စိတ်ဝိဥာဥ် အသွင်ပြောင်းခြင်း (ပထမပိုင်း )
Vol. 13 Ch. 172
လူကြီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြသည်။
ဘုန်း ...ဘုန်း ..
ထို့နောက် သူတို့နှစ်ဦးလုံး လောထျန်းအား အတူတကွ တိုက်ခိုက်လိုက်ကြ၏။
" ဟင် .. တုကျဲ့ အဆင့်မှာပါလား "
လောထျန်း မဆိုစလောက် အံ့အားသင့်သွားရသည်။ ထိုလူနှစ်ယောက်လုံး က တုကျဲ့အဆင့် ကျင့်ကြံသူများ ဖြစ်နေကြလိမ့်မည်ဟု သူ မထင်ထားခဲ့ပါ ။
အခြားသူများဆိုလျှင် တုကျဲ့အဆင့် အစွမ်းထက် ကျင့်ကြံသူနှစ်ယောက်၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်ခြင်းကို ခံရပါက အလွန်ကြောက်လန့်သွားကြမည် ဖြစ်သော်လည်း .....
လောထျန်းကမူ မမှုပါချေ ။
ဝုန်း ..ဝုန်း ...
လောထျန်းက လက်နှစ်ဖက်လုံး ဆန့်ဆုတ်ကာ လူကြီးနှစ်ယောက်၏ လည်မျိုကို ဆုပ်ကိုင်လိုက်သည်။
" ဟင် ... "
လောထျန်းက ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု ထင်မထားခဲ့သဖြင့် လူကြီးနှစ်ယောက်လုံး အံ့သြတုန်လှုပ်သွားကြ၏။
" ခင်ဗျားတို့ နှစ်ယောက်လုံးက ဘာတွေ ဖြစ်နေကြတာလဲ ။ ဘာလို့ တွေ့တွေ့ချင်းကြီး လာတိုက်ခိုက်နေရတာလဲ ။ ပြီးတော့ ခင်ဗျားတို့ခေါင်းပေါ်က ဟာကရောဘာလဲ ။ ရှုပ်ရှုပ်ယှက်ယှက် နဲ့ .. မှန်းစမ်း "
လောထျန်းက ပြောပြောဆိုဆို လက်ညိုးဖြင့် ညွှန်လိုက်ရာ စွမ်းအင် အလင်းတန်းနှစ်ခု ထွက်လာပြီး လူကြီးနှစ်ယောက်၏ ခေါင်းပေါ်မှ အဆောင်များဆီသို့ တိုးဝင်သွားသည်။
" မဖြစ်ဘူး ..မလုပ်နဲ့ "
လူကြီးနှစ်ယောက်လုံး အလွန်ကြောက်လန့် တုန်လှုပ်သွား၏။ သို့သော် .. နောက်ကျသွားခဲ့လေပြီ ။
ဝုန်း ..
