← Chapters

စိတ်ဝိဥာဥ် အသွင်ပြောင်းခြင်း ( ဒုတိယပိုင်း )

Vol. 13 Ch. 173

စိတ်ဝိဥာဥ် အသွင်ပြောင်းခြင်း ( ဒုတိယပိုင်း )

Vol. 13 Ch. 173

စိတ်စွမ်းအင်များကို စုပ်ယူလိုက်သည်နှင့် ရုပ်ထု၏ ကိုယ်အရောင်အဝါက ပိုအစွမ်းထက်လာ၏။

ရုပ်ထုပေါ်မှ အက်ကွဲရာများကလည်း လျင်မြန်စွာပင် တိုးလာခဲ့သည်။

နောက်ဆုံး .. စိတ်စွမ်းအင် ဆူနာမီ လှိုင်းလုံးကြီး ပြန်လည်ငြိမ်သက်သွားသည့် အချိန်တွင်မူ ..

ခွမ်း ...

အက်ကွဲသံ တစ်သံနှင့်အတူ ရုပ်ထုပေါ်တွင် မွမ်းမံထားသည့် ရွှံ့လွှာက ကွဲကြေသွားတော့သည်။

ထိုရွံ့လွှာအောက်မှ အပြာရောင် အသားအရေနှင့် ခေါင်းတွင် ချိုနှစ်ခု ရှိနေသည့် ထူးဆန်းသော လူတစ်ယောက် ထွက်လာ၏။

" အင် .. ဒီလောက် စိတ်စွမ်းတွေ အများကြီးကို စုပ်ယူပြီးတာတောင် ငါ့ရဲ့ စိတ်စွမ်းအင်ပင်လယ်က မပြည့်သေးပါလား ။ ဒီလောက် နှစ်တွေအကြာကြီး ချုပ်နှောင်ခံထားရတာတောင် ငါ့အစွမ်းက လျော့မသွားဘဲ ပိုတောင် တိုးလာသေးတယ်နဲ့တူတယ်"

ရုပ်ထုထဲမှ လူက သူ့လက်ဝါးသူ ပြန်ငုံ့ကြည့်ကာ ပြောလိုက်သည်။

ဝရော ..

ထိုစဥ် အပျက်အစီးပုံကြားမှ အသံတစ်သံ ထွက်လာ၏။

ရုပ်ထုထဲမှ လူက ဘေးသို့ လှည့်ကြည့်လိုက်ရာ သူနှင့် မနီးမဝေးတွင် တင်ပျင်ခွေထိုင်နေသည့် လောထျန်းအား မြင်လိုက်ရသည်။

ထိုလူမှာ ခေတ္တမျှ အံအြားသင့်နေပြီးမှ ရယ်၍ ပြောလိုက်၏။

" ဟားဟား .. ခုနက ကျလာတဲ့ စိတ်စွမ်းအင် လှိုင်းလုံးမျိုးနဲ့ဆို မင်းလို ကျင့်ကြံခြင်းအဆင့်နဲ့လူက သေသွားသင့်တာ ကြာပြီ ။ ဒါပေမယ့် ကြည့်ရတာ ငါက စိတ်စွမ်းတွေ အများကြီးကို မြန်မြန်စုပ်ယူလိုက်လို့ မင်း အသက်ချမ်းသာရာ ရသွားတယ်နဲ့ တူတယ်။ အင်း .. မင်းက ကံ ကောင်းတယ်လို့ပဲ ပြောရမလား ၊ ကံဆိုးတယ်လို့ပဲ ပြောရမလား "

သူက ထိုသို့ ပြောနေရင်း လောထျန်းဆီသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။

ထိုအချိန်မှာပင် .. ခန်းမအပြင်ဘက်မှ ခြေသံအချို့ ထွက်လာပြီး ..

