← Chapters

အရှုပ်အထွေး အလင်းတန်း

Vol. 13 Ch. 176

အရှုပ်အထွေး အလင်းတန်း

Vol. 13 Ch. 176

မိစ္ဆာနတ်ဆိုး၏ အနီရောင်ကြိုးမျှင်ကမူ ပိုပို၍ မှိန်ဖျော့လာခဲ့သည်။

အနီရောင်ကြိုးမျှင်အပေါ်မှ အမုန်းတရားများဖြင့် ပြည့်နေသည့် အသံကို သူတို့ ကြားလိုက်ကြရ၏။

" မင်း .. မင်း .. စောင့်ကြည့်နေလိုက်ပါကွာ ။ ငါ သေသွားရင်တောင် .. ငါ့လူတွေက မင်းကို ဒီတိုင်းလွှတ်ပေးထားမှာ မဟုတ်ဘူး "

စကားဆုံးသည့် အချိန်မှာပင် အနီရောင်ကြိုးမျှင်က အမှုန့်အဖြစ် ပြောင်းသွားကာ မိစ္ဆာနတ်ဆိုး ပြိုကွဲသွားရတော့သည်။

" သေသွားပြီလား "

လောထျန်းမှာ ထိုမြင်ကွင်းကိုကြည့်ကာ မကျေမလည် ခံစားလိုက်ရ၏။

" &%#$*&_%  ငါက ဒီ စိတ်ဝိဥာဥ်အစွမ်း ကို ခုနလေးတင် သေချာအားစိုက်ပြီး လေ့ကျင့်ထားရတာ။ အခု ဒါကို မင်းနဲ့ စမ်းသပ်လေ့ကျင့်ကြည့်မလို့ပါဆို မင်းက သေသွားပြီလား "

လောထျန်းက ဒေါသတကြီး အော်ဟစ်ဆဲရေးလိုက်သည်။

သူ့ဘေးမှ အမျိုးသမီးက ဖြည်းဖြည်းချင်း လက်မထောင်ကာ ပြော၏။

" တော်တော်ကြိုးစားထားရတာပဲ "

လောထျန်း၏ ကျင့်ကြံချိန်မှာ သူ ပြောခဲ့သလိုပင် စုစုပေါင်း မိနစ်ဝက်ခန့်သာ ကြာခဲ့ပေသည်။

သို့သော် .. ထိုအချက်ကြောင့်ပင် သူမ အလွန်အံ့အားသင့်နေရခြင်း ဖြစ်ပါသည်။

လူတစ်ယောက်က ဤမျှ အချိန်တိုလေးအတွင်း ယခင်ကထက် အဆပေါင်းများစွာ ပိုအစွမ်းထက်လာအောင် မည်သို့ လုပ်လိုက်နိုင်ပါသနည်း။

ထိုဖြစ်ရပ်မျိုးကို သူမ လုံးဝ မကြားဖူးခဲ့ပါ။

တဖက်မှ လောထျန်းမှာ မိစ္ဆာနတ်ဆိုးကို ဆူပူကြိမ်းမောင်းပြီးနောက် အနည်းငယ် ပြန်တည်ငြိမ်သွား၏။

ထို့နောက် သူက အမျိုးသမီးဘက်လှည့်၍ ပြောလိုက်သည်။

" ကျုပ် ခင်ဗျားနာမည်ကိုတောင် အခုထိ မမေးမိသေးဘူး "

အမျိုးသမီးမှာ ခေတ္တမျှ အံ့သြမှင်သက်နေပြီးမှသာ ခပ်မြန်မြန် ပြန်ဖြေ၏။

" ငါ့နာမည်က ပန်းလင် လို့ခေါ်တယ်။ မင်းလဲ သိတဲ့အတိုင်း ငါက သဘာဝစိတ်ဝိဥာဥ် တစ်ကောင်ပဲ "

" သဘာဝ စိတ်ဝိဥာဥ်တဲ့လား ၊ ခင်ဗျားက ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ ။ ခုနက လူကရော ဘယ်သူလဲ "

