← Chapters

မိစ္တာနတ်ဆိုး၏  မူလအစ

Vol. 13 Ch. 177

မိစ္တာနတ်ဆိုး၏  မူလအစ

Vol. 13 Ch. 177

" ဟင် ..ဓားပဲ ၊ သူက ကာယကျင့်ကြံသူတစ်ယောက် လုပ်နေပြီးတော့ ဓားသိုင်းကိုပါ ကျင့်ကြံချင်နေတာလား ။ ဒီကလေး ဘာတွေ တွေးနေတာလဲ "

" ခန္ဓာကိုယ်အစွမ်းကို ကျင့်ကြံတာက ရိုးရှင်းပေမယ့် ခက်ခဲပြီးတော့ ကျွမ်းကျင်သွားရင် အဆုံးအစမဲ့ အစွမ်းနှင့် ခုခံစွမ်းရည်ကို ရနိုင်တယ် "

" ဓားသိုင်းပညာရပ်ကျတော့ ကျွမ်းကျင်မှုက အင်မတန် အရေးကြီးသလို အနုပညာအမြင်ရှိဖို့လဲ လိုသေးတယ်။ဒီ ကျင့်ကြံခြင်း ၂ မျိုးလုံးက အစွန်းတစ်ဖက်စီ ဖြစ်နေတာ "

" တကယ်လို့ လူတစ်ယောက်က လောဘတက်ပြီး ဒီ နှစ်မျိုးလုံးကို တစ်ချိန်တည်း လေ့ကျင့်ရင်  တစ်ခုကို တစ်ခုက နှောင့်နှေးအောင် လုပ်နေသလို ဖြစ်ပြီး နောက်ဆုံးမှာ  ဘာအောင်မြင်မှုမျိုးမှ မရဘဲ ဖြစ်သွားလိမ့်မယ် "

" ဒီကောင်လေးက အင်မတန်ရှားတဲ့ ကာယကျင့်ကြံသူတစ်ယောက်ပဲ ။ သူ့ကို ဒီတိုင်းတော့ လမ်းမှား အရောက်ခံလို့ မဖြစ်ဘူး။သူ ခုလို ဆက်သွားရင် ဓားသိုင်းပညာမှာ ဘာမှ မတိုးတက်မယ့်အပြင် အရှုပ်အထွေး ခန္ဓာကိုယ်ကို ကျင့်ကြံတဲ့နေရာမှာပါ နှောင့်နှေးသွားလိမ့်မယ် "

" သူ့ကို တားမှ ဖြစ်မယ် "

ပန်းလင်က ထိုသို့တွေးကာ ရှေ့တိုး၍ လောထျန်းအား ဓားသိုင်းကို မကျင့်ကြံရန် တားမည့်ဟန် ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ...

ချွှင် .

လောထျန်းက ဓားကို လွှဲခုတ်လိုက်ရာ သူ့ကိုယ်ပေါ်၌ မှိန်ဖျော့ဖျော့ ဓားအရိပ်တစ်ခု ပေါ်လာသည်။

ပန်းလင်၏ ခြေလှမ်းများ ရုတ်ချည်း ရပ်တန့်သွား၏။

" ဓား ..ဓားစိတ်ဆန္ဒပါလား .. ။ သူက ဓားစိတ်ဆန္ဒကိုတောင် ကျင့်ကြံနေပြီလား "

ပန်းလင်တစ်ယောက် အလွန်အံ့သြတုန်လှုပ်သွားရပြန်သည်။

သူမ အသိပြန်မဝင်လာခင်မှာပင် .. လောထျန်းက သူ့လက်ထဲမှ ဓားကို လှည့်လိုက်ပြန်သည်။ ဧရာမ ဓားအရိပ်ပေါင်းများစွာ တမဟုတ်ချင်း ပေါ်လာပြီး တစ်ခုအပေါ် တစ်ခုထပ်၍ သူ့ဘေးပတ်ပတ်၌ ဝိုင်းထားလိုက်ကြ၏။

ပန်းလင်မှာ ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ခြင်းကြီးစွာ ဖြစ်သွားရပြန်တော့သည်။

" ဒါ ..ဓားပိုင်နက်လား ။ ရှောက်လင်က ဒီ ဓားပိုင်နက်ကို သူ့တစ်သက်လုံး ကျင့်ကြံတာခဲ့တောင် မရခဲ့တာကို အခု လောထျန်းက တကယ်ကြီး အောင်မြင်သွားခဲ့ပြီပေါ့ "

