← Chapters

ရေစင် (၉)

Vol. 2 Ch. 98

ရေစင် (၉)

Vol. 2 Ch. 98

“ရှင်သူ့ကို ငိုအောင်လုပ်လိုက်တာပဲ။” နာတာရှာက စံအိမ်ထဲက ငိုယိုပြီးထွက်ပြေးသွားတဲ့ ဆယ်ဗီရဲ့ကျောကို ကြည့်နေရင်းကနေ ပြောလိုက်တယ်။

နက်ဆန်ကတော့ ခုံပေါ်မှာထိုင်နေရင်းနဲ့ နာတာရှာ ကမ်းပေးလိုက်တဲ့ဆေးကို မော့သောက်လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်မှာ ကပ်ညိနေတဲ့ ဆိုးယုတ်ခြင်းအငွေ့အသက်က တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတယ်။

“ဆိုးယုတ်ခြင်းအငွေ့အသက်ဆိုတာက နတ်ဘုရားတွေလို တည်ရှိမှုတွေ ဆိုးဝါးတဲ့အတွေးတွေထဲက ရုန်းမထွက်နိုင် ဖြစ်လာမှ ဖြစ်ပေါ်လာတဲ့အရာမျိုးပဲ။ ရဟန်းမင်းကြီးက လူသားတစ်​ယောက်ဖြစ်ပေမဲ့ အာဗျာဟန်နစ်ဒဏ္ဍာရီထဲက နတ်သားတစ်ပါးကို ဖမ်းဆီးပြီး သူ့ကိုယ်ကျိုးအတွက် အသုံးပြုရင်း ဆိုးယုတ်ခြင်းအငွေ့အသက်တွေနဲ့ ဖုံးလွှမ်းအောင် လုပ်နိုင်ခဲ့တယ်။ တကယ့်ကို ပုံမှန်မဟုတ်တဲ့ လူပဲ။”

“ဒါပေမဲ့ ဒီလူက ဘာလို့လူတွေကို ဦးနောက်ဆေးပြီး ဒီလိုမျိုးထိလုပ်ဖို့ ကြိုးစားရတာလဲ။ ဒါက သူတို့ဘုရားကျောင်းရဲ့အယူဝါဒနဲ့လုံးဝ ဆန့်ကျင်ဘက်ပဲ။” နာတာရှာက တွေးတောမရဟန်နဲ့ ပြောလိုက်တယ်။

“ရဟန်းမင်းကြီးက အနာဂတ်မှာဖြစ်လာနိုင်တဲ့ အရာတစ်ခုအတွက် စစ်ပြင်နေတယ်လို့ ငါထင်တာပဲ။ ရိုမြူလက်ဘုရားကျောင်းရဲ့ရဟန်းမင်းကိုင် ကျိုင်းတုတ်က ဘာသာဝင်အရေအတွက်များလေ စွမ်းအားကြီးလေပဲ။”

နက်ဆန်က အခုလိုပြောလိုက်ပြီး ရယ်မောလိုက်ပါတယ်။ နာတာရှာကတော့ နက်ဆန်ရဲ့အသက်မပါလှတဲ့ ရယ်သံကို နားထောင်နေရင်းက လေပူတွေကို မှုတ်ထုတ်လိုက်တယ်။ အဲဒီနောက်တော့...

“အရှင်၊ ဆယ်ဗီကို အခုလိုထွက်သွားခိုင်းလိုက်တာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုလို့ထင်လား။”

ဒီမေးခွန်းကို ရင်ဆိုင်ရတဲ့အချိန်မှာတော့ နက်ဆန်ရဲ့ မျက်နှာပေါ်က အပြုံးဟာ လျင်မြန်စွာနဲ့ အေးခဲပျောက်ကွယ် သွားခဲ့ပါတယ်။ အဲဒီနောက်တော့ သူဟာအထီးကျန်ပြီး ပျင်းရိနေတဲ့ပုံစံနဲ့ မေးကိုလက်နဲ့ထောက်ထားလိုက်တယ်။

“ဘယ်သိပါ့မလဲ... ဒါပေမဲ့ သူသာ ငါ့အနားမှာ ရှိမနေရင် အနည်းဆုံးတော့ ဘုရားကျောင်းက သူ့ကိုရန်ပြုတော့မှာ မဟုတ်ဘူး။”

