အရိုးဖြူ ပညာရှိ၏ လှည့်ကွက်
Vol. 13 Ch. 170
" ဘယ်လို .. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "
ကြားလိုက်ရသည့် စကားကြောင့် မျောက်နတ်ဆိုးမှာ အလွန်အံ့အားသင့်သွား၏။
" အရှက်မရှိလိုက်တာ "
လောထျန်းနောက်မှ ကျန်နတ်ဆိုး ၇ ယောက်ကလဲ တညီတစ်ညွတ်တည်း ပြောလိုက်ကြသည်။
ထိုစဥ် ငှက်ကြီးက တစ်စုံတစ်ခုကို စဥ်းစားမိသွားဟန်ဖြင့် ပြော၏။
" ဒီလူကြီးက အစောကတည်းက သူ့ရဲ့ ဝိဥာဥ်မျက်လုံးနဲ့ ကြည့်ပြီး ငါတို့အခြေအနေမဟန်တာကို တွေ့သွားလို့ပဲ ဖြစ်ရမယ် "
ကျန် နတ်ဆိုးဘုရင်များငလည်း ထိုအချိန်မှသာ ဖြစ်နိုင်ချေကို စဥ်းစားမိသွားကြသည်။
ပုံမှန်ဆိုလျှင် ထိုအရိုးဖြူ ပညာရှိမှာ သူတို့အားလုံးထဲတွင် အရက်စက်ဆုံး ဖြစ်ပါသည်။
အကယ်၍ သူသာ အခြေအနေကို စောစောကြို မသိထားခဲ့ပါက ယခုကဲ့သို့ တုန့်ပြန်နေစရာအကြောင်း လုံးဝ မရှိပါ။
တဖက်မှ လောထျန်းကမူ ဝိဥာဥ်မီးတောက်ကို ကြည့်ကာ ခေါင်းအသာညိတ်၍ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် "
သူသည် ဤနေရာသို့ ရတနာများ ရှာဖွေရန်အတွက်သာ လာခဲ့ခြင်းဖြစ်ပြီး နတ်ဆိုးများကို သတ်ရန် ရည်ရွယ်ချက် လုံးဝ မရှိခဲ့ပေ ။
ယနေ့တွင်မူ တစ်ဖက်လူများက ရန်လိုနေကြသဖြင့်သာ သူ့ဘက်မှ လက်ပါခဲ့ရခြင်း ဖြစ်ပါသည်။
" သခင်လေး ၊ အခု ဘယ်ကို ဆက်သွားမလို့လဲဗျ "
အရိုးဖြူ ပညာရှိက အပြုံးဖြင့် မေးလိုက်သည်။
" ကျုပ်လား ၊ အဝါရောင် ရေပူစမ်းပင်လယ်ကို သွားပြီး ရေပြာ သွားယူမလို့ "
လောထျန်းက ပြန်ဖြေသည်။
" အဲ့လိုလား ၊ ဒါဆို ကျုပ် သခင်လေးကို ခေါ်သွားပေးရမလား "
အရိုးဖြူ ပညာရှိက ဆက်ပြော၏။
လောထျန်းက တည်ငြိမ်စွာပင် ပြန်ပြောသည်။
" အဲ့လို လိုက်ပို့ဖို့ လိုလို့လား "
အရိုးဖြု ပညာရှိက သူ့ပေါင်သူ လက်ဖြင့် အားပါးတရ ပြန်ရိုက်ကာ ပြော၏။
" ဒါပေါ့ဗျာ ၊ လိုတာပေါ့ ။ သခင်ကေ အဝါရောင် ရေပူစမ်းပင်လယ်ကို သွားမှာလေ။ ဒါကိုမှ လိုက်မပို့ရင် ကျုပ်တို့က သာမာန် တိရိစ္ဆာန်တွေနဲ့ ဘာကွာတော့မှာလဲ "
