← Chapters

ရေစင် (၁၀)

Vol. 2 Ch. 99

ရေစင် (၁၀)

Vol. 2 Ch. 99

“ဟား...” နက်ဆန်က အချိန်ဖြုန်းမနေတော့ဘဲ ဓားနှစ်လက် ကိုင်ကာ ဆားဗီးရပ်ဆီကို ပြေးဝင်သွားတယ်။ ဆားဗီးရပ်က ဓားတောင်မထုတ်ဘဲ သူ့ဓားချက်တွေကို အေးအေးလူလူနဲ့ ရှောင်နေပါတယ်။ အလိုင်ဂျက်ရဲ့စွမ်းအားကို ရရှိပြီးတဲ့ နောက်မှာတော့ သူ့အမြန်နှုန်းက သာမန်လူတွေ ဘယ်နည်းနဲ့မှ မလိုက်နိုင်လောက်အောင် မြင့်မားနေပါပြီ။

“အချိန်ဖြုန်းနေလို့မဖြစ်ဘူး။” နာတာရှာကလည်း တောင်ပံ အားပြုပြီးတော့ ကြောက်စရာကောင်းတဲ့မြန်နှုန်းကို အသုံးပြု ဆေဘာဓားနဲ့တိုက်ခိုက်တယ်။ ဒီတော့မှ ဆားဗီးရပ်က ဓားကို ဓားအိမ်ထဲကနေထုတ်ပြီး ခုခံပါတယ်။ အိုလီရာနာကလည်း သူ့ရဲ့သစ်နွယ်တွေကိုအသုံးပြုပြီး ဆားဗီးရပ်ကို ထိန်းချုပ်ဖို့ ကြိုးစားတယ်။ သူတို့သုံးယောက်ပေါင်းပြီး တိုက်ခိုက်နေတာ ဖြစ်ကြပေမဲ့ ဆားဗီးရပ်ကိုအောက်စည်းပို့ဖို့အတွက် အခက်တွေ့နေကြပါတယ်။

အနောက်ကနေပဲတိုက်တိုက် အရှေ့နေပဲတိုက်တိုက် ဆားဗီးရပ်က ကြိုတင်သိမြင်နေပုံ ပေါ်ပြီးတော့ အေးဆေးသက်သာစွာ ရှောင်ရှားနေတယ်။

“အဇီကီရဲ့ကြိုတင်သိမြင်နိုင်စွမ်းက တော်တော် အသုံးဝင်တာပဲ။ မင်းလည်း သဘောတူတယ်မဟုတ်လား၊ နတ်ဆိုးဝင်စားတဲ့သူ။”

ဆားဗီးရပ်က ဓားအိမ်နဲ့ဓားကို တကွဲတပြားစီ ကိုင်လိုက် ပါပြီ။ ဓားအိမ်က နာတာရှာရဲ့ဆေဘာကို တားဆီးထားပြီး ဓားရှည်ကတော့ နက်ဆန်ရဲ့ကြက်ခြေသဏ္ဍာန် ဓားမြှောင်နှစ်လက်တိုက်ကွက်ကို အလယ်ကနေ ဖြတ်တားထားတယ်။ သူက ထိပ်တန်းမာစတာအဆင့် ကျွမ်းကျင်သူနှစ်ယောက်ကြားမှာ ရောက်ရှိနေတာဖြစ်ပေမဲ့ နည်းနည်းလေးမှ စိုးရိမ်ပုံမပေါ်ဘူး။