နာတာရှာက သခင်ဖြစ်သူကို မျက်လုံးမှေးပြီးတော့ ကြည့်လိုက်ပါတယ်။ အစကတည်းက... ဒီမှာဖြစ်ပျက်ခဲ့တဲ့ အရာတွေအားလုံးက ဆယ်ဗီရဲ့ကိုယ်ပိုင်လုံခြုံရေးအတွက် နက်ဆန်လုပ်ခဲ့တဲ့ အရာတွေပါပဲ။

“သူငါ့ကို မုန်းသွားပြီး ငါ့ကိုဘယ်တော့မှ ပြန်လာမရှာရင် အကောင်းဆုံးပဲ။ ဒါမှ သူသာမန်ဘဝလေးနဲ့ဆက်နေနိုင်ပြီး ဘုရားကျောင်းက လိုက်လံသတ်ဖြတ်တာကို မခံရတော့မှာ။”

ကျွီ...

နောက်တစ်ခါ စံအိမ်ရဲ့အဓိကတံခါးကြီး ပွင့်သွားတဲ့ အခါမှာ နက်ဆန်က တံခါးဝကိုကြည့်လိုက်တယ်။ ကြမ်းပြင်မှာ ထိုင်ပြီးငိုနေတဲ့ အိုလီရာနာလည်းပဲ ဝင်လာတဲ့ လူကိုကြည့်လိုက်တယ်။

ရှည်လျားတဲ့ငွေရောင်ဆံသားတွေပေါ်ကို ညနေခင်းနေ အလင်းရောင်က ဖြာကျနေပြီးတော့ သူတပ်ဆင်ထားတဲ့ မျက်မှန်က အလင်းပြန်နေတယ်။ ခါးမှာတော့ ရွှေရောင် ဓားအိမ်နဲ့ဓားရှည်ကို ကိုင်ဆောင်ထားတယ်။ သူဝတ်ထားတဲ့ အဖြူရောင်ဝတ်စုံက သူနဲ့အလွန်လိုက်ဖက်ပြီးတော့ မိုးကောင်းကင်ကနေ ကျဆင်းလာတဲ့ တမန်တော်လို ထင်ရပါတယ်။

“နတ်ဆိုးဝင်စားသူ... ငါက မင်းကို မြို့ထဲကနေပြီး ထွက်ပြေးသွားပြီထင်နေတာ။”

နက်ဆန်က အဲဒီလူကိုကြည့်လိုက်တယ်။ ဘုရားကျောင်းရဲ့ နံပါတ်တစ်သူတော်စင် ဆားဗီးရပ်မှန်း ချက်ချင်းမှတ်မိ သွားပြီးတော့ အေးစက်စွာနဲ့ပြုံးလိုက်ပါပြီ။

“ငါထွက်ပြေးရင်တောင်မှ မင်းက ရေဆုံးမြေဆုံးလိုက်ပြီး တိုက်ခိုက်ဦးမှာပဲမဟုတ်လား။”

နက်ဆန်က ဆားဗီးရပ်ရဲ့ဓား​ကို စိုက်ကြည့်လိုက်တယ်။ အဲဒီဓားကနေ ကြီးမားတဲ့စွမ်းအင်တွေ ဖြာထွက်နေပြီး စံအိမ်တစ်ခုလုံးမှာ မြင့်မြတ်တဲ့အငွေ့အသက်တွေက ပြန့်နှံနေတယ်။

“ငါ့ဓားက တခြားနတ်တစ်ပိုင်းတွေကိုသတ်တိုင်း ပိုပြီး စွမ်းအားကြီးလာတယ်။ မင်းလို ရှေးဦးနတ်ဘုရားကြီး တစ်ပါးရဲ့သားတော်ကို သတ်နိုင်မယ်ဆိုရင် အနိုင်ရသူဖြစ်ဖို့ ဘာပြဿနာမှမရှိတော့ဘူး။”

ဆားဗီးရပ်က ပုံမှန်လေသံနဲ့ ပြောလိုက်ပါတယ်။ သူ ဒီနေရာကိုရောက်လာရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က နက်ဆန်ကိုသတ်ဖြတ်ဖို့အတွက်ပါ။ နက်ဆန်က ရဟန်းမင်းကြီးကို လုပ်ကြံဖို့ကြိုးစားလို့ တုံ့ပြန်နေတယ်လို့ထင်ရပေမဲ့ ဒါက အကြောင်းပြချက် တစ်ခုသက်သက်ပါပဲ။