လောထျန်းရင်ထဲတွင် သိချင်သည့် မေးခွန်းများ များစွာပင် ရှိနေသည်။

ပန်းလင်က သက်ပြင်းချကာ ပြောလိုက်သည်။

" ပြောရမယ်ဆိုရင်တော့ ဇာတ်လမ်းက အရှည်ကြီးပဲ "

လောထျန်းက လက်ထောင်ပြကာ ပြောလာ၏။

" ခဏလေး နေပါဦး ၊ ဇာတ်လမ်းက အရှည်ကြီးဆိုရင် ခင်ဗျား ပြောနေတုန်း ကျုပ် ကျင့်ကြံလိုက်မယ် ။ ဒါဆို အချိန်ကုန် သက်သာသွားမှာပဲ "

ပန်းလင်မှာ ခေတ္တမျှ အံ့သြမှင်သက်သွားသော်လည်း ခေါင်းသာ ညိတ်ပြလိုက်သည်။

ထိုအချိန်တွင် တဖက်မှ လောထျန်းက တင်ပျင်ခွေထိုင်ကာ စတင်ကျင့်ကြံနေလေပြီ ။

ပန်းလင်က ချောင်းဟန့်၍ လည်ချောင်းရှင်းကာ စကားစလိုက်သည်။

" ဒီကိစ္စက ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ချီ အကြာကတည်းက အစပြု .. "

သူမ ထိုမျှသာ ပြောရသေးစဥ်မှာပင် ...

ဝီ ...

လောထျန်းကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းတစ်ခု လင်းလက်လာပြီး သူ့အရောင်အဝါက ရုတ်ချည်း တိုးသွားသည်။

ပန်းလင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ အံ့သြမှင်သက်သွားရသလို စိတ်ထဲမှ လည်း သက်ပြင်း ခိုးချမိလိုက်၏။ လောထျန်းက အလွန်ကံကောင်းသည်ဟုလည်း သူမ တွေးမိလိုက်သည်။ သူက ယခုစ၍ ကျင့်ကြံလိုက်စဥ်မှာပင် ကျင့်ကြံခြင်း အဆင့်ငယ်တစ်ခု တိုးသွားခဲ့လေပြီ ။

သို့သော် သူမက ရှည်ရှည်ဝေးဝေး စဥ်းစားမနေဘဲ စကားဆက်လိုက်သည်။

" လွန်ခဲ့တဲ့ နှစ်ထောင်ချီအကြာက ငါ့သခင်ကြီးက .. "

ဝီ ...

လောထျန်း ကိုယ်မှ စိတ်စွမ်းအင် အလင်းတန်းတစ်ခု တိူးထွက်လာပြန်၏။

ပန်းလင်မှာ ရုတ်တရက် ကြက်သေ သေသွားပြီး ပါးစပ်အဟောင်းသားဖြင့် မှင်သက်နေတော့သည်။

သူမ အိမ်မက် မက်နေခြင်းလား ...

လောထျန်းသည် အစောလေးကပင် ကျင့်ကြံခြင်း အဆင့်ငယ်တစ်ခု တက်သွားခဲ့သည် မဟုတ်ပါလား .. ။

ယခု အဘယ့်ကြောင့် နောက်ထပ် အဆင့်ငယ်တစ်ခု ထပ်တက်သွားပြန်ရသနည်း။

" ဆက်ပြောလေဗျာ ၊ခင်ဗျားရဲ့ သခင်ကြီးက ဘာဖြစ်သွားတာလဲ "

လောထျန်းက မေးလိုက်သည်။

ပန်းလင်က ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှသာ စကားဆက်ရန် ဆုံးဖြတ်လိုက်၏။

" ငါ့ရဲ့ သခင်ကြီးက ... "

ဝီ ...

" အဲ့အချိန်တုန်းက ... "

ဝီ ....

" ကျဥ်းထဲကြပ်ထဲကိုရောက် .. "

ဝီ ...