ကျန် နတ်ဆိုး ၈ ယောက် :
" မြေနိုးငဖားကောင်ကြီး "
သို့သော် အရိုးဖြူပညာရှိက ထိုသို့ ပြောလာရာ သူတို့သည်လည်း အနည်းငယ် ရှက်သွားပြီး မနေသာတော့ဘဲ လောထျန်းနှင့်အတူ အဝါရောင် ရေပူစမ်းပင်လယ်ဆီသို့ လိုက်သွားရန်သာ ရှိပေတော့သည်။
ထိုစဥ် လောထျန်းက အရိုးဖြူ ပညာရှိအား မေးလိုက်သည်။
" ဒီနေရာအကြောင်းကို ခင်ဗျား ဘယ်လောက်သိထားလဲ "
အရိုးဖြူ ပညာရှိက အပြုံးဖြင့် ပြန်ဖြေ၏။
" သခင်လေး မေးတဲ့သူ မှန်သွားပြီဗျာ ။ ဒီ နတ်ဆိုးတစ်သောင်းလွင်ပြင်ထဲမှာ အဝါရောင် ရေပူစမ်းပင်လယ်အကြောင်း ကျုပ်ထက် သိတဲ့သူ တစ်ယောက်မှ ရှိမှာမဟုတ်ဘူး "
လောထျန်း သိချင်စိတ်ဖြစ်သွားပြီး ဆက်မေးသည်။
" ဘာဖြစ်လို့လဲ "
အရိုးဖြူ ပညာရှိက ပြန်ဖြေသည်။
" ဘာလို့လဲဆိုတော့ ကျုပ်ရဲ့ ညာလက်က အဝါရောင်ရေပူစမ်းပင်လယ်ကနေ ရခဲ့တာမို့လို့ပဲဗျ "
" အင် .. "
လောထျန်း နားမလည်နိုင် ဖြစ်သွား၏။
အရိုးဖြူ ပညာရှိက ချက်ချင်း ရှင်းပြသည်။
" သခင်လေး ၊ ကျုပ်ရဲ့ ပုံသဏ္ဍာန်အမှန်က အသိဉာဏ်ရှိတဲ့ အရိုးစု တစ်ခုပဲဗျ "
သူက ထိုသို့ ပြောပြီးနောက် သူ့ပုံစံအမှန်သို့ ပြောင်းလိုက်၏။
သူ့ပုံစံ အစစ်မှန်မှာ အရိုးချည်းသက်သက်သာ ရှိသည့် အရိုးစု တစ်ခုပင် ။
သို့သော် သူ့ညာဘက်လက် အရိုးကမူ သူ့ခန္ဓာကိုယ်မှ အခြား အရိုးများနှင့် အရောင်ကွဲနေသည်။
ထို့နောက် အရိုးဖြူပညာရှိက လူသားတစ်ယောက်အသွင် ပြန်ပြောင်းကာ ပြော၏။
" ဟိုး လွန်ခဲ့တဲ့ နှစ်ထောင်ချီ အကြာတုန်းက ကျုပ်က အရိုးစုတစ်ခုကနေ မွေးဖွားလာပြီး နတ်ဆိုးတစ်ယောက် ဖြစ်လာခဲ့တယ် ။ ဒါပေမယ့် အဲ့အချိန်တုန်းက ကျုပ်ရဲ့အစွမ်းက နတ်ဆိုးတစ်သောင်းလွင်ပြင်မှာ ရှိတဲ့ နတ်ဆိုးတွေအားလုံးထဲမှာ အစွမ်းအနိမ့်ဆုံးလို့တောင် ပြောလို့ရတယ်။အဲ့တော့ နတ်ဆိုးတွေအားလုံးကလဲ ကျုပ်ကို အနိုင်ကျင့်ကြတာပေါ့ဗျာ "
" ကျုပ် သေလုမျောပါး ဖြစ်ခဲ့ရတဲ့ အကြိမ်တွေတောင် မနည်းလှဘူး။ တစ်ခါကဆိုရင် ကျုပ်က နတ်ဆိုးသားရဲနည်းနည်းလောက်ကို စော်ကားမိသလို ဖြစ်သွားတာ ၊ ဒီ နတ်ဆိုးတွေက ကျုပ်နောက်ကို လိုက်ပြီးအဝါရောင် ရေပူစမ်းပင်လယ်ထဲကို ထွက်ပြေးအောင် လုပ်ခဲ့ကြတယ်ဗျ "
