← Chapters

အမှတ်သုံးအစ်ကိုလား။ အမှတ်သုံးအစ်မတော်လား

Vol. 1 Ch. 14

အမှတ်သုံးအစ်ကိုလား။ အမှတ်သုံးအစ်မတော်လား

Vol. 1 Ch. 14

ချန်ဖေးနှင့်သူ၏သူငယ်ချင်းများသည် အခြားလူများဒုက္ခရောက်နေသည်ကို ကြည့်ရလျှင်ပျော်ရွှင်နေတတ်ကြသူများဖြစ်သည်။ ပိုင်ရှောင်ချန်းဖြစ်ပျက်နေပုံကိုကြည့်ကာ ကောင်းကင်မှ နတ်ကောင်းနတ်မြတ်များက နောက်ဆုံးတော့ ဥပဒေနှင့်အညီ ဒဏ်ခတ်လေပြီ ဆိုပြီးတွေးနေကြလေသည်။ နတ်မီးလျှံစမ်းသပ်ပွဲအတွက် တာဝန်ပေးခံထားရသော အပြင်ဘက်စည်းဂိုဏ်းသား ၂ယောက်ကမူ အမုန်းတရားများပြည့်နေသော အကြည့်ဖြင့်ကြည့်နေကြသည်မှာ အခြားဘယ်အစေခံကမှ သူတို့ကိုထိုကဲ့သို့မုန်းတီးသည်အထိ မလုပ်ထားသကဲ့သို့ပင်။

" ကျွန်တော်မသွားချင်ဘူးဗျာ " ဟု မြေပြင်ပေါ်သို့ တွဲရရွဲ ကျသွားသော ပိုင်ရှောင်ချန်းက ကြားရသူတိုင်း ငိုကြွေးစေလောက်မည့် အသံနှင့် ငိုယိုပြောလေသည်။

လမ်းအောက်ဖက်တွင်မူ အစ်ကိုဖက်တီးကျန်းနှင့် အမှတ်သုံး ဖက်တီးဟီက လီချင်းဟောက်ကိုမြင်လိုက်သဖြင့် တုန်လှုပ်သွားလေသည်။ သူတို့ကိုသတိမထားမိစေရန် လေးခါင်းများကိုငုံ့ထားလိုက်ကြသည်။

" အမှတ်ကိုး ဂိုဏ်းတူညီလေးရာ။ ငါလည်း မကယ်ချင်တာမဟုတ်ပါဘူးကွာ။ ဒါပေမဲ့အခုက မွှေးရနံ့တိမ်တောင်ရဲ့ တောင်ထိပ်သခင်လာမှတော့ ငါတို့လည်း ဘယ်တတ်နိုင်မလဲ။ အပြင်စည်းဂိုဏ်းထဲမှာ သည်းခံနေရရုံကလွဲပြီး တစ်ခြားရွေးချယ်ခွင့်မရှိတော့ဘူးကွ။" ဟု ဖက်တီးကျန်းကြီးက သက်ပြင်းချရင်းဆိုကာ မသိမသာလေး ရှောင်ထွက်ပြေးရန် ကြိုးစားနေလေသည်။ သို့သော်လည်း ထိုအချိန်တွင် လီချင်းဟောင်၏ အသံမှာ သူ့နားသို့ ရောက်လာတော့သည်။

"မင်းတို့၂ယောက်လည်း လိုက်ခဲ့ရမှာပဲ။"

ဖက်တီးကျန်းမှာ ထိုစကားများကိုကြားလိုက်သည်နှင့်တပြိုင်နက် ကြီးမားသောအားတစ်ခုက သူနှင့် အမှတ်သုံး ဖက်တီးဟီကို လေပေါ်သို့ဆွဲခေါ်သွားလေသည်။ တောင်ထိပ်သို့ဆွဲအတင်မခံရခင် သစ်ပင်တစ်ပင်ကိုလှမ်းဆွဲဖို့ရာ အချိန်ပင်မရလိုက်ချေ။