သူတို့ခေါင်းပေါ်မှ အဆောင်များက ပြာမှုန်များအဖြစ် ရုတ်ချည်း ပြောင်းသွားတော့သည်။
ထို့နောက် သူတို့၏ မျက်လုံးများကလည်း ချက်ချင်း အနီရောင်သို့ ပြောင်းသွားကာ စူးစူးဝါးဝါး အော်ဟစ်သံများ ထွက်ပေါ်လာ၏။
ခဏအကြာတွင်မူ သူတို့နှစ်ဦးလုံး အသက်ရှူ မရတော့ဟန်ဖြင့် သေဆုံးသွားကြတော့သည်။
" ဟင် .. ဘာလဲဟ "
လောထျန်း လန့်သွားကာ ချက်ချင်း သူ့စိတ်ဝိဥာဥ်အစွမ်းကို သုံး၍ ကြည့်လိုက်သည်။ ထိုအချိန်မှသာ လူကြီးနှစ်ယောက်၏ အလောင်းပေါ်တွင် ရှိနေသော ရှုပ်ထွေးရောယှက်နေသည့် အနီရောင် ကြိုးမျှင်များကို သူ မြင်လိုက်ရတော့၏။၎င်းကြိုးမျှင်များက ထိုလူတို့၏ အသက်ကို နှုတ်ယူသွားခဲ့ကြသည့် တရားခံများပင်။
ထိုလူကြီး နှစ်ယောက်အပေါ်တွင်သာမက ရှေးဟောင်းဘုရားကျောင်း တစ်ခုလုံးပေါ်တွင်လည်း သာမာန်မျက်လုံးဖြင့် မမြင်နိုင်သည့် အနီရောင် ကြိုးမျှင်များ ရှိနေသည်ကို လောထျန်း တွေ့လိုက်ရသည်။
သူ့ကို တိုက်ခိုက်ရန် ကြိုးစားနေသည့် အနီရောင်ကြိုးမျှင်အချို့ပင် ရှိနေသေး၏။
သို့သော် သူ၏ စိတ်ဝိဥာဥ်အစွမ်းမှာ အစွမ်းထက်လွန်းလှသဖြင့် ကြိုးမျှင်များက ၎င်းကို မဖောက်ထွက်နိုင် ဖြစ်နေသောကြောင့်သာ ထိုတိုက်ခိုက်မှုကို သူ အစောက သတိမထားမိခဲ့ခြင်း ဖြစ်ပါသည်။
လောထျန်း ခေါင်းမော့ကြည့်လိုက်သောအခါ ထိုအနီရောင် ကြိုးမျှင်များ၏ အဆုံးသတ်က ဘုရားကျောင်းဆောင် အလယ်မှ ရုပ်ထုတစ်ခု ဖြစ်နေသည်ကို မြင်လိုက်ရ၏။
" ဒါတွေအားလုံး ခင်ဗျားလက်ချက်လား "
လောထျန်းက ရုပ်ထုကို ကြည့်ကာ မေးလိုက်သည်။
ရုပ်ထုက ခေတ္တမျှ တိတ်နေပြီးမှသာ ပြန်ဖြေသည်။
" ဟုတ်တယ် ၊ ငါပဲ ။ မင်းက ဘယ်သူလဲ ။ ဘာဖြစ်လို့ .."
ရုပ်ထုသည် ၎င်း၏ အနီရောင်ကြိုးမျှင်များက အဘယ့်ကြောင့် လောထျန်းအား မတိုက်ခိုက်နိုင် ဖြစ်နေရသည်ကို နားမလည်နိုင် ဖြစ်နေ၏။
လောထျန်းက လက်ယမ်း၍ ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်က သေဖို့ထိုက်တန်ပါတယ်လေ ။ သူတို့ဆီက စိတ်ဝိဥာဥ်ပုလဲလုံးတွေ မထုတ်လိုက်နိုင်တာတော့ စိတ်မကောင်းစရာပဲ ။ ထားပါ .. လောလောဆယ် ဒါတွေ တွေးနေရမယ့် အချိန်မဟုတ်သေးပါဘူး ။ ဒါနဲ့ .. အဝါရောင် ရေ ပူစမ်း ရေပြာကို ဘယ်မှာ ရှာရမလဲ ခင်ဗျားသိလား "
ရုပ်ထုက တည်ငြိမ်စွာ ပြန်ပြော၏။
" မင်းက အဝါရောင်ရေပူစမ်း ရေပြာကို ရချင်တာလား ။ ဒါက လွယ်ပါတယ်ကွာ ၊ ငါ့ခေါင်းပေါ်မှာရှိတဲ့ ဖယောင်းတိုင်အကြီးကြီးကို တွေ့လား ။အဲ့ဒါကို ချိုးဖျက်လိုက်ရင် အဝါရောင် ရေပူစမ်းရေပြာကို တွေ့လိမ့်မယ် ။ ဒါပေမယ့် အဲ့ဖယောင်းတိုင်က အင်မတန် မာကြောပြီးတော့ သာမာန်လူတွေ ချိုးဖျက်လို့ မရဘူးကွ "
လောထျန်းက ခေါင်းမော့ကြည့်လိုက်ရာ ရုပ်ထုပေါ်တွင် ယိုင်နေသည့် ဖယောင်းတိုင်တစ်ချောင်း ရှိနေသည်ကို တွေ့လိုက်ရသည်။ ထို ဖယောင်းတိုင်ပေါ်တွင်မူ မထင်မရှား စာလုံးအချို့ ရေးထား၏။ သို့သော် ထိုစာလုံးများမှာ မှုန်ဝါးလွန်းနေသဖြင့် ဖတ်ရန် မလွယ်ပါချေ ။
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ဒါက လွယ်ပါတယ် "
သူက ထိုသို့ ပြောပြီးသည်နှင့် ဖယောင်းတိုင်အား လက်ဝါးဖြင့် ရိုက်လိုက်၏။
ဖျောင်း ..