တဖက်မှ လောထျန်းကမူ ဓားသိုင်းပညာရပ်များကို တစ်ခုပြီးတစ်ခု ဆက်လေ့ကျင့်နေ၏။ ထို့နောက် ဓားအရိပ်ထံမှ တရွှီရွှီ မြည်သံ ထွက်လာကာ သူ့ဘေးမှ ဓားပိုင်နက်က ပိုမိုကျယ်ပြန့်လာပြီး သူ့ဘေးပတ်ပတ်လည် ပေတစ်ရာခန့် အကွာအဝေးထိပင် ဓားများဖြင့် ဖုံးအုပ်သွားတော့သည်။

" ဟင် ..ဘာတွေ ဖြစ်နေတာလဲ "

ထိုစဥ် .. လောထျန်း၏ ဓားပိုင်နက်အတွင်း၌ အချိန်သွားသည့်နှုန်းက ပြောင်းလဲနေဟန် ရှိသည်ကို ပန်းလင်တစ်ယောက် သတိထားမိသွားကာ အံ့အားသင့်သွားပြန်၏။

အချို့နေရာများတွင် ဓားအရိပ်များက အလွန်လျင်မြန်လွန်းနေသဖြင့် မျက်စိဖြင့်ပင် သေချာ မမြင်နိုင်ဘဲ ဖြစ်နေသည်။

အချို့နေရာရှိ ဓားအရိပ်များကမူ အလွန်နှေးကွေးစွာ ရွေ့လျားနေသည့်အတွက် သေချာမကြည့်မိပါက လှုပ်ရှားမှု မရှိသည့်အတိုင်းပင် ဖြစ်နေသည်။

ပန်းလင်မှာ အချိန်အတန်ကြာ မှင်သက်နေပြီးမှသာ ရုတ်တရက် အသိပြန်ဝင်လာ၏။

" ကမ္ဘာကြီးရဲ့ စည်းမျဥ်းတွေကို ကိုယ်တိုင် ဖန်တီးနေကြတာလား .. ၊ ဒါ .. ဓားပိုင်နက် မဟုတ်တော့ဘူး ၊ ဓားအဆင့်ပဲ။ ဒီကောင်လေးက တကယ်ကြီး ဓားအဆင့်ကို ကျင့်ကြံနိုင်သွားပြီလား .. "

ပန်းလင်ထံမှ အံ့သြတကြီး ရေရွတ်သံ ထွက်လာသည်။

သူမ နားလည်ထားသည့်အတိုင်း ဆိုပါက ဓားအဆင့်မှာ ဓားသိုင်းပညာရပ်တွင် အမြင့်ဆုံး အဆင့် ဖြစ်ပါသည်။

ကမ္ဘာတစ်ဝှမ်းလုံးတွင်ပင် ဓားအဆင့်သို့ ရောက်ပြီးသည့် ဓားသိုင်းပညာရှင် ဆယ်ယောက်ထက် မကျော်နိုင်ပါချေ။

ဟခု သူမရှေ့မှ လောထျန်းက ထိုအဆင့်သို့ပင် ရောက်နေသည်တဲ့လား။

" ငါက သူ ဓားသိုင်းပဘာရပ်မှာ ဘာအောင်မြင်မှုမှ မရမှာကို စုးရိမ်နေခဲ့တာ ။ ဒါပေမယ့် ကြည့်ရတာ လူထူးဆန်းတွေရဲ့ အစွမ်းကို သာမာန် အသိစိတ်နဲ့ ဝေဖန်ဆုံးဖြတ်လို့ မရဘူးနဲ့ တူပါတယ် ။ သူက ခန္ဓာကိုယ် ကျင့်စဥ်ရော ၊ ဓားသိုင်းပညာကိုရော တစ်ပြိုင်တည်း လေ့ကျင့်တော့ သူ့မှာ အစွမ်းအထက်ဆုံး ခုခံစွမ်းရည်တင်မကဘူး ၊ အားအပြင်းဆုံး တိုက်ခိုက်စွမ်းရည်ပါ ရှိနေတာပဲ။ ဒီကောင်လေးက အနာဂါတ်မှာ အစွမ်းအထက်ဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ် "