"ကျွန်တော်လည်းမသွားချင်ဘူးလေဗျာ။အပြင်ဘက်စည်းဂိုဏ်းက လှေကားတွေကိုတက်ရမဲ့အစား စားဖိုဆောင်ထဲမှာပဲ သေလိုက်မယ်။" ဟု ဖက်တီးကျန်းက ပိုင်ရှောင်ချန်းထက် ပို၍ သနားစရာကောင်းသောအသံဖြင့် အော်ငိုလိုက်လေသည်။ သူ့အသံမှာ သနားစရာကောင်းလွန်းလှသည်မှာ ပိုင်ရှောင်ချန်းပင်မော့ကြည့်၍ ငိုဖို့မေ့သွားသည်အထိပင်။

အမှတ်သုံးဖက်တီးဟီကမူ ဘာမှမပြောပဲ တောင်အောက်ခြေသို့ စိတ်ပျက်လက်ပျက် ငူငူငိုင်ငိုင်ကြီး ငေးကြည့်နေလေသည်။

ဖက်တီးကျန်း၏ သနားကမားအော်ငိုသံကို လီချင်းဟောက် ကြားသောအခါ မျက်နှာမှာမဲမှောင်သွားပြီး

"တိတ်စမ်းကွာ။" ဟုအော်လိုက်လေသည်။

ချက်ချင်းပင် ပိုင်ရှောင်ချန်းက တည်ကြည်သောမျက်နှာပေးဖြင့် မတ်တတ်ထရပ်လိုက်လေသည်။ စောစောကလို မှုန်ကုပ်ကုပ်ပုံစံမျိုးမဟုတ်တော့ပဲ ဆန့်ကျင်ဘက်ပုံစံသို့ချက်ချင်းပြောင်းသွားသည်မှာ မျက်နှာချင်းဖြုတ်လဲလိုက်သကဲ့သို့ပင်။

ဖက်တီးကျန်းလည်း တုန်လှုပ်စွာကြည့်လိုက်ပြီး ချက်ချင်းမတ်တပ်ထရပ်လိုက်လေသည်။ သမုဒ္ဒရာကြီးတစ်ခုက သူ့ကိုလွှမ်းချုံတော့မည့်အလား ဖိစီးမှုများကိုခံစားနေရလေသည်။ ပိုင်ရှောင်ချန်းအော်ငိုတုံးက ဘာမှမပြောပဲ သူ့အလှည့်ရောက်မှ သူအော်ရသည့်အကြောင်းအရင်းကို အဖြေထုတ်မရဖြစ်နေလေသည်။

"ကျန်းတဟိုင်။ ဒီနေ့ကပြီး မင်းက ခရမ်းဒယ်အိုးတောင်ရဲ့ အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်သွားပြီ။"

"ချန်ကျင်းရုံ။ မင်းကတော့ မြစိမ်းတောင်ကိုသွားရမယ်။"

"ပိုင်ရှောင်ချန်း။ မင်းကတော့ ဒီမှာ မွှေးရနံ့တိမ်တောင်ရဲ့ အပြင်စည်းဂိုဏ်းသားအဖြစ် ငါနဲ့နေခဲ့ရမယ်။"

လီချင်းဟောက်က ပိုင်ရှောင်ချန်းကိုကြည့်ရင်း ခေါင်းကိုက်သောဝေဒနာတစ်ခုကို ခံစားလိုက်ရလေသည်။ စားဖိုဆောင်အဖွဲ့ကြောင့်ဖြစ်ပျက်နေသည့်အရာများအကြောင်း သတင်းကြားသည့်အချိန်တွင် သူက တံခါးပိတ်ကာ တရားထိုင်စပြုနေပြီ ဖြစ်သည်။

ဂိုဏ်းအကြီးအကဲများသည်ပင်လျှင် ထိုကိစ္စအကြောင်းဆွေးနွှေးနေကြလေသည်။ သူတို့အမြင်တွင် ဖြစ်ပျက်နေသောအရာများမှာ ရိုးအီကာအပ်ကြောင်းထပ်နေသော ကျင့်ကြံချင်းအတွက် အပန်းဖြေစရာ ပျော်ရွှင်မှုတစ်ခုဟုသာ သတ်မှတ်ထားလေသည်။ မည်သူကမှ ပြစ်ဒဏ်ချမှတ်ရန် စိတ်ကူးမရှိကြချေ။