“နေဝင်တော့မယ်...” နက်ဆန်က ပြောလိုက်ပြီးတော့ ထိုင်ရာကနေ ထလိုက်တယ်။ ငိုနေတဲ့ အိုလီရာနာလည်း နက်ဆန်နောက်ကို ပြေးဝင်ပြီးတော့ တိုက်ခိုက်ဖို့အတွက် အသင့်ပြင်တယ်။ နာတာရှာကလည်း အလားတူပါပဲ။

“မင်းက နေ့ခင်းကြောင်တောင်မှာတောင် သူတော်စင် နှစ်ယောက်လက်ကနေ လွတ်အောင်ပြေးနိုင်တယ်။ ညဖက် ဆိုရင် ငါ့ကိုယှဥ်နိုင်မလား သိချင်မိတယ်။”

ဆားဗီးယပ်က ဓားကိုဓားအိမ်ထဲကနေ ဆွဲထုတ်တယ်။ နက်ဆန်ရဲ့လက်ထဲမှာလည်း နာခံချင်ပုံမပေါ်တဲ့ ဆေဘာဓားတစ်လက် ပေါ်လာပြီး ဆားဗီးယပ်ရဲ့ဓားကို အသာအယာခုခံလိုက်တယ်။

ထန်း...

ဓားနှစ်လက်က ထိခတ်သွားပြီး မီးပွားတွေ လွင့်စင် ထွက်ပေါ်လာတယ်။ နှစ်ယောက်လုံး နောက်ပြန်ဆုတ် လိုက်ရပြီး ဆားဗီးယပ်ကခြေတစ်လှမ်း၊ နက်ဆန်က ခြေနှစ်လှမ်းပါ။

“တစ္ဆေနီတစ်ကောင်ကို ဓားအဖြစ်ပြောင်းထားတာလား။ အားကောင်းသားပဲ၊ ဒါပေမဲ့ မြင့်မြတ်တဲ့ဓားကိုတော့ လိုက်မီဖို့ အဝေးကြီးလိုသေးတယ်။”

ဆားဗီးယပ်ရဲ့ဓားက နေတစ်စင်းလိုမျိုး ရွှေရောင် အလင်းတွေနဲ့တောက်ပလာတယ်။ နာတာရှာကတော့ ဆားဗီးယပ်က နက်ဆန်ကိုတိုက်ရိုက်တိုက်ခိုက်မယ့် အခွင့်အရေးမျိုးကို မပေးလိုတော့ပါဘူး။ ဒါကြောင့် မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။

ရွှမ်း... ရွှမ်း... ရွှမ်း...

လေဓားချက်တွေက ဆားဗီးယပ်ကိုဖိနှိပ်ထားတယ်။ ဆားဗီးယပ်က သာသာယာယာရှောင်ရှားရင်းနဲ့ ပြုံးနေ လိုက်ပါတယ်။

“ဆီနိတ်တာတစ်ယောက်ကပါ မင်းကို ကူညီပေးနေတာလား။ မဟုတ်ဘူး၊ အဲဒါက မင်းအသက်သွင်းထားတဲ့ ဖုတ်ကောင်ဆိုတော့ မင်းကိုယ်တိုင်ရဲ့စွမ်းအားလို့ ပြောရမှာပဲ။”

ဟား...

ဆားဗီးယပ်က တစ်ချက်ကြုံးဝါးလိုက်တယ်။ ရွှေရောင် ဓားအလင်းတန်းတွေက ဓားကနေဖယ်ခွာပြီး ဓားအလင်း နှစ်ရာကျော် လေထုထဲမှာဖြစ်တည်လာတယ်။ ဓားအလင်း ပေါင်းမြောက်မြားစွာက နာတာရှာရဲ့လေဓားချက်တွေကို တန်ပြန်ချေဖျက်လိုက်ပြီး နက်ဆန်နဲ့နာတာရှာတို့ဆီကို ဆက်တိုးလာတယ်။

“သတိထား...” အိုလီရာနာက ရှေ့တက်လာပြီး သူ့ရဲ့ဆံပင်တွေကို ဖြန့်လိုက်ကာ ကွန်ယက်တစ်ခုသဖွယ် ရက်လုပ်လိုက်ပြီး ဓားအလင်းတန်းတွေရန်က ကာကွယ် ပေးလိုက်ပါတယ်။

ဘုန်း... ဘုန်း... ဘုန်း...