“သေစမ်း...” လှုပ်ရှားနေနိုင်သေးတဲ့ တတိယလူဖြစ်တဲ့ အိုလီရာနာကတော့ သစ်သားတွေကိုစုစည်းကာ လှံတံ တစ်ချောင်းအဖြစ်ကိုဖန်တီးလိုက်ပြီး ဆားဗီးရပ်ရဲ့ရင်ဝကို ထိုးစိုက်ချဖို့အတွက် ကြိုးစားလိုက်ပါတယ်။ ဒါပေမဲ့ ဆားဗီးရပ်က ပြုံးနေဆဲဖြစ်ပြီး သူ့ဓားကိုအားလျှော့ လိုက်တဲ့အတွက်ကြောင့် အားနဲ့တွန်းထားတဲ့နက်ဆန်ရဲ့ ခန္ဓာကိုယ်က ရှေ့ကိုယိုင်ကျလာတယ်။ ဆားဗီးရပ် ကိုယ်တိုင်က တစ်ဖက်ကိုယိမ်းရှောင်လိုက်တဲ့အတွက် အိုလီရာနာရဲ့လှံဟာ ဆားဗီးရပ်ကိုမထိတော့ဘဲ အစားဝင် သလိုဖြစ်သွားတဲ့ နက်ဆန်ရဲ့ပခုံးကိုသာ ထိုးဖောက် သွားပါတော့တယ်။

“ဟားဟားဟား... ဟားဟားဟား... ဒါက စစ်မှန်တဲ့ အဲလ်ဒါ တစ်ယောက်နဲ့ မင်းလိုလူတစ်ယောက်နဲ့ကြားက ကွာခြားချက် ပဲ။”

ဆားဗီးရပ်က နာတာရှာကို ကန်ထုတ်လိုက်ရင်းနဲ့ ရယ်မော လိုက်တယ်။ နက်ဆန်ကတော့ ပခုံးကဒဏ်ရာကိုကိုင်ပြီး အံ့ကိုကျိတ်ထားလိုက်တယ်။ သူ့ပခုံးကနေ သွေးတွေ စီးကျနေပြီးတော့ သဲသောင်ပြင်ပေါ်မှာ သွေးအိုင်တစ်ခု ဖြစ်ထွန်းလာတယ်။ သဲတွေက သွေးတွေကိုစုပ်ယူနေပေမဲ့ သူ့ခန္ဓာကိုယ်ကနေ ထွက်နေတဲ့သွေးတွေက များလွန်းလို့ အခုလို အိုင်ငယ်လေးတစ်ခုဖြစ်လာခဲ့တာ။

“သ... သခင်... တောင်းပန်ပါတယ်။”

အိုလီရာနာကတော့ သူ့ရှေ့က မြင်ကွင်းကို မယုံနိုင်ဖြစ်နေပြီး ဒူးထောက်ကျသွားတယ်။ မျက်သူငယ်အိမ်တွေက တုန်ယင် နေပြီးတော့ မျက်နှာက ဖြူဖျော့သွားတယ်။ သူလုပ်ခဲ့မိတဲ့ အမှားဟာ အဖက်ဆယ်လို့မရတဲ့အမှားမှန်း သူသိနေတယ်။ နက်ဆန်က သူ့ရဲ့အထွတ်အထိပ်အခြေအနေမှာတောင် ဆားဗီးရပ်ကို မယှဥ်နိုင်တာ။ အခုတော့ သူ့ကြောင့်ဒဏ်ရာ ရသွားပြီဖြစ်တဲ့အတွက် မျှော်လင့်ချက်မရှိတော့ပါဘူး။

“မငိုနဲ့... အချိန်ရှိတုန်း ဒီကနေ ထွက်သွားတော့...”

နက်ဆန်က ငိုကြွေးနေတဲ့ကောင်မလေးရဲ့ခေါင်းကို ပုတ်ပေး လိုက်ပြီး ဓားကိုဆုပ်ကိုင်လိုက်တယ်။ ဘယ်ဘက် ပခုံးက ဒဏ်ရာရထားပြီးဖြစ်ပေမဲ့ သူဟာဓားကို သေချာ ကိုင်ထားနိုင်ဆဲပဲ။

“မလွတ်မြောက်နိုင်ဘူးဆိုမှတော့... သေတဲ့အထိ တိုက်ကြတာပေါ့။”

နက်ဆန်ရဲ့ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကြောင့် နာတာရှာလည်း ခေါင်းညိတ်လိုက်ပြီး သခင့်ဘေးနားမှာ ပျံသန်းကာ ရပ်နေနိုင်တယ်။ သူကိုယ်တိုင်လည်း အခြေအနေ မကောင်းလှပါဘူး။ ခြေတစ်ဖက်က ပုံပျက်တွန့်လိမ်နေပြီး ကောင်းမွန်စွာ မြေပြင်မှာမရပ်နိုင်တော့တဲ့အတွက် ပျံသန်း နေရတာပါ။