သို့သော်လည်း ထိုကဲ့သို့ အဆုံးမရှိဆက်လုပ်နေမည်ကို လက်မခံနိုင်၍သာ လီချင်းဟောက် ကိုယ်တိုက်လာ၍ အရှုပ်များကိုရှင်းရခြင်းဖြစ်လေသည်။

သူစကားပြောပြီးနောက် အင်္ကျီလက်ကို ခါလိုက်ကာ ချန်ဖေးနှင့်အခြားလူ၂ယောက်ကို မသိကျိုးကျွန်ပြု၍ မွှေးရနံ့တောင်ထိပ်ရှိ တစ်စုံတစ်ခုကို မော့ကြည့်လိုက်လေသည်။

ပိုင်ရှောင်ချန်းလည်းခါးသီးစွာသက်ပြင်းချပြီး အစ်ကိုဖက်တီးကျန်းနှင့် ဖက်တီးအမှတ်၃ဟေကို နှုတ်ဆက်စကားများပြောလိုက်လေသည်။ ထို့နောက်ရုတ်တရက် တစ်ခုခုကိုသတိရသွားဟန်ဖြင့် ထူးဆန်းသောမျက်နှာပေးနှင့် ဖက်တီးအမှတ်၃ဟေ ကိုလှည့်ကာကြည့်၍ " ဂိုဏ်းတူအစ်ကို။ အစ်ကို့နာမည်အရင်းက ချန်ကျင်းရုံလား။ ဟားဟားဟား။ အတော်လှတဲ့နာမည်ပဲ။ မသိရင် ခပ်လန်းလန်းစကီလေးရဲ့နာမည်နဲ့တောင်တူတယ်။" ဟု ပြောလိုက်လေသည်။

ဖက်တီးအမှတ်သုံးဟီလည်း အေးစက်စက်ဖြင့် စိတ်ပျက်လက်ပျက် နှာမှုတ်ထုတ်လိုက်ကာ တခြားဖက်သို့လှည့်၍ တောင်အောက်သို့ဆင်းသွားလေတော့သည်။

"သူဘာဖြစ်နေတာလဲ။" ဟု ပိုင်ရှောင်ချန်းက ဖက်တီးကျန်းကို ကြည့်ကာမေးသည်။

ဖက်တီးကျန်းက သူ့ကိုထူးဆန်စွာပြန်ကြည့်လိုက်လေသည်။ ထို့နောက် သူ့ပုခုံးကိုပုတ်လိုက်ကြီး တည်ကြည်လေးနက်သောအသံဖြင့်

" အမှတ်ကိုးဂိုဏ်းတူညီလေးရေ။ မင်းကိုမပြောရသေးတာလေးတွေရှိသေးတယ်ကွ။ အမှတ်သုံးဖက်တီးဟီက တကယ်တော့မင်းရဲ့ ဂိုဏ်းတူအစ်ကိုမဟုတ်ဘူး။ သူကမင်းရဲ့ ဂိုဏ်းတူအစ်မကွ။" ဆိုကာ ချောင်းဟန့်ပြီး ထွက်သွားလေတော့သည်။

ပိုင်ရှောင်ချန်းလည်း သူ့ကို ကြောင်ကြည့်နေလေတော့သည်။ သူ့ခေါင်းထဲတွင် ကမ်းပါးကြီးပြိုကျနေသည့်အလား မိုးချိန်းသံများဖြင့်ရိုက်ခတ်နေလေသည်။

" ဂိုဏ်းတူ.... ဂိုဏ်းတူအစ်မ။ ဟုတ်လား"

အချိန်အနည်းငယ်ကြာသွားသောအခါ အသက်ပြင်းပြင်းရှူလိုက်ပြီး အမှတ်သုံးဖက်တီးဟီကိုလှည့်ကြည့်ရန်ပြင်လိုက်စဉ် လီချင်းဟောက်၏ အေးစက်စက်အသံထွက်ပေါ်လာလေသည်။

"စကားများနေတာရပ်ပြီး ငါ့နောက်က လိုက်ခဲ့တော့။"