အပြင်မှ အမျိုးသမီးက ခန်းမထဲသို့ အပြေးဝင်လာသည်။

သို့သော် .. ကျိုးနေသည့် ဖယောင်းတိုင်နှင့် အပြင်ရောက်နေသည့် ရုပ်ထုထဲမှလူကို တွေ့သောအခါ သူမ၏ မျက်နှာ ချက်ချင်း ဖြူဖျော့သွား၏။  သူမ နောက်သို့လည်း ခြနှစ်လှမ်းခန့် အလိုလို ဆုတ်သွားသည်။

" နောက်ကျသွားခဲ့ပြီ "

သူမ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

ထိုအချိန်မှာပင် ရုပ်ထုထဲမှ လူက နောက်လှည့်လာပြီး အမျိုးသမီးအား တွေ့သွား၏။

၎င်း၏ နီရဲနေသော မျက်လုံးများတွင် အေးစက်စက် အလင်းတန်းနှစ်ခု ဖျတ်ခနဲ လက်သွားသည်။

" ဟားဟား .. အိမ်နီးချင်းကြီးပါလား ။ နောက်ဆုံးတော့ တွေ့ကြပြီပေါ့ကွာ "

ရုပ်ထုထဲမှလူက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

" မိစ္ဆာနတ်ဆိုးကောင် "

အမျိုးသမီးက အံကြိတ်ကာ လက်ထဲမှ ဓားဖြင့် လွှဲခုတ်လိုက်၏။

ထိုအချိန်မှာပင် ..

ရုပ်ထုထဲမှလူက လက်ကို ဆန့်လိုက်ပြီး လက်နှစ်ချောင်းတည်းဖြင့် ဓားကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူက ထိုလက်နှစ်ချောင်းကို လိမ်ကာ ဓားအား ချိုးပစ်လိုက်၏။

" မိန်းကလေး ၊ မင်းရဲ့ အစွမ်းလောက်နဲ့တော့ ငါ့ကိုတားဖို့ မဖြစ်နိုင်ဘူးကွ ။ ဘာဖြစ်လို့လဲဆိုတော့ ငါက အချုပ်နှောင် မခံရခင်ကထက်တောင် ပိုအစွမ်းထက်နေပြီ မို့လို့ပဲ "

ရုပ်ထုထဲမှလူက အပြုံးဖြင့် ပြောလာသည်။

" ဘာ..ဒါ ..မဖြစ်နိုင်ဘူး '

အမျိုးသမီးမှာ ထိုသူ၏ စကားကြောင့် အလွန်အမင်း တုန်လှုပ်နေ၏။

နှစ်ပေါင်းများစွာကြာ ချုပ်နှောင်ခံထားရသည့်ကြားထဲမှယခင်ကထက်ပင် ပိုအစွမ်းထက်လာသည်တဲ့လား ။

ရုပ်ထုထဲမှလူက သူ့လက်ဝါးသူ ပြန်ကြည့်ကာ ဆက်ပြောလိုက်သည်။

" မယုံနိုင်စရာကြီးနော် ..ဟုတ်တယ်မလား အမှန်တိုင်း ပြောရရင်တော့ ဘာကြောင့် ခုလိုဖြစ်ရတယ်ဆိုတာ ငါလဲ နားမလည်ဘူး ။ ဒါပေမယ့် ပိုအစွမ်းထက်လာတာကတော့ အမှန်တရားပဲ။ ခုနက စိတ်စွမ်းအင်လှိုင်းလုံး အကြီးကြီးကို စုပ်ယူပြီးသွားတာတောင် ငါ့ကိုယ်ထဲက  စိတ်စွမ်းအင်ပင်ဘယ်က ပြည့်သွားပြီလို့ မခံစားရသေးဘူး "

အမျိုးသမီး အံ့သြတုန်လှုပ်သွားပြန်သည်။

အစောပိုင်းက ကြောက်မက်ဖွယ် စိတ်စွမ်းအင် လှိုင်းလုံးကြီးကို သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလား ။

အကယ်၍ ထိုစိတ်စွမ်းအင်များ အားလုံးကိုသာ မိစ္ဆာနတ်ဆိုးက စုပ်ယူလိုက်သည် ဆိုပါက ...

ထိုလူ၏ အစွမ်းမှာ ခင်ကထက် များစွာ တိုးတက်နေလောက်လေပြီ။

ယခင်က ဤမျှလောက် အစွမ်းထက်ခင်မှာပင် ထိုလူကို ခက်ခက်ခဲခဲ ချုပ်နှောင်ရန် ကြိုးစားခဲ့ရပုံများကို ပြန်တွေးမိကာ အမျိုးသမီး ကြမ်းပြင်ပေါ်သို့ ခွေကျသွားသည်။

သူမ ဖြစ်ပျက်သွားပုံကို ကြည့်ကာ မိစ္ဆာနတ်ဆိုးက တဟားဟား အော်ရယ်နေ၏။

ထိုအချိန်မှာပင် ..

" ဝါး .. စိတ်ဝိဥာဥ် အသွင်ပြောင်းခြင်းဆိုတာ ဒီလိုကိုး .."