ပန်းလင်တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ထိုအချိန်မှာပင် .. တဖက်မှ လောထျန်းက ဓားကို ပြန်သိမ်းလိုက်သည်။

" အခု ကောင်းကင်ဘုံ ဓားသိုင်းကို လေ့ကျင့်ပြီးပြီဆိုတော့ နောက်ထပ် ကောင်းကင်ဘုံ လက်ဝါးသိုင်းကို လေ့ကျင့်ရမယ် "

လောထျန်းက တစ်ကိုယ်တည်း ရေရွတ်ကာ လက်ဝါးသိုင်းကို စတင်လေ့ကျင့်လိုက်ပြန်သည်။

ဝုန်း ..

သူ ကျင့်ကြံလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အနောက်ဘက်တွင် ဧရာမ အရိပ်ကြီးတစ်ခု ပေါ်လာ၏။

ပန်းလင်မှာ ထိုမြင်ကွင်းကို ​ကြည့်နေရင်း ကြောက်လွန်း၍ တစ်ကိုယ်လုံးပင် တုန်သွားသည်။

" အဲ့ဒါ ဘာကြီးလဲ ၊ ဒီလိုအရာမျိုးကို ငါ တစ် ခါမှ မကြားဖူးပါဘူး "

သူမနားမလည်နိုင် ဖြစ်နေ၏။

အမှန်တွင်မူ သဘာဝ စိတ်ဝိဥာဥ်များသည် ဤကမ္ဘာပေါ်၌ အသိပညာ အကြွယ်ဝဆုံး မျိုးနွယ်တစ်ခုဟု ဆို၍ ရပါသည်။

သို့ဖြစ်ရာ သူမ မကြားဖူးသည့် အရာက မရှိသလောက်ပင် ဖြစ်၏။

ထိုစဥ် တဖက်မှ လောထျန်းမှာ လက်ဝါးသိုင်းပညာရပ်ကို ကျင့်ကြံ၍ ပြီးသွားပြီး ကောင်းကင်ဘုံ လက်သီးကို စတင်ကျင့်ကြံလိုက်ပြန်သည်။

သူ ရှေ့သိူ့ တစ်ချက်ထိုးလိုက်တိုင်း သူ့လက်သီးပေါ်တွင် ဧရာမ သားရဲအရိပ်တစ်ခု ပေါ်လာ၏။  ၎င်းအရိပ်မှာ ဖျက်ဆီးနိုင်စွမ်း အလွန်ကြီးရုံမက ကောင်းကင်ဘုံနှင့် မြေကြီးတို့၏ စည်းမျဥ်းကိုပင် မသိမသာ ချိုးဖောက်နေရာ အလွန်​ကြောက်မက်ဖွယ် ကောင်းနေပေသည်။

ဘေးမှ ကြည့်နေသည့် ပန်းလင်မှာ အံ့သြမှင်သက်ကာ နေရာပင် မရရွှေ့နိုင်ပါချေ။

" ဒီကောင်လေးက ဘယ်လိုမျိုးပါလိမ့် ။ သူက ရှိသမျှ သိုင်းပညာရပ်တွေအားလုံးကို ဒီလောက် ကြောက်စရာကောင်းတဲ့ အဆင့်ထိရောက်အောင် လေ့ကျင့်နိုင်နေတာ။ သူက လူရော ဟုတ်သေးရဲ့လား "

သို့သော် .. လောထျန်းကမူ ကျင့်ကြံ၍ မပြီးသေးပေ။။

ထို့နောက် သူက ဓားကျင့်စဥ်နှင့် လှံကျင့်စဥ်ကိုလည်း လေ့ကျင့်လိုက်ပြန်၏။

ထိုကျင့်စဥ်နှစ်ခုလုံးမှာလည်း ရှေ့မှ သိုင်းပညာရပ်များကဲ့သို့ပင် ကြောက်မက်ဖွယ်အစွမ်းများ ရှိကြပါသည်။ သို့သော် ပန်းလင်မှာ ကြောက်မက်ဖွယ် သိုင်းပညာပေါင်းစုံကို ဆက်တိုက် ကြည့်လာရသည့်အတွက် အနည်းငယ်ပင် ထုံနေပြီဖြစ်သည်။

နောက်ဆုံးတွင်မူ လောထျန်းက ခန္ဓာကိုယ် ရွှေ့လျားမှုကျင့်စဥ်ကို စတင်လေ့ကျင့်လိုက်၏။

ဝှစ် ..

