မသေနဲ့ဦးလေ ၊ ငါ စတောင် မစရသေးဘူး
Vol. 13 Ch. 175
" စိတ်ဝိဥာဥ်အစွမ်းနဲ့ လောင်ကျွမ်းစေတာ .. "
လောထျန်း၏ စကားကြောင့် အမျိုးသမီး အံ့သြမှင်သက်သွားရသည်။
သူမသည်လည်း မိစ္ဆာနတ်ဆိုး၏ မူလအစွမ်းကို သိထားပြီးသား ဖြစ်ပါသည်။
၎င်းက လောထျန်း ပြောသကဲ့သို့ပင် စိတ်ဝိဥာဥ်အစွမ်းနှင့် အလွန်ဆင်တူ၏။
သီအိုရီ သဘောတရားအရ ပြောရမည်ဆိုပါက စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ တဖက်လူအား နာကျင်အောင် လုပ်၍ရနိုင်သော်လည်း ...
မိစ္ဆာနတ်ဆိုးကို ချုပ်နှောင်ခဲ့သည့် နှစ်က တိုက်ပွဲတွင် စိတ်ဝိဥာဥ် သခင်ကြီးများ မြောက်များစွာ စုပေါင်း၍ တိုက်ခိုက်ခဲ့ကြသည့်တိုင် ထိုလူကို ဖိနှိပ်ရုံသာ ဖိနှိပ်နိုင်ခဲ့ကြပြီး သူ့ခန္ဓာကိုယ်အား ဒဏ်ရာရအောင်ပင် မလုပ်နိုင်ခဲ့ကြပါ။
ထို့ကြောင့်လည်း ၎င်းမိစ္ဆာနတ်ဆိုးအား ချုပ်နှောင်သည့် နည်းကိုသာ ရွေးခဲ့ကြခြင်း ဖြစ်ပါသည်။
သို့သော် ..ယနေ့ လောထျန်းက စိတ်ဝိဥာဥ်အစွမ်းကို သုံးကာ တစ်ဖက်လူအား ထိခိုက်အောင် လုပ်နိုင်ခဲ့ပေသည်။
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက စိတ်ဝိဥာဥ်သခင်ကြီး များ အားလုံး ပေါင်းသည်ထက်ပင် ပိုအစွမ်းထက်နေသည်လား .. ။
ထိုအချိန်တွင် မိစ္ဆာနတ်ဆိုး၏ အော်သံ ရပ်သွားကာ လောထျန်းအား ပြောလိုက်သည်။
" ကောင်လေး ၊ ဒီနေ့ ဖြစ်ခဲ့တဲ့ ကိစ္စကို ငါ သေချာမှတ်ထားမယ် ။ နောက်တစ်ခါ မင်းနဲ့ ပြန်တွေ့တာနဲ့ ငါ့ကို မင်းလုပ်ခဲ့တာထက် အဆ ၁၀၀ လောက် ပြန်ခံစားရအောင် ငါက ပြန်လုပ်ပေးမှာကွ "
သူ့စကားဆုံးသည်နှင့် အနီရောင်ကြိုးမျှင်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းသွားကာ နောက်လှည့်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော် ..
