← Chapters

ရှေးဟောင်း ဘုရားကျောင်းထဲမှ အချုပ်အနှောင်

Vol. 13 Ch. 171

ရှေးဟောင်း ဘုရားကျောင်းထဲမှ အချုပ်အနှောင်

Vol. 13 Ch. 171

နတ်ဆိုးဘုရင် ၈ ယောက်လုံးက အရိုးဖြူပညာရှိအား ရှုပ်ထွေးသော မျက်နှာထားများဖြင့် ကြည့်လိုက်ကြသည်။

ထိုအရိုးဖြူပညာရှိ၏ အကွက်ကျကျ အစီအစဥ်ကြောင့် သူတို့ ဒေါသထွက်သွားသလို သတိလဲ ကြီးစွာ ထားလိုက်ကြသည်။

" ကဲ .. အားလုံးလဲ ကိုယ့်နေရာကိုယ် ပြန်ကြတော့ ။ ဒီကောင်က ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်ဘူး "

အရိုးဖြူ ပညာရှိက ပြုံး၍ ပြောလိုက်ပြီးနောက် သူအရင်ဆုံးပင် ထွက်ခွာသွားသည်။

" ကျုပ်လဲ သွားတော့မယ် "

မျောက်နတ်ဆိုးကလည်း ဒုတိယမြောက် ထွက်ခွာသွား၏။

ထို့နောက် ကျန် နတ်ဆိုးဘုရင်များလည်း အလျှိုလျှို ထွက်ခွာသွားလိုက်ကြသည်။

နောက်ဆုံးတွင်မူ နတ်ဆိုးမြေခွေးနှင့် အမွေးစိမ်း ခြင်္သေ့တို့ နှစ်ဦးသာ ကျန်နေခဲ့ကြ၏။

နတ်ဆိုးမြေခွေးက အဝါရောင် ရေပူစမ်းပင်လယ် ရှိသည့်ဘက်သို့ လှမ်းကြည့်ကာ တစ်စုံတစ်ခုကို တွေးနေဟန် ရှိသည်။

ခြင်္သေ့ကြီးက သူ့ကို ကြည့်ကာ ပြောလိုက်သည်။

" ဟေ့ ၊ မင်းက သူ့ကို တကယ်ကြီး စိတ်ပူနေတာ မဟုတ်လား "

နတ်ဆိုးမြေခွေး သက်ပြင်းချလိုက်၏။

" ဘယ်လိုလုပ် စိတ်ပူမှာလဲကွာ ။ ငါစိတ်ပူတာက ... "

" မင်းက ဘာကို စိတ်ပူနေတာလဲ "

ခြင်္သေ့က ဆက်မေးသည်။

​နတ်ဆိုးမြေခွေးက ပြန်ပြော၏။

" ငါ စိတ်ပူတာက သူ ဘေးကင်းကင်းနဲ့ ပြန်ထွက်လာပြီးတော့ ငါတို့က သူ့ကို ထောင်ချောက်ဆင် အကွက်ချလိုက်မှန်း သိသွားမှာကို စိတ်ပူတာ "

ခြင်္သေ့ကြီးက ခေတ္တမျှ စဥ်းစားနေပြီးမှသာ ပြောလိုက်သည်။

" မင်း အစိုးရိမ်လွန်နေပါပြီကွာ ။ အဲ့နေရာက ဘယ်လောက် ထူးဆန်းတယ်ဆိုတာ မင်းလဲ သိတာပဲ "

သူ့စကားကြောင့် နတ်ဆိုးမြေခွေးလည်း ခဏတာ စဥ်းစားမိသွား၏။ ထို့နောက်မှ ပြောလိုက်သည်။

" မင်းပြောတာ ဟုတ်တယ်။ ငါတို့လဲ သွားကြတာပေါ့ "

ထို့နောက်တွင်မူ သူတို့နှစ်ယောက်လုံး နောက်လှည့်၍ ထွက်သွားလိုက်ကြသည်။

နတ်ဆိုးဘုရင်နှစ်ယောက် ထွက်သွားပြီး မကြာမီတွင် နတ်ဆိုးသားရဲငယ်တစ်ကောင်က လမ်းပျောက်နေဟန်ဖြင့် သူတို့ ရှိနေခဲ့သည့် နေရာသို့ ရောက်လာသည်။

ထို့နောက်တွင်မူ ၎င်းသားရဲငယ်၏ မျက်လုံးများ နီရဲသွားကာ အဝါရောင်ရေပူစမ်းပင်လယ် ရှိရာဘက်သို့ တဟုန်ထိုး ပြေးသွား၏။

