← Chapters

လောထျန်း၏ နောက်လိုက် နတ်ဆိုးဘုရင်များ

Vol. 13 Ch. 169

လောထျန်း၏ နောက်လိုက် နတ်ဆိုးဘုရင်များ

Vol. 13 Ch. 169

နတ်ဆိုးမြေခွေးက ချက်ချင်း မျက်နှာပျက်သွားကာ ပြောသည်။

" လိပ်အဘိုးကြီး .. ကျုပ်က ခင်ဗျားအတွက် တွေးပေးပြီး ပြောနေတာပါဗျာ ။ အခု ထွက်လာပြီး ကျုပ်နဲ့ လာတွေ့လှည့်ပါ သခင်ကြီးရယ် "

လိပ်အဘိုးကြီးက အေးစက်စက် ပြန်ရန်တွေ့သည်။

" မြေခွေးကောင် ၊ ငါ ထွက်လာအောင်လို့ လျှောက်ပြောမနေနဲ့ ။ ငါ့အစွမ်းကို ငါ ကောင်းကောင်းကြီး သိတယ် ။ ငါသာ ထွက်လာလို့ကတော့ မင်းတို့ထဲက ဘယ်သူနဲ့မှ ယှဥ်နိုင်မှာ မဟုတ်ဘူး ။ ဒါပေမယ့် ငါ့နေရာမှာ ငါ့ဟာငါ အေးအေးဆေးဆေး နေရင်တော့ မင်းတို့ ငါ့ကို မထိနိုင်ပါဘူးကွာ "

လောထျန်းနှင့် သားရဲနှစ်ကောင် ဆွံ့အသွားကြသည်။

လောထျန်းက ခေတ္တမျှ စဥ်းစားကာ ပြော၏။

" ငါက ရွှမ်ဝူမသေမျိုးမြေ ကို နည်းနည်းပဲ ရချင်တာလို့ သူ့ကို ပြောလိုက် ။ သူ အဲ့မြေကို ပေးတာနဲ့ ငါ အေးအေးဆေးဆေး ထွက်သွားမှာ "

နတ်ဆိုးမြေခွေးက ခေါင်းညိတ်ကာ လောထျန်းပြောသည့်အတိုင်း လိုက်ပြောလိုက်သည်။

မျှော်လင့်မထားစွာပင် ..ရွှံ့အိုင်ထဲမှ လိပ်အဘိုးကြီးက ဒေါသူပုန် ထသွား၏။

" မင်းတို့က ငါ့ရဲ့ ရွှမ်ဝူ မသေမျိုးမြေကို လိုချင်ကြတယ်ပေါ့လေ ။ငါ့ရဲ့ မှော်လိပ်ခွံကို ချိုးဖျက်နိုင်ရင် ပေးမယ်ကွာ "

ဝီ ..

သူ့စကားဆုံးသည်နှင့် ရွှံ့အိုင်ပေါ်တွင် လိပ်ခွံသဏ္ဍာန်ရှိသည့် အလင်းတန်းလွှာတစ်ခု ပေါ်လာသည် ။

ထိုအခြင်းရာကို မြင်လိုက်သည်နှင့် နတ်ဆိုးမြေခွေးက မြန်မြန်ရှင်းပြ၏။

" သခင်လေး ၊ ဒါ လိပ်အဘိုးကြီးရဲ့ အထူးသိုင်းကွက်ပဲ ။ သူ့ရဲ့ ခုခံစွမ်းရည်က အရင်ကတည်းက ကောင်းပြီးသားဗျ ။  ဒါပေမယ့် ဒီသိုင်းကွက်က ရွှမ်ဝူ မသေမျိုးမြေနဲ့ပါ ပေါင်းပြီး လုပ်ထားတာမို့ ကျုပ်တို့ ကျန်တဲ့နတ်ဆိုးဘုရင် ရှစ်ယောက်လုံး ပေါင်းပြီး တိုက်ခိုက်ရင်တောင် ဒါကို မချိုးဖျက်နိုင်ဘူး "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဒါဆိုလဲ ငါ ကြိုးစားကြည့်ရမှာပေါ့ "

