ကုန်းတျန် အံ့အားသင့်သွားရခြင်း
Vol. 13 Ch. 182
ဝုန်း ..
စကားဆုံးသည်နှင့် ကုန်းတျန်၏ ကိုယ်အရောင်အဝါ ပေါက်ကွဲထွက်သွားပြီး လူသတ်အရိပ်အငွေ့က အတိုင်းသား ပေါ်လာသည်။
အားလုံးမှာ ၎င်းကိုကြည့်ကာ အံ့သြမှင်သက်သွားကြသည်။
ရှေးယခင်တည်းက လူငယ်များကြားတွင် တိုက်ပွဲများ ဖြစ်လေ့ဖြစ်ထရှိသည် မှန်သော်လည်း ...
ထိုတိုက်ပွဲများမှာ လူငယ်မျိုးဆက်များ ကြားထဲမှ ကိစ္စသာ ဖြစ်ပြီး အကြီးအကဲများက ဘယ်သောအခါမှ ပါဝင်ပတ်သက်ခြင်း မရှိခဲ့ကြချေ။
၎င်းက အင်အားကြီး အဖွဲ့များကြား၌ ပြောစရာမလိုသည့် သဘောတူညီချက် တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်မှာ ကြာခဲ့လေပြီ။
သို့သော် .. ယခု ဝူယွိမသေမျိုးနန်းတော်မှ အကြီးအကဲတစ်ဦးဖြစ်သည့် ကုန်းတျန်က မယုံနိုင်စွာပင် လောရုံအား တိုက်ခိုက်နေ၏။
" သေစမ်းကွာ "
ကုန်းတျန်က လက်ဝါးကို ထုတ်ကာ ရိုက်ချလိုက်သည်။
တုကျဲ့အဆင့်မှ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်၏ လက်ဝါးရိုက်ချက်မှာ အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။
လောရုံမှာ ထိုလက်ဝါးချက်ကြောင့် ချက်ချင်း သေသွားရလိမ့်မည်ဟုသာ အားလုံးက တွေးထင်လိုက်ကြ၏။
သို့သော် ....
ဘုန်း ...
လောရုံ၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ဖြစ်သည့် တောင်ကြီးက သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာကာ ပြိုင်ဘက်၏ လက်ဝါးချက်ကို တားလိုက်သည်။
" ဘာ .. သူက တကယ်ကြီး တားလိုက်နိုင်တာလား "
" ဟေ့ ... ငါ အမြင်မှားနေတာများလား ။ ဒီကောင်က တုကျဲ့အဆင့်က အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ရဲ့ သိုင်းကွက်ကို တကယ်ကြီး တားလိုက်နိုင်တာလား "
အလုံး အံ့သြမှင်သက်သွားကြရသည်။
၎င်းမှာ လုံးဝ အဓိပ္ပါယ်မရှိပါချေ။
ထိုတခဏတွင် ကုန်းတျန်၏ မျက်လုံးအိမ်မှာလည်း ပြင်းထန်စွာ လှုပ်ခါလာ၏။
သူ့ရှေ့မှ လူငယ်က ဤမျှ ကြောက်မက်ဖွယ် ကောင်းနေသည်လား။
သို့သော် လောရုံက ထိုသို့ တားနိုင်လေလေ ကုန်းတျန်ရင်ထဲမှ လူသတ်အရိပ်အငွေ့က ပို၍ ပြင်းထန်လာလေပင် ။
သူတို့ဂိုဏ်းသည် လောရုံအား စော်ကားရန်စမိခဲ့ပြီ ဖြစ်ရာ ..
ပြဿနာကို လုံးဝရှင်းသွားစေရန် အမြစ်မှ ဆွဲနှုတ်ရုံသာ ရှိတော့သည် မဟုတ်ပါလား။
သို့မဟုတ်ဘဲ ထိုလူငယ်ကိုသာ အသက်ဆက်ရှင်ခွင့် ပေးလိုက်ပါက အနာဂါတ်တွင် မည်သို့ ဖြစ်လာမည်နည်း။
" သေစမ်းကွာ "
ကုန်းတျန်က ဒေါသတကြီး ထပ်အော်ကာ ဒုတိယအကြိမ် ထပ်ရိုက်လိုက်ပြန်သည်။
ဘုန်း ...