ပိုင်ရှောင်ချန်းလည်း စိတ်ပျက်လက်ပျက်နှင့် လီချင်းဟောက်၏နောက်သို့ ပြေးလိုက်သွားလေသည်။ ခြေလှမ်းအနည်းငယ်လှမ်းအပြီးတွင် စားဖိုဆောင်ကိုလှည့်ကာ ငုံ့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။

စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း၏ မြောက်ဘက်တွင်တောင်၄လုံးရှိပြီး တောင်ဘက်တွင် တောင်၃လုံးရှိကြောင်း ပိုင်ရှောင်ချန်းသိပြီးဖြစ်လေသည်။ လီချင်းဟောက်သည် တတိယမြောက်တောင်ဖြစ်သော မွှေးရနံ့တိမ်တောင်၏ ဂိုဏ်းချုပ်ဖြစ်လေသည်။ ဂိုဏ်းထဲတွင် ဂိုဏ်းချုပ်ဟူသော ရာထူးမှာ အလွန်ထူးကဲလေသည်။

မွှေးရနံ့တိမ်တောင်သည် သိပ်မကြီးမားဟုထင်ရသော်လည်း အတွင်းသို့ဝင်လိုက်သည်နှင့် ငှက်ကလေးများ၏တွန်ကျူးသံများနှင့် ပန်းများ၏မွေးရနံ့များကို ခံစားနိုင်ပေသည်။ နတ်ဘုံနတ်နန်းတစ်ခုနှင့်ပင်ဆင်တူပြီး အပြင်ဘက်ကနေမြင်ရသည်ထက် အတွင်းတွင်ပို၍ ကြီးမားလေသည်။

နတ်မီးလျှံစမ်းသပ်ပွဲ၏ ပန်းတိုင်အမှတ်သည် အဓိကတောင်ကြီးမှခွဲထွက်နေသော အရန်တောင်စွယ်လေးတစ်ခု၏ တောင်ထိပ်သာဖြစ်လေသည်။ ထိုအမှတ်ကို အဓိက တောင်ကြီး၏ တောင်ခြေအဖြစ်သာ သတ်မှတ်ထားလေသည်။

တောင်ပေါ်တွင် မြူများကနေရာတိုင်းအုံ့ဆိုင်းနေကာ တစ်ချက်လောက်ရှူလိုက်ရုံဖြင့် စိတ်တက်ကြွစေပြီး ခန္ဓာကိုယ်ကိုနွေးထွေးသွားစေမည့် ဆေးရနံ့များနှင့် သင်းကြိုင်နေလေသည်။ ဤနေရာသည် ထူးကဲသောနေရာတစ်ခုဖြစ်မည်ဆိုတာ ပိုင်ရှောင်ချန်း သဘောပေါက်လိုက်လေသည်။ အသက်ပြင်းပြင်းရှူလိုက်သောအခါ လွန်ခဲ့သောလအနည်းငယ်အတွင်း ကောင်းကောင်းမွန်မွန် မလေ့ကျင့်ခဲ့ရသော သူ၏ ချီစွမ်းအင်များ ပြန်လည်အသက်ဝင်လာလေတော့သည်။

လီချင်းဟောက်က လှည့်မကြည့်သော်လည်း သူ၏မျက်လုံးများမှာ လေးစားမှုများဖြင့် တောက်ပနေလေသည်။ သူကိုယ်တိုင်ပင်လျှင် ပြီးခဲ့သောနှစ်အတွင်း ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းနှုန်းမှာ မဆိုးဘူးဟု ခံစားမိလေသည်။

"ကဲ။ မင်းလည်းအခု အပြင်စည်းဂိုဏ်းသား တစ်ယောက်ဖြစ်သွားပြီဆိုတော့ ပြဿနာတွေ ထပ်မရှာနဲ့တော့။" ဟုလီချင်းဟောက်က ဖြေးဖြေးချင်းပြောလေသည်။ "ကျင့်ကြံခြင်းဆိုတာ ရေဆန်မှာလှေလှော်ရသလိုပဲ။ မှန်မှန်အားထုတ်ဖို့လိုအပ်တယ်ကွ။"

ပိုင်ရှောင်ချန်းသည်ကား ဘာမှပြန်မပြောရဲပေ။ အတတ်နိုင်ဆုံး ပြုံးရွှင်အောင်နေကာ အဆက်မပြတ်ခေါင်းငြိမ့်နေလေသည်။