ထိုသို့ ပြောပြီးသည်နှင့် လောထျန်းက ချက်ချင်း မတ်တပ်ထရပ်ကာ လိပ်ခွံအလင်းတန်းလွှာကို ကြည့်၍ အော်လိုက်သည်။

" အပြင်မထွက်လာဘူးဆိုတာ သေချာပြီလား "

လိပ်အဘိုးအိုက အေးစက်စက် ပြန်ရန်တွေ့၏။

" အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ ။ ငါ့ရဲ့ အကာအကွယ်ကို မချိုးဖျက်နိုင်ရင် ဒီကနေ ထွက်သွားကြ "

လောထျန်းက မျက်ခုံးပင့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

ဝုန်း ...

သူ့အနောက်ဘက်တွင် မှုန်ဝါးဝါး အရိပ်တစ်ခု တမဟုတ်ချင်း စုစည်းလာ၏။

" အား .."

လောထျန်းအား ကျောပေါ်တင်ထားသည့် နတ်ဆိုးမြေခွေးမှာ ကြောက်မက်ဖွယ် အစွမ်းတစ်ခုက ဖိနှိပ်လာသည်ကို ရုတ်ချည်း ခံစားလိုက်ရပြီး ကြောက်လန့်တကြား အော်မိသွားသည်။

သူ ယခု ကြုံနေရသည့် ခံစားချက်မှာ ကောင်းကင်ဘုံပျက်စီးခြင်းနှင့် ကြုံတွေ့ခဲ့စဥ်ကထက်ပင် ပိုကြောက်စရာ ကောင်းနေသည်။

ထိုအချိန်မှာပင် လောထျန်းက အောက်သို့ ထိုးချလိုက်သည်။

ဘုန်း ..

ထို့နောက်တွင်မူ လေထဲမှ လိပ်ခွံအကာအကွယ် အလင်းတန်းလွှာက အစိတ်စိတ်အမွှာမွှာ ပြိုကွဲသွားတော့သည်။

" ဟင် .. "

ရွှံ့အိုင်ထဲမှ လိပ်အဘိုးကြီး အံ့သြမှင်သက်သွားသည်။ လိပ်ခွံ  အလင်းတန်းလွှာက အဖျက်ဆီး ခံလိုက်ရသည့်အပြင် သူကိုတိုင်မှာလည်း ဒဏ်ရာရသွားသည့်အတွက် ပါးစပ်ထဲမှ သွေးများကို ထွေးထုတ်လိုက်ရ၏။

တဖက်မှ လောထျန်းက လက်ကို ပြန်ရုတ်လိုက်ရာ သူ့နောက်မှ အရိပ်ကြီးကလည်း ပြန်ပျောက်ကွယ်သွားသည်။

နတ်ဆိုးမြေခွေးနှင့် အမွေးစိမ်း ခြင်္သေ့တို့ တစ်ယောက်ကို တစ်ယောက် လှည့်ကြည့်လိုက်ကြသည်။ သူတို့ နှစ်ယောက်လုံး၏ မျက်လုံးထဲတွင်မူ ကြောက်ရွံ့မှုက အထင်းသား ပေါ်နေ၏။

လိပ်အဘိုးကြီး၏ ခုခံစွမ်းရည်က မည်မျှ အစွမ်းထက်မှန်း သူတို့ ကောင်းကောင်းကြီး သိထားပြီးသား ဖြစ်ပါသည်။

သို့သော် လောထျန်းရှေ့တွင်မူ ၎င်းက အလွန်အစွမ်းနိမ့်ဟန် ပေါက်နေ၏။

ဤသည်ကို ကြည့်ခြင်းဖြင့်ပင် လောထျန်း၏ တိုက်ခိုက်မှုက မည်မျှအစွမ်းကြီးမှန်း သိနိုင်ပေသည်။