လောရုံ၏ စိတ်စွမ်းအင်ပင်လယ် တောင်ကြီးမှာ လက်ဝါးချက်ကြောင့် အနည်းငယ် တုန်ခါသွားသော်လည်း လုံးဝ ပြိုကျမသွားခဲ့ချေ။
သို့သော် .. ထိုအချိန်တွင် လောရုံမှာ အလွန်စိတ်မသက်မသာ ခံစားနေရလေပြီ။
သူသည် အစွမ်းထက်သော ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်က သူ့ကို ကောင်းကောင်းကြီး ခုခံကာကွယ်ပေးထားသည့်တိုင် ...
သူနှင့် ကုန်းတျန်တို့ကြားမှ ကျင့်ကြံခြင်းအဆင့် ကွာဟမှုက အလွန်ကြီးမားလှပေသည်။
ယခု လက်ဝါးဖြင့် နှစ်ချက်ဆက်တိုက် အရိုက်ခံပြီးသည့် အချိန်တွင်မူ သူ့ကိုယ်တွင်းအင်္ဂါများအားလုံး ပြိုကွဲ ပျက်စီးသွားတော့မည့်အလား သူ ခံစားနေရ၏။
သို့သော် .. သူ အံကြိတ်၍သာ ဆက်တောင့်ခံလိုက်သည်။
" အကိုလောရုံ "
ထိုအချိန်တွင် လောရှောင်ရှောင်းဆီမှ ထိတ်လန့်တကြား အော်သံ ထွက်လာပြီး သူ့အကို ကို ကူညီရန်အတွက် ရှေ့တိုးရန် ပြင်လိုက်သည်။
သို့သော် ..သူမဘေးတွင် ရပ်နေသည့် စွန်းရှို့က ချက်ချင်း လက်ကာ၍ တားလိုက်သည်။
" ညီမလေးရှောင်ရှောင်း ၊ နင်သွားလို့ မဖြစ်ဘူး။ ဒီလူက တုကျဲ့အဆင့်ရှိတဲ့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပဲ။ နင် သွားရင်တောင် လောရုံကို ကူညီပေးနိုင်မှာ မဟုတ်ဘူး "
စွန်းရှို့က ပြောလိုက်သည်။
လောရှောင်ရှောင်းက ပြန်ပြော၏။
" ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မရဲ့အကို လောရုံ အသတ်ခံရမှာကိုတော့ ဒီတိုင်း ရပ်ကြည့်မနေနိုင်ဘူးရှင့် "
စွန်းရှို့က မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
" စိတ်မပူပါနဲ့ ၊ ဒီကိစ္စကို ငါ့တာဝန်သာ ထားလိုက်ပါ "
သူက ထိုသို့ပြောပြီးနောက် သူ့နောက်မှ လူကြီးလေးယောက်ဘက် လှည့်ကြည့်ကာ ပြော၏။
" ခင်ဗျားတို့လေးယောက်က ကျေးဇူးပြုပြီး ကျုပ်မိတ်ဆွေကို ကူညီပေးကြပါ "