ပန်းလင်မှာ စကားဆက်မဆိုနိုင်တော့ဘဲ ဆွံ့အသွားပြီး  ခါးထောက်၍သာ လောထျန်းအား ကြည့်နေလိုက်တော့သည်။

" ဟင် ..ဘာလို့ ဆက်မပြောတာလဲဗျ "

သူမ တိတ်နေသည့်အတွက် လောထျန်းဆီမှ စူးစမ်းသည့် မေးခွန်း ထွက်လာ၏။

ပန်းလင်တစ်ယောက် နှုတ်ခမ်းများ အနည်းငယ် မဲ့သွားသည်။

သူမ မည်သို့ ဆက်ပြောရပါမည်နည်း ။

သူမ စကားတစ်ခွန်း ပြောပြီးတိုင်း လောထျန်းက ကျင့်ကြံခြင်း အဆင့်ငယ်တစ်ခု တက်နေသည် မဟုတ်ပါလား ။

ထိုအခြေအနေမျိုးတွင် သူမ မည်သို့ စကားဆက်ရပါမည်နည်း။

" မင်းအရင် လေ့ကျင့်လိုက်ပါ ။ ပြီးသွားမှပဲ ငါ ဆက်ပြောပြပါ့မယ် "

ပန်းလင်က ပြောလိုက်သည်။

" ကောင်းပါပြီ "

လောထျန်းက ထိုသို့ပြောပြီးနောက် သူမကို လျစ်လျူရှူ၍ ကောင်းကင်ဘုံ အသက်ရှူကျင့်စဥ်ကိုသာ အာရုံစိုက် ကျင့်ကြံလိုက်သည်။

ထို့နောက် အချိန်တခဏအတွင်းမှာပင် သူ့ကိုယ်မှ စိတ်စွမ်းအင် အလင်းန်းများ များစွာ တိုးထွက်လာကြ၏။

" ဟူး .. စိတ်ဝိဥာဥ် အသွင်ပြောင်းခြင်း အဆင့် ၉ ကိုတော့ ရောက်သွားပြီ ။ မဆိုးဘူးပဲ "

လောထျန်းက ခေါင်းအသာညိတ်ကာ တစ်ယောက်တည်း ရေရွတ်လိုက်သည်။

တဖက်မှ ပန်းလင်မှာမူ အံ့သြလွန်း၍ စကားပင် မဆိုနိုင် ဖြစ်နေ၏။

လောထျန်းက အချိန် တခဏအတွင်း ကျင့်ကြံခြင်း အဆင့်ငယ် ၉ ခုကို အလွယ်တူ တရစပ် ကျော်ဖြတ်နိုင်ခဲ့သည်တဲ့လား ..

ထိုလူထံ၌ အများ​ပြောကြသည့် အဆုံးအစမဲ့ ဉာဏ်ပညာရှိထားသည်လား ။

ထိုစဥ် လောထျန်းက ပန်းလင်ဘက် လှည့်လာသည်။ သူမ၏ အံ့သြနေသည့် အကြည့်ကြောင့် သူ မျက်မှောင်ကြုံ့သွားကာ ပြောလိုက်၏။

" ဘာဖြစ်လို့ ကျုပ်ကို အဲ့လိုကြီး ကြည့်နေတာလဲဗျ ။ အရင်က တခြားသူတွေ ကျင့်ကြံခြင်းအဆင့်တက်တာ မမြင်ဖူးဘူးလား "

ပန်းလင်မှာ ခဏတာ စကားမပြောနိုင် ဖြစ်နေပြီးမှသာ ပြန်ပြောလိုက်သည်။

' ငါ အရင်က ကျင့်ကြံခြင်း အဆင့်တက်တာတွေ အများကြီးကို မြင်ဖူးပါတယ်။ ဒါပေမယ့် မင်းလိုမျိုးကိုတော့ တစ်ခါမှ မမြင်ဖူးဘူး "

လောထျန်းက အပြုံးဖြင့် ဆက်ပြောသည်။

" ခဏစောင့်ဦးနော် ။ ကျုပ် နည်းနည်းထပ်ပြီး ကျင့်ကြံလိုက်ဦးမယ် "

သူက ထိုသို့ပြောပြီးသည်နှင့် ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်ကို ဆက်ကျင့်ကြံလိုက်၏။

ပန်းလင်မှာ လောထျန်း ကျင့်ကြံနေသည့် ထူးထူးဆန်းဆန်း သိုင်းကွက်များကို ကြည့်ကာ မျက်မှောင်ကြုံ့သွားသညါ။

" ဒီ ခန္ဓာကိုယ် သန့်စင်ခြင်းပညာရပ်ကို ကြည့်ရတာတော့ သာမာန်ပါပဲ ။ သူက ဘာဖြစ်လို့ ဒါကို ကျင့်ကြံနေရတာလဲ "

သူမ တစ်ကိုယ်တည်း တွေးလိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ..