"အပြင်စည်းဂိုဏ်းသားတွေ ကျင့်ကြံဖို့နည်းလမ်းတွေအတွက် ဂိုဏ်းထဲကအထောက်အပံ့ပစ္စည်းတွေကိုပဲအားကိုးနေလို့မရဘူး။ ကြိုးစားပြီး ရသမျှအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ရမယ်။ ဂိုဏ်းကခိုင်းတဲ့ တာဝန်အမျိုးမျိုး ကိုမင်းထမ်းဆောင်လို့ရတယ်။ ခဏနေရင် လုပ်စရာတချို့တာဝန်တွေသွားရွေးပြီး လေ့ကျင်ံ့ခန်းစလို့ရပြီ။" ဟု လီချင်ဟောက်က ဆက်ပြောသည်။

ထိုစကားကိုကြားသော် ပိုင်ရှောင်ချန်းသည် ရုတ်တရက်ချက်ချင်း တဒိန်းဒိန်းနှင့် ရင်ခုန်လာလေသည်။ စောစောက ဂိုဏ်းစည်းကမ်းများကိုဖတ်ရင်း သတ်မှတ်ထားသောအချိန်အတွင်း တာဝန်တစ်ခုမပြီးမြောက်ပါက ဂိုဏ်းသားအဆင့်ကနေ အစေခံအဆင့်သို့ လျှော့ချခြင်းဖြစ် ပြစ်ဒဏ်ပေးမည်ဟူသော စည်းကမ်းကို သူဖတ်ခဲ့ရသည်။

ထိုအခါသူ ဝမ်းသာလုံးဆို့သွားလေသည်။ သို့သော်လည်း သူ့အကြံကိုရိပ်မိသော လီချင်းဟောက်က "စည်းကမ်းဖောက်မယ်မကြံနဲ့နော်။ အခြားလူတွေကိုပဲ အစေခံအဆင့်ချရင်ချမယ်။ မင်းဆိုရင်တော့ ဒီဂိုဏ်းကနေထုတ်ပြီး မင်းလာခဲ့တဲ့ရွာကိုပြန်ပို့ပစ်မှာနော်။ နောက်နှစ်ပေါင်း၁၀၀လောက်ကြာလို့မှ မင်းကိုငါမမေ့သေးရင်တော့ အမှတ်တရအနေနဲ့ အမွှေးတိုင်လေးဖြစ်ဖြစ်ထွန်းပေးမယ် " ဟု အေးစက်စွာပြောလိုက်လေသည်။

ထိုစကားကြောင့် ပိုင်ရှောင်ချန်းလည်း သေလုမတတ်ကြောက်ရွံ့သွားလေသည်။ အင်မော်တယ်များ၏ ကမ္ဘာကိုသူမမြင်ဖူးလျှင် ယခုလောက်ထိဆိုးမည်မဟုတ်။ သို့သော် ယခုတွင်မူ ထာဝရအသက်ရှင်နိုင်ရန် လက်တစ်ကမ်းအလိုကာမှ ရွာသို့ပြန်သွားရန် စိတ်ကူးထဲပင်မရှိတော့ချေ။

ထိုအစား ထာဝရအသက်ရှင်ဖို့ကြိုးစားခဲ့သည်ကိုမေ့သွားတာကမှ ပို၍ပင်ကောင်းလိမ့်မည်။ ရင်ဘတ်ကိုထုလိုက်ကာ သူအမှန်တကယ်ကြိုးစားပြီး တာဝန်များထမ်းဆောင်ပါ့မည်ဟု သူ့ကိုယ်သူ ပြောလိုက်လေသည်။

မကြာခင် သူတို့သည် မွှေးရနံ့တိမ်တောင်၏ အလယ်သို့ရောက်ရှိလာလေသည်။ အရွယ်အစားမကြီးလှသော်လည်း ကျက်သရေရှိသော အဆောက်အဦတစ်ခုမှာ မြူထဲကနေ ထွက်ပေါ်လာလေသည်။ တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေရင်း စာအုပ်တစ်အုပ်ဖတ်နေသော လူငယ်တစ်ယောက်ကို ပြတင်းပေါက်ကိုဖြတ်၍ မြင်နိုင်လေသည်။

