← Chapters

ဝူယွိ မသေမျိုးနန်းတော်

Vol. 13 Ch. 178

ဝူယွိ မသေမျိုးနန်းတော်

Vol. 13 Ch. 178

" ခင်ဗျားတို့ရဲ့ အချုပ်အနှောင်က သူ့ကို အပြည့်အဝ မချုပ်နှောင်နိုင်ခဲ့ဘူး မဟုတ်လား "

လောထျန်းက မေးလိုက်သည်။

ပန်းလင်က အံ့သြတကြီး ပြန်မေး၏။

" မင်းဘယ်လို သိနေတာလဲ "

လောထျန်းက တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်သည်။

" ကျုပ် ဒီ ပင်လယ်ရေစပ်နားကို မရောက်ခင်ကတည်းက သူ ကျုပ်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် သူ့ရဲ့ တိုက်ခိုက်မှုက အစွမ်းနိမ့်လွန်းတော့ ကျုပ် အစောက သတိမထားမိခဲ့ဘူး။ အခု ခင်ဗျားပြောမှ ပြန်သတိရသွားတာ "

ပန်းလင်တစ်ယောက် ဆွံ့အသွားရပြန်သည်။

မိစ္ဆာနတ်ဆိုး၏ တိုက်ခိုက်မှုက အားနည်းလွန်း၍ သူ မသိမထားမိခဲ့ဘူးတဲ့လား ..။

၎င်းမှာ လူစကားပင်ဟုတ်ပါသေးရဲ့လား ..

သို့သော် .. လောထျန်းနှင့် တွေ့စဥ်ကတည်းက ထိုအံ့သြမှုမျိုးကို မကြာခဏ ကြုံနေခဲ့ရသဖြင့် သူမ အနည်းငယ်ပင် အသားကျနေလေပြီ။

ထို့နောက် သူမက စကားဆက်၏။

" မင်းပြောတာ မှန်တယ်။ ဒီမိစ္ဆာနတ်ဆိုးက သူ့ရဲ့ အနီရောင်ကြိုးမျှင်တွေနဲ့ အချုပ်အနှောင်ကို ထိုးဖောက်ပြီးတော့ အနီးတဝိုက်က သက်ရှိတွေကို သတ်ပြီး သူ့ခန္ဓာကိုယ်ကို ပြန်တည်ဆောက်နေခဲ့တာ "

" ဒီ အဖြစ်ပျက်ကြောင့် အသက်တွေအများကြီး သေကြေခဲ့ကြရတဲ့အပြင် အချုပ်အနှောင်ကလဲ မတည်မငြိမ် ဖြစ်လာခဲ့တယ်။ နောက်တော့ အားလုံး ဆွေးနွေးပြီး သူ့ကို လူသူ အရောက်အပေါက်နည်းတဲ့ နေရာတစ်ခုမှာ ချုပ်နှောင်ထားဖို့ ဆုံးဖြတ်ချက် ချခဲ့ကြတယ်။ ဒီနည်းနဲ့ဆို သူ အသက်တွေ အများကြီးကို မစုပ်ယူနိုင်တော့ အချုပ်အနှောင်ကနေလဲ မလွတ်မြောက်နိုင်ဘူးပေါ့ "

လောထျန်း ခေါင်းညိတ်လိုက်သည်။

" ဒါ့ကြောင့်မို့ ဆုမီတောင်ကို ရွေးခဲ့ကြတာလား "

ပန်းလင်က ခေါင်းညိတ်ပြကာ ပြန်ပြော၏။

" အမှန်ပဲ ၊ အဲ့အချိန်တုန်းက ဆုမီတောင် ဖွင့်တဲ့အချိန်နဲ့ တိုက်ဆိုင်နေတယ်လေ ။ ပြီးတော့ ဆုမီတောင်က အဝါရောင် ရေပူစမ်းပင်လယ်ကလဲ တားမြစ်နေရာတစ်ခုလို့ နာမည်ကျော်တော့ ငါတို့တွေက ဆုမီတောင်ကို ဝင်ပြီး ၊ ဒီနေရာမှာ ဘုရားကျောင်းဆောင်တစ်ခု ဆောက်ပြီးတော့ မိစ္ဆာနတ်ဆိုးကို ချုပ်နှောင်ခဲ့ကြတာပဲ "

" တစ်ချိန်တည်းမှာ ၊ နတ်ဆိုးတစ်သောင်းလွင်ပြင်က သားရဲတွေ အနားမကပ်ကြအောင်လို့ ငါ့ကို ဒီမှာ အစောင့်အကြပ်အဖြစ်နဲ့ ထားဖို့ ဆုံးဖြတ်ခဲ့ကြတာ။ ငါက သဘာဝ စိတ်ဝိဥာဥ်တစ်ကောင် ဖြစ်နေတော့ ဒီလူရဲ့ အနီရောင်ကြိုးမျှင်တွေက ငါ့ကို ဘာမှ မလုပ်နိုင်ဘူးလေ။ ပြီးတော့ ငါ့ရဲ့ သက်တမ်းကလဲ အရှည်ကြီးမို့ ဒီမှာပဲ အစောင့်အကြပ်အဖြစ်နဲ့ နေနေခဲ့တာ "