ထိုလေးယောက်ထဲမှ သုံးယောက်က ချက်ချင်း ခေါင်းညိတ်ကာ လှုပ်ရှားရန် ပြင်လိုက်သည်။
သို့သော် .. ထိုစဥ်မှာပင် ကျန်အဘိုးအို တစ်ယောက်က ရုတ်တရက် ပြောလာ၏။
" ဟေ့ ၊ မင်းတို့ သုံးယောက်က ပိုက်ဆံလေး မဖြစ်စလောက်အတွက် ဝူယွိမသေမျိုးနန်းတော်နဲ့ ရန်သူတွေ အဖြစ်ခံမလို့လား "
သူ့စကားဆုံးသည်နှင့် ကျန်သုံးယောက်လုံး တုန့်ခနဲ ရပ်သွားကြသည်။
ထိုလူကြီးသုံးယောက်ကို စွန်းမိသားစု လက်အောက်မှ အခိုင်းအစေများဟု သတ်မှတ်၍ ရသော်လည်း သူတို့သည် စွန်းမိသားစုထံမှ ပိုက်ဆံကိုသာ ယူကြသည့် တစ်ကိုယ်တော် သိုင်းသမား ကျင့်ကြံသူများ ဖြစ်ကြပါသည်။
သို့သော် .. တစ်ဖက်မှ ကုန်းတျန်ကမူ ဝူယွိ မသေမျိုးနန်းတော်မှ အကြီးအကဲတစ်ယောက်ပင် ။
ဝူယွိမသေမျိုးနန်းတော်သည် ထျန်းယွမ်အင်ပါယာအတွင်း၌ အထူးအခွင့်အရေးများ ရထားသည့် ဂိုဏ်းတစ်ခု ဖြစ်ပေသည်။
ထို့အပြင် .. ဝူယွိမသေမျိုးနန်းတော်၏ သမိုင်းကြောင်းမှာလည်း ရှည်လျားပြီး မသေမျိုးတစ်ယောက်နှင့် အဆက်အစပ် ရှိသည်ဟုပင် ဒဏ္ဍာရီ ကျော်သေး၏။
ထို့ကြောင့်လည်း ၎င်းက မသေမျိုးနန်းတော်ဟု အမည်တွင်ခြင်း ဖြစ်သည်။
ထို့အပြင် ဝူယွိမသေမျိုးနန်းတော်၌ တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူများလည်း အများဆုံး ရှိကြပေသည်။
နောက်တစ်ခု ထပ်ရှိသေးသည်မှာ .. လွန်ခဲ့သော နှစ်များအတွင်း ဝူယွိမသေမျိုးနန်းတော်နှင့် ထျန်းယွမ်အင်ပါယာ၏ တော်ဝင်မိသားစုကြား၌ ပုံမှန်မဟုတ်သော ဆက်ဆံရေးမျိုး ရှိလာခဲ့ခြင်းပင်။သို့ဖြစ်ရာ ဝူယွိမသေမျိုးနန်းတော်သည် တိုက်ခိုက်ရေးအင်အား အပိုင်းတွင်သာမက သြဇာအာဏာနှင့် ပတ်သက်၍ပါ ထျန်းယွမ်အင်ပါတွင် အင်အားအကြီးဆုံး ဖြစ်နေပေသည်။
သို့ဖြစ်ရာ လောရုံအတွက် ထိုသို့သော အဖွဲ့မျိုးနှင့်သာ ရန်သူများ အဖြစ်ခံလိုက်ပါက ..