" ဒါပေမယ့် ကံကောင်းတာတစ်ခုက ကျုပ်ရှေ့နားမှာ အရိုးစု လက်တစ်ဖက် လှိုင်းနဲ့ ပါလာတာကို တွေ့လိုက်လို့ ကျုပ်က ကိုယ့်လက်ကိုယ် ဆွဲဖြုတ်ပြီး အဲ့ဒီလက်နဲ့ အစားထိုးခဲ့တာပဲ "
" ပြီးတော့ ဒီလက်ရဲ့ အရင်ပိုင်ရှင်က ဘယ်သူမှန်း မသိပေမယ့် သူ့အစွမ်းက တော်တော်လေးတော့ ကြောက်စရာကောင်းတယ်ဗျ။ နတ်ဘုရားလက်နက်တွေကိုတောင် ဒအနိုင်ယူနိုင်တဲ့အထိပဲ ။အဲ့တော့ ကျုပ်ကလဲ ဒီလက်ကို အားကိုးပြီး ကျုပ်ကို ရန်စ စော်ကားခဲ့ကြတဲ့ နတ်ဆိုးတွေကို ပြန်သတ်ခဲ့တယ်။ အဲ့လိုနဲ့ နောက်ပိုင်းမှာ နတ်ဆိုးတစ်သောင်းလွင်ပြင်က အစွမ်းထက်ဆုံး နတ်ဆိုးဘုရင် ၉ ယောက်ထဲက တစ်ယောက် ဖြစ်လာခဲ့တာပဲ "
သူ့စကားဆုံးအောင် နားထောင်ပြီးသွားသောအခါ လောထျန်းက မျက်မှောင်ကြုံ့၍ မေးလိုက်သည်။
" ကျုပ် သဘောပေါက်ပြီ။ ခင်ဗျားရဲ့ ခန္ဓာကိုယ်က မူလ အရိုးရော ၊ အဲ့ကနေ ရခဲ့တဲ့ ညာလက်ရောက လူအရိုးတွေ မဟုတ်လား "
အရိုးဖြူနတ်ဆိုးက ခေါင်းညိတ်ပြ၏။
" သခင်လေးပြောတာ မှန်တယ် ။ ကျုပ်ခန္ဓာကိုယ်ရဲ့ အရင်ပိုင်ရှင်က လူသားတစ်ယောက်ပဲဗျ ။ဒါပေမယ့် သူ သေသွားပြီးမှ ကျုပ်က သူ့အရိုးကနေ မွေးလာတာဆိုတော့ ကျုပ်ရဲ့ အရင်ပိုင်ရှင်က လူသားတစ်ယောက် ဖြစ်ပေမယ့် ကျုပ်ကတော့ လူသားတစ်ယောက် မဟုတ်ဘူးပေါ့ဗျာ "
လောထျန်းက သိချင်စိတ်ဖြင့် ဆက်မေးသည်။
" ဒါဆို ခင်ဗျားရဲ့ အရင်ပိုင်ရှင်ကလဲ အပြင်ကမ္ဘာကနေ ဆုမီတောင်ကို လာခဲ့တဲ့ လူသားတစ်ယောက်ပေါ့ "
အရိုးဖြူ ပညာရှိက ခေါင်းယမ်းကာ ပြန်ဖြေသည်။
" ကျုပ် ဒီကိစ္စကို သေချာစုံစမ်းခဲ့သေးပေမယ့် အချိန်က လွဲနေတယ်ဗျ။ ကျုပ်ရဲ့ အရင်ပိုင်ရှင်က ဆုမီတောင် ဒီကမ္ဘာထံကို ရောက်မလာခင်ကတည်းက ရှိနေခဲ့တဲ့ပုံပဲ။ကျုပ်ရဲ့ ညာလက်ဆို ပိုပြီးတော့တောင် သက်တမ်းကြာသေးတယ်ဗျ "
လောထျန်း အံ့အားသင့်သွားရ၏။
" ဒါဆို .. ဆုမီတောင်မှာဟိုးအရင်ကတည်းက လူတွေ ရှိနေခဲ့တာပေါ့ "