လောထျန်း၏ ခန္ဓာကိုယ်၌ အပြောင်းအလဲများ စတင်ဖြစ်ပေါ်လာ၏။

သူ့ခန္ဓာကိုယ်အစွမ်းကလည်း ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုးတက်လာသည်။

သူ့ခန္ဓာကိုယ်က စက္ကန့်နှင့်အမျှ ပိုပို၍ သန်မာလာ၏။

နောက်ဆုံးတွင်မူ ..

ဝီ ...

လောထျန်းကိုယ်မှ  မှိန်ဖျော့ကာ ပုံဖော်ရန်ခက်သည့် အလင်းတန်းတစ်ခု တိုးထွက်လာတော့သည်။

ပန်းလင်မှာ ၎င်းကို ကြည့်နေရင်း မျက်လုံးများ ပြူးလာပြီး သူမ၏ မျက်ဆံများ မျက်လုံးအိမ်မှ ကျွတ်ထွတ်ကျလုမတတ်ပင် ဖြစ်သွား၏။

" အရှုပ်အထွေး .. အရှုပ်အထွေး အလင်းတန်းပါလား .. ၊ ငါ စိတ်ထင်ရာကို မြင်ယောင်နေတာများလား "

သူမ အလွန်အမင်း အံ့သြတုန်လှုပ်သွားရသည်။

သူမ ဤကမ္ဘာကြီးထဲတွင် အသက်ရှင်နေထိုင်လာသည်မှာ အလွန်ကြာခဲ့ပြီ ဖြစ်သော်လည်း ထိုသို့သော အရှုပ်အထွေး အလင်းတန်းကို ထုတ်နိုင်သည့် ခန္ဓာကိုယ်အား ယနေ့အပါအဝင် သုံးကြိမ်သာ မြင်တွေ့ဖူးပါသည်။

ယခင်က တွေ့ခဲ့ဖူးသည့် လူနှစ်ယောက်မှာ အားလုံးက ကမ္ဘာတည်သရွေ့ မှတ်မိနေကြမည့် အလွန်အစွမ်းသော လူကြီး နှစ်ယောက်ပင်။

ထို့အပြင် သူတို့၏ အရှုပ်အထွေး အလင်းတန်းများမှာ များစွာ မှိန်ဖျော့ပြီး လောထျန်း၏ အလင်းတန်းလောက် မပေါများသလို သန့်စင်ခြင်းလည်း မရှိကြချေ။

ထိုမျှမက ထိုလူနှစ်ယောက်က အရှုပ်အထွေး အလင်းတန်းကို ကျင့်ကြံထုတ်လွှတ်နိုင်သည့်အ ချိန်တွင် သူတို့မှာ ဘဝနေဝင်ချိန်သို့ပင် ရောက်လုနီးနေကြပြီး ဘဝသက်တမ်းလည်း ကုန်ခါနီး ဖြစ်နေခဲ့ကြလေပြီ ။

သို့သော် .. ယခု လောထျန်းက ဆယ်ကျော်သက်အရွယ်သာ ရှိနိုင်သေးသည် မဟုတ်ပါလား ..

ဆက်ကျော်သက်အရွယ်၌ပင် အရှုပ်အထွေးအလင်းတန်းကို ကျင့်ကြံ ထုတ်လွှတ်နိုင်သည် ဆိုလျှင် .. ..

၎င်းက မည်သို့သော အဓိပ္ပါယ်ပါနည်း။

ယခုနှုန်းအတိုင်းသာ ဆက်သွားမည်ဆိုပါက သူသည် ဒဏ္ဍာရီကျော် အရှုပ်အထွေး ခန္ဓာကိုယ်ကိုပင် ကျင့်ကြံနိုင်ပေလိမ့်မည်။

အရှုပ်အထွေး ခန္ဓာကိုယ် ..