သူတို့ ဦးနှောက်မဲ့ရာ ကျသွားပေလိမ့်မည်။
ထိုသို့ တွေးမိကာ အဘိုးအို လေးယောက်လုံး တိတ်သွားကြသည်။
" ခင်ဗျားတို့တွေ .. "
စွန်းရှို့မှာ သူတို့ကို ကြည့်ကာ အံ့သြမှင်သက်လွန်း၍ စကားပင် မဆိုနိုင် ဖြစ်နေ၏။ ထိုလူများက ယခုလို အချိန်မျိုးတွင် ကြောက်ချေးပါကာ နောက်ဆုတ်နေကြလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
ထို့နောက် သူက အစောက စကားပြောခဲ့သည့် အဘိုးအိုဘက် ချက်ချင်း ခေါင်းလှည့်ကြည့်ကာ ပြောလိုက်သည်။
" အဘိုးကြီး ယန် ၊ ဒါ ဘာအဓိပ္ပါယ်လဲ "
အဘိုးကြီးယန်က သူ့မုတ်ဆိတ်ကို ကိုင်ကာ ပြန်ပြော၏။
" စွန်းရှို့ ၊ ငါတို့တွေက မင်းတို့ မိသားစုရဲ့ လစာကိုပဲ ယူထားပြီးတော့ မင်းတို့ မိသားစုဝင်တွေရဲ့ လုံခြုံရေးကိုပဲ ကာကွယ်ပေးဖို့ တာဝန်ယူထားတာ။ ဒါပေမယ့် ဟိုကောင်လေးက စွန်းမိသားစုက မဟုတ်ဘူးလေ။ အဲ့တော့ သူ အသက်သေတာ ၊ ရှင်တာက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး "
စွန်းရှို့က သူ့ရှေ့မှ အဘိုးကြီးယန်ကို စိုက်ကြည့်ကာ စိတ်ထဲမှ ဆဲရေးလိုက်သည်။
ထိုအဘိုးကြီးသည် အကျိုးအမြတ်ရမည့် ကိစ္စများတွင် အမြဲတစေ ရှေ့ဆုံးမှ ရှိနေတတ်သူ ဖြစ်ပါသည်။
သို့သော် ယနေ့ သူ့အကူအညီကို အမှန်တကယ် လိုအပ်လာသည့် အချိန်တွင်မူ သူက နောက်တွင် ကျန်နေရစ်ခဲ့ရုံမက အခြားသူများကိုပင် မကူညီကြရန် ဝင်နှောင့်ယှက်လိုက်သေး၏။
အကယ်၍ လောရုံသာ သူ့ရှေ့တွင် သေသွားခဲ့ပါက .. သူ လောထျန်းအား မည်သို့ ရှင်းပြရပါမည်နည်း။
ထိုစဥ် .. တဖက်မှ ကုန်းတျန်က သူ့လက်ဝါးချက် ၂ ချက်ကိို တောင့်ခံထားနိုင်ခဲ့သည့် လောရုံအား ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်လည်း သဘောကျသည့် အရိပ်အယောင်အချို့ ရှိနေ၏။
" တော်တော်ကြောက်စရာကောင်းတဲ့ စိတ်စွမ်းအင်ပင်လယ်ပါလား။ မင်းသာ ငါ့တပည့်ဆို ကောင်းမှာကွ ။ ဒါပေမယ့် ကံဆိုးတာက မင်း ဒီနေ့ သေမှကို ဖြစ်မှာ "
ကုန်းတျန်က ထိုသို့ တွေးလိုက်ပြီး လက်မြှောက်ကာ အေးစက်စက် ထပ်ပြောလိုက်သည်။
" ကောင်လေး ၊ မင်းက သတ္တိတော့ ကောင်းသားပဲကွ ။ ဒီတော့ မင်းကို မျက်နှာထောက်တဲ့အနေနဲ့ မင်းအလောင်းကို မပျက်အစီး ကျန်နေခဲ့အောင် လုပ်ပေးမယ် "
စကားဆုံးသည်နှင့် သူ့လက်ဝါးချက် ကျလာပြန်သည်။
" ချီးပဲကွာ "
လောရုံ၏ နှုတ်ခမ်းထောင့်တွင် သွေးများ ရှိနေပြီး သူ အစွမ်းအမ မဲ့နေသလိုပင် ခံစားလိုက်ရ၏။
ဘုန်း ..