တစ်စုံတစ်ယောက်ချဉ်းကပ်လာသည်ကို ခံစားလိုက်ရ၍ ထိုလူငယ်က ထကြည့်လိုက်သောအခါ ယောကျ်ားပီသသော မျက်နှာတစ်ခုကို မြင်ရသည်။ လီချင်းဟောက် ကိုမြင်လိုက်သောအခါ အဆောက်အဦအပြင်ဖက်သို့ထွက်လာပြီး လက်ယှက်ကာ နှုတ်ဆက်လိုက်လေသည်။

" ဂိုဏ်းချုပ်ကို တပည့် နှုတ်ခွန်းဆက်ပါတယ် "

"သူက ပိုင်ရှောင်ချန်းပဲ။ သူ့ကိုခေါ်သွားပြီး အပြင်စည်းဂိုဏ်းထဲမှာ နေရာချထားပေးလိုက်။" ဟုဆိုကာ ပိုင်ရှောင်ချန်းကို နောက်ဆုံးတစ်ခေါက်ကြည့်လိုက်ပြီး အလင်းတန်းတစ်ခုအသွင်ပြောင်းသွားကာ တောင်ပေါ်သို့ တက်သွားလေသည်။

လီချင်းဟောက် ထွက်သွားကာမှ ပိုင်ရှောင်ချန်းလည်း သက်ပြင်းချနိုင်တော့သည်။ ချက်ချင်းပင် ရင်ဘတ်ထဲမှအလုံးကြီးကျသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ ထိုအခါကောင်းကင်ကြီးကလည်း အပြာရောင်ပြန်၍သမ်းလာလေသည်။

လူငယ်က ပိုင်ရှောင်ချန်း ကိုအကဲခတ်ကာ ရယ်လိုက်လေသည်။

" မင်းက နတ်မီးလျှံစမ်းသပ်ပွဲမှာ လမ်းကိုပိတ်ပြီး နေရာတွေရောင်းနေတဲ့လူမလား။ နာမည်က ပိုင်ရှောင်ချန်း နော်ဟုတ်လား။ "

"ဂိုဏ်းတူအစ်ကိုကလည်း ကျွန်တော့်ကို ဘာမှမဟုတ်ပဲ ချီးမွမ်းနေပြန်ပြီ။ အဲ့လိုမျိုး ပမွှားကိစ္စလေးဆိုတာ စကားထဲတောင်ထည့်ပြောဖို့မတန်ပါဘူးဗျ။" ဟု ပိုင်ရှောင်ချန်းကရယ်ရင်းပြောသည်။

ထိုလူငယ်သည်လည်း ပို၍ပင်ကျယ်လောင်စွာရယ်နေလေတော့သည်။ ပိုင်ရှောင်ချန်းကို သဘောကျနေသည်မှာ အမှန်ပင်။ ထို့နောကိစကားလမ်းကြောင်းပြောင်းကာ ပိုင်ရှောင်ချန်းအား လမ်းတစ်လျှောက်ရှိ အရေးကြီးသော အဆောက်အဦများကို ညွှန်ပြရင်း မွှေးရနံ့တိမ်တောင်ကို လိုက်ပတ်ပြလိုက်လေသည်။

"တောင်ဘက်ပိုင်းမှာဆိုရင် မွှေးရနံ့တိမ်တောင်က အရေးကြီးတဲ့နေရာမှာရှိတယ်။ မြစိမ်းတောင်က သူ့ဆီက ဓားသိုင်းပညာရှင်တွေကြောင့် နာမည်ကြီးတယ်။ ခရမ်းဒယ်အိုးတောင်က ထူးဆန်းတဲ့ပညာရပ်တွေကြောင့် နာမည်ကြီးတယ်။ ငါတို့ မွှေးရနံ့တိမ်တောင်ကလူတွေ တော့ ဝိညာဉ်ဆေးဖော်စပ်တဲ့နေရာမှာ ကျွမ်းကျင်ကြတယ်။"