တဖက်မှ လောထျန်းက မျက်လုံးများဖွင့်လာသည်။

" ဟင် .. "

အမျိုးသမီးမှာ ထိုအချိန်မှသာ လောထျန်း ရှိနေကြောင်း သတိထားမိသွား၏။

" မင်းက အခုထိ အသက်ဆက်ရှင်နေသေးတယ်ပေါ့ "

သူမ မနေနိုင်ဘဲ တအံ့တသြ မေးမိသွားသည်။

အစောပိုင်းက စိတ်စွမ်းအင် လှိုင်းလုံးကြီး ကျလာစဥ်၌ သူမသည်ပင် သေသွားရတော့မည်ကဲ့သို့ ခံစားခဲ့ရရာ ..

လောထျန်းတစ်ယောက် အသက်ဆက်ရှင်နေလိမ့်မည်ဟု လုံးဝ မထင်ခဲ့မိချေ။

ထိုစကားကို ကြားသောအခါ လောထျန်းက မျက်မှောင်ကြုံ့၍ ပြန်ပြော၏။

" ဒါပေါ့ဗျ ၊ အသက်မရှင်စရာ ဘာအကြောင်း ရှိလို့လဲ "

ထို့နောက် သူက ရုပ်ထုထဲမှ လူဘက် လှည့်ကြည့်မိလိုက်ပြီး အံ့အားသင့်သွားသည်။

" ခင်ဗျားက ဘယ်သူလဲ "

သူ မျက်လုံးမှိတ်ကာ စတင်ကျင့်ကြံလိုက်သည့်အချိန်အထိ ထိုလူကို မတွေ့ခဲ့ပါချေ။ ထိုလူက မည်သူပါနည်း။

" မင်းက ငါ ဘယ်သူလဲဆိုတာ မသိဘုးလား "

ရုပ်ထုထဲမှ လူ၏ မျက်နှာက ရုတ်ချည်းအေးစက်သွား၏။

အမျိုးသမီးက ချက်ချင်း ဝင်ရှင်းပြလိုက်သည်။

" အဲ့လူက ဒီနေရာမှာ ချုပ်နှောင်ခံထားရတဲ့ မိစ္ဆာနတ်ဆိုးပဲ ။အခုတော့ အချုပ်အနှောင်က လုံးဝ ပျက်စီးသွားပြီ "

ထိုစကားကို ကြားသည်နှင့် လောထျန်း၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွား၏။ ထို့နောက် သူက မိစ္ဆာနတ်ဆိုးအား ခြေဆုံးခေါင်းဆုံး ကြည့်ကာ ပြောလိုက်သည်။

" အဲ့လိုလား ..  မင်းက မိစ္ဆာနတ်ဆိုးပဲကိုး '

ရုပ်ထုထဲမှ လူက မျက်ခုံးပင့်သွားကာ ပြော၏။

" ကောင်လေး .. မင်းက တော်တော်လေးတော့ သတ္တိရှိတာပဲကွ "

ထိုအချိန်မှာပင် ..

ဝုန်း ..

လေတစ်ချက် တိုက်ခတ်သွားပြီး အမျိုးသမီးက လောထျန်းရှေ့တွင် ဝင်ရပ်လိုက်သည်။

" ဟေ့ .. ခင်ဗျား ဘာတွေ လုပ်နေတာလဲ "

လောထျန်း အံ့သြမှင်သက်သွားရ၏။

အမျိုးသမီးက နောက်လှည့်ကြည့်ကာ အေးစက်စက် ပြန်ပြောသ်ည်။

" ကောင်လေး .. မင်းကို ဒီကိစ္စထဲပါအောင် ဆွဲခေါ်မိတဲ့သူက ငါ ဆိုတော့ ဒီကိစ္စကို ငါကိုယ်တိုင်ပဲ ဖြေရှင်းပေးမယ်။ အခု ငါတတ်နိုင်သမျှ အကောင်းဆုံးကြိုးစားပြီး ဒီ မိစ္ဆာနတ်ဆိုးကို တားပေးမယ်။ ဒါပေမယ့် သူက အစွမ်းထက်လွန်းတော့ ငါ မင်းအတွက် အချိန်နည်းနည်းလေးပဲ ဆွဲထားနိုင်မှာ။ အဲ့အချိန်အတွင်းမှာ အသက်ရှင်အောင် ထွက်ပြေးနိုင် မပြေးနိုင်ကတော့ မင်းအပေါ်မှာပဲ မူတည်တယ် "

" ဟင် .. "

လောထျန်းမှာ အံ့သြမှင်သက်နေ၏။

" အာ ..ဘာလဲဗျ ၊ ကျုပ်က်ု လွှတ်ပါ "

အမျိုးသမီးက ​စကားဆုံးသည်နှင့် လက်ကိုဆန့်ထုတ်၍ လောထျန်းအား တွန်းရန် ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ..