“ညမင်းသားတစ်ပါးနဲ့အတူ သေတဲ့အထိတိုက်ပွဲဝင်ခွင့်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါပဲ။”

နာတာရှာက မှော်နှင်တံကို ဝေ့ယမ်းလိုက်တယ်။ တောင်ပံက များပြားလှတဲ့ ငှက်မွှေးတောင်တွေကျွတ်လာပြီး သူ့အနားက လေစွမ်းအင်နဲ့ရောယှက်ကာ ကြောက်စရာကောင်းတဲ့ ငှက်မွှေးတောင်မုန်တိုင်းကြီးတစ်ခု ဖြစ်တည်လာပါတယ် ထူးခြားချက်အနေနဲ့ ငှက်မွှေးတွေက ဓားမြှောင်တွေလို ထက်ရှနေတာပါပဲ။

နက်ဆန်ရဲ့အရိပ်ကလည်း ညပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အရာအားလုံးကို လွှမ်းမိုးချုပ်ကိုင်မယ့် အသွင်နဲ့ ဆားဗီးရပ်ကိုချုပ်နှောင်ထားလိုက်တယ်။

“အကွက်ဟောင်းကြီးပဲလား... နတ်ဆိုးဝင်စားတဲ့သူ။ ဒီလိုဆိုရင်တော့ ဒီည မင်းငါ့ဓားချက်အောက်မှာ သေရလိမ့်မယ်။”

နက်ဆန်က သူ့နတ်ဘုရားခန္ဓာကိုယ်ကို အထိခိုက်ခံပြီးတော့ ရုန်းထွက်ဖို့ကြိုးစားနေတဲ့ ဆားဗီးရပ်ကိုဆက်လက် ချုပ်နှောင်ထားဖို့ကြိုးစားတယ်။ အရင်တစ်ကြိမ်ကလိုပဲ ဆားဗီးရပ်ဆီကနေ ရွှေရောင်မီးတောက်တွေထွက်ပေါ် လာပေမဲ့ နက်ဆန်က ပျက်စီးသွားတဲ့အရိပ်တွေနေရာမှာ တခြားအရိပ်တွေနဲ့အစားထိုးနေတဲ့အတွက် အချိန်တို အတွင်းမှာတော့ ဖောက်ထွက်လာဖို့မဖြစ်နိုင်သေးဘူး။

နာတာရှာရဲ့ငှက်မွှေးမုန်တိုင်းကလည်း ဆားဗီးရပ်နဲ့ နီးကပ်လာတယ်။ ဒါပေမဲ့ ဆားဗီးရပ်က ပိုကြီးကျယ်ကျယ် လောင်လောင်ရယ်မောလိုက်ပြီး အရိပ်တွေဆီကနေ ရုန်းထွက်နိုင်သွားကာ ရွှေရောင်ဓားအလင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဓားချက်တစ်ချက်ကို ထုတ်ဖော်လိုက်ပါ တော့တယ်။

ရွှမ်း...

ဓားအလင်းက အရိပ်နတ်ဘုရားခန္ဓာကိုယ်နဲ့မုန်တိုင်းကို ပိုင်းဖြတ်သွားတယ်။ ဒါပေမဲ့ ဒီလောက်နဲ့တင်ရပ်မသွား သေးဘဲနဲ့ နက်ဆန်ဆီကို ဆက်ပြီးတိုးဝင်လာတယ်။

“သခင်...” နာတာရှာက အော်ဟစ်လိုက်ပြီး နက်ဆန်ကို တွန်းထုတ်လိုက်ပေမဲ့ သူ့ခန္ဓာကိုယ်ကို ဓားအလင်းက ပိုင်းချသွားပြီး ခါးအောက်ပိုင်းနဲ့အထက်ပိုင်းက တစ်ပိုင်း တခြားစီဖြစ်သွားတယ်။