သို့သော်  ..သူ ကမ်းစပ်သို့ မရောက်ခင်မှာပင် အမောဆို့ကာ ရုတ်ချည်း သေသွားပြီး သူ့ခန္ဓာကိုယ်မှာလည်း အလျင်အမြန်ပင် ခြောက်ကပ်သွားတော့သည်။

ထိုသားရဲငယ်လေး၏ အလောင်းနှင့် မနီးမဝေးတွင်လည်း အလားတူ ပုံစံမျိုးဖြင့် သေဆုံးသွားခဲ့ကြဟန် တူသည့် သားရဲအလောင်းများ များစွာပင် ရှိနေသည်။

သားရဲအကာင်ကြီးလေလေ ၊ ၎င်း၏ အလောင်းက ကမ်းစပ်နဲ့ ပို၍ နီးလေလေပင် ။

ထိုသားရဲအလောင်းများ၏ ဘေးတွင်မူ လူ ခြေရာ နှစ်ခုက ထင်ထင်ရှားရှား ရှိနေ၏။

......

တစ်ဖက် ကမ်းစပ်၌ ..

" အင်း ...ခု ဘယ်ကိုဆက်သွားရမှာလဲ "

လောထျန်းသည် ကမ်းခြေကိုကြည့်ကာ စိတ်ရှုပ်ထွေးဟန် ရှိနေသည်။

အဝါရောင်ရေပူစမ်း ​ရေပြာက မည်သည့်နေရာတွင် ရှိမှန်း သူ လုံးဝ မသိပါချေ ။

သူ စဥ်းစားကာ ဦးနှောက်ခြောက်နေစဥ်မှာပင် လူခြေရာနှစ်ခုကို တွေ့သွား၏။

" ဟင် .. ငါ့ထက် အရင်ရောက်နေတဲ့ တစ်ယောက်ယောက်များ ရှိနေတာလား "

သူ အံ့အားသင့်သွားရသည်။

ထိုခြေရာ နှစ်ခုမှာ မကြာသေးမီ အချိန်ကမှ ရှိထားမှန်း သိသာလှပေသည်။

လောထျန်းက ချက်ချင်းပင် ထိုခြေရာဆီသို့ သွားရာ ခြေရာအတိုင်း လိုက်နင်းလိုက်၏။ သူ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးစဥ်မှာပင် .. သူ့ရှေ့မှ အဝါရောင်ရေပူစမ်းပင်လယ်က ရုတ်တရက် နှစ်ခြမ်းကွဲသွားပြီး ရေအောက်လမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်လာသည်။

" အဲ့မှာပဲ "

လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကာ ထိုလမ်းအတိုင်း လျှောက်ဝင်သွားလိုက်သည်။

ပင်လယ်ရေများဖြင့် ဖန်တီးထားသည့် ထိုရေအောက်လမ်းကြောင်းမှာ ဖျက်ဆီး၍ မရနိုင်ဟန် ရှိနေကာ ရေအောက် နန်းတော်ကြီး တစ်ခုအလား ဖြစ်နေ၏။ လောထျန်းမှာ ထို မြင်ကွင်း​ကိုကြည့်ကာ အံ့သြနေရသည်။

သူ အချိန်အတန်ငယ်ကြာ လျှောက်လာပြီး နောက်တွင်မူ အဝေးမှ ဆဲဆိုအော်ဟစ်နေသံကို ရုတ်တရက် ကြားလိုက်ရ၏။

" မျိုးမစစ်နှစ်ကောင် ၊ ငါ့ကို လွှတ်ကြစမ်း ။ မင်းတို့တွေ ဘာလုပ်နေတယ်ဆိုတာရော ကိုယ့်ကိုကိုယ်သိကြရဲ့လား "

" ဒီကို ပြန်လာခဲ့။ မရပ်လို့ကတော့ မင်းတို့အားလုံး သေရလိမ့်မယ် "

လောထျန်း အံ့အားသင့်သွားပြီး ချက်ချင်း အရှိန်တင်ကာ ပြေးသွားလိုက်သည်။

မကြာမီတွင်မူ လမ်းဆုံသို့ ရောက်လာပြီး ​ရေအောက်ထဲတွင် ဖုံးကွယ်ထားသည့် ရှေးဟောင်းဘုရားကျောင်းတစ်ခုကို တွေ့လိုက်ရသည်။