" ငါက မင်းကို သွားခွင့်ပေးလို့လား "
လောထျန်းက အေးအေးဆေးဆေးပင် ပြောလာ၏။
မရှေးမနှောင်းမှာပင် စိတ်ဝိဥာဥ်အစွမ်းတစ်ခုက အနီရောင်ကြိုးမျှင်အား ချုပ်နှောင်ထားလိုက်၏။
" ဟင် .. မင်း ဘာတွေ လုပ်နေတာလဲ "
မိစ္ဆာနတ်ဆိုး အံ့သြ တုန်လှုပ်သွားသည်။
လောထျန်းက သူ့ စိတ်ဝိဥာဥ်အစွမ်းကို ဆန္ဒရှိသလို ထိန်းချုပ်နိုင်နေလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ ။ ယခုတွင်မူ သူ ထွက်ပြေး၍ပင် မရတော့ပါ။
" မင်းက ငါ့ကို သတ်ချင်တယ်လို့ ပြောခဲ့သေးတယ် မဟုတ်လား ။ ပြီးတော့ နောက်တစ်ခါ ပြန်တွေ့ရင် အဆတစ်ရာလောက် ပိုနာကျင်ခံစားရအောင် လုပ်မယ်လဲ ပြောထားသေးတယ်လေ "
လောထျန်းက အနီရောင်ကြိုးမျှင်ကို ကြည့်ကာ မျက်မှောင်ကြုံ့၍ ပြောလိုက်သည်။
" မင်းက အခု ဘာလုပ်မလို့လဲ "
ထိုအချိန်မှသာ မိစ္ဆာနတ်ဆိုး အထိတ်တလန့် ဖြစ်လာ၏။
" ဘာမှ မဟုတ်ပါဘူးကွာ။ ငါက ကိုယ့်ကိုကိုယ် ပြဿနာတွေ ချန်ထားရမှာ မကြိုက်လို့ပါ။အခု မင်းနဲ့ ငါနဲ့က ရန်သူတွေ ဖြစ်လာကြပြီဆိုတော့ စောစောစီးစီး ရှင်းထားတာ ပိုကောင်းတယ်လေ "
လောထျန်းက ပြောနေရင်း လက်တစ်ဖက်ကို မြှောက်လိုက်သည်။
ဝီ ..
ဝိဥာဥ်ဖိနှိပ် သံချောင်းများ လေး၊ငါး ရာ မက ရုတ်ချည်း ထွက်ပေါ်လာပြီး မိစ္ဆာနတ်ဆိုးဆီသို့ တဟုန်ထိုး တိုးဝင်သွားကြ၏။
" အား .. "
မိစ္ဆာနတ်ဆိုးဆီမှ အော်သံကျယ်ကြီး ထွက်လာပြန်သည်။ သို့သော် အနီရောင်ကြိုးမျှင်ထဲမှ အစွမ်းကမူ များစွာ လျော့မသွားခဲ့ပေ ။
" ကောင်လေး ၊ ဝိဥာဥ်ဖိနှိပ်သံချောင်းနဲ့ သူ့ကို သတ်လို့မရဘူး "
လောထျန်းဘေးတွင် ရှိနေသည့် အမျိုးသမီးက ပြောလိုက်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာ အကြာက ထိုမိစ္ဆာနတ်ဆိုးနှင့် ရင်ဆိုင်နေရချိန်တွင် ဝိဥာဥ်ဖိနှိပ် သံချောင်း အပါအဝင် အခြားနည်းလမ်းများစွာကို သူတို့ အသုံးပြုခဲ့ဖုးပါသည်။
လောထျန်းက ထိုစကားကို ကြားသောအခါ ခေါင်းညိတ်လိုက်သည်။
" ကျုပ် သဘောပေါက်ပြီ ။ ဒါဆိုရင် .. ဒီဟာကရော "
သူက ပြောပြောဆိုဆို လက်ဝေ့ယမ်းလိုက်သည်။
ဝီ ..
သူ့ စိတ်ဝိဥာဥ်အစွမ်းက တမဟုတ်ချင်း တိုးလာပြီး ဓားတစ်ချောင်းအဖြစ် စုစည်းသွား၏။
ဘုန်း ..
ထိုဓားဆီမှ ကြောက်မက်ဖွယ် ဖိနှိပ်အစွမ်းတစ်ခု ထွက်လာသည်။
" မင်း .. "
မိစ္ဆာနတ်ဆိုးမှာ တုန်လှုပ်သွားရပြန်သည်။
လောထျန်းက မည်သို့မှ ပြောမနေဘဲ ဓားဖြင့်သာ တစ်ချက်ပြီးတစ်ချက် ခုတ်လိုက်၏။
ချွှင် ..ချွှင် ..