အသံကျယ် တစ်သံနှင့်အတူ ကုန်းတျန်၏ လက်ဝါးကြီးက အောက်သို့ ကျသွားသည်။ ထိုလက်ဝါးချက်၏ ကြောက်မက်ဖွယ်အစွမ်းက မြေပေါ်သိူ့ တိုက်ရိုက်ကျလာကာ မြေကြီးအက်ကွဲကြောင်းများ ပေါ်လာပြီး ဖုန်မှုန့်နှင့် မီးခိုးလုံးကြီးများ လိမ့်တက်လာ၏။
" ပွဲက ...ပြီးသွားပြီလား "
ထိုမြင်ကွင်းကို ကြည့်နေသူများထဲမှ တစ်ယောက်က ရေရွတ်လိုက်သည်။
" ဟိုလူငယ်လေး အတွက်တော့ တကယ် စိတ်မကောင်းစရာပဲကွာ။ သူသာ အရွယ်ရောက်လာနိုင်ရင် ထိပ်တန်းအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ သေချာပေါက်ပဲ ။ ဒါပေမယ့် ... "
" နတ်ဘုရားက ပါရမီရှင် လူတော်တွေကို မနာလိုဘူးနဲ့ တူပါတယ် "
အားလုံး သက်ပြင်းချလိုက်ကြသည်။
" ညီလေး လောရုံ "
စွန်းရှို့ထံမှ အော်သံ ထွက်လာသည်။ သူ့အမြင်အာရုံတစ်ခုလုံးလည်း ရုတ်တရက် ပြာဝေသွား၏။
ဝုန်း ..
သူ့ဘေးတွင် ရပ်နေသည့် လောရှောင်ရှောင်းကလည်း သူမ၏ ထူးခြားသော စိတ်စွမ်းအင်ပင်လယ်ကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။
ထိုစဥ် ..တဖက်ရှိ ဝူယွိမသေမျိုးနန်းတော်မှ လူများကမူ ဝမ်းသာအားရ အော်ဟစ်အားပေးနေကြ၏။
လုဖန်ကလည်း ကျယ်လောင်စွာ အော်ရယ်ကာ ပြောလိုက်သည်။
" ကောင်လေး ၊ မင်းက အစောတုန်းကတော့ ငါ့ကို ဒူးထောက်ဖို့ ပြောခဲ့တာ မဟုတ်လား။ အခုရော အဲ့လို မောက်မာနိုင်သေးလား "
သူ့စကား ဆုံးသည်နှင့် သူရော ၊ သူ့နောက်မှ လူများကပါ အော်ဟစ်ရယ်မောလိုက်ကြပြန်သည်။
ကုန်းတျန်က လုဖန်ရှိရာဘက်သို့ လှည့်ကြည့်ကာ ခေါင်းအသာ ယမ်းလိုက်သည်။ ထို့နောက် သူက လောရုံ၏ အလောင်းကို သွားကောက်ရန် ပြင်လိုက်၏။
ထိုအချိန်မှာပင် မီးခိုးနှင့် ဖုန်မှုန့်များ ရှင်းသွားပြီး မြင်ကွင်းရှင်းသွားတော့သည်။
" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "
ကုန်းတျန်မှာ သူ့ရှေ့မှ မြေပြင်ကို ကြည့်ကာ ကြောင်အအ ဖြစ်သွား၏။
သူ့ရှေ့တွင် သူ့လက်ဝါးချက်ကြောင့် ဖြစ်သွားရသည့် ချိုင့်နက်ကြီးတစ်ခု ရှိနေသော်လည်း ...
လောရုံ၏ အလောင်းကမူ ထိုချိုင့်ကွက်ထဲတွင် ရှိမနေခဲ့ပါ။
" မဟုတ်သေးပါဘူး ။ ဒီကောင်က သေသွားတယ် ဆိုရင်တောင် သူ့အလောင်းက ဒီမှာပဲ ရှိနေသင့်တာလေ။ အခုက ဘယ်လိုဖြစ်လို့ ... "
ကုန်းတျန်တစ်ယောက် အခြေအနေကို စဥ်းစားမရနိုင် ဖြစ်သွားသည်။
ထိုအချိန်မှာပင် ...