အသံကျယ် တစ်သံနှင့်အတူ အစောကတည်းက ယိုင်နေခဲ့သည့် ဖယောင်းတိုင်မှာ နှစ်ပိုင်း ကျိုးသွားတော့သည်။
ထိုဖယောင်းတိုင်အတွင်းမှ ရေစီးကြောင်းတစ်ခုလဲ ဖြည်းညင်းစွာ စီးကျလာ၏။
" အဝါရောင် ရေပူစမ်း ရေပြာပဲ "
၎င်းကို မြင်သည်နှင့် လောထျန်း အလွန်ဝမ်းသာ ပျော်ရွှင်သွားပြီး ပုလင်းအလွတ်တစ်လုံးကို ထုတ်၍ ရေများကို ခံယူလိုက်သည်။
ထိုအချိန်မှာပင် ရုပ်ထုကြီးက ခပ်ပြင်းပြင်း တုန်လာ၏။
" ဟား ဟား ... ကျိုးသွားပြီကွ ၊ ကျိုးသွားပြီ ။ နောက်ဆုံးတော့ ကျိုးပျက်သွားပြီပေါ့ကွာ ။ ငါ နေ့အလင်းရောင်ကို ပြန်တွေ့ရတော့မယ်ကွ "
ရုပ်ထုဆီမှ ကျောချမ်းဖွယ်ရယ်သံကြီး ထွက်ပေါ်လာသည်။
ထိုစဥ် .. ရှေးဟောင်းဘုရားကျောင်း အပြင်ဘက်ရှိ တိုင်တွင် အချည်ခံထားရသော အမျိုးသမီးက ရုတ်တရက် ခေါင်းမော့လာပြီး ဘုရားကျောင်းဆောင် အတွင်းဘက်သို့ တုန်လှုပ်စွာ ကြည့်လိုက်သည်။ သူမဆီမှ ကြောက်ရွံ့နေသည့် အသံတုန်တုန် ထွက်လာ၏။
" နောက်ကျသွားပြီ ... ဒီလူ ထွက်လာပြီ "
ဘုန်း ..
ထိုတခဏတွင် ရှေးဟောင်း ဘုရားကျောင်းဆောင် တစ်ခုလုံး လှုပ်ခါသွားပြီး ရုပ်ထုပေါ်၌ အက်ကွဲရာများ စတင်ထွက်ပေါ်လာသည်။
သို့သော် .. ထိုအချိန်တွင် .. လောထျန်းကမူ ထိုအရာများကို လုံးဝပင် ဂရုစိုက်ဟန် ရှိမနေပါ ။
သူ့အာရုံက အဝါရောင်ရေပူစမ်း ရေပြာတစ်ခုတည်းအပေါ်တွင်သာ ရှိနေ၏။
" ကောင်းတယ် ၊ အခု ပစ္စည်းတွေ အားလုံးလဲ စုံသွားပြီဆိုတော့ စိတ်ဝိဥာဥ်အသွင်ပြောင်းခြင်းကို စလို့ရပြီ "
သူက ထိုသို့ပြောပြီးနောက် ထိုနေရာတစ်ခုလုံးတွင် သူတစ်ယောက်တည်း ရှိနေသည့်အလား အေးအေးဆေးဆေး တင်ပျင်ခွေထိုင်ပြီး ပစ္စည်းများကို ထုတ်ယူလိုက်သည်။
ထို့နောက် လိုအပ်သော ပစ္စည်းများအားလုံးကို ထုချေကာ သူ့ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူလိုက်၏။
ဘုန်း ..ဘုန်း ...ဘုန်း ..