ဓားအလင်းတွေက အိုလီရာနာရဲ့ဆံပင်တွေကို ဖြတ်ပစ် နိုင်တယ်ဆိုပေမဲ့ သစ်နွယ်သဖွယ်ဆံနွယ်တွေက များပြား လွန်းတဲ့အတွက်ကြောင့် ရှေ့ဆက်တိုးမလာနိုင်တော့ဘူး။ ရန်သူ့တိုက်စစ် ရပ်သွားတာကိုအခွင့်ကောင်းယူပြီးတော့ နာတာရှာက သူ့ရဲ့အတောင်ပံတွေကိုဖြန့်လိုက်တယ်။ နက်ဆန်ကလည်း သူ့လက်ထဲက ဆေဘာကို နာတာရှာဆီ ကမ်းပေးလိုက်တယ်။

“သခင့်အတွက် ဒီလူ့ရဲ့ခေါင်းကို ဖြတ်ယူလာပေးပါရစေ။”

ဖလက်...

နာတာရှာက အတောင်ပံတွေကိုဖြန့်ကာ ဆေဘာဓားကို ကိုင်ဆောင်ထားရင်း ဆားဗီးယပ်ရှေ့မှာပေါ်လာတယ်။ ဆားဗီးယပ်က ပြုံးနေဆဲဖြစ်ပြီးတော့ သူ့ရဲ့ဓားကို ရင်ဘတ်ရှေ့မှာ ကန့်လန့်ထားလိုက်ကာ ရန်သူ့တိုက်ကွက်ကို အသင့်စောင့်တယ်။

နာတာရှာရဲ့ခန္ဓာကိုယ်ကိုတော့ လေဓာတ်သဘာဝက ရစ်ပတ်ထားပြီး အလွန်အမင်းကိုမြန်ဆန်နေပါတယ်။ နာတာရှာက ဓားကိုသေချာကိုင်ပြီး စလွယ်သိုင်းပုံစံ ခုတ်ချလိုက်တယ်။ ဆားဗီးယပ်ကလည်း သူ့ပခုံးကို ဦးတည်လာတဲ့ စလွယ်သိုင်းခုတ်ချက်ကို ကန့်လန့်ဖြတ် ဓားချက်တစ်ချက်နဲ့ ခုခံလိုက်ပြီးတော့...

“ အမှောင်အိန်ဂျယ်က ဓားရေးမဆိုးဘူးပဲ။”လို့ ပြောလိုက်တယ်။ နောက်တော့ သူက တန်ပြန်ဓားကွက် များစွာကိုထုတ်ဖော်လိုက်တယ်။ နာတာရှာကလည်းပဲ ဆက်လက်ဖိအားပေးဖို့အတွက် ဓားချက်ပေါင်းများစွာကို စက္ကန့်အနည်းငယ်အတွင်းမှာပဲ လိုက်လံထုတ်ဖော်တယ်။

ခလွှမ်း..... ထောက်...

အခန်းထဲမှာရှိနေတဲ့ ပန်းအိုးတွေ၊ သစ်သားခုံတွေနဲ့ နံရံမှာကပ်ထားတဲ့ ပန်းချီကားတွေဟာ သူတို့နှစ်ယောက်ရဲ့ ဓားချက်တွေကြောင့် ပိုင်းဖြတ်ခံရပြီး ပျက်စီးကုန်တယ်။ နံရံတချို့မှာတောင် ဓားအစင်းရာတွေပေါ်လာပြီး နံရံတွေပါ ပြိုကျပျက်စီးတော့မလိုပါပဲ။

ရွှတ်...

နာတာရှာရဲ့စစ်ယူနီဖောင်းကော်လံက ဆားဗီးယပ်ရဲ့ ဓားချက်ကြောင့် ပြတ်ထွက်သွားတယ်။ လည်ပင်းမှာ ဓားဒဏ်ရာခပ်တိမ်တိမ်တစ်ခု ပေါ်လာပြီးနောက်မှာ နာတာရှာက မျက်စိကိုမှေးလိုက်တယ်။ သူသာ ဖုတ်ကောင် မဟုတ်ဘဲ သာမန်လူသာဆိုရင် အဲဒီဓားချက်ကြောင့် သွေးတွေစိမ့်ထွက်ပြီး သေနေလောက်ပါပြီ။

“ဟားဟား... ဘယ်သူက ဓားရေးပိုသာလည်းဆိုတာ အသိသာကြီးပဲ။”