ထိုစကားလုံးကို တွေးမိလိုက်သည်နှင့် ပန်းလင်၏ စိတ်ထဲတွင် လက်ရှိ အဖြစ်အပျက်များအားလုံးက အမှန်တကယ်ဟုတ်မနေသကဲ့သို့ပင် ခံစားသွားရ၏။

သဘာဝ စိတ်ဝိဥာဥ်များ၏ အသက်ရှင်နိုင်သည့် သက်တမ်းမှာ အလွန်ရှည်လျားကြောင်း အားလုံးလည်း သိပြီးကြပြီး ဖြစ်ပါသည်။

သို့သော် .. သူမသိသည့် အသက်အကြီးဆုံး သဘာဝ စိတ်ဝိဥာဥ်သည်ပင် အရှုပ်အထွေး ခန္ဓာကိုယ်ကို ကျင့်ကြံထားနိုင်သူအား မျက်လုံးဖြင့် ကိုယ်တိုင် မမြင်ဖူးခဲ့ပါချေ။

ထိုသို့သော ခန္ဓာကိုယ်မျိုး ရှိသည်ကိုပင် သူမတို့ မျိုးနွယ်စု၏ ဒဏ္ဍာရီများမှ တဆင့်သာ ကြားဖူးကြပါသည်။

ထိုအစွမ်းမှာ ကမ္ဘာမြေကြီး၏ မူလအစနှင့် အနီးစပ်ဆုံး ရှိသည့် အစွမ်းတစ်ခုဖြစ်ပြီး ၎င်းခန္ဓာကိုယ် တစ်ခုတည်းဖြင့်ပင် ခေတ်တစ်ခု၏ အခြေခံဖွဲ့စည်းပုံကို ဖိနှိပ်နိုင်စွမ်း ရှိပေသည်။

ပန်းလင် အံ့သြတုန်လှုပ်နေစဥ်မှာပင် လောထျန်းက သက်ပြင်းချ၍ ပြောလာ၏။

" ခန္ဓာကိုယ် သန့်စင်ခြင်းကျင့်စဥ်ကတော့ ကျင့်ကြံလို့ရတဲ့ အကန့်အသတ်ကို ရောက်သွားပြီ။ ဒါပေမယ့် ကြည့်ရတာတော့ .. တိုးတက်မှုက ဘာမှလဲ သိပ်မရှိသလိုပဲ "

သူက ထိုသို့ပြောကာ လက်သီးကို အသာအယာဆုတ်လိုက်သည်။

ဘုန် ...

သူ့လက်ထဲမှ လေလှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်သွားကာ အရပ်မျက်နှာ အနှံ့သို့ လိမ့်ဆင်းသွား၏။

ပန်းလင်မှာ ဖြစ်ပျက်နေသည့် အခြေအနေကို နားမလည်နိုင်ခင်မှာပင် လေလှိုင်းကြီးကြောင့် နောက်သို့ လွင့်ထွက်သွားတော့သည်။

" ဟင် .. ဟေ့ .. ခင်ဗျား အဆင်ပြေရဲ့လား "

၎င်းကို မြင်သောအခါ လောထျန်း က ချက်ချင်း သူမနားသို့ အပြေးအလွှားရောက်လာပြီး စိုးရိမ်တကြီး မေး၏။

ပန်းလင်က သူ့ကို မျက်စောင်းထိုးကြည့်ကာ ပြောလိုက်သည်။

" ကောင်လေး ၊ မင်းရဲ့အစွမ်းကို ခုလို ဘာမှမဖြစ်တဲ့ပုံနဲ့ မစမ်းသပ်နဲ့ကွဲ့။ ခု လက်ရှိ မင်းရဲ့ အစွမ်း အခြေအနေကိုရော သိရဲ့လား "

လောထျန်းက အံ့အားသင့်သွားဟန်ဖြင့် ပြန်မေးသည်။

" ဘယ်လို အခြေအနေ ရှိလို့လဲဗျ "