လောထျန်းက မျက်စိတစ်မှိတ်အတွင်း နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားသည်။

ထိုအချိန်မှသာ ပန်းလင် အံ့သြတုန်လှုပ်သွားရပြန်သည်။

" ဟင် .. ဘာကြီးလဲဟ ၊ ဒါ .. ခန္ဓာကိုယ် တည်နေရာရွှေ့ပြောင်းတာလား .. ။နောက်နေတာများလား "

ပန်းလင်မှာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူ့မေးစေ့က မြေကြီးပေါ်သို့ ပြုုတ်ကျမတတ်ပင် ။

ခန္ဓာကိုယ် ရွှေ့ကွက်များက မြန်သည်ဆိုလျှင်ပင် နားလည်၍ ရနိုင်သော အရာဖြစ်သော်လည်း  .

တည်နေရာရွှေ့ပြောင်းခြင်းကမူ ၎င်းနှင့် သဘောတရားခြင်း ကွာသွားလေပြီ။

ဤအရာကို ခန္ဓာကိုယ်ကျင့်စဥ်ဟုခေါ်နိုင်ပါသေးရဲ့လား။

ဝှစ် ..

သူမ အတွေးမဆုံးခင်မှာပင် လောထျန်းက နဂိုရှိနေခဲ့သည့် နေရာသို့ ပြန်ရောက်လာ၏။

" အင်း ..အဝေးဆုံး တည်နေရာရွှေ့ပြောင်းနိုင်တဲ့ အကွာအဝေးက မိုင် ငါးဆယ်ပဲ ရှိသေးတယ်။ နီးလွန်းသေးတာပဲ .. "

သူက စိတ်ပျက်နေဟန်ဖြင့် ခေါင်းယမ်း၍ ပြောလိုက်သည်။

" ငါး . မိုင် ငါးဆယ် .. "

ပန်းလင်ကမူ သူ့စကားကြောင့် အလွန်အမင်း စိတ်ဓာတ်ကျသွား၏။ ထို့နောက် သူမက မြေကြီးပေါ်တွင် ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချကာ သူမလက်ဖြင့်  စက်ဝိုင်းများ ဝိုင်းနေရင်း တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။

ထိုစဥ် လောထျန်းက သူမကို သတိထားမိသွားကာ မေးလာသည်။

" ဟေ့ ..ခင်ဗျား အဆင်ပြေရဲ့လား "

" ဘာမှ မဖြစ်ပါဘူးဟယ် ၊ ငါ တအား အံ့သြသွားလို့ ပါ။ခဏလောက် ဘာမှ မတွေးဘဲ နေလိုက်ရင် အဆင်ပြေသွားမှာပါ"

သူမက ပြန်ပြောလိုက်သည်။

လောထျန်းက အံ့အားသင့်သွားကာ ဆက်မေး၏။

" ဟင် .. ခင်ဗျားကို ဘယ်သူက တိုက်ခိုက်လိုက်လို့လဲ "

ပန်းလင် မည်သို့မှ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားသည်။

" ငါသာ မင်းကို ရိုက်နိုင်တဲ့အစွမ်းရှိရင် သေချာပေါက်ကို ရိုက်ပစ်တယ် "

လောထျန်းကို စိုက်ကြည့်ကာသူမ ရင်ထဲမှ ရေရွတ်လိုက်သည်။

" ကောင်းပါပြီဗျာ ၊ လောလောဆယ် ဒါကို ခဏမေ့ထားလိုက်ကြတာပေါ့။ အခု ကျုပ် ကျင့်ကြံလို့လဲ ပြီးသွားပြီဆိုတော့ အစောက ပြောခဲ့တဲ့အကြောင်းကိုပဲ ဆက်ပြောရအောင်လေ။ စောနတုန်းက မိစ္ဆာနတ်ဆိုးက ဘယ်လိုဖြစ်တာလဲဗျ "

လောထျန်းက မေးလိုက်သည်။

ထိုမေးခွန်းကို ကြားမှသာ ပန်းလင်၏ မျက်နှာအမူအရာ ပုံမှန်ပြန်ဖြစ်သွားပြီး ပြန်ပြော၏။