ဆားဗီးယပ်က ပျက်ရယ်ပြုလိုက်တယ်။ သူ့ကိုယ်ပေါ်မှာ ဘာဒဏ်ရာမှရှိမနေဘူး။ သူက သူ့ကိုဆက်ပြီးတော့ ဖိနှိပ် မထားနိုင်တော့တဲ့ နာတာရှာဆီ ဖိလိုက်ဖို့ပြင်ပေမဲ့ သစ်နွယ် ပေါင်းများစွာက သူ့ခြေထောက်တွေကို ရစ်ပတ်ထားတာ သတိထားမိလိုက်တယ်။

“မင်း...” ဆားဗီးယပ်က အိုလီရာနာကို မကျေမနပ်နဲ့ ကြည့်လိုက်ပြီး သူ့ကိုရစ်ပတ်ထားတဲ့ နွယ်ပင်တွေကို ဓားအလင်းတွေနဲ့ ပိုင်းဖြတ်ပစ်လိုက်တယ်။ နောက်တော့ သူက အိုလီရာနာကို ဓားအလင်းနဲ့ပိုင်းဖြတ်ဖို့အတွက် ကြိုးစားလိုက်ပေမဲ့ အရိပ်နက်ကြီးတစ်ခုက သူ့နောက်မှာ ထွက်ပေါ်လာတယ်။

“မင်းငါ့ကို မေ့ထားတယ်လို့ မထင်ဘူးလား။”

နက်ဆန်ရဲ့နတ်ဘုရားခန္ဓာကိုယ် အရိပ်နက်ကြီးက ဆားဗီးရပ်ကို ဖမ်းကိုင်ထားလိုက်တယ်။ ဆားဗီးရပ် လှုပ်မရဖြစ်သွားပြီး တစ္ဆေစုံတွဲဓားကိုကိုင်ထားတဲ့ နက်ဆန်ကတော့ ဒါကိုအခွင့်ကောင်းယူကာ ချက်ချင်းပဲ ပြေးတက်လာခဲ့ပါပြီ။ သူ့ရဲ့ရည်မှန်းချက်ကတော့ ရန်သူ့လည်ချောင်းသွေးကို ဖောက်ထုတ်ပစ်ဖို့ပါ။

“အာ... မင်းတို့က ငါထင်ထားတာထက် ပိုစွမ်းတာပဲ။”. ရုတ်တရက် ဆားဗီးရပ်ရဲ့ခန္ဓာကိုယ်ကနေပြီး ရွှေရောင် စွမ်းအားတွေက မီးတောက်တစ်ခုလိုမျိုး ထွက်ပေါ်လာခဲ့ ပါပြီ။ နက်ဆန်ရဲ့အရိပ်ခန္ဓာလည်း လောင်ကျွမ်းခံရပြီး ဆားဗီးယပ်ကို လွှတ်ပေးလိုက်ရတယ်။

ဆားဗီးယပ်ကတော့ သာမန်အတိုင်းပဲ မြေပြင်ပေါ်ကို သူခြေထောက်ပြန်ထိမိချိန်မှာ ပြုံးလိုက်ပါတော့တယ်။

“မင်းတို့က ငါ့ဓားရဲ့အထူးအစွမ်းကို ထုတ်သုံးရအောင် လုပ်နိုင်တဲ့အထဲမှာ အမြန်ဆုံးအုပ်စုလို့ ပြောရမယ်။”

နာတာရှာက နက်ဆန်နောက်ပြန်ဆုတ်နိုင်ဖို့အတွက်နဲ့ လေဓားချက်တွေကိုသုံးပြီး ဆားဗီးရပ်ကိုဖိနှိပ်ဖို့ ကြံတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ ဆားဗီးရပ်က ရှောင်ဖို့တောင်မှ မစဥ်းစားဘူး။ လေဓားတွေက သူ့ခန္ဓာကိုယ်ကို ထိခတ် သွားခဲ့ပေမဲ့ ပျက်ပြယ်သွားရုံသာရှိပြီးတော့ သူ့ကို ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။

ဆားဗီးရပ်ကတော့ ပြုံးနေတယ်။ ပြုံးနေရင်းနဲ့ပဲ သူက ပုံပြင်လေးတစ်ပုဒ်ကို စတင်ပြောပြလိုက်တယ်။