ပန်းလင်က စိတ်ပျက်လက်ပျက် ဖြစ်သွားဟန်ဖြင့် ပြန်ပြော၏။

" ကိုယ့်ကိုကိုယ်လဲ ပြန်ကြည့်လိုက်ဦး။ မင်းက အခု အရှုပ်အထွေး အလင်းတန်းကိုတောင် ကျင့်ကြံနိုင်နေပြီ။ အဲ့ဒါကိုရော သိရဲ့လား "

လောထျန်းက လက်ဝါးဖြန့်၍ မှိန်ဖျော့သော အရှုပ်အထွေး အလင်းတန်းကို ထုတ်လွှတ်ပြီး မေးလိုက်သည်။

" ဒါကို ပြောတာလားဗျ "

ပန်းလင်မှာ ချက်ချင်း ကြောက်လန့်တကြားဖြင့် နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် ဆုတ်လိုက်ရသည်။

" ဟုတ်တယ် ၊ အဲ့ဒါကိုပြောတာ "

လောထျန်းက အံ့အားသင့်နေဟန်ဖြင့် ဆက်မေး၏။

" ဒီဟာက ဘာဖြစ်လို့လဲဗျ ၊ ထူးဆန်းလို့လား "

" ထူးဆန်းလို့လား ... "

ပန်းလင်တစ်ယောက်ရုတ်ချည်းဒေါသထွက်သွားရသည်။

" ဒါက အရှုပ်အထွေး အလင်းတန်းပဲဟဲ့ ၊ဟူး .. ထားလိုက်ပါလေ ။ အခု လက်ရှိ မင်းရဲ့ ခန္ဓာကိုယ်အစွမ်းက အင်မတန် အစွမ်းထက်နေပြီဆိုတာကို သိရင်ရပြီ "

ပန်းလင်သည် လောထျန်းအား အရှုပ်အထွေးခန္ဓာကိုယ်အကြောင်း စောစောပြောလိုက်ပါက လောထျန်းတစ်ယောက် ၎င်းအပေါ်တွင်သာ စွဲလမ်းပြီး သူ့ကျင့်ကြံခြင်းကို ထိခိုက်သွားမည် စိုး၍ ဆက်မပြောဘဲ နေလိုက်သည်။

ထိုသို့သော အဖြစ်မျိုးက ကျင့်ကြံသူများစွာတွင် ဖြစ်ပျက်ခဲ့ဖူးသည်ကို သူမ မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား ။

" ဟုတ်လား .. တော်သေးတာပေါ့ ။ အခု ခဏလောက် ဆက်စောင့်ပေးပါဦး ၊ ကျုပ် ဆက်လေ့ကျင့်လိုက်ဦးမယ်"

လောထျန်းက ထိုသို့ပြောကာ ဘေးသို့ နေရာရွှေ့လိုက်သည်။

ပန်းလင်က သူ့ကို ကြည့်နေရင်း ခေါင်းယမ်း၍ ပြောလိုက်၏။

" ဒီကောင်လေးက ဘယ်လိုလူမျိုးလဲ မသိတော့ပါဘူး။ သူ့ခန္ဓာကိုယ်ကို ဒီလို အတိုင်းအတာထိတောင် ကျင့်ကြံနိုင်တာ .. "

" ဒါပေမယ့် ခန္ဓာကိုယ် ကာယအစွမ်းကို ကျင့်ကြံတဲ့ သူတိုင်းမှာ အားနည်းချက်တွေတော့ ရှိတတ်ကြတယ်။ ပုံမှန်ဆိုရင် ကာယကျင့်ကြံသူတစ်ယောက်က ခန္ဓာကိုယ်အစွမ်း ပိုသန်မာလာတာနဲ့ သိုင်းပညာ ကျင့်ကြံခြင်း  အဆင့်တက်ဖို့လဲ ပိုခက်ခဲသွားတတ်ကြတယ် "

သူမ ထိုသိူ့ တွေးနေစဥ်မှာပင် ..

ချွှင် ..

တဖက်မှ လောထျန်းက သူ့ဟင်းလင်းပြင် လက်စွပ်ထဲမှ ဓားတစ်လက်ကို ထုတ်ယူလိုက်သည်။

All Chapters