“နာတာရှာ...” နက်ဆန်က စိုးရိမ်စိတ်နဲ့အော်ဟစ်လိုက်ပေမဲ့ နတ်ဘုရားခန္ဓာထိခိုက်သွားရာကနေ ဖြစ်လာတဲ့ဒဏ်ကို တောင့်မခံနိုင်တော့ဘဲ သွေးတွေအန်ထုတ်လိုက်ရကာ ဒူးထောက်ကျသွားတယ်။ သူ့အရိပ်က ပုံပျက်နေပြီးတော့ လူပုံတောင် မပေါ်တော့ဘူး။ သူက ပြန်ထဖို့ကြိုးစားပေမဲ့ ဘာအားအင်မှမကျန်တော့ဘဲ လဲကျသွားခဲ့တယ်လေ။

“ငါ... ငါသတိမေ့သွားလို့မဖြစ်ဘူး....”

အဲဒီအချိန်မှာပဲ နက်ဆန်က သူ့ခန္ဓာကိုယ်ကို တစ်စုံ တစ်ယောက်က ထိတွေ့ထားတာကို ခံစားမိတယ်။ အမြင်တွေ ဝေဝါးနေပေမဲ့ မော့ကြည့်လိုက်တော့ နာတာရှာဖြစ်နေပြီး နာတာရှာက သူ့ခန္ဓာကိုယ်နဲ့နက်ဆန်ကို ကာကွယ်ပေးဖို့ ကြိုးစားနေခဲ့တာပါ။

“မင်းအများကြီး ထိခိုက်ထားပြီးပြီ...” နက်ဆန်က နာတာရှာရဲ့ကျယ်ပြန့်လာနေတဲ့ မျက်သူငယ်အိမ်တွေကို ကြည့်ရင်းပြောလိုက်တယ်။ နာတာရှာက ကြီးကြီးမားမား ထိခိုက်သွားခဲ့တာကြောင့် သူ့မှော်စွမ်းအင်တွေက ခန္ဓာကိုယ်ထဲကနေ စိမ့်ထွက်နေပြီဖြစ်ပြီး အသိစိတ်က လျင်လျင်မြန်မြန်နဲ့ပျောက်ကွယ် လာနေပါတယ်။ သူ့ခန္ဓာကိုယ်ကိုတောင် သူကောင်းစွာ မထိန်းချုပ်နိုင်တော့ပဲ ပါးစပ်ထဲကနေ သွေးမည်းမည်းတွေစီးကျလာနေတယ်။

“ဒီညကို မဖြတ်ကျော်နိုင်ရင် သခင့်ရဲ့အိပ်မက်တွေ အားလုံး အလကားဖြစ်သွားလိမ့်မယ်။” နောက်တော့ နာတာရှာရဲ့ မျက်လုံးတွေထဲမှာ ကျန်နေတဲ့ နောက်ဆုံးအလင်းရောင်က မေးမှိန်သွားပြီး ငြိမ်သက်သွားတယ်။

ရှပ်... ရှပ်... ရှပ်...

ဆားဗီးရပ်က ဓားကို ခန္ဓာကိုယ်ဘေးကပ်ထားလိုက်ပြီး တဖြည်းဖြည်းချင်း သူ့ဆီကို လျှောက်လာနေပါတယ်။ အသန်မာဆုံး သူတော်စင်ရဲ့သားရေဖိနပ်က သဲသောင်ပြင်ကို ရှပ်တိုက်လျှောက်နေပြီး သဲမှုန်တွေဟာ နေရာအနှံ လွင့်စင်လို့။

“ငါက ကမ္ဘာပတ်ပြီး နတ်တစ်ပိုင်းတွေကို သတ်ဖြတ်ခဲ့တာ ဆိုပေမဲ့ အရင်က ကျောင်းခြောက်ကျောင်းရဲ့ တော်ဝင်မင်းသား တစ်ယောက်ကို မသတ်ဖူးဘူး။ မင်းက ပထမဆုံးဖြစ်လာမယ့်ပုံပဲ။”

ဂါး...