အချိန် တခဏအတွင်းမှာပင် အနီရောင်ကြိုးမျှင်များစွာ ပြတ်သွားပြီး မိစ္ဆာနတ်ဆိုးထံမှ နာကျင်စွာ အော်ဟစ်သံ ထပ်မံထွက်ပေါ်လာပြန်၏။
သို့သော် .. ဓားဖြင့် အချက်ရေ ရာကျော် ခုတ်ပြီးသွားသည့်တိုင် မိစ္ဆာနတ်ဆိုးမှာ မသေနိုင်သေးပါချေ။
" ဟေ့ .. ကောင်လေး ၊ ငါတို့ မျိုးနွယ်စုက မင်းတို့လို ဘာမဟုတ်တဲ့ လူသားတွေ လွယ်လွယ်နဲ့ သတ်ပစ်လို့ရတဲ့ မျိုးနွယ်စု မဟုတ်ဘူးကွ။ မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းက အင်မတန် အစွမ်းထက်တာ မှန်တယ် ၊ ငါ တွေ့ဖူးသမျှ လူတွေထဲမှာ အစွမ်းအထက်ဆုံး လို့တောင် ပြောလို့ရတယ် "
" ဒါပေမယ့် .. မင်းက လူသားတစ်ယောက် အဆင့်ပဲ ရှိသေးတော့ သနားစရာပေါ့ကွာ။ မင်းသာ ခုထက်ပို အစွမ်းထက်ရင် ငါ့ကို သတ်ချင် သတ်နိုင်မှာကွ ။ သနားစရာ ကောင်းလိုက်တာကွာ "
မိစ္ဆာနတ်ဆိုးက ထိုသို့ပြောကာ ရယ်လိုက်သည်။
ထိုစဥ် လောထျန်းဘေးနားရှိ အမျိုးသမီးမှာလည်း မျက်နှာထား ပြောင်းသွား၏။
" ဒီလောက်အစွမ်းထက်တဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့တောင် သူ့ကို သတ်လို့ မရဘူးတဲ့လား "
သူမ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။
မိစ္ဆာနတ်ဆိုး ပြောသွားခဲ့သည်မှာ မှန်ပါသည်။
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက အံ့မခန်း အစွမ်းထက်နေသည့်တိုင် ၎င်းကို သတ်၍ မရပါချေ။
" ကောင်လေး ၊ သု့ကို အရင်ဆုံး ချုပ်နှောင်ထားလိုက်ပါလား။ မင်းရဲ့ စိတ်ဝိဥာဥ်အစွမ်းနဲ့ဆို သူ့ကို ချုပ်နှောင်ဖို့ ခက်မှာ မဟုတ်ဘူး။ ငါ ဒီမှာ ဆက်နေပြီး သူ့ကို စောင့်ကြပ်ပေးပါ့မယ် "
အမျိုးသမီးက ပြောလိုက်သည်။
ထိုစဥ်မှာပင် မိစ္ဆာနတ်ဆိုးက လောထျန်း၏ အဖြေကို မစောင့်ဘဲ အပြုံးဖြင့် ပြောလာ၏။
" မင်း ငါ့ကို ချုပ်နှောင်ထားလို့ရတာ မှန်တယ်။ ဒါပေမယ့် ငါက တစ်ချိန်ချိန်မှာ အချုပ်အနှောင်ကို ချိုးဖျက်ပြီး ပြန်ထွက်လာနိုင်မှာပဲ။ အဲ့ကျရင်တော့ ငါက မင်းကို သေချာလာရှာပြီးတော့ကို လက်တုန့်ပြန်မှာကွ။ တကယ်လို့ အဲ့အချိန်မှာ မင်းက သေနေပြီဆိုရင်တောင် မင်းရဲ့ ေမြးတွေ မြစ်တွေ အားလုံးကို သတ်ုပြီး မင်းရဲ့ မျိုးဆက် တစ်ယောက်မှ မကျန်ခဲ့အောင် လုပ်ပေးမှာ "