“တစ်ခါတုန်းက တမန်တော်အဗျာဟန်ကို ဒိဋ္ဌိကိုးကွယ်သူ ဂိုဏ်းသားတွေက မီးတင်ရှို့ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ တမန်တော်ဟာ ဘုရားသခင်ကိုသက်ဝင်ယုံကြည်တဲ့အတွက် လောင်ကျွမ်းခြင်းမခံရဘဲ မီးပုံထဲမှာ အေးဆေးတည်ငြိမ် စွာနဲ့နေနိုင်ခဲ့တယ်။”

ဆားဗီးယပ်ကို ရွှေရောင်မီးတောက်က တောက်လောင် နေတယ်။ သူဟာ အေးဆေးတည်ငြိမ်စွာနဲ့ ရှိနေပြီးတော့ နက်ဆန်တို့ရဲ့တိုက်ကွက်တွေအားလုံးကို သူက လစ်လျူ ရှုထားနိုင်တယ်။

“အဲဒီဓားက ပြဋိဟာဓားပဲ။ အဗျာဟန်နစ်ဘာသာရေးမှာ ပါဝင်တဲ့ တမန်တော်အားလုံး ပြသခဲ့တဲ့ အံ့ဖွယ်စွမ်းအားတွေကို ပြန်ပြီးပြသနိုင်တဲ့ဓား။”

နက်ဆန်က ချက်ချင်းပဲ ဓားရဲ့စွမ်းအားကို အသိအမှတ် ပြုနိုင်သွားတယ်။ ဆားဗီးယပ်ကတော့ ပိုပြီးကျယ်ကျယ် လောင်လောင်ရယ်မောလာပါတော့တယ်။

“ဟုတ်တယ်... ဒါကြောင့်၊ မင်းတို့က နတ်တစ်ပိုင်းတွေ ဖြစ်နေရင်တောင်မှ ငါ့ကိုမနိုင်နိုင်ဘူး။ ငါက တမန်တော်အားလုံးရဲ့စွမ်းအားကို ပိုင်ဆိုင်ထားတဲ့သူမလို့ပဲ။”

ဆားဗီးယပ်က နောက်တစ်ခါဓားကို ဝေ့ယမ်းလိုက်တယ်။ ကြီးမားလွန်းတဲ့စွမ်းအားတွေပါဝင်တဲ့ ဓားအလင်းကြီး ဖြစ်ပေါ်လာပြီးတဲ့နောက်မှာတော့ နက်ဆန်ဟာ တန်ပြန် တိုက်ခိုက်ဖို့အတွက် မတွေးဝံ့တော့ပါဘူး။

“ဒီနေရာကနေ ထွက်ကြစို့။” နက်ဆန်က ပြောလိုက်တော့ နာတာရှာရဲ့ဆေဘာဓားကနေ မြူခိုးတွေထွက်လာပြီး စံအိမ် တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။

“မင်းတို့ ငါ့လက်ကနေ ပြေးလွတ်မယ်ထင်နေတာလား။”

ဆားဗီးရပ်က ဒေါသနဲ့စံအိမ်တစ်ခုလုံးကို ဓားအလင်းနဲ့ ပိုင်းချလိုက်တယ်။

ဘုန်း....

ဆီနိတ်တာမာရီယာရဲ့စံအိမ်ကြီးက အလယ်တည့်တည့်က အပိုင်းခံလိုက်ရပြီး ဓားအလင်းတန်းကြီးက ခြံဝင်းအပြင် ကျော်ထွက်သွားကာ ခြံဝင်းအပြင်ဘက်က ကျောက်သား မြေပြင်တွေကိုပါ ပိုင်းဖြတ်သွားတယ်။ အဲဲဒီနောက်တော့ မြေပြင်အလွန်မှာရှိနေတဲ့ ပင်လယ်ပြင်ကြီးတစ်ခုလုံးကိုပါ ပိုင်းချသွားပြီး ဓားချက်ရှိနေတဲ့နေရာမှာ အတော်ကြာတဲ့ အထိ ပင်လယ်ရေတွေက ပြန်ပြည့်မလာတော့ဘူး။ မြင့်မြတ်တဲ့ တစ်စုံတစ်ရာရှိနေတဲ့အလား ရေတွေက အဲဒီနေရာကို ရှောင်ရှားလို့။

“သေစမ်း... ဒီကောင် ထွက်ပြေးသွားပြီ။ မိုးဆက်ရဲ့ ပင်လယ်ပိုင်းခြားခြင်းက အလကားဖြစ်သွားပြီ။”

ဒါပေမဲ့ သူ့မျက်နှာပေါ်မှာအပြုံးက ချက်ချင်းပြန်ပြီး ရောက်လာတယ်။ နောက်တော့ သူ့ခန္ဓာကိုယ်က ရုတ်တရက် ဝေဝါးသွားပြီး လျင်မြန်စွာ စတင်ရွေ့လျားတယ်။

...