" ဘယ်လိုလဲ .. အခု ရွှမ်ဝူ မသေမျိုးမြေကို အသာတကြည် ပေးမှာလား "

လောထျန်းက မေးလိုက်သည်။

ထိုစဥ် လိပ်အဘိုးကြီးသည် ကြောက်ရွံ့နေပြီး ရွှံ့အိုင်အတွင်းထဲမှ တုန်တုန်ယင်ယင် ထွက်လာ၏။

" သခင်လေး ..အေးအေးဆေးဆေးပဲ စကားပြောကြတာပေါ့ဗျာ ။ ရွှမ်ဝူ မသေမျိုးမြေကို ကျုပ် ပေးပါ့မယ်။ သခင်လေး ဘယ်လောက်လိုချင်လဲသာ ပြောပါ"

လိပ်အဘိုးအိုမှာ ယခင်ကကဲ့သို့ မတည်ငြိမ်နိုင်တော့ပါချေ ။

သူ အားကိုးအားထားပြုရသည့် အကြီးဆုံးအရာမှာ သူ၏ ခုခံနိုင်စွမ်း ဖြစ်ပါသည်။

ယခု သူ့ အကာအကွယ်က ချိုးဖျက်ခံလိုက်ရပြီဖြစ်ရာ သူ မည်သိူ့ တည်ငြိမ်နိုင်ပါတော့မည်နည်း။

" ခင်ဗျားသာ ကျုပ်ကို အစောကတည်းက ပေးလိုက်ရင် ကျုပ်က သုံးပုံတစ်ပုံလောက်ပဲ ယူမှာ ။  အခုတော့ ကျုပ် အကုန် လိုချင်တယ် "

လောထျန်းက  အေးစက်စက်မျက်နှာဖြင့် ပြောလိုက်သည်။

" ဟင် .. "

ထိုစကားကို ကြားသောအခါ လိပ်အဘိုးအို၏ ရင်ထဲတွင် နာကျင်ခံစားလိုက်ရ၏။

ရွှမ်ဝူမသေမျိုးမြေသည် တဖြည်းဖြည်းချင်း ပြန်စုစည်းနိုင်သည် ဆိုသော်ငြား စုစည်းသည့် နှုန်းမှာ အလွန်နှေးကွေးလှ၏။

ယခု သူ စုဆောင်းထားသည့် ပမာဏမျိုး မည်သည့်အချိန်မှ ထပ်ရနိုင်မည်ကိုပင် သူ မသိတော့ပါ ။

သို့သော် ..လောထျန်း၏ စူးရှသော အကြည့်အောက်တွင် သူ မည်သို့မှ ပြန်မပြောနိုင်ဘဲ ရှိသမျှ ရွှမ်ဝူ မသေမျိုးမြေ များ အားလုံးကိုသာ ထုတ်ပေးလိုက်ရသည်။

" ကောင်းပြီ ၊ နောက်တစ်ခုဆီ သွားကြစို့ "

လောထျန်းက ပြောလိုက်သည်။

" ဟုတ်ကဲ့ "

နတ်ဆိုးမြေခွေးနှင့် ခြင်္သေ့တို့က ခေါင်းညိတ်ပြီး ထွက်ခွာသွားလိုက်ကြသည်။

သို့သော်..မျှော်လင့်မထားစွာပင် လိပ်အဘိုးအိုသည်လည်း သူတိူ့နောက်မှ လိုက်လာ၏။

" ဟင် ..လိပ်အဘိုးအို ၊ ခင်ဗျား ဘာလုပ်နေတာလဲ "

နတ်ဆိုးမြေခွေး အံ့အားသင့်သွားကာ မေးလိုက်သည်။

" မင်းတို့က တခြားရတနာတွေ သွားရှာကြမလို့ မဟုတ်လား "