" အဘိုးကြိး ၊ ကျွန်မအကို လောရုံရဲ့ အသက်ကို ပြန်ပေး "
လောရှောင်ရှောင်းက ဒေါသတကြီးအော်ကာ သူမနောက်မှ ခေါင်းကိုးလုံး သားရဲကြီးနှင့်အတူ ကုန်းတျန်ဆီသို့ တဟုန်ထိုး ပြေးလာ၏။
" ကလေးမလေး ၊ မင်းက ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ။ ခုချက်ချင်း ထွက်သွားစမ်း "
ကုန်းတျန်က မျက်မှောင်ကြုံ့၍ ပြန်အော်ကာ လောရှောင်ရှောင်းအား အဝေးသို့ လွင့်သွားအောင် ရိုက်ချလိုက်သည်။
သို့သော် .. မျှော်လင့်မထားစွာပင် ..
ဘုန်း ...
လောရှောင်ရှောင်းက သူမ၏ လက်ဝါးဖြင့် ပြန်တိုက်ခိုက်လာပြီး ကုန်းတျန်၏ လက်ဝါးချက်ကို တားဆီးလိုက်၏။
" ဟင် "
ကုန်းတျန်မှာ အလွန်အံ့သြမှင်သက်သွားရသည်။
အသက်ငယ်ငယ် မိန်းကလေးငယ်လေး တစ်ယောက်က ဤမျှ အစွမ်းထက်သော စွမ်းအားမျိုးကို မည်သို့ ပိုင်ဆိုင်ထားပါသနည်း။
သူ မစဥ်းစားနိုင်ခင်မှာပင် လောရှောင်ရှောင်း၏ သိုင်းကွက်များက မိုးစက်များအလား သူ့အပေါ်သို့ တစ်ခုပြီးတစ်ခု ကျလာ၏။
ကုန်းတျန်အား ပို၍ အံ့သြတုန်လှုပ်သွားစေရသည့် အချက်မှာ လောရှောင်ရှောင်း၏ သိုင်းကွက် တစ်ခုစီတိုင်း မတူညီသော ဦးတည်ချက်နှင့် စွမ်းရည်များ ရှိထားကြပြီး အလွန်တရာ အစွမ်းထက်နေသည့် အတွက်ကြောင့် ဖြစ်ပါသည်။ ထိုသို့သော အစွမ်းမျိုးမှာ သူမကဲ့သို့ ကျင့်ကြံခြင်းအဆင့်မျိုးနတွင် ရှိသင့်သည့် အစွမ်း မဟုတ်ပါချေ။
" သားရဲတစ်ကောင်လို အစွမ်းထက်တဲ့ နောက်တစ်ယောက်ပါလား။ ငါက အခု တုကျဲ့အဆင့်ကို ရောက်နေလို့ တော်သေးပေါ့။ တကယ်လို့ ငါသာ ကွေ့ရှအဆင့်မှာပဲ ရှိသေးတာဆိုရင် ဒီ ကလေးမရဲ့ သိုင်းကွက်တွေကို ကာကွယ်နိုင်မှာ မဟုတ်ဘူး "
ကုန်းတျန်၏ မျက်လုံးထဲတွင် အံ့သြတုန်လှပ်မှု အရိပ်အယောင် တစွန်းတစ ပေါ်နေသည်။
ထိုသို့သော သားရဲနှစ်ကောင်က မည်သည့်အတွက်ကြောင့် ယနေ့မှ ရုတ်တရက် ပေါ်လာရမှန်း သူ နားမလည်နိုင်တော့ပါ။
ထို့နောက်တွင်မူ .. သူ့မျက်လုံးများအား လူသတ်အရိပ်အငွေ့က ဖုံးလွှမ်းသွားပြန်သည်။
" ငါ အားကုန် သုံးမှ ရတော့မယ်။ မိန်းကလေး ၊ မင်းလဲ ဒီနေ့ပဲ သေရတော့မှာပေါ့ကွာ "
ကုန်းတျန် တွေးလိုက်သည်။
ထို့နောက် သူ့ကိုယ်အရောင်အဝါ ရုတ်တရက် ပေါက်ကွဲထွက်သွားကာ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်တစ်ခုက လောရှောင်ရှောင်းဆီသို့ တဟုန်ထိုး တိုးဝင်သွား၏။