ရုပ်ထုပေါ်တွင် အက်ကွဲထာများ ဆက်တိုက်ပေါ်လာပြီး ရှေးဟောင်းဘုရားကျောင်းဘေးမှ အဆောက်အဦးများ တစ်ခုပြီးတစ်ခု ပြိုကျသွားသည်။
ထို့နောက်တွင်မူ အမျိုးသမီးကို ချည်ထားခဲ့သည့် ကျောက်တိုင်ကြီးလည်း ပြိုကျသွားကာ သူမ ပြန်လွတ်လပ်သွားတော့သည်။
" မဖြစ်ဘူး ..အထဲကို သွားကြည့်ရမယ် ။ ဖယောင်းတိုင် မကျိုးသေးသရွေ့ အားလုံးကို ကယ်လို့ ရနိုင်သေးတယ် "
အမျိုးသမီးက အံကြိတ်ကာ ဘုရားကျောင်းအတွင်းသို့ တဟုန်ထိုးပြေးဝင်သွားလိုက်သည်။
သို့သော် ..အတွင်းထဲမှ ခန်းမှရှေ့သို့ ရောက်လာသည့် အချိန်မှာပင် ...
ဘုန်း ...
ထင်မထားလောက်အောင် ကြီးမားပြီး ကြောက်စရာကောင်းလှသည့် စိတ်စွမ်းအင် လှိုင်းလုံးကြီးတစ်ခုက ဝုန်းခနဲ ပေါက်ကွဲသွားသဖြင့် သူမ နောက်သို့ လွင့်စင်သွားရ၏။
သူမသည် စိတ်ဝိဥာဥ်တစ်ခု ဖြစ်နေသည့်တိုင် ထိုပေါက်ကွဲမှုကြောင့် ပြားချပ်သွားမလိုပင် ဖြစ်သွားခဲ့ရသည်။
" ဒါ .. ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ။ ဒီ စိတ်စွမ်းအင် တိုးတဲ့ပမာဏက ဘာလို့ အဲ့လောက်အားပြင်းနေရတာလဲ "
" ဒီလူက ချုပ်နှောင်ခံထားရတာ နှစ်ပေါင်း ထောင်ချီ ကြာနေပြီကို ၊ ဘာလို့ ခုလောက်ထိ အစွမ်းထက်နေရသေးတာလဲ "
" မဟုတ်သေးဘူး ၊ အချုပ်နှောင် မခံရခင်ကထက်တောင် ပိုအစွမ်းထက်လာတဲ့ပုံပဲ "
" ဘာတွေ ဖြစ်နေတာလဲ "
အမျိုးသမီး၏ မျက်လုံးထဲတွင် စိတ်ပျက်မှု ၊နားမလည်မှု နှင့် ကြောက်ရွံ့မှုတို့ ရောထွေးနေသည်။
သူမ တာဝန်မကျေ ဖြစ်ခဲ့ရလေပြီ ။
ဤနေရာတွင် ချုပ်နှောင်ထားခဲ့သည့် မိစ္ဆာနတ်ဆိုးက လွတ်မြောက်သွားခဲ့ပြီဖြစ်ရာ ၎င်းကို မည်သို့မှ တားနိုင်တော့မည် မဟုတ်ချေ ။
ဝုန်း ..
