မြင်ဖူးလို့လား"
လျိုလင်ကျူးက ပြန်မေးလိုက်သည်။
"မမြင်ဖူးဘဲနဲ့ သခင်လေးကျန်းက ဘုရင်အဆင့် ပါရမီရှင် မဟုတ်ဘူးဆိုတာ ဦးလေးနှစ် ဘယ်လိုလုပ်သိတာလဲ"
"လင်ကျူး...မင်းက ဘုရင်အဆင့် ပါရမီရှင်ကို လမ်းဘေးက ဂေါ်ဖီထုပ်များ ထင်နေလား.. တွေ့ကရာလူက ဘုရင်အဆင့်ပါရမီရှင် ဖြစ်နိုင်ပါ့မလား"
လျိုရွှယ်ယင်း၏ မျက်နှာတွင် ဒေါသရိပ်များ ထွက်ပေါ်လာခဲ့၏။
သူက သူ၏ လင်းယုန်ကဲ့သို့ စူးရှသော မျက်လုံးများဖြင့် ကျန်းချန်ကို စေ့စေ့ ကြည့်လိုက်သည်။
သူ၏ အေးစက်သော အသံသည် ခန်းမထဲ၌ ပဲ့တင်ထပ်လာခဲ့၏။
"ကောင်လေး.. ဘုရင်အဆင့် ပါရမီရှင်အဖြစ် ဟန်ဆောင်မနေပါနဲ့.. ဒီနေရာကနေ ထွက်သွားစမ်းပါ... မင်းက ငါတို့ လျိုမိသားစုရဲ့ အထူးဧည့်တပည့်ဖြစ်ဖို့ မထိုက်တန်ဘူး"
အခန်း(၆၁၅) ပြီး၏