မိစ္ဆာနတ်ဆိုးက အရူးတစ်ယောက်သဖွယ် အော်လိုက်သည်။
ထိုစဥ် .. တဖက်မှ လောထျန်း မျက်ခုံးပင့်သွား၏။
" ခဏ နေဦး .. "
သူက ထိုသို့ပြောကာ ကြမ်းပေါ်တွင် တင်ပျင်ခွေ ထိုင်လိုက်သည်။
" ဟင် .. မင်း ဘာလုပ်မလို့လဲ "
သူ့ကို ကြည့်ကာ အမျိုးသမီး အံ့အားသင့်သွား၏။
" ကျင့်ကြံမလို့ "
လောထျန်းက တစ်ခွန်းတည်း ပြန်ဖြေသည်။
" ဟင် .. "
အမျိုးသမီးမှာ အံ့သြမှင်သက်လွန်း၍ မည်သည့်စကားမှ မပြောနိုင်ဘဲ ဖြစ်သွား၏။
လောထျန်းက ယခုလို အချိန်ကြီးတွင် ကျင့်ကြံချင်သည်တဲ့လား။
၎င်းက ကျင့်ကြံရန် အချိန်ကောင်း ဟုတ်ပါရဲ့လား။
" ကောင်လေး ၊ ဒီ နတ်ဆိုးကို အရင် ချုပ်နှောင်လိုက်ပါလား ။ ပြီးသွားမှ မင်း ဆက်ပြီး ကျင့်ကြံလေ "
အမျိုးသမီးက ပြောလိုက်သည်။
လောထျန်းက ခေါင်းယမ်းကာ ပြန်ပြော၏။
" ကျုပ် ဒီကောင့်ကို မချုပ်နှောင်ချင်ဘူး။ ဒီနေ့ကို အသေသတ်မှ ဖြစ်မှာ "
" အ ... "
အမျိုးသမီးမှာ ပါးစပ်အဟောင်းသားဖြင့် စကားမဆိုနိုင်တော့ချေ။
ထို့နောက် သူမက ခေါင်းယမ်း၍ ပြောလိုက်သည်။
" သူ့ကို သတ်ဖို့ မင်း ကြိုးစားကြည့်ပြီးသွားပြီလေ။ အခုလက်ရှိမှာ မင်း သူ့ကို သတ်မှ မသတ်နိုင်တာ "
လောထျန်းက ခေါင်းညိတ်၍ ခွန်းတုန့်ပြန်၏။
" ဟုတ်တယ်လေ ၊ ဒါကြောင့်မို့လဲ သူ့ကို သတ်လို့ရတဲ့အထိ ကျင့်ကြံဖို့ လိုတာပေါ့ဗျ "
အမျိုးသမီးက လောထျန်းအား အံ့သြတကြီးကြည့်ကာ မေးခွန်းဆက်ထုတ်လိုက်သည်။
" သူ့ကို သတ်လို့ရတဲ့အထိ ကျင့်ကြံမှာ ဟုတ်လား .. ၊ ဒါဆို .. အဲ့အဆင့်ထိရောက်အောင် ကျင့်ကြံဖို့က အချိန် ဘယ်လောက်ကြာမှာလဲ "
သူသည် စိတ်ဝိဥာဥ်သခင်ကြီးများစွာနှင့် ရင်းနှီးဖူးသဖြင့် စိတ်ဝိဥာဥ်အစွမ်းကို ကျင့်ကြံရန် မည်မျှ ခက်ခဲမှန်း သိထားပြီးဖြစ်ပါသည်။
အချို့သော စိတ်ဝိဥာဥ်သခင်ကြီးများဆိုလျှင် နှစ်တစ်ရာခန့် ကျင့်ကြံလျှင်ပင် အနည်းငယ်မျှသော တိုးတက်မှုကိုသာ ရတတ်ကြ၏။
သို့ဖြစ်ရာ ယခု လောထျန်းအနေဖြင့် မိစ္ဆာနတ်ဆိုးကို သတ်နိုင်သည့် အစွမ်းမျိုးရရန် မည်မျှ အချိန်ယူကျင့်ကြံရပါမည်နည်း။
နှစ်တစ်ထောင်လား ..
နှစ်သုံးထောင်လား ..
သို့မဟုတ် ၊ နှစ် ငါးထောင် ပေလား ..