အရိုးဖြူ ပညာရှိက ခေါင်းညိတ်ပြသည်။
" အဲ့လိုနဲ့ တူတယ်ဗျ ။ ဒါပေမယ့် .. အကြောင်းရင်းတစ်ခုကြောင့် လူသားတွေအားလုံး မျိုးတုံးအသတ်ခံခဲ့ရတဲ့ ပုံပဲ ။ သူတို့ရဲ့ အစအန အကြွင်းအကျန်တွေတောင် နည်းနည်းလေးပဲ ရှိတာ ။ ဒါပေမယ့် ဆုမီတောင်ကိုတော့ ကျုပ်တို့ နတ်ဆိုးတွေ တက်လို့မရတာမို့ ဘာတွေရှိတယ်ဆိုတာ မပြောတတ်ဘူး "
တစ်ဖက်လူ၏ သုံးသပ်ချက်ကို နားထောင်ကာ လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။
ဆုမီတောင်တွင် လျှို့ဝှက်ချက်များ မြောက်များစွာ ရှိသည့်ဟန်ပင် ။
" အဝါရောင် ရေပူစမ်းပင်လယ်အကြောင်းကို ပြောပါဦး ။ ခင်ဗျား ဘာတွေ သိထားလဲ "
လောထျန်း ဆက်မေးလိုက်သည်။
အရိုးဖြူပညာရှိက သက်ပြင်းချကာ ပြန်ဖြေသည်။
" ကျုပ် နတ်ဆိုးဘုရင်တစ်ပါး ဖြစ်လာတဲ့အချိန်ကစလို့ အဝါရောင် ရေပူစမ်းပင်လယ်က လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ ကြိုးစားခဲ့တယ်ဗျ ။ ဒါပေမယ့် အဲ့နားကို ကပ်လိုက်တိုင်း ပြောမပြနိုင်တဲ့ ကြောက်ရွံ့မှုမျိုး ခံစားခဲ့ရတယ် "
" ပြီးတော့ အဲ့ဒီကြောက်စိတ်ကလဲ ကျုပ်ရဲ့ ညာလက်မှာ ကျန်နေခဲ့တဲ့ စိတ်ပဲ "
ထိုသို့ပြောပြီးနောက် သူ့ဘယ်လက်ဖြင့် ညာလက်မောင်းကို ဆုပ်ကိုင်ကာ မျက်နှာတည်သွားသည်။
လောထျန်းက အံ့သြသွားဟန်ဖြင့် မေး၏။
" ခင်ဗျားရဲ့ ညာလက်က သီးသန့် အသိစိတ် ကျန်နေသေးတယ်လား "
အရိုးဖြူ ပညာရှိက ခေါင်းယမ်းပြလိုက်သည်။
" မဟုတ်ဘူးဗျ ။ တစ်ခါတစ်လေ အကြောင်းထူးမှသာ အကြွင်းအကျန် ကျန်နေတဲ့ ခံစားချက်တချို့ ပြန်ပေါ်လာတာ "
ထို့နောက် သူက ကောင်းကင်ယံသို့ မော့ကြည့်ကာ စကားဆက်သည်။
" ဒဏ္ဍာရီတွေထဲမှာ ပြောကြတာတော့ အဝါရောင် ရေပူစမ်းပင်လယ်ထဲမှာ အင်မတန် ကြောက်စရာကောင်းတဲ့ အရာတစ်ခု ရှိနေတယ်တဲ့။ တချို့သူတွေက ဒါကို ဒဏ္ဍာရီသက်သက်ပဲ ၊ တကယ်မဟုတ်ဘူးလို့ ပြောကြပေမယ့် ဒီ ဒဏ္ဍာရီကအမှန်ဆိုတာကို ကျုပ် သိတယ် ။ အဝါရောင် ရေပူစမ်းပင်လယ်ရဲ့ အောက်ထဲမှာ အင်မတန်ကြောက်စရာကောင်းတဲ့ အရာတစ်ခု ပုန်းနေတာပဲ ဖြစ်နိုင်တယ် "