နက်ဆန်က ပိန်းပိန်းပိတ်မှောင်သွားပြီဖြစ်တဲ့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ ညအချိန်ဟာ သူအုပ်စိုးတဲ့အချိန်ပါ။ ညသာ သူ့ဘက်မှာရှိနေရင် အရင်က မရှုံးနိမ့်နိုင်ဘူးလို့ ခံစားရပေမဲ့ အခုတစ်ခါမှာတော့ ကွဲပြား ခြားနားစွာနဲ့ ဖိအားတစ်ခုကိုခံစားနေရတယ်။

“သခင် အချိန်မီအရိပ်ခရီးသွားနိုင်ခဲ့လို့ပဲ။ မဟုတ်ရင် အားလုံးသေနေလောက်ပြီ။” အိုလီရာနာက အခုထိ ကြောက်လန့်နေသေးပုံနဲ့ ပြောလိုက်တယ်။ အခုသူတို့က ကမ်းစပ်တစ်နေရာက သဲသောင်ပြင်ပေါ် ရောက်နေတာ ဖြစ်ပြီးတော့ တူရကီပိုင်နက်အပြင်ကို ရောက်လာခဲ့ပြီ။ သူတို့က မိုင်ပေါင်းတစ်ရာနီးပါးဝေးတဲ့ ဂရိကမ်းစပ် တစ်နေရာကို ရောက်နေခဲ့တာပါ။

“ဒီလောက်ဝေးရုံနဲ့ အဆင်ပြေမယ်လို့ ငါမထင်ဘူး။ မြန်မြန်ပြင်သစ်အထိ ပြန်သွားရမယ်။”

နက်ဆန်က နတ်ဘုရားခန္ဓာကိုယ်အသုံးလွန်ထားလို့ ဝန်ပိနေတဲ့ သူ့ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲနေရင်း ထရပ်လိုက်တယ်။ သူ့တစ်ကိုယ်လုံး ဒယိမ်းဒယိုင် ဖြစ်နေပြီး သွေးတွေကိုအန်ထုတ်လိုက်ရပါတယ်။ နာတာရှာကတော့ သူ့ကို ဖေးမလို့ပေါ့။

“အိုး... မင်းက စက္ကန့်အနည်းငယ်အတွင်းမှာပဲ မိုင်တစ်ရာကျော် ခရီးသွားနိုင်တယ်လား။ အံ့ဩစရာပဲ။”

ရုတ်တရက် လေးယောက်မြောက်လူရဲ့စကားသံကို ကြားလိုက်ရတဲ့အတွက် နက်ဆန်က အသံလာရာ ပင်လယ်ဘက်ကို ရပ်လိုက်တော့ ရေပြင်မှာ မတ်တပ်ရပ်နေတဲ့ ဆားဗီးရပ်ကို မြင်လိုက်ရတယ်။ အဲဒီလူက ခါးက ဓားရိုးပေါ်လက်တင်ထားပြီးတော့ သူတို့ဆီကို ဖြည်းဖြည်းချင်းစီ လျှောက်လာနေပါတယ်။

“မင်းသိလား... မင်းကိုလိုက်မီဖို့၊ ငါစွမ်းအားသုံးခုလောက် သုံးခဲ့ရတယ်။ တမန်တော် အဇီခီရဲ့အမြင်ကိုငှားသုံးပြီး တမန်တော်အလိုင်ဂျက်လိုပြေးလိုက်ရတယ်။ ဒါတောင် ကြားထဲမှာ ရေတွေခံနေလို့ ခရိုက်လိုမျိုး ပင်လယ်ပြင်မှာ လမ်းလျှောက်နေရသေးတယ်။”

နက်ဆန်က လက်ရှိအခြေအနေကြောင့် မျက်မှောင် ကြုတ်လိုက်ပါပြီ။ “ဒီကောင့်လက်ထဲမှာ ဓားရှိနေသမျှ ငါတို့သူ့ကို အနိုင်မယူနိုင်ဘူး။”

All Chapters