ထိုအချိန်မှာပင် ရှေးဟောင်းဘုရားကောင်း၏ ဘေးပတ်လည်တဝိုက်မှ ဆူနာမီ လှိုင်းသံကဲ့သို့ အသံကျယ်ကြီးများ ထွက်ပေါ်လာ၏။
" ဟင် "
အမျိုးသမီး အံ့အားသင့်သွားပြီး ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်သည်။ သူမမျက်နှာက ရုတ်ချည်းပင် ဖြူဖျော့သွား၏။
အဆုံးအစမဲ့သော စိတ်စွမ်းအင်များက အရပ်မျက်နှာ ပေါင်းစုံမှနေ၍ ခန်းမထဲသို့ တဟုန်ထိုး ဝင်သွားကြသည်ကို သူမ တွေ့နေရသည် မဟုတ်ပါလား ။
အတွေ့အကြုံနှင့် အသိပညာ ကြွယ်ဝသည့် သူမသည်ပင် ထိုသို့သော မြင်ကွင်းမျိုးကို ယခင်က တစ်ကြိမ်မှ မမြင်ဖူးခဲ့ပါ ။
" ဟား ဟား .. ကောင်းကင်ဘုံနဲ့ မြေကြီးက စိတ်စွမ်းအင် တွေပဲ ။ မင်းတို့ကရော ငါ အချုပ်အနှောင်က လွတ်မြောက်လာတာကို အာရုံခံမိသွားကြလို့လား "
ရုပ်ထုဆီမှ အသံထွက်လာသည်။
အမျိုးသမီး၏ မျက်နှာ ပို၍ ဖြူဖျော့သွားပြန်၏။
" အင်း .. တကယ်လဲ မိစ္ဆာနတ်ဆိုးရဲ့ လက်ချက် ဖြစ်နေတာပဲ ။ သူက ဘာကြောင့်မို့ ဒီလောက် အစွမ်းထက်နေရတာလဲ "
ထိုစိတ်စွမ်းအင် လှိုင်းလုံးကြီးမှာ အလွန်ကြောက်မက်ဖွယ် ကောင်းလှပြီး အဝါရောင်ရေပူစမ်းပင်လယ် အနီးတဝိုက်မှသာမက ဆုမီတောင်မှပါ ၎င်းကို မြင်နေကြရသည်။
ထိုစဥ် ..နတ်ဆိုးတစ်သောင်းလွင်ပြင်၌ နတ်ဆိုးမြေခွေးနှင့် ခြင်္သေ့ကြီးတို့က ဘေးချင်းယှဥ်ရပ်ကာ အဝါရောင် ရေပူစမ်းပင်လယ် ရှိရာဘက်သို့ အဓိပ္ပါယ် ဖော်ရန်မလွယ်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်။
" သူ .. တကယ် သေသွားပြီလား "
နတ်ဆိုးမြေခွေးက တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
" ဒီကောင်က အင်မတန် အစွမ်းထက်တဲ့ ပါရမီရှင်တစ်ယောက် ဆိုတာကိုတော့ ငါ လက်ခံတယ်။ ဒါပေမယ့် သူ ကံဆိုးတာက အဝါရောင် ရေပူစမ်းပင်လယ်ရဲ့ ထူးဆန်းမှုက သူ ခုခံလို့ရတဲ့ အရာဟုတ်မနေတာပဲ "
ခြင်္သေ့ကြီးကလည်း သက်ပြင်းချကာ ပြောလိုကါသည်။
အခြားတစ်ဖက်ရှိ ငှက်ကြီးတစ်ကောင်ကလည်း ကမ်းစပ်ဘက်သို့ လှမ်းကြည့်ကာ ခေါင်းယမ်း၍ ပြော၏။
" ငါ့ရဲ့ နှင်းမှိုပွင့်တွေ နှမျောစရာ ကောင်းလိုက်တာ "