" ငါတို့ ဂိုဏ်းက ကျန်တဲ့ လူအနည်းစုကတော့ ဆုမီတောင်ကနေ ပြန်ထွက်သွားပြီး ဒီမိစ္ဆာနတ်ဆိုးတွေရဲ့ မူလသမိုင်းအစက ဘယ်လိုရှိတယ် ဆိုတာရယ်၊ သူတို့ကို ဘယ်လို သတ်ရမယ်ဆိုတာရယ် သိအောင် စုံစမ်းဖို့ ထွက်သွားခဲ့ကြတယ် "

" အဲ့လိုနဲ့ ငါတို့ချင်း ကွဲကွာခဲ့ကြတာ ခုဆို နှစ်ပေါင်း သုံးထောင်တောင် ရှိသွားခဲ့ပြီ ... "

လောထျန်းက ပန်းလင်အား သေချာကြည့်လိုက်သည်။

" နှစ်ပေါင်း သုံးထောင်တောင် .. ဒီကြားထဲမှာ သူတို့တွေ ဒီကိုပြန်မလာခဲ့ကြဘူးလား "

ပန်းလင်က ခေါင်းညိတ်ပြ၏။

" ဟုတ်တယ် ၊ ဒီကြားထဲမှာ ငါတစ်ယောက်တည်းပဲ နေနေခဲ့တာ "

လောထျန်းမှာ တစ်စုံတစ်ခုကို ပြောချင်ဟန် ရှိနေသော်လည်း မည်သို့မှ မပြောဘဲ သူ့ကိုယ်သူ ထိန်းချုပ်ထားလိုက်သည်။

သို့သော် .. ထိုစဥ်မှာပင် တစ်စုံတစ်ခုကို ရုတ်တရက် စဥ်းစားမိသွားဟန်ဖြင့် သူ ထပ်မေးလိုက်၏။

" ကျုပ် နတ်ဆိုးတစ်သောင်းလွင်ပြင်က နတ်ဆိုးဘုရင်တစ်ယောက်ဆီကနေ ကြားတာတော့ အဝါရောင်ရေပူစမ်းပင်လယ်ထဲမှာ တစ်ခုခုကို ချုပ်နှောင်ထားတယ်ဆို ။ အဲ့အရာက ဒီ မိစ္ဆာနတ်ဆိုးတော့ မဟုတ်ဘူးမလား "

ပန်းလင်မှာ ခေတ္တမျှ အံ့အားသင့်နေပြီးမှသာ ခေါင်းယမ်း၍ ပြန်ဖြေသည်။

" ဒါပေါ့ .. ဘယ်ဟုတ်မလဲ ။ ဆုမီတောင်က ဒီနေရာမှာ ပေါ်လာတာ နှစ်ထောင်ကျော်ပဲ ရှိသေးတယ် ဆိုပေမယ့် သူ့ရဲ့ သမိုင်းကတော့ အဲ့ထက်အများကြီး ပိုကြာနေပြီ။  ဒီနေရာရဲ့ လျှို့ဝှက်ချက်အမှန်ကို ငါတောင် မသိဘူး။ ငါတို့က ဒီနေရာကို အချုပ်အနှောင် တစ်ခုအဖြစ်နဲ့ပဲ သုံးခဲ့ကြတာ။ ဒါပေမယ့် အခု မိစ္ဆာနတ်ဆိုးလဲ သေသွားပြီဆိုတော့ ဒါတွေက အရေးမကြီးတော့ပါဘူးလေ " "

လောထျန်း ခေါင်းအသာ ညိတ်လိုက်သည်။

ဆုမီတောင်နှင့် အဝါရောင်ရေပူစမ်းပင်လယ်တို့၏ လျှို့ဝှက်ချက်မှာ သူ တွေးထားသည်ထက် များစွာ ပိုရှုပ်ထွေးဟန်ပင် ။

" ခင်ဗျားက ဒီမှာ နေလာတာ နှစ် သုံးထောင်ကျော်တောင် ရှိနေပြီဆိုတော့ ဒီကြားထဲမှာ တခြားဘာတွေ တွေ့ခဲ့ရသေးလဲဗျ "

လောထျန်း ဆက်မေးလိုက်သည်။

ပန်းလင်က အချိန်အတန်ငယ်ကြာ တုန့်ဆိုင်းနေပြီးမှသာ ပြန်ပြော၏။

" အမှန်အတိုင်း ပြောရရင်တော့ ငါ တွေ့ခဲ့တာ တချို့တော့ ရှိတယ် "