ရုတ်တရက် အနက်ရောင်အငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ အရိပ်တစ်ခုက ဆားဗီးရပ်ဆီ ဘေးတိုက်ပြေးဝင်လာပြီး မျက်နှာကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်။

“သခင်... ကာကွယ်ရမယ်...” အဲဒီအနက်ရောင်အရိပ်ဆီက ပျက်ယွင်းနေတဲ့အသံ ထွက်လာတယ်။ ဒါပေမဲ့ အဲဒီပုံရိပ်ကို ကြည့်ရုံနဲ့တင် ဘယ်သူလဲဆိုတာ နက်ဆန်မှတ်မိလိုက်တယ်။

“အိုလီရာနာ၊ မတိုက်နဲ့တော့... မင်းရဲ့အရိုင်းစိတ်တွေက ပြန်ထွက်ပေါ်လာနေပြီ။”

လောလောဆယ် နက်ဆန်ရဲ့နတ်ဘုရားခန္ဓာကိုယ်က ထိခိုက် သွားပြီဖြစ်တဲ့အတွက်ကြောင့် စွမ်းအားတွေ မတည်ငြိမ်တော့ ပါဘူး။ အိုလီရာနာရဲ့မတူညီတဲ့ ဝိညာဥ်ကွဲနှစ်ခုကို ထိန်းချုပ် ထားတဲ့အစီအရင်ကလည်း အလားတူပါပဲ။ ဒါကြောင့် အိုလီရာနာသာ အခုအခြေအနေနဲ့ဆက်တိုက်ခိုက်မယ်ဆိုရင် သိပ်ကိုအန္တရာယ်များတယ်။

“ဟားဟားဟား... ဒီကလေးမက တော်တော်စွမ်းတာပဲ။”

ဆားဗီးရပ်ရဲ့သဘောတကျရယ်သံ ထွက်ပေါ်လာတယ်။ အခုဆားဗီးရပ်က သဲသောင်ထဲကနေ ပင်လယ်ရေထဲ ပြုတ်ကျသွားတာဖြစ်ပြီး သူက ခပ်တည်တည်နဲ့ပြန်ပြီး တက်လာတယ်။ ရေထဲပြုတ်ကျသွားပေမဲ့ ခန္ဓာကိုယ်မှာ ရေစိုမနေဘူး။ သူက အိုလီရာနာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုနေပါတယ်။

“မင်းမှာ ဝိညာဥ်နှစ်ခုရှိနေတာလား... မဟုတ်ဘူး... တူညီတဲ့ဝိညာဥ်က နှစ်ပိုင်းဆွဲဖြဲခံထားရတာပဲ။ သစ်သား ကျောင်းတော်နဲ့အမှောင်ကျောင်းတော်ရဲ့အကောင်းဆုံး လက်ရာပေါ့လေ။”

အိုလီရာနာရဲ့မျက်လုံးတစ်ဖက်က အနီရောင်ပြောင်းသွားပြီ။ တစ်ဖက်က သာမန်အတိုင်းရှိနေသေးတယ်ဆိုပေမဲ့ အသိစိတ်ကိုထိန်းချုပ်ထားဖို့ ရုန်းကန်နေရတာကို သိသာထင်ရှားစွာ မြင်နိုင်တယ်။

“ရပ်... ရပ်တော့.. ဒါအမိန့်ပဲ....” နက်ဆန်က အိုလီရာနာကို အမိန့်ပေးပြီး တားဆီးဖို့ကြိုးစားပေမဲ့ အိုလီရာနာက ခါတိုင်းလိုပဲ နည်းနည်းလေးမှ နားထောင်မယ့်ပုံ မပေါ်ဘူး။

“သခင်... လွတ်လပ်မှုအတွက်... ကျေးဇူးပါ။”

အိုလီရာနာရဲ့ဆံပင်တွေက ကွန်ယက်တစ်ခုလိုမျိုး ဖြန့်ကျက် လိုက်တယ်။ ညကောင်းကင်ကြီးတစ်ခုလုံး နွယ်ပင်တွေနဲ့ ပြည့်နှက်သွားပြီး ဆားဗီးရပ်ကိုအဆုံးသတ်ဖို့အတွက် ကြိုးစားလိုက်ပါပြီ။ ဒါပေမဲ့ ဆားဗီးရပ်ကတော့ သဘောတကျ ရယ်မောနေဆဲဖြစ်ပြီး ဓားကိုကောင်းကင်ပေါ် မြှောက်လိုက်ကာ ရေရွတ်လိုက်တယ်။

“မောရှေက ပင်လယ်ကိုပိုင်းဖြတ်ပြီး လမ်းဖောက် လုပ်ခဲ့တယ်။”

ရွှမ်း...