" ဟေ့ .. ဒီကိစ္စက နောက်စရာ မဟုတ်ဘူးနော် ။ မင်း သူ့ကို သတ်နိုင်တဲ့အဆင့် ရောက်ဖို့ ဘယ်လောက် အချိန်ကြာကြာ ကျင့်ကြံရမှာလဲ "
အမျိုးသမီးမှာ လောထျန်းအဖြေကိုပင် မစောင့်နိုင်ဘဲ စိူးရိမ်တကြီး ဆက်မေးလိုက်သည်။
လောထျန်းက အနည်းငယ် တွက်ချက်ကာ ပြန်ဖြေ၏။
" အင်း .. မိနစ်ဝက်လောက် "
သူ့အဖြေကြောင့် အမျိုးသမီး ပါးစပ်အဟောင်းသား ပြန်ဖြစ်သွားသည်။
" မင်းရဲ့ ဦးနှောက်ကပဲ ချောင်နေတာလား ၊ ငါ့ဦးနှောက်ကပဲ ပျက်နေတာလား မသိတော့ပါဘူး။ အဲ့လောက်အချိန်လေးနဲ့ ဖြစ်နိုင်မယ်လို့ ထင်တယ်ပေါ့ "
အမျိုးသမီးက စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
ဤတစ်ကြိမ်တွင်မူ လောထျန်းက သူမအား လျစ်လျူရှုကာ သူ့အသိစိတ်ကို အသိစိတ်ပင်လယ်အတွင်းသိူ့သာ ပို့လိုက်၏။
" ကောင်ကင်ဘုံ ပုံရိပ်ဖော် ကျင့်စဥ် ၊ စိတ်ဝိဥာဥ် အသွင်ပြောင်းခြင်းအခန်း "
ထို့နောက် ကောင်ကင်ဘုံ သိုင်းကျမ်း ကိုးအုပ်ထဲမှ ပုံရိပ်ဖော်ကျင့်စဥ်ကို ခေါ်ယူလိုက်သည်။
စာအုပ်ထဲတွင် ပါသည့် အကြောင်းအရာများက သူ့အသိစိတ်ပင်လယ်နှင့် ချက်ချင်း ပေါင်းစပ်သွား၏။
" ကဲ .. စလေ့ကျင့်မယ် '
လောထျန်းက အကြောင်းအရာများကို တိတ်တဆိတ် ပုံဖော်ကာ စိတ်ဝိဥာဥ်အစွမ်းအား ကျင့်ကြံလိူက်သည်။
ထိုစဥ် .. တဖက်မှ သူ့ စိတ်ဝိဥာဥ်အစွမ်းဖြင့် ချုပ်နှောင်ခံထားရသည့် မိစ္ဆာနတ်ဆိုးကမူ လောထျန်းကို ကြည့်ကာ လှောင်ပြောင်နေ၏။
" ဟား ဟား ..ငါက ဒီကောင့်ကို တော်တော် လာတဲ့ကောင်ပဲလို့ ထင်ထားတာ။ လက်စသတ်တော့ အရူးကြီး ဖြစ်နေတာပဲ။ မိနစ်ဝက်လောက် ကျင့်ကြံပြီးတာနဲ့တောင် ငါ့ကို သတ်နိုင်မယ်တဲ့ ။ ဘယ်လို အိမ်မက်မျိုးတွေ မက်နေတာလဲကွာ "
အမျိုးသမီးက သူ့ကို ကြည့်ကာ အေးစက်စက် ပြန်ပြောလိုက်သည်။
" ဘယ်လိုပဲ ဖြစ်ဖြစ် ၊ ရှင် ဒီနေ့ အချုပ်နှောင် ခံရမှာပဲ "
မိစ္ဆာနတ်ဆိုးကလည်း ပြန်ရန်တွေ့သည်။
" ချုပ်နှောင်ခံရတော့ရော ဘာအရေးလဲ ။ ငါက မသေမျိုးတစ်ယောက်ဖြစ်တဲ့အတွက် တစ်နေ့ကျရင် ပြန်ထွက်လာနိုင်မှာပဲ။ ဒါပေမယ့် စိတ်ဝိဥာဥ် တစ်ယောက်ဖြစ်တဲ့ မင်းကတော့ လူသားမျိုးနွယ်ရဲ့ ခွေးတစ်ကောင်လို သူတို့ခိုင်းသမျှ ဟိုပြေးဒီပြေးပဲ ဖြစ်နေမှာ ။ ဒီလူသားတွေက တစ်နေ့ကျရင် မင်းကို ဆေးဖော်ဖို့ အသုံးချပစ်မှာ မကြောက်ဘူးလား "
အမျိုးသမီးက တည်တည်ငြိမ်ငြိမ်ပင် တုန့်ပြန်၏။
" ကျွန်မနဲ့ သူတို့ကြားက ဆက်ဆံရေးကို ရှင် လုံးဝ နားမလည်သေးပါဘူး "
မိစ္ဆာနတ်ဆိုးက ရယ်သွမ်းသွေးကာ ထပ်ပြောလိုက်သည်။
" ကောင်းပါပြီကွာ ၊ ဘယ်လိုပဲ ဖြစ်ဖြစ် ငါက သေမှာမဟုတ်ဘူးဆိုတော့မင်းသေတဲ့နေ့ကိုပဲ စောင့်ကြည့်ပြီး မင်းအတွက် မြှုပ်စရာ နေရာလေးတောင် မရှိတာကို အေးအေးဆေးဆေးကြည့်ရင်း ထိုင်ရယ်ဦးမှာ "
သုတို့နှစ်ဦး စကားပြောနေကြစဥ်မှာပင် ..