" ဟုတ်လား .. ကျုပ်ကို အဲ့အကြောင်းတွေ ပြောပြပါလား "

လောထျန်းက စူးစမ်းချင်စိတ်ဖြင့် ဆက်မေးသည်။

ပန်းလင်က ပြောပြ၏။

" ငါ ဒီကို ရောက်ပြီးတဲ့အချိန်ကစလို့ ဒီ နှစ်သုံးထောင်ကျော် ကာလအတွင်းမှာ အဝါရောင် ရေပူစမ်းပင်လယ်ရဲ့ ရေနက်ပိုင်းထဲကနေ အလင်းတန်းတစ်ခု သုံးကြိမ်တိတိ လင်းလက်လာတာကို တွေ့ခဲ့ရတယ် "

" အဲ့ဒါက ဘာလဲဗျ "

လောထျန်းက ထပ်မေးလိုက်ပြန်သည်။

ပန်းလင်က ခေါင်းယမ်းကာ ပြန်ဖြေ၏။

" ငါလဲ မသိဘူး။ ငါ အလင်းတန်းကို ပထမအကြိမ် မြင်တဲ့အချိန်မှာ တစ်ချက်တည်း ကြည့်လိုက်ရုံနဲ့တင် ငါ့တစ်ကိုယ်လုံး အပိုင်းပိုင်း အဖြတ်ခံရတော့မလိုတောင် ခံစားခဲ့ရတာ။ အဲ့အချိန်ကတည်းက ငါလဲ ဒီနေရာကို ဆက်ပြီးမစူးစမ်းရဲတော့ဘူး "

လောထျန်း အံ့အားသင့်သွားပြီး  ဆက်မေးလိုက်သည်။

" ခင်ဗျားက ဒီလောက် အစွမ်းထက်တာတောင် အလင်းတန်းကို မကြည့်နိုင်ဘူးပေါ့ "

ပန်းလင်က သက်ပြင်းရှည်ကြီး ချလိုက်သည်။

" ဒီ ကမ္ဘာကြီးမှာ မင်းရော ၊ ငါရော ထိလို့မရတဲ့ အစွမ်းထက်တဲ့ အရာတွေ အများကြီး ရှိတယ်ကွဲ့ "

ထိုစကားကို ကြားသောအခါ လောထျန်း၏ မျက်လုံးအျား အရောင်လက်သွားကာ မနေနနိုင်ဘဲ အဝါရောင်ရေပူစမ်းပင်လယ် ရေနက်ပိုင်းထဲသို့ လှမ်းမျှော်ကြည့်လိုက်၏။

၎င်းကို မြင်သွားသည့် ပန်းလင်က ချက်ချင်း အကြံပေးလိုက်သည်။

" ကောင်လေး ၊ အဝါရောင်ရေပူစမ်းပင်လယ်ထဲကို မသွားဖို့ မင်းကို ငါ အကြံပေးချင်တယ်။ အနည်းဆုံးတော့ မင်းရဲ့ ကျင့်ကြံခြင်းမှာ ကြီးကျယ်တဲ့ အောင်မြင်မှုမျိုး မရမချင်း မသွားသင့်ဘူး "

သူမစကားကို ကြားသောအခါ လောထျန်းက တုန့်ဆိုင်းမနေဘဲ ချက်ချင်း ခေါင်းညိတ်၏။

" ကောင်းပါပြီဗျာ ၊ ကျုပ် မသွားပါဘူး '

ပန်းလင်တစ်ယောက် ခေတ္တမျှ အံ့သြမှင်သက်သွားရပြန်သည်။

လောထျန်းက သူမစကားကို နားထောင်မည်မဟုတ်ဟုသာ သူမ ထင်ထားခဲ့သော်လည်း ယခူ သူက အလွယ်တကူပင် လက်ခံသဘောတူနေ၏။

" မင်းက လွယ်လွယ်လေးနဲ့ မသွားဘူးလို့ ဆုံးဖြတ်လိုက်တာပေါ့ "

ပန်းလင်က တအံ့တသြ မေးလိုက်သည်။

လောထျန်းက ခေါင်းညိတ်ပြ၏။

" အမှန်ပဲ ၊၊ သရဲကားရုပ်ရှင်တွေထဲမှာဆိုရင် အသက်ဆက်ရှင်နိုင်ဖို့ ပထမဆုံး စည်းမျဥ်းက သူများအကြံပေးတာကို နားထောင်ပြီး စိတ်ထင်ရာ မလုပ်ဖို့ပဲဗျ ။ ဒါဆို မသေနိုင်ဘူး "