ဝီ ..အရောင်အဝါတစ်ခုက အမျိုးသမီး၏ ကိုယ်ကို လွှမ်းခြုံလာပြီး ချုပ်နှောင်ထားလိုက်၏။

" ဟင် ..ငါ့ခန္ဓာကိုယ်က နေရာရွှေ့လို့လဲ မရတော့ပါလား "

အမျိုးသမီးက တအံ့တသြ ရေရွတ်ကာ မိစ္ဆာနတ်ဆိုးဘက်သို့ လှည့်ကြည့်လိုက်သည်။

မိစ္ဆာနတ်ဆိုးက လှောင်ပြုံးဖြင့် ပြော၏။

" ထွက်သွားချင်တယ်ပေါ့လေ ၊ မင်းတို့နှစ်ယောက်လုံး ဘယ်သူမှ ထွက်သွားလို့ မရဘူး။ မိန်းကလေး ၊ မင်းက ဒီကောင်လေးသေတာကို မမြင်ချင်ဘူးဆိုတော့ မင်း ကြည့်လို့ရအောင် မင်းရှေ့မှာပဲ ဒီကောင့်ကို သတ်ပေးမယ်  "

သူ စကားဆုံးသွားသည့်အခါ လောထျန်းရှေ့သိူ့ပင် ရောက်နေလေပြီ ။

" ခွေးကောင် .. "

အမျိုးသမီးက မိစ္ဆာနတ်ဆိုးကို ကြည့်ကာ ဒေါသတကြီး အော်လိုက်ပြီးနောက် လောထျန်းဘက်လှည့်၍ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

" ငါ တောင်းပန်ပါတယ် ၊ငါ တောင်းပန်ပါတယ် "

လောထျန်းက ခေါင်းကုတ်ကာ စကားစလိုက်သည်။

" တကယ်တော့ ... "

သို့သော် သူ စကားဆုံးအောင် မပြောနိုင်ခင်မှာပင် မိစ္ဆာနတ်ဆိုးက ရှေ့သိူ့ ဆက်တိုးလာကာ လောထျန်းအား မျက်လုံးပြုးကြည့်လျက် ပြော၏။

" မင်းက ငါထင်ထားတာထက် ပိုပြီး သတ္တိကောင်းတာပဲ ။ တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးပါလားကွ ။ ဒီလိုလုပ်မယ်ကွာ ၊ ငါ့အချုပ်အနှောင်က မင်းကျေးဇူးကြောင့် ကျိုးပျက်သွားရတာ ဆိုတော့ မင်းက်ု ဆုချတဲ့အနေနဲ့  ငါ့ကို တစ်ကြိမ် တိုက်ခိုက်ခွင့်ပေးမယ်။ ငါ ငြိမ်ငြိမ်လေးပဲ ခံနေမယ်ကွာ "

" မင်းကို တိုက်ခိုက်ရမယ် ၊ ဟုတ်လား "

လောထျန်း အံ့အားသင့်သွားရပြန်သည်။

မိစ္ဆာနတ်ဆိုးက ခေါင်းညိတ်၍ ပြန်ပြော၏။

" အမှန်ပဲ ၊ တစ်ချက်တည်းနဲ့ ငါ့ကို သေအောင် သတ်နိုင်ရင်တော့ မင်းအသက် ချမ်းသာခွင့် ရမှာပေါ့ကွာ ။ ဒါပေမယ့် ဒါက မဖြစ်နိုင်ဘူးဆိုတာ မင်းလဲ သိမှာပါ ။  ဘာပဲဖြစ်ဖြစ် ကြိုးတော့ ကြိုးစားကြည့်လိုက်ပေါ့"