လိပ်အဘိုးအိုက ပြန်မေး၏။

နတ်ဆိုး ၂ ယောက် ခေါင်းညိတ်ပြလိုက်ကြသည်။

" ဒါဆို ငါလဲ အတူတူ လိုက်ချင်တယ် ။ တခြားသူတွေက ရတနာတွေ ဆုံးရှုံးရတာကို ကြည့်ချင်တယ်ကွ ။ ဒါမှ ငါခံစားရတာလဲ နည်းနည်းသက်သာမှာ "

လိပ်အဘိုးအိုကပြန်ပြောသည်။

နတ်ဆိုးနှစ်ကောင်မှာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားကြ၏။

မကြာမီမှာပင် .. လူတစ်ယောက်နှင့် သားရဲသုံးကောင်တို့ ရေခဲပြင်ကြီးတစ်ခုဆီ ရောက်လာကြသည်။

" သခင်လေး ၊ ဒီမှာရှိတဲ့ နတ်ဆိုးဘုရင်က ငှက် တစ်ကောင် ပဲဗျ ။ သူက နတ်ဘုရားသားရဲတစ်ကောင်ရဲ့ သွေးမျိုးဆက်မို့ အင်မတန် အစွမ်းထက်တယ် ။သူ့ရဲ့ ရတနာကတော့ နှင်း မှိုပွင့်ပဲ "

နတ်ဆိုးမြေခွေးက မိတ်ဆက်ပေးလိုသည်။

လောထျန်းက ခေါင်းအသာညိတ်၏။

ထိုအချိန်မှာပင် ရေခဲပြင်တီမှ အဖြူရောင် အရိပ်တစ်ခု လျင်မြန်စွာ ပျံသန်းလာသည်။

" ဟင် .. ငှက်လူသား ရောက်လာပြီပဲ "

ခြင်္သေ့ကြီးဆီမှ အသံထွက်လာ၏။

ထို့နောက်တွင်မူ အဖြူရောင်အရိပ်က နီးသထက် နီးလာကာ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးအဖြစ် အသွင်ပြောင်းလိုက်သည်။

ထိုအမျိုးသမီးက သူတို့အားလုံးကို ဝေ့ဝဲကြည့်ကာ ဒေါသတကြီး မေးသည်။

" နင်တို့ သောက်ရူးသုံးယောက်က ဒီအချိန်ကြီး ဒီကို ဘာလာလုပ်ကြတာလဲ "

နတ်ဆိုးမြေခွေးက ပြန်ပြောသည်။

" ငှက်လူသား ၊ ဒီ သခင်လေးက မင်းဆီက နှင်းမှိုပွင့်ကို လိုချင်လို့ "

ထိုစကားကို ကြားသည်နှင့် အမျိုးသမီး ဒေါသထွက်သွား၏။

" မပေးနိုင်ဘူး ၊ ထွက်သွားကြ "

ဆယ်စက္ကန့်မျှ ကြာပြီးနောက်တွင်မူ ...

" သခင်လေး ၊ နှင်းမှိုပွင့်က ဟိုနားလေးမှာပါ ။ သခင်လေးကို ကျွန်မ လမ်းပြပေးပါ့မယ် "

ငှက်လူသားက ပြောလိုက်သည်။ သူမ ခေါင်းပေါ်တွင်လည်း လက်သီးတစ်ခုအရွယ် ဘုလုံးကြီး ရှိနေသည့်အတွက် သူမအသွင်မှာ အနည်းငယ်ရယ်စရာ ကောင်းနေသည်။

ခဏအကြာတွင်မူ နှင်းမှိုပွင့် ဆယ်ပွင့်ကျော်ကို လောထျန်း ရသွားပြီး ရေခဲပြင်မှ ထွက်လာခဲ့ကြ၏။

" ဟင် .. မင်းက ဘာလို့ ငါတို့နောက်ကို လိုက်လာရတာလဲ "