" အဲ့ဒီ မိစ္ဆာနတ်ဆိုးက တခြားကမ္ဘာက လာခဲ့တဲ့ နတ်ဆိုးတစ်ယောက်ပဲကွဲ့။ သူက ငါတို့ရဲ့ အမှားတစ်ခုကြောင့်မို့ ဒီကမ္ဘာထဲကို ရောက်လာခဲ့တာ "

" ဘယ်လို .. အမှားတစ်ခုကြောင့် ၊ အဲ့ဒါ ဘာအဓိပ္ပါယ်လဲဗျ "

ပန်းလင်က သက်ပြင်းချ၍ အတိတ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်ပြောင်း ပြောပြလိုက်သည်။

သူမသည် ကျုံ့ကျိုးနယ်မှ ဂိုဏ်းတစ်ခု၏ အစောင့်အကြပ် စိတ်ဝိဥာဥ်တစ်ကောင်ဖြစ်ပြီး သူမ၏ သခင်မှာ ထိုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး တစ်ယောက်ဖြစ်ပါသည်။

လွန်ခဲ့သော နှစ်ထောင်ချီ အကြာက သူမ၏ သခင်သည် မသေမျိုးတစ်ယောက်၏ အမွေအနှစ်ရှိသည်ဟု နာမည်ကျော်သော နေရာတစ်ခုကို မတော်တဆ တွေ့သွားခဲ့၏။

သူမ၏ သခင်မှာ လောဘ​စိတ်ကြောင့် သေချာချင့်ချိန်ခြင်း မရှိဘဲ ဂိုဏ်းတစ်ခုလုံးအား ထိုနေရာသို့ ခေါ်သွားကာ ရတနာကို အရယူရန် ကြိုးစားခဲ့သည်။

သို့သော် .. ထို အမွေအနှစ် ရှိသည့်နေရာ ပွင့်သွားချိန်တွင်မူ ... ၎င်းက အားလုံး မျှော်လင့်ထားသလို မယုတ်ဘဲ တစ်ဖက်မှ ကြိုတင်ကြံစည်ထားသည့် အရာတစ်ခုသာ ဖြစ်နေခဲ့၏။

" အဲ့နေရာက မသေမျိုးရဲ့ အမွေအနှစ် ရှိတဲ့နေရာမဟုတ်ဘဲ အာကာသ လမ်းကြောင်းတစ်ခု ဖြစ်နေခဲ့တာ "

ပန်းလင်က မျက်နှာသုန်မှူန်စွာ ပြောလိုက်သည်။

" အာကာသ လမ်းကြောင်း ..ဟုတ်လား "

မမျှော်လင့်ဘဲ ကြားလိုက်ရသည့် စကားကြောင့် လောထျန်း အံ့အားသင့်သွား၏။

ပန်းလင်က ခေါင်းညိတ်ပြလိုက်သည်။

" အမှန်ပဲ၊ ဒီ အာကာသလမ်းကြောင်းရဲ့ တခြားတစ်ဖက်မှာ ဒီကမ္ဘာနဲ့ မသက်ဆိုင်တဲ့ တခြားကမ္ဘာတစ်ခု ရှိနေခဲ့တယ်။ အာကာသလမ်းကြောင်းလဲ ပွင့်သွားရော ၊ ဒီ မိစ္ဆာနတ်ဆိုးက ဝုန်းခနဲ ထွက်လာတာပဲ။ နောက် သူ ပေါ်ပေါ်လာချင်းမှာတင် ငါတို့ဂိုဏ်းက တပည့် တစ်ဝက်ကျော်လောက်က ရူးပြီး သေသွားခဲ့ကြရတယ်။ သူတို့ရဲ့ အသွေးအသားတွေကိုလဲ ဒီ မိစ္ဆာနတ်ဆိုးကပဲ ချက်ချင်း စုပ်ယူပစ်လိုက်တာ "

လောထျန်းမှာ ခဏတာမျှ အံ့သြမှင်သက်နေ၏။ ထို့နောက်မှ သူ နားလည်သွားဟန်ဖြင့် ပြန်ပြောလိုက်သည်။

" ကျုပ် သဘောပေါက်ပြီ။ သူက ဟိုလူကြီး နှစ်ယောက်ကိုလဲ အနီရောင်ကြိုးမျှင်တွေကို သုံးပြီး  သူတို့ရဲ့ အသွေးအသားတွေကို စုပ်ယူလိုက်တာပဲ "