" ကောင်းကင်တံတားရဲ့ ဒီဖက်အပိုင်းမှာရှိတဲ့ ဂိုဏ်းကြီး၄ဂိုဏ်းထဲမှာတောင် မွှေးရနံ့တိမ်တောင်က နာမည်ကြီးတယ်။ အရှေ့သစ်တောဒေသမှာရှိတဲ့ နာမည်အကျော်ကြားဆုံး သမားတော်၂ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂိုဏ်းချုပ်သခင်ကြီးရဲ့ ကျေးဇူးတွေပေါ့ကွာ။"

"မွှေးရနံ့တိမ်တောင်ရဲ့ အပြင်စည်းဂိုဏ်းသားဖြစ်ရင် လက်ထောက်သမားတော်ပါ တစ်ခါထဲဖြစ်သွားတာလေ။ အဲ့တာကြောင့် အပင်တွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဆေးဖော်စပ်နည်းအမျိုးမျိုးကို လေ့လာဖို့လိုတယ်။" ဟု လမ်းလျှောက်ရင်း ထိုလူငယ်က ပိုင်ရှောင်ချန်းကို အသေးစိတ်ရှင်းပြနေလေသည်။

နောက်ဆုံးတွင်မူ ပိုင်ရှောင်ချန်းအတွက် အပြင်စည်းဂိုဏ်းသားဝတ်စုံ၊ပစ္စည်းများနှင့် ထည့်စရာအိတ်တစ်ခုကိုပေးသည့်နေရာသို့ရောက်ရှိလာလေသည်။

ထည့်စရာအိတ်မှာ ဘာမှသိပ်မဆံ့သော်လည်း ပိုင်ရှောင်ချန်းကမူ အကြိုက်တွေ့နေလေသည်။ အကြိမ်အနည်းငယ် စစ်ဆေးပြီးနောက် ရတနာတစ်ပါးသဖွယ် ဂရုတစိုက်သိမ်းဆည်းလိုက်လေသည်။

သူပို၍ ကျေနပ်သွားသည်မှာ အပြင်စည်းဂိုဏ်းသားအဖြစ်ရာထူးတိုးသည့်အတွက် စိတ်စွမ်းအင်ကျောက်တုံး အတုံး၂၀ကို ဆုအဖြစ်ပေးချင်းပင်။ ယခုမူ သူလိုအပ်သော ဆေးပင်များဝယ်ရန် လုံလောက်သွားလေပြီ။

သိပ်မကြာခင်မှာပဲ မှောင်စပြုလာလေသည်။ လူငယ်၏ရှင်းပြချက်ကြောင့် ပိုင်ရှောင်ချန်းမှာ မွှေးရနံ့တိမ်တောင် အကြောင်းတော်တော်များများ သိသွားလေတော့သည်။ နောက်ဆုံးတွင် လူငယ်က သူ့ကို ဆေးပေါင်း၁သောင်းအဆောင်ဟုခေါ်သောနေရာသို့ခေါ်သွားလေသည်။ ထိုနေရာမှ ကျောက်စိမ်းပုရပိုက်တစ်ခုကို ရခဲ့သည်။

"အဲ့ဒီပုရပိုက်မှာ အပင်အမျိုးအစားပေါင်း ၁သောင်းကို ဖော်ပြထားတယ်။ အဲ့တာတွေအကုန် အလွတ်ရအောင်မှတ်ထားရမယ်။ မှတ်ပြီးပြီဆိုရင် ဒုတိယမြောက်ပုရပိုက်ကို ထပ်ယူလို့ရပြီ။"

"ဂိုဏ်းတူညီလေးပိုင်ရေ။ ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ရှည်လျားလွန်းတယ်နော်။ အဲ့လမ်းစဉ်မှာ ဝိညာဉ်ဆေးဝါးတွေကို မဖြစ်မနေသုံးမှရမှာ။ သမားတော်တစ်ယောက်ဖြစ်သွားရင် မင်း ရာထူးအကြီးကြီး တိုးမှာပဲ။"