ခြင်္သေ့ကြီးက နောက်လှည့်ကြည့်လိုက်ရာ ငှက်ကြီးကို တွေ့သွားသဖြင့် တအံ့တသြ မေးလိုက်သည်။

ငှက်ကြီးက မျက်နှာသုန်မှုန်စွာဖြင့် ပြန်ပြော၏။

" ဘာကြောင့် လိုက်လို့မရရမှာလဲ ။ ငါတစ်ယောက်တည်းတော့ စိတ်ဒုက္ခအရောက်မခံနိုင်ဘူးလေ ။ တခြားသူတွ ဒုက္ခရောက်သွားကြတာကိုလဲ ကြည့်ချင်သေးတယ်"

လိပ်အဘိုးအိုကလည်း ခေါင်းညိတ်ကာ ထောက်ခံသည်။

" ဒါပေါ့ ၊ ငါနဲ့ အတွေးတူတူပဲ "

မကြာမီအချိန်တွင်မူ ထူထပ်သိပ်သည်းသော တောအုပ်တစ်ခုဆီသို့ ရောက်လာကြ၏။ တစ်ခေါင်းလုံး သွေးအလိမ်းလိမ်း ပေနေသည့် ပေတစ်ရာခန့်ရှည်သော မြွေကြီးကလည်း ရောင်စုံအလင်းတန်းများ လင်းလက်တောက်ပနေသည့် သစ်ကိုင်းတစ်ခုကို တလေးတစား ထုတ်ပေးလိုက်တော့သည်။

ထို့နောက်တွင်မူ သူတို့အုပ်စု တောင်ကြီးတစ်ခုရှေ့သို့ ရောက်သွားကြပြန်သည်။ ခြေတစ်ဖက် ထော့နဲ့ထော့နဲ့ ဖြစ်နေသည့် ငှက်တစ်ကောင်ကလည်း နတ်သစ်သီးများကို မကျေမနပ် မျက်နှာဖြင့် ထုတ်ပေးလိုက်ရ၏။

လောထျန်းနောက်မှ လိုက်လာသည့် အုပ်စုမှာလည်း များသထက် များလာခဲ့သည်။

ထိုအချိန်တွင် နဆ်ဆိုးဘုရင် ၉ ယောက်ထဲမှ ၈ ယောက်မှာ လောထျန်းနောက်သို့ ရောက်နေကြလေပြီ ။

" ဟမ့် ..တစ်ယောက်ပဲ ကျန်တော့တယ် ။ ဒီအဘိုးကြီး အရိုက်ခံရရင် ဘယ်လိုရုပ် ဖြစ်သွားမလဲဆိုတာ ငါ တော်တော်ကြည့်ချင်နေပြီ "

မျောက်သားရဲက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

" အမှန်ပဲ၊ ဒီအဘိုးကြီးက အမြဲတမ်း အဓိပ္ပါယ်မရှိတဲ့ စကားတွေ လျှောက်ပြောနေတာ ။ ဆိုတော့ ကောင်းကောင်းကြီး အရိုက်ခံသင့်တယ် "

ငှက်ကြီးကလည်း ဝင်ပြော၏။

မကြာမီမှာပင် လူတစ်ယောက်နဲ့ နတ်ဆိုးသားရဲ ရှစ်ယောက်တို့ ပျက်စီးယိုယွင်းနေသော ဘုရားကျောင်းဆောင် တစ်ခုရှေ့ ရောက်လာကြသည်။

သူတို့အုပ်စု ရောက်လာသည်နှင့် ..

ကျွီ ...