ပင်လယ်ပြင်ကိုတောင်ပိုင်းဖြတ်နိုင်တဲ့ ဓားအလင်းတန်းက အိုလီရာနာအပေါ်ကို ကျဆင်းလာတယ်။ ကောင်းကင်တစ်ခု လုံးနီးပါးကို ဖုံးလွှမ်းထားတဲ့ အနက်ရောင်သစ်နွယ်တွေက အလင်းကြောင့်လောင်ကျွမ်းခံလိုက်ရပြီး ကလေးမလေးရဲ့ ခန္ဓာကိုယ်ပေါ်ကို ဓားက တိုက်ရိုက်ကျဆင်းလာချိန်မှာတော့။

“.....” နက်ဆန်ဟာ မျှော်လင့်ချက်မရှိတော့မှန်း သိလိုက်ရပါ တော့တယ်။

အလင်းတန်းနဲ့အတူ အိုလီရာနာရဲ့တည်ရှိမှုက ဖုန်မှုန့်တွေ အဖြစ်ကို ပြောင်းလဲပျောက်ကွယ်သွားတာကို သူမြင်ရတယ်။ သူတော်စင်ဆားဗီးရပ်ကတော့ နောက်တစ်ကြိမ် သူ့ဆီကို ဖြည်းဖြည်းချင်း လျှောက်လှမ်းလာနေပြန်ပါပြီ။

“ကဲ... အခုဆိုရင် မင်းကိုကာကွယ်ပေးမယ့်သူတွေ မရှိတော့ဘူးမဟုတ်လား။”

နက်ဆန်ရဲ့တစ္ဆေစုံတွဲဓား​က တစ္ဆေမောင်နှံအဖြစ်ကို ပြောင်းလဲသွားပြီး သူတို့လက်သည်းရှည်တွေကို ထုတ်ကာ ဆားဗီးရပ်ဆီပြေးဝင်တယ်။ ဒါပေမဲ့ ဆားဗီးရပ်ရဲ့ဓားချက် တစ်ချက်စီနဲ့တင် အားလုံးအငွေ့ပျံ ပျောက်ကွယ်ကုန်တယ်။

ငွေရောင်ဆေဘာကတော့ ငြိမ်သက်နေဆဲပဲ။ ထွက်​ပြေးဖို့ မစဥ်းစားသလို နက်ဆန်ကိုကာကွယ်ပေးဖို့လည်း ဂရုမစိုက် ပါဘူး။

“ဟုတ်သားပဲ၊ မင်းကာကွယ်ပေးချင်တဲ့သူက ငါမှမဟုတ်တာ။”

နောက်ဆုံးတော့ ဆားဗီးရပ်က နက်ဆန်လဲကျနေတဲ့မြေပြင် ရှေ့မှာရပ်လိုက်ပြီး ဓားကိုမြှောက်လိုက်တယ်။

“ဒါဆိုရင်တော့... တမလွန်လောကကိုသွားဖို့ အချိန်တန်ပြီ။”

ဆားဗီးရပ်က သူ့ဓားကိုခုတ်ချလိုက်တယ်။ သာယာနေခဲ့တဲ့ ကမ်း​ခြေပေါ်မှာ ခေါင်းတလုံးလိမ့်နေပြီး အကျည်းတန်တဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့ပါတော့တယ်။

...

နက်ဆန်က သူ့ရှေ့က မြင်ကွင်းကို မယုံနိုင်စွာနဲ့ ကြည့်နေခဲ့ ပါတယ်။ ဓားသွားက သူ့လည်ပင်းနဲ့ထိလုထိခင် အနည်းငယ် အလိုမှာ မြေပြင်ပေါ်ကို အားအင်ကင်းမဲ့စွာနဲ့ ပြုတ်ကျသွားခဲ့ ပါတော့တယ်။

ဖြန်း...