"လက်ထောက်သမားတော်၊ နယ်လှည့်သမားတော်၊ အထူးသမားတော် ဆိုပြီး အဆင့်တွေအများကြီးရှိတယ်။ ဂိုဏ်းတူညီလေးပိုင်ရဲ့ အနာဂတ်က ညီလေးကြုံတွေ့ရမဲ ကံကြမ္မာပေါ်မှာမူတည်နေပြီ။" ဟု လူငယ်ကပြုံးကာပြောသည်။ ညရောက်လာသောအခါ လူငယ်က ဂိုဏ်းမှ သူ၏နားခိုရာနေရာအဖြစ်စီစဉ်ပေးထားသော ခြံဝန်းထဲရှိ အိမ်သို့ခေါ်သွားလေသည်။

"ဂိုဏ်းတူညီလေးပိုင်။ အစ်ကိုက မနက်ဖက်တောင်ပေါ်ကဆင်းရမှာဆိုတော့ ကျမ်းစာဆောင်ကို လိုက်မပို့နိုင်တော့ဘူးနော်။ မိုးလင်းရင် အဲ့ဒီကိုသွားပြီး ကျန်တဲ့ ခရမ်းရောင်ချီထိန်းချုပ်နည်းပညာရပ် ကဗျာကိုသွားယူလိုက်။ နောက်ထပ်ထူးဆန်းတဲ့ ပညာရပ်တစ်ခုကိုလည်း အဲ့နေရာမှာ ရွေးလို့ရတယ်။ အချို့အရာတွေကို အလကားရတာလည်း အခွင့်ရေးကောင်းတစ်ခုပဲ။ အဲ့ဒါပြီးရင် ထူးဆန်းတဲ့ပညာရပ်တွေရဖို့ စွမ်းဆောင်ရည်ရမှတ်တွေနဲ့ ဝယ်ရတော့မှာ။ "

"နားမလည်တာရှိရင် အစ်ကို့ဆီ အမြဲတမ်းလာမေးလို့ရတယ်နော်။ အစ်ကို့နာမည်က ဟိုယွင်ဖေး။ ရှောင်မေ့ကို အစ်ကို့အစား ဂရုစိုက်ပေးလို့ ကျေးဇူးပဲနော်။" ဟု ဟိုယွင်ဖေးကပြုံးလျက်ပြောကာ လက်နှစ်ဖက်ဆုပ်၍ အရိုအသေ ပေးလိုက်လေသည်။ ထို့နောက် အခြားဖက်သို့လှည့်ကာ ထွက်သွားလေသည်။

"ဟိုယွင်ဖေး။ ဟုတ်လား" ဟု ပိုင်ရှောင်ချန်းက ပြန်လည်ဦးညွတ်လိုက်ကာ ဟိုယွင်ဖေးထွက်ခွာသွားသည်ကို ရပ်ကြည့်နေလေသည်။ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် သူ့စိတ်ထဲတွင် မိန်းကလေးတစ်ဦး၏ မျက်နှာ ပေါ်လာလေသည်။

"ဟိုရှောင့်မေ့ပဲ။" ဟုမျက်တောင်ခတ်ရင်းတွေးလိုက်လေသည်။ သူကံကောင်းနေပုံမှာ သူမြေကြီးထဲသို့ ထိုးခဲ့သောလမ်းဘေးကတုတ်ချောင်းက နှစ်လိုဖွယ်အရိပ်ရသစ်ပင်ကြီးအဖြစ် ကြီးထွားလာသည့်ဖြစ်ရပ်မျိုးနှင့်တူနေပါရော့လားဟု တွေးနေလေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် သူသည် အသက်ပြင်းပြင်းရှူလိုက်ကာ ခြံဝန်းထဲရှိသူ၏နေအိမ်သို့ လှမ်းကြည့်လိုက်လေသည်။ လရောင်အောက်တွင် မားမားမတ်မတ်ရပ်ကာ မျက်လုံးများမှ အရောင်တောက်နေလေသည်။

"ဒီလိုဆိုတော့လည်း အပြင်စည်းဂိုဏ်းသားဖြစ်ရတာ ထင်သလောက်လည်းမဆိုးပါဘူးကွ။" ဟုဆိုပြီး အင်္ကျီလက်ကို ခါလိုက်ကာ ခြံဝန်းထဲသို့လမ်းလျှောက်သွားလေသည်။

All Chapters