ထိုဘုရားကျောင်း၏ ကျောက်တိုင်ပေါ်တွင်မူ အရပ် သုံးပေခန့်သာ ရှိသော အမျိုးသမီးတစ်ယောက်ကို သံချိန်းကြိုး အမည်းများဖြင့် တုပ်နှောင်ထား၏။

အစောက ဆဲဆို အော်ဟစ်နေခဲ့သူမှာ ထိုအမျိုးသမီးပင် ။

" ဟင် ..ဒါ .. ဝိဥာဥ် တစ်ကောင်ပါလား "

လောထျန်း တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ထိုအမျိုးသမီးမှာ လူသားတစ်ယောက် မဟုတ်ဘဲ ဝိဥာဥ်တစ်ကောင် ဖြစ်နေမှန်း သိလိုက်ရသည်။

ထိုအချိန်မှာပင် အမျိုးသမီးကလည်း လောထျန်းအား သတိထားမိသွားကာ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး မေးလိုက်သည်။

" နောက်တစ်ယောက် ထပ်ရှိနေသေးတာလား ။ မင်းကရော ဟိုနှစ်ယောက်နဲ့ တစ်ဖွဲ့တည်းပဲလား ။ မင်းတို့တွေက ဘာဖြစ်လို့ အဲ့လောက် ခေါင်းမာကြရတာလဲ ။ အထဲက အချုပ်အနှောင်ကို ဖွင့်လို့ မရဘူး၊ ဖွင့်ရင် အားလုံး သေသွားကြလိမ့်မယ််လို့ ငါ ဒီလောက် ပြောနေတာကို ။ ဘာလို့ ခုလိုတွေ ဆက်လုပ်နေကြတာလဲ "

လောထျန်းကမူ ထိုအမျိုးသမီး၏ စကားကို နားထောင်ကာ အံ့သြမှင်သက်နေ၏။

" ခင်ဗျား ဘာတွေ ပြောနေတာလဲ ။ အထဲမှာက ဘာရှိလို့လဲ ။ အချုပ်အနှောင်ကရော ဘာလဲ "

သူ မေးခွန်းများ တရစပ် မေးလိုက်သည်။

အမျိုးသမီးကလည်း အံ့အားသင့်သွားကာ ပြန်မေး၏။

" မင်းက ဟိုနှစ်ယောက်နဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူးလား "

လောထျန်းက ပြန်ပြောလိုက်သည်။

" ဘယ်ဟုတ်မလဲဗျ "

အမျိုးသမီးက ထပ်မေးသည်။

" မင်းက ဒီကို အချုပ်အနှောင်ကို ဖွင့်ဖို့အတွက် လာခဲ့တာ မဟုတ်ဘူးလား "

လောထျန်း ခေါင်းယမ်းပြလိုက်သည်။

" အချုပ်အနှောင်က ဘာမှန်းတောင် မသိပါဘူး "

အမျိုးသမီးက လောထျန်းအား ခေါင်းစခြေဆုံးကြည့်ကာ ဆက်မေးလိုက်သည်။

" ဒါဆို မင်းက ဒီကို ဘာလာလုပ်တာလဲ "

လောထျန်းက ပြန်ဖြေ၏။

" ကျုပ်လား .. ၊ ကျုပ်က အဝါရောင်ရေပူစမ်းက ရေပြာကို လာရှာတာ "

သူ့အ​ဖြေကြောင့် အမျိုးသမီး အံ့သြမှင်သက်သွားရပြန်သည်။

" ဒီကိုလာပြီး အဝါရောင်ရေပူစမ်းက ရေပြာ လာရှာတယ် ။ မင်း ရူးနေတာလား ။ မဟုတ်သေးပါဘူး ၊ မင်းဆီမှာ အကာအကွယ် အဆောင်လဲ မရှိပဲနဲ့ ဘယ်လိုဖြစ်လို့ အသက်ရှင်နေသေးတာလဲ "

လောထျန်းမျက်မှောင်ကြုံ့သွားကာ ပြန်ပြောလိုက်သည်။

" ကျုပ်က အသက်ဆက်မရှင်စရာ ဘာအကြောင်းရှိလို့လဲဗျ "

အမျိုးသမီးမှာ အချိန်အတန်ငယ်ကြာ အံ့သြမှင်သက်ကာ ဆွံ့အနေ၏။ ထို့နောက် သူမက ရုတ်တရက် အော်လိုက်သည်။