ပန်းလင်က အနည်းငယ် စိတ်ဓာတ်ကျနေဟန်ဖြင့် စကားဆက်၏။

" ဒါပေါ့ ။ငါတို့လဲ ဒီ ပုံမှန်မဟုတ်တဲ့ ကိစ္စကို မကြာခင်ပဲ သိသွားခဲ့ကြတယ်။ ဂိုဏ်းထဲက ဂါထာမန္တာန်တွေကို ကျွမ်းကျင်တဲ့ အကြီးအကဲတစ်ယောက်ကလဲ ချက်ချင်း မန္တာန်တွေသုံးပြီး ကျန်တဲ့လူတွေကို ကာကွယ်ပေးခဲ့တယ်။ အဲ့နောက်တော့ အားလုံး အတူတူပေါင်းပြီး မိစ္ဆာနတ်ဆိုးကို တိုက်ခိုက်ခဲ့ကြတာပေါ့ကွယ် "

" အဲ့လိုနဲ့ ခက်ခက်ခဲခဲ တိုက်ခိုက်ပြီးတဲ့နောက်မှာတော့ ငါတို့တွေ အဲ့ဒီ မိစ္ဆာနတ်ဆိုးကို သတ်နိုင်ခဲ့ကြတယ်။ ဒါပေမယ့် .. သူက မသေမျိုးတစ်ယောက်မှန်း မသိခဲ့တော့ ငါတို့ သတိမထားမိချိန်မှာ သူ ထွက်ပြေးသွားခဲ့တယ်။ အဲ့အချိန်မှာပဲ တခြားမိစ္ဆာနတ်ဆိုးတွေကလဲ ဒီ အာကာသလမ်းကြောင်းကနေ ထွက်​လာဖို့ ကြိုးစားနေကြတာကို ငါတို့ တွေ့ခဲ့ရတယ် "

" မိစ္ဆာနတ်ဆိုး တစ်ယောက်တည်းကတောင် ဒီလောက် လူတွေ အများကြီးကို သတ်နိုင်တာ အများကြီးသာ ထွက်လာရင် ကမ္ဘာပျက်ကိန်း ဆိုက်သွားမှာ သေချာတာပေါ့။ ဒါ့ကြောင့်မို့ ငါတို့ဂိုဏ်းက အကြီးအကဲတွေ အများကြီးက သူတို့အသက်ကို စတေးပြီး ဒီ အာကာသလမ်းကြောင်းကို ချုပ်နှောင်ပြီး ပိတ်ထားခဲ့ကြတယ် "

" ကျန်တဲ့သူတွေ အားလုံးကလဲ ထွက်ပြေးနေတဲ့  မိစ္ဆာဝိဥာဥ်နောက်ကို အသည်းအသန် လိုက်ရှာခဲ့ကြတယ်။ အဲ့လို လိုက်ရှာနေရင်းနဲ့တောင် ဒီ မိစ္ဆာနတ်ဆိုးက မြို့တွေ အများကြီးကိုအစုလိုက်အပြုံလိုက် ဖျက်ဆီးခဲ့ပြီးတော့ လူတွေ သန်းနဲ့ချီ အသတ်ခံခဲ့ကြရတယ်။ နောက်ဆုံးတော့ ငါတို့ဂိုဏ်းတစ်ခုလုံး ပြောင်ခါနီးဖြစ်သွားမှသာ ဒီနတ်ဆိုးရဲ့ ခန္ဓာကိုယ်ကို ပြန်ဖျက်ဆီးနိုင်ခဲ့ပြီးတော့ သူ့ကို ယာယီ ချုပ်နှောင်ထားနိုင်ခဲ့တာ "

" ဒါပေမယ့် သူ့ကိုလဲ ချုပ်နှောင်လို့ ပြီးသွားရော ၊ နောက်ထပ် ဆိုးဆိုးရွားရွား ကိစ္စတစ်ခု ထပ်ဖြစ်လာပြန်ရော '

ပန်းလင်က ပြောလိုက်သည်။ သူမ၏ မျက်နှာတွင်လည်း နာကျင်ခံစားနေရသည့် အငွေ့အသက်က အပြည့်ရှိနေ၏။

All Chapters