ဝုန်း ..
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက ရုတ်တရက် အဆပေါင်းများစွာ တိုးလာ၏။
" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "
မိစ္ဆာနတ်ဆိုးက ၎င်းကိုကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။
အမျိုးသမီးသည်ပင် အံ့သြမှင်သက်လျက် ရှိနေ၏။
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက အဘယ့်ကြောင့် ရုတ်တရက် အဆပေါင်းများစွာ တိုးတက်လာခဲ့ရသနည်း .. ။
မည်သို့ ဖြစ်နေသည်ကို သူတို့ နားမလည်နိုင်ခင်မှာပင် ...
ဝုန်း ..
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက အဆပေါင်းများစွာ ထပ်တိုးလာပြန်သည်။
" အား ... "
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်း ပိုပိုတိုးလာသည်နှင့်အမျှ သူ့ကို ချုပ်နှောင်ထားသည့် အားမှာလည်း ပို၍ ကြောက်စရာကောင်းလာသည့်အတွက် မိစ္ဆာနတ်ဆိုးက ကြောက်လန့်တကြား အော်လိုက်သည်။
သို့သော် .. သူ့အော်သံ မဆုံးခင်မှာပင် ..
ဝုန်း .. ဝုန်း .. ဝုန်း ..
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းက နောက်ထပ် အဆပေါင်းများစွာ ထပ်တိုးသွားပြန်၏။
အနားမှ အမျိုးသမီးမှာလည်း အံ့သြလွန်း၍ မျက်လုံးပြူးကာ ပါးစပ်အဟောင်းသား ဖြစ်နေတော့သည်။
လောထျန်း၏ စိတ်ဝိဥာဥ်အစွမ်းသည် မူလကတည်းကပင် ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက်နေခဲ့ပြီးသား ဖြစ်ပါသည်။
ယခုတွင်မူ မျှော်လင့်မထားလောက်အောင်ပင် ပို၍ အစွမ်းထက်နေလေပြီ။
ထိုလူက လူသားတစ်ယောက်ပင် ဟုတ်ပါသေးရဲ့လား ...
" အင်း .. ပုံရိပ်ဖော်ကျင့်စဥ်ရဲ့ စိတ်ဝိဥာဥ် အသွင်ပြောင်းခြင်း အခန်းကိုတော့ ကျင့်ကြံပြီးသွားပြီ။ ခုလောက်ဆို ဒီ မိစ္ဆာနတ်ဆိုးကို သတ်လို့ရလောက်ပြီ မဟုတ်လား "
ထိုစဥ် .. လောထျန်း၏ မျက်လုံးများ ပွင့်လာကာ မိစ္ဆာနတ်ဆိုးအား ကြည့်လိုက်သည်။
သို့သော် .. ထိုအချိန်တွင် မိစ္ဆာနတ်ဆိုးမှာ သေလုမျောပါးပင် ဖြစ်နေလေပြီ ။
လောထျန်း လန့်သွားကာ အော်လိုက်သည်။
" ဟေ့ .. ဘာလုပ်နေတာလဲ ၊ မသေနဲ့ဦးလေ ။ ငါက စတောင် မစရသေးဘူး "