ထိုစဥ် တောင်ထိပ်တစ်ခုပေါ်တွင် ရှိနေသည့် အရိုးဖြူ ပညာရှိကလည်း ပြုံး၍ ပြောလိုက်သည်။
" ငါ မင်းကို ပြောသားပဲ ၊ ငါ့ရဲ့ ဝိဥာဥ်မီးတောက်ကို ရဖို့ အဲ့လောက် မလွယ်ပါဘူးလို့ ။ ခုတော့ ငါ့ကို မပြစ်မတင်နဲ့ ၊ လုံလောက်အောင် အစွမ်းမထက်သေးတဲ့ မင်းကိုယ်မင်းပဲ အပြစ်တင်လိုက် "
ဆုမီတောင်ခြေရှိ မရေမတွက်နိုင်သော လူများမှာလည်း အဝေးသို့ လှမ်းကြည့်နေကြ၏။
" ဆရာ ..ဘာတွေ ဖြစ်နေတာလဲ ။ ဆရာ အရင်က ဆုမီတောင်ကို ရောက်ဖူးတယ်မဟုတ်လား။ အရင်ကရော ဒီလိုမြင်ကွင်းမျိုး မြင်ဖူးလား "
" မမြင်ဖူးဘူးကွ ၊ ဒါ ပထမဆုံးပဲ ။ ဒီလို စိတ်စွမ်းအင်မုန်တိုင်းမျိုးက ... မဟုတ်သေးဘူး ၊ စိတ်စွမ်းအင် ဆူနာမီလို့ ခေါ်ရမယ်ထင်တယ်။ ဒါကြီးက တော်တော်ကြောက်စရာ ကောင်းတာပဲ ။ ငါတို့တွေနဲ့ အ ဝေးကြီးမှာ ဖြစ်နေလို့ တော်သေးတာပေါ့ကွာ။ မဟုတ်လို့ကတော့ ငါတို့တွေအားလုံး ဒီစိတ်စွမ်းအင်လှိုင်းရဲ့ ဖိခြေတာကို ခံရပြီး သေသွားလောက်ပြီ "
ထိုစဥ် .. အခြားတစ်နေရာ၌.. အမည်းရောင်ဝတ်ရုံနှင့် လူကြီးက ပျော်ရွှင်စွာ ထရပ်လိုက်သည်။
ထိုလူသည် အဝါရောင် ရေပူစမ်းပင်လယ်ဘက်သို့ ကြ ည့်နေပြီး သူ့မျက်နှာထက်တွင်လည်း အပြုံးတစ်ခု ရှိနေ၏။
" ဒီတစ်ခေါက်တော့ ငါ့အစီစဥ်က အဆင်ပြေပြေ ချောချောမွေ့ ဖြစ်သွားတာပဲ ။ငါ့ရဲ့ မဟာအစီစဥ် ၇ ခုထဲမှာ ဒီ မိစ္ဆာနတ်ဆိုးက ပထမ အရေးကြီးဆုံးပဲ ။ လောထျန်း ၊ မင်းက ဘီလူးတစ်ကောင်လို အစွမ်းထက်တာ မှန်ပါတယ်။ ဒါပေမယ့် မင်းက ငါ့အစီစဥ်တွေကို တစ်ခုပြီးတစ်ခု ပျက်စီးအောင် လုပ်နေခဲ့တော့ ငါကလဲ မင်းကို သတ်လိုက်ရတာပေါ့ကွာ။ မင်း အရင်က ငါ့အစီအစဥ်တွေကို ဘယ်လိုပဲ ဖျက်ဆီးခဲ့ ဖျက်ဆီးခဲ့ ၊ ဒီတစ်ခါတော့ သေချာပေါက် သေရတော့မှာ "
ထိုမြင်ကွင်းကို ကြည့်နေသည့် အားလုံးမှာ အတွေးကိုယ်စီ ရှိနေကြသည်။
ထိုစဥ်မှာပင် အဝါရောင်ရေပူစမ်းပင်လယ်အောက်ထဲမှ ရှေးဟောင်းဘုရားကျောင်းပေါ်သို့ စိတ်စွမ်းအင် ဆုနာမီလှိုင်းလုံးကြီး ကျသွားတော့သည်။
" စိတ်စွမ်းအင်တွေကို ဝအောင် ရှူရမယ်ဟေ့ "
ရုပ်ထုက ပျော်ရွှင်စွာ အော်ကာ စိတ်စွမ်းအင်များအား အားပါးတရ စုပ်ယူလိုက်သည်။