လောထျန်းသည်သာ မက အခြား နတ်ဆိုးများကပါ ထိုမကြောင်းများကို ယခုမှ ပထမဆုံး ကြားဖူးခြင်းပင် ။
" အရိုးစုကြီး ၊ ခင်ဗျား ဒီအကြောင်းတွေ ပြောတာကို ကျုပ် အရင်က တစ်ခါမှ မကြားဖူးပါဘူး "
မျောက်နတ်ဆိုးက မကျေမနပ် ဝင်ပြောလိုက်သည်။
အရိုးဖြူ ပညာရှိက တချက်ရယ်ကာ ပြန်ပြော၏။
" မင်းနဲ့ ငါနဲ့ကြားမှာ မိတ်ဆွေဆက်ဆံရေးမျိုးမှ ရှိမထားတာကွ ။ ငါက မင်းကို ဘာလို့ ပြောပြရမှာလဲ "
" ခင်ဗျားကြီး .. "
သူ့စကားကြောင့် မျောက်နတ်ဆိုး ဒေါသထွက်သွားကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
သို့သော် ထိုအချိန် သူ့ဘေူတွင် ရှိနေသည့် လောထျန်းအား ကြည့်မိသွားပြီး ဒေါသကိုသာ ချုပ်တီးထားလိုက်ရ၏။
ထိုအချိန်မှာပင် ခပ်လှမ်းလှမ်းမှ ရေလှိုင်းသံ သဲ့သဲ့ကို သူတို့ ကြားလိုက်ကြရသည်။
အဝါရောင် ရေပူစမ်းပင်လယ်ကလည်း သူတို့၏ မြင်ကွင်းထဲသို့ ပေါ်လာခဲ့လေပြီ ။
နတ်ဆိုးမြေခွေးက ပျံသန်းနေရာမှ ရုတ်တရက် ရပ်သွားကာ သူ့ရှေ့ရှိ အဝါရောင်ရေပူစမ်းပင်လယ်အား ကြောက်ရွံ့နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
" သခင်လေး ၊ ကျုပ်တို့ ဘိုးဘေးတွေ ပြောတဲ့အတိုင်း ဆိုရင်တော့ ကျုပ် သခင်လေးကို ဒီအထိပဲ လိုက်ပို့လို့ ရမှာဗျ "
နတ်ဆိုးမြေခွေးက သတိထား ပြောလိုက်သည်။
လောထျန်းက ထိုစကားကို ကြားသည်နှင့် ခေါင်းအသာညိတ်လိုက်၏။
" ကောင်းပြီလေ ၊ ဒါဆို ငါ့ကို အောက်ချပေးတော့ "
နတ်ဆိုးမြေခွေးမှာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းတစ်ချက် ချပြီးမှသာ မြေပြင်သို့ ဆင်းသက်လိုက်သည်။
" သခင်လေးကို ကျုပ် တစ်ခုတော့ အကြံပေးချင်တယ် ။ မရှိမဖြစ်ကြီး မလိုအပ်ဘူးဆိုရင် အဲ့ကို မသွားသင့်ဘူးနော် "
နတ်ဆိုးမြေခွေးက လောထျန်းကို ကြည့်ကာ ပြောလိုက်သည်။
လောထျန်းက ခေါင်းယမ်းလိုက်၏။
" ငါက အဲ့က ရေပြာကို ယူဖို့ ဆုံးဖြတ်ပြီးသွားပြီ။ မင်းတို့တွေ ပြန်ကြတော့လေ "
" နှုတ်ဆက်ပါတယ် သခင်လေး "