ပန်းလင်တစ်ယောက် ခေတ္တမျှ တုန့်ဆိုင်းသွားပြီး ပြောလိုက်သည်။

" မင်းပြောသွားတာကို ငါ သေချာ နားမလည်​ပေမယ့် မင်းဆိုလိုချင်တဲ့ အကြမ်းဖျင်း အဓိပ္ပါယ်ကိုတော့ နားလည်သလိုပဲ "

လောထျန်းက ပြုံး၍ ပြန်ပြော၏။

" ကဲပါ .. ကျုပ်အကြောင်းကို ပြောမနေပါနဲ့ဗျာ။ ခင်ဗျားအကြောင်းကိုပဲ ဆက်ပြောပြပါဦး။ အခု ဘာဆက်လုပ်ဖို့ အစီစဥ်ရှိလဲဗျ "

ထိုမေးခွန်းကို ကြားသောအခါ ပန်းလင်၏မျက်နှာ ချက်ချင်း ညိုးငယ်သွားသည်။ ထို့နောက် သူမ နှစ်သုံးထောင်ကျော် နေခဲ့သည့် နေရာအား အချိန်အတန်ကြာ ကြည့်နေပြီးနောက်မှသာ ပြန်ပြော၏။

" မိစ္ဆာနတ်ဆိုးက သေသွားပြီဆိုတော့ ငါလဲ ဒီကနေ ထွက်သွားဖို့ အချိန်ရောက်လာပြီပေါ့ ။ ငါ့ မိတ်ဆွေတွေထဲမှာ ခုချိန်ထိ မသေသေးဘဲ အသက်ဆက်ရှင်နေတဲ့သူ နည်းနည်း ရှိသေးတယ်။ ငါ သူတို့ကို သွားရှာချင်တယ် "

လောထျန်းက ခေတ္တမျှ တုန့်ဆိုင်းနေပြီးမှ ပြောလိုက်သည်။

" ဒါဆို အတူတူ သွားကြတာပေါ့ဗျာ "

" ကောင်းပြီ "

ပန်းလင် ခေါင်းညိတ်ပြလိုက်၏။  ထို့နောက် သူနှင့် လောထျန်းတို့ နှစ်သောက်သား အတူတူ ထွက်လာခဲ့လိုက်ကြသည်။

သူတို့ ကမ်းစပ်သို့ ရောက်လာသည်နှင့် လောထျန်းရော ပန်းလင်ပါ နောက်သို့ တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြ၏။ ထို့နောက်တွင်မူ နှစ်ယောက်သား ရှေ့ပြန်လှည့်လာကာ နတ်ဆိုးတစ်သောင်း လွင်ပြင်ထဲသို့ ခြေချလိုက်ကြသည်။

သို့သော် .... သူတို့ မသိလိုက်သည့် တစ်ချက် ရှိပါသည်။  ၎င်းမှာ ....

သူတို့နှစ်ဦး အဝါရောင် ရေပူစမ်းပင်လယ်မှ ထွက်ခွာသွားသည့် အချိန်၌ .... ပင်လယ်ရေနက်ပိုင်းဆီမှ အလင်းတန်းတစ်ခု ပေါ်လာခြင်းပင် ။

အလင်းတန်းပေါ်လာပြီးနောက် ချက်ချင်းဆိုသလိုပင် သွေးမှုန်များဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းနေသည့် အရိပ်တစ်ခုလည်း ပေါ်လာ၏။

ထိုအရိပ်က လောထျန်းကို ကြည့်ကာ ရှေ့သို့ အလိုအလျောက် ခြေတစ်လှမ်း တိုးလိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ...

ကေလာင် ..

ချိန်းကြိုးသံတစ်သံ ကြားလိုက်ရပြီး မရေမတွက်နိုင်အောင် များပြားလှသော သံချိန်းကြိုးများ အစီအရီ ပေါ်လာကာ သွေးမှုန်များဖြင့် ဖုံးလွှမ်းနေသည့် အရိပ်အား မြဲမြဲတုပ်နှောင်၍ ပင်လယ်ရေအောက်ထဲသို့ ပြန်ဆွဲချသွားတော့သည်။ ထို့နောက်တွင်မူ အရာအားလုံး ပြန်တည်ငြိမ်သွား၏။

ထိုစဥ် .. နတ်ဆိုးတစ်သောင်းလွင်ပြင်တွင် ရှိနေသည့် လောထျန်းမှာ တစ်စုံတစ်ခုကို အာရုံခံမိသွားဟန်ဖြင့် အစောက သွေးမှုန်များနှင့် အရိပ်ကြီး ရှိနေခဲ့သည့် နေရာသို့ လှည့်ကြည့်လိုက်သည်။

" ဘာတွေ ကြည့်နေတာလဲ "

ပန်းလင်က စိတ်ဝင်တစား မေးလာ၏။

လောထျန်းက အချိန်အတန်ငယ်ကြာ စဥ်