" လောလောဆယ် အဲ့ဒါတွေ ခဏမေ့ထားလိုက် ။ အခု အထဲကို မြန်မြန်ဝင်ပြီး အချုပ်အနှောင်ကို ချိုးဖျက်ဖို့ ကြိုးစားနေတဲ့ နှစ်ယောက်ကို သွားတားစမ်းပါ ။ မဟုတ်ရင် သူတို့နှစ်ယောက်ရော ၊ မင်းရော ၊ အပြင်ကလူတွေအားလုံးရော သေသွားကြရလိမ့်မယ် "

လောထျန်း အံ့အားသင့်သွားကာ ပြန်မေးလိုက်သည်။

" အဲ့လောက်ကြီးတောင်လား "

အမျိုးသမီးက ခေါင်းညိတ်ပြ၏။

" အဲ့ထက်တောင် ပိုဆိုးနိုင်သေးတယ် "

လောထျန်းက စဥ်းစဥ်းစားစား ပြန်ပြောလိုက်သည်။

" ကောင်းပြီလေ ၊ ဒါဆို ကျုပ် သွားကြည့်လိုက်မယ် "

သူက ထိုသို့ ပြောပြီးသည်နှင့် ရှေးဟောင်းဘုရားကျောင်းအတွင်းသို့ ဝင်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် .. ဘုရားကျောင်းဆောင်၏ အတွင်းဘက်ကျသည့် ခန်းမကျယ်ကြီး တစ်ခုအတွင်း၌ လူနှစ်ယောက် ဘေးချင်းယှဥ် ရပ်နေကြ၏။

သူတို့တစ်ဦးစီ၏ ခေါင်းပေါ်တွင်မူ အဆောင်တစ်ခုက ဝဲပျံနေသည် ။ ၎င်းမှ ထွက်နေသည့် မှိန်ဖျော့ဖျော့ အလင်းတန်းက ထိုလူနှစ်ယောက်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး အပြင်ဘက်မှ ထူးဆန်းသော အစွမ်းများ၏ ကျူးကျော်ဝင်ရောက်မှုကိုကာကွယ်ပေးထား၏။

ထိုသို့ အကာအကွယ်အဆောင် ရှိနေသည့်တိုင် ထိုနှစ်ယောက်မှာ ဇောချွေးများ ပြန်နေကြကာ အလွန်လည်း ထိတ်လန့်တုန်လှုပ်နေကြသည်။

" သခင်ကြီး ၊ကျုပ်တို့ သခင်ရဲ့ တောင်းဆိုချက်ကို လိုက်လျောတာနဲ့ သခင်ကြီးအတွက် ဒီ အချုပ်အနှောင်ကို ချက်ချင်း ချိုးဖျက်ပေးမယ် "

သူတို့ထဲမှ တစ်ယောက်က ရုပ်ထုတစ်ခုကို ကြည့်ကာ ပြောလိုက်သည်။

" ဟားဟား .. မင်းတို့ သခင်က ဘယ်သူလဲ ။ ငါက ဘာကိစ္စကြောင့် သူ့ရဲ့ တောင်းဆိုချက်ကို လိုက်လျောရမှာလဲ "

ရုပ်ထုအတွင်းထဲမှ အသံတစ်သံ ထွက်လာ၏။

ရုပ်ထုရှေ့တွင် ရှိနေသည့် အခြားလူတစ်ယောက်က တီးတိုးပြောလိုက်သည်။

" သခင်ကြီး ၊သခင်ကြီးရဲ့ သက်တမ်းတစ်လျှောက်လုံးကို ဒီထဲမှာပဲ အချုပ်နှောင်ခံပြီး နေချင်လို့လား  "

ရုပ်ထုထဲမှ အေးစက်စက် လှောင်ရယ်သံ ထွက်လာသည်။

" ဟားဟား .. နှစ်ပေါင်းသုံးထောင်လောက် ကြာနေပြီဆိုတော့ အချုပ်အနှောင်က လျော့တောင် လျော့နေပြီ ။ နောက် နှစ်တစ်ရာလောက်ဆိုရင်တောင် ငါက ဘယ်သူ့အကူအညီမှ မပါဘဲနဲ့ ဒီအချုပ်အနှောင်ကို ချိုးဖျက်ပြီး အပြင်ထွက်နိုင်တော့မှာ "

သူ့ရှေ့မှ လူက အံ့အားသင့်နေပြီးမှသာ ပြန်ပြောသည်။

" နှစ်တစ် ရာဆိုတာ နည်းတဲ့အချိန် မဟုတ်ဘူးလေ ။ ကျုပ်တို့ သခင်ကြီးက ခင်ဗျားကို နှစ်တစ်ရာတောင် စော​ပြီး အပြင်ရောက်အောင် လုပ်ပေးနိုင်မှာ။ ဒါ မကောင်းဘူးလားဗျာ "