ထိုစဥ် လောထျန်းဘေးမှ အမျိုးသမီးက ရုတ်တရက် ပြောလိုက်သည်။

" ကောင်လေး ၊ မင်းက ဆုမီတောင်ကို ဝင်ခွင့်ရခဲ့တာဆိုတော့ မင်းလက်ထဲမှာ ဝင်ခွင့်ကဒ်တစ်ခု ရှိမှာပေါ့ ။ မင်းရဲ့ အစွမ်းအပြည့်ကို သုံးပြီးတော့သာ တိုက်ခိုက်လိုက်ပါ "

သူမ တွေးနေသည်မှာ အကယ်၍ လောထျန်း၏ လက်ထဲတွင်သာ ဝင်ခွင့်ကဒ် ရှိထားခဲ့ပါက မိစ္ဆာနတ်ဆိုးအား မသတ်နိုင်လျှင်ပင် အနည်းဆုံး ထွက်ပြေးရန် အချိန်ရသွားပေလိမ့်မည် ဟူ၍ပင်။

" အစွမ်းအပြည့်နဲ့ တိုက်ခိုက်ရမယ် ၊ ခင်ဗျား သေချာရဲ့လား "

လောထျန်းက မေးလိုက်သည်။

ထိုစဥ် အမျိုးသမီးက လောထျန်းအား လျှို့ဝှက် အသံလွှင့်နည်းဖြင့် ​ထပ်ပြော၏။

" ကောင်လေး ၊ ဒီလူက မသေမျိုးတစ်ယောက်ပဲ ။ အရင်က ထိပ်တန်းအဆင့် သခင်ကြီးတွေ အများကြီး ပေါင်းပြီး အတူတူတိုက်ခိုက်ခဲ့ကြတာတောင် သူ့ကို မသတ်နိုင်ခဲ့ကြဘူး။ ဒီတော့ မင်းလဲ သူ့ကို သတ်နိုင်မှာ မဟုတ်ဘူးကွဲ့။ အခု မင်းလုပ်ရမှာက သူ့ကို တစ်နည်းနည်းနဲ့ ထောင်ချောက်ဆင်ပြီး ထွက်ပြေးဖို့ အခွင့်အရေးကိုသာ ရအောင်ရှာ ။ ငါ ပြောတာ ကြားရဲ့လား "

ထိုစကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးများ အရောင်လက်သွားကြသည်။

" မသေမျိုးတစ်ယောက်တဲ့လား ။ ထိပ်တန်းအဆင့် သခင်ကြီးတွေ အများကြီးကတောင် မသတ်နိုင်ခဲ့ဘူးတဲ့ ။ အင်း ငါ့ရဲ့ လက်ရှိအစွမ်း ဘယ်လောက်ရှိတယ်ဆိုတာကို သူနဲ့ စမ်းသပ်ကြည့်ရမယ် "

လောထျန်းက ထိုသို့တွေးကာ အပြုံးဖြင့် ပြောလိုက်သည်။

" ကောင်းပြီလေ ၊ အခု အဆင်သင့်ဖြစ်ပြီလား "

သူက ထိုသို့ပြောပြီးသည်နှင့် ကိုယ်ကို မတ်မတ်ရပ်ကာ လက်သီးဆုပ်လိုက်သည်။

" ဟင် ..လက်ဗလာနဲ့ တိုက်ခိုက်မလို့လား။ ဘာမှော်လက်နက်မှ မပါဘူးပေါ့ "

ထိုအခြင်းအရာကို မြင်သောအခါ အမျိုးသမီး မျက်နှာချက်ချင်း ပျက်သွား၏။

လောထျန်း၏ လက်ထဲတွင်သာ ထိပ်တန်းအဆင့် မှော်လက်နက်တမျိုးမျိုး မရှိထားပါက မိစ္ဆာနတ်ဆိုးအား လုံးဝ နာကျင်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ဟုသာ သူမ တွေးနေမိသည်။

မိစ္ဆာနတ်ဆိုးကလည်း လောထျန်းကို ကြည့်ကာ ပြုံးလိုက်ပြီး သူ့လက်နှစ်ဖက်ကို ယုံကြည်ချက်အပြည့်ဖြင့် ဆန့်၍ ပြောလိုက်သည်။

" လာလေ ၊ တိုက်ခိုက်စမ်းပါ ။ ဒီအခွင့်အရေးက တစ်ခါပဲ ရမှာဆိုတော့ အစ္မ်းအပြည့်သာ  ထုတ်သုံးလိုက် "

လောထျန်းက အသက်ပြင်းပြင်း ရှိုက်၍ အော်လိုက်သည်။

" ကောင်းကင်ဘုံ လက်သီး "

All Chapters