နတ်ဆိုးဘုရင် ကိုးဦးက တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြသည်။
လောထျန်းက ခေါင်းညိတ်နှုတ်ဆက်ကာ နတ်ဆိုးကိုးယောက်ရှေ့မှ ရုတ်ချည်း ပျေက်ကွယ်သွားတော့သည်။
လောထျန်း ထွက်သွားပြီးနောက်တွင်မူ နတ်ဆိုးမြေခွေးက အရိုးဖြူပညာရှိဘက် လှည့်၍ ပြောလိုက်သည်။
" အရိုးဖြူကြီး ၊ ခင်ဗျား ဒါကို တမင်လုပ်ခဲ့တာ မဟုတ်လား "
အရိုးဖြူ ပညာရှိက သူ့အင်္ကျီလက်အောက်မှ ခေါက်ယပ်တောင်တစ်ချောင်းကို ထုတ်ယူကာ ငြင်ငြင်သာသာ ယပ်ခပ်နေရင်း အပြုံးဖြင့် ပြန်ပြော၏။
" မင်း ဘာကို ဆိုလိုတာလဲ "
နတ်ဆိုးမြေခွေးက အေးစက်စက် ပြောလိုက်သည်။
" အဝါရောင် ရေပူစမ်းပင်လယ်မှာ ရေပြာရနိုင်တဲ့ နေရာတွေ ဆယ်ခုမက ရှိပါတယ် ။ အခု ခင်ဗျားက သူ့ကို အန္တရာယ်အရှိဆုံး နေရာကိုမှ ဘာလို့ ခေါ်လာတာလဲ "
အရိုးဖြူပညာရှိ၏ မျက်နှာ ချက်ချင်းအေးစက်သွားကာ ပြန်ပြော၏။
" မြေခွေးကောင် ၊ မင်းက တကယ်ကြီးကို သူ့ရဲ့ အစေခံ ဖြစ်ချင်နေတာလား ။ ဒီကောင်က လူသားတစ်ယောက် တန်မဲ့နဲ့ ငါတို့ နတ်ဆိုးဘုရင် ၉ ယောက်ဆီကနေ ရတနာတွေကို လုယူသွားခဲ့တာလေ ။အခု ငါက သူ့ကို နည်းနည်းလေးပဲ ပြန်အကွက်ချလိုက်တာ ၊ ဒါကို မင်းက မကျေနပ်ဘူးတဲ့လား "
နတ်ဆိုးမြေခွေးကလည်း အေးစက်စက် ပြန်အော်သည်။
" သူ့ကို အကွက်ချချင်တာ ..ဟုတ်လား ။ တကယ်တော့ ခင်ဗျားကြီးက ကျုပ်တို့အားလုံးကို အကွက်ချပြီး ထောင်ချောက်ထဲ ပို့ချင်နေမှန်း ကျုပ် သိတယ်။ခုနက ကျုပ် တုန့်ပြန်တာ နည်းနည်းလေး နောက်ကျခဲ့ရင်တောင် ခုချိန် ခင်ဗျားလှည့်ကွက်ထဲကို ရောက်နေလောက်ပြီ "
အရိုးဖြူ ပညာရှိက ဂရုမစိုက်ဟန်ဖြင့် လက်ယမ်း၍ ပြော၏။
" အကျိုးမဲ့အကြောင်းမဲ့ လျှောက်မပြောစမ်းပါနဲ့ "
ထို့နောက် သူက လောထျန်း ပျောက်ကွယ်သွားခဲ့သည့် နေရာသို့ လှမ်းကြည့်ကာ လှောင်ပြုံးဖြင့် ပြောလိုက်သည်။
" ကောင်လေး .. ငါ့ရဲ့ ဝိဥာဥ်မီးတောက်ကို အဲ့လောက်လွယ်လွယ်နဲ့ ရမယ်ထင်နေတာလားကွ ။ အခုတော့ အဲ့ထဲမှာပဲ သေဖို့ ပြင်ထားလိုက်တော့ "