ရုပ်ထုက လှောင်ရယ်ကာ ​​ပြန်ပြော၏။

" မင်းတို့ရဲ့ သခင်က အဲ့လောက်တောင် စိတ်ထားကောင်းနေရင် ဘာဖြစ်လို့ သူကိုယ်တိုင် ငါနဲ့ လာမတွေ့တာလဲ "

သူ့ရှေ့မှ လူက ခေါင်းငုံ့သွားကာ ပြောသည်။

" ကျုပ်တို့ သခင်ကြီးက လောလောဆယ် တခြားအရေးကြီးတဲ့ ကိစ္စတွေ ရှိနေတာမို့ ကိုယ်တိုင် မလာနိုင်လို့ပါ "

ရုပ်ထုက အထင်သေး စက်ဆုပ်သည့် လောသံဖြင့် ပြန်ပြော၏။

" မင်းတို့ရဲ့ သခင်ကြီးက တော်တော်လေး ခိုးကြောင်ခိုးဝှက် နိုင်တဲ့သူပဲကွ ။ အခုရော သူက ဘာတွေ ထပ်ပြီးအစီစဥ် ဆွဲနေပြန်ပြီလဲ ။ ဟိုး လွန်ခဲ့တဲ့ နှစ်ငါးရာလောက်က မင်းတို့ သခင်ကြီး ငါနဲ့ လာတွေ့တဲ့အချိန်တည်းက သူက လူကောင်းတစ်ဟောက် မဟုတ်မှန်း ငါ သိထားပြီးသား ။ ဒါပေမယ့် ငါကလဲ အဲ့လိုလူမျိုးကိုမှ ကြိုက်တာကွ ။ကောင်းပြီလေ ၊ ငါ မင်းတို့သခင်ကြီးရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးမယ်။ ဒါပေမယ့် .. ငါ့ဘက်က တောင်းဆိုချင်တာ တချို့တော့ ရှိလိမ့်မယ် "

" ကျေးဇူးပြုပြီး ပွင့်ပွင့်လင်းလင်းသာ ပြောပါ သခင်ကြီး "

လူနှစ်ယောက်က ဝမ်းသာပျော်ရွှင်သွားဟန်ဖြင့် ပြောလိုက်ကြသည်။

" ဆုမီတောင်ကနေ ထွက်သွားပြီးတာနဲ့ ငါ့အတွက် သန်းချီတဲ့ လူသားအသက်တွေကို အစာအဖြစ် ဆက်သပေးရမယ် "

ရုပ်ထုက ပြန်ပြော၏။

" ကိစ္စမရှိပါဘူး ။ ထျန်းယွမ်အင်ပါယာက အခု ကျုပ်တို့သခင်ရဲ့ လက်အောက်မှာဆိုတော့ သခင်ကြီး ကြိုက်သလို စားလို့ရပါတယ် "

လူတစ်ယောက်က ပြန်ပြောသည်။

ရုပ်ထုက ပြုံးသွား၏။

" ဒါဆိုလဲ ကောင်းပြီလေ "

သူတို့ ပြောနေစဥ်မှာပင် အနောက်ဘက်မှ ခြေသံအချို့ ထွက်လာသည်။

" ဟင် .. မင်းတို့နဲ့အတူ တခြားသူတွေကိုပါ ခေါ်လာသေးတာလား "

ရုပ်ထုမှာ ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

သူ့ရှေ့မှ လူနှစ်ယောက်မှာလည်း အံ့အားသင့်သွားကာ ချက်ချင်း ပြန်ငြင်း၏။

" မဟုတ်ဘူးဗျ ၊ ကျုပ်တို့ နှစ်ယောက်တည်း လာခဲ့တာ "

သူ ထိုသို့ ပြောနေစဥ်မှာပင် လောထျန်းက ခန်းမရှေ့သို့ ရောက်လာသည်။

" ဟင် ..စောနက အမျိုးသမီး ပြောခဲ့တဲ့ လူ နှစ်ယောက်ဆိုတာ ခင်ဗျားတို့တွေ မဟုတ်လား ။ အဝါရောင်ရေပူစမ်း ရေပြာကို ဘယ်မှာ ရှာရမလဲဆိုတာ ခင်ဗျားတို့ သိကြလား "

လောထျန်းက မေးလိုက်သည်။

All Chapters