ဘုရားကျောင်းအတွင်းသိူ့ ဝင်သည့် တံခါးပေါက်က တဖြည်းဖြည်း ပွင့်သွားပြီး အဘိုးအိုတစ်ယောက်က တစ်လမ်းချင်း လျှောက်ကာ ထွက်လာသည်။

" သခင်လေးကို ကြိုဆိုပါတယ် ၊ကျုပ်က အရိုးဖြူပညာရှိပါ ။ဒီဟာကတော့ ကျုပ် စောင့်ကြပ်နေခဲ့တဲ့ ရတနာဖြစ်တဲ့ ဝိဥာဥ်မီးတောက်ပါ ။ ကျေးဇူးပြုပြီး လက်ခံပေးပါ သခင်လေး "

အဘိုးအိုက ထိုသို့ပြောပြီး မြစိမ်းရောင်မီးတောက်အလုံးတစ်လုံးကို လောထျန်းအား လက်နှစ်ဖက်ဖြင့် တလေးတစား ပေးလိုက်၏။

အားလုံးမှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်သွားကြသည်။

ထိုလူက သူ့ရတနာကို ဤသို့ အလွယ်တကူ ထုတ်ပေးနေသည်လား ။

မျောက်နတ်ဆိုးက ခေါင်းကုတ်ကာ ပြောလိုက်သည်။

" မြေနိုးအရိုးချောင်းကြီး ၊ ဒါ ဘာအဓိပ္ပါယ်လဲ။ ဒီလိုရတနာမျိုးကို လွယ်လွယ်နဲ့ အရှုံးပေးလိုက်တော့မယ်ပေါ့ ။ ဘာလို့ ထပြီး မတိုက်ခိုက်ရတာလဲ ။ နိုင်သွားရင် ဒီရတနာကို ပေးစရာ မလိုတော့ဘူးလေ "

ကျန် နတ်ဆိုးသားရဲ ၈ ယောက်ကလဲ ခေါင်းညိတ်လိုက်ကြသည်။

သူတို့အားလုံးမှာ လောထျန်း၏ လက်သံကို ခံခဲ့ရကြသည်ဖြစ်ရာ ..

ထိုအဘိုးကြီးသာ အရိုက်မခံရပါက သူတို့ရင်ထဲတွင် မမျှတသလို ခံစားကြရပေလိမ့်မည်။

သို့သော် .. အရိုးဖြူပညာရှိက အလေးနက် ပြန်ပြော၏။

" ညီလေးမျောက် ၊ မင်း ဘာတွေ ပြောနေတာလဲ ။ ဒီ သခင်လေးနဲ့ ငါနဲ့က တွေ့တွေ့ချင်း အချိတ်ဆက်မိသွားကြတာလေ ။ တချက်တည်း ကြည့်လိုက်ရုံနဲ့တင် ငါ့ရင်ထဲမှာ သူ့အပေါ် လေးစားမှုက ရေတိုးနေတဲ့ မြစ်တစ်စင်းလို တိုးလာတာကွ ။ ငါက မချမ်းသာတော့ သူ့ကို ပေးစရာ တခြားရတနာတွေ မရှိတာကိုတောင် နောင်တရနေတာ။ ဒါ့ကြောင့်မို့ ဒီ ဝိဥာဥ်မီးတောက်ကို ပေးပြီး ငါ့ရဲ့လေးစားမှုကို ပြရတာပဲ "

" မင်းပြောသလိုသာ တိုက်ခိုက်လိုက်ရင် ငါက ပညာမဲ့တဲ့ ခပ်ပေါပေါ အတန်းအစားထဲက တစ်ယောက် ဖြစ်သွားမှာပေါ့ကွာ ။ ဒီတော့ နောက်တစ်ခါ ဒီသခင်လေးနဲ့ ငါ့ကြားမှာ အဲ့လိုစကားမျိုးတွေနဲ့ သွေးမထိုးနဲ့ ။ ​ထပ်ပြောလို့ကတော့ မင်းဘက်ကိုပဲ ငါ့ရဲ့မြှားဦးကို လှည့်ရလိမ့်မယ် ။ အဲ့ကျရင်တော့ ငါ့ကို အပြစ်မတင်နဲ့ပေါ့ကွာ "

All Chapters