ပူနွေးတဲ့သွေးတွေက သူ့မျက်နှာကိုလာစင်တယ်။ မော့ကြည့် လိုက်တဲ့အခါမှာတော့ သူတော်စင်ဆားဗီးရပ်ရဲ့လည်တိုင် အထက်မှာ ဘာမှရှိမနေတော့ဘဲ သူ့နောက်မှာရပ်နေတဲ့ မျက်နှာဖုံးနဲ့လူတစ်ယောက်ကိုသာ မြင်လိုက်ရပါတယ်။ ပြီးတော့ အဲဒီမျက်နှာဖုံးနဲ့လူကို သူရင်းနှီးပါတယ်။

‘အေသင်မှာ၊ နာတာရှာကို တိုက်ခိုက်ခဲ့တဲ့သူပဲ။’ သူတွေး လိုက်တယ်။

ပြီးတော့ ဒီတစ်ခါ အဲဒီလူကို သူအနီးကပ် မြင်ရတာဖြစ်တဲ့ အတွက်ကြောင့် အရင်က သတိမထားမိတဲ့အချက်ကိုပါ သတိထားမိခဲ့ပါတယ်။ အဲဒါကတော့ ဝတ်ရုံနက်ဟာ မိန်းကလေးတစ်ယောက် ဖြစ်လာတယ်ဆိုပါပဲ။ ပြီးတော့ အဲဒီကိုယ်လုံးကိုယ်ပေါက်ကို သူအတော်ရင်းနှီးနေတယ်လို့ ခံစားရတယ်။

“အလစ်တိုက်ပြီး ငါ့ကိုသတ်ချင်တာလား... ရမယ်ထင်နေလား။”

ဒါပေမဲ့ ပိုပြီးအံ့ဩစရာကောင်းတဲ့ မြင်ကွင်းက ထပ်ပြီး ဖြစ်ပေါ်လာပြန်ပါတယ်။ သဲသောင်ပြင်ပေါ်မှာ ကျနေတဲ့ ဆားဗီးရပ်ရဲ့ခေါင်းပြတ်ကြီးကနေ အော်သံထွက်လာပြီး ဆားဗီးရပ်ရဲ့ခန္ဓာကိုယ်က လှုပ်ရှားလာကာ ခြေထောက်နဲ့ ဝတ်ရုံနက်ကို နောက်ပြန်ကန်လိုက်တယ်။

ဝှစ်...

ဒါပေမဲ့အရိပ်နက်က ဝိညာဥ်တစ်ကောင်လိုဖြစ်နေပြီး ဆားဗီးရပ်ထိတွေ့လို့ မရခဲ့ပါဘူး။ ဆားဗီးရပ်ကလည်း ဝတ်ရုံနက်ကိုဆက်ပြီး မတိုက်ခိုက်ဘဲ သူ့ခေါင်းကိုသူသာ မြေပြင်ကနေကောက်ပြီး လည်တိုင်မှာပြန်တပ်လိုက်တယ်။ နောက်တော့ ရွှေရောင်အလင်းတန်းတွေနဲ့အတူ သူ့မှာ ဘာဒဏ်ရာမှမရှိဖူးသလိုမျိုး ဖြစ်သွားတယ်။ ခဏလောက် နေတဲ့အခါမှာတော့ ဓားက သူ့လက်ထဲ ပြန်ရောက်နေပြီ။

“ရှင်သန်ထမြောက်ခြင်းအစွမ်းကို ကြိုပြီးအသက်သွင်း ထားခဲ့မိလို့ပဲ။ ငါ့ကို အလစ်တိုက်ရဲတဲ့ကောင် တကယ်ရှိနေတာပဲ။”

ဆားဗီးရပ်က အသစ်ပေါ်လာတဲ့ရန်သူကို ကြည့်လိုက်တယ်။ ပြီးတော့ အဲဒီရန်သူက တစ်ယောက်တည်းဖြစ်တဲ့ပုံ မပေါ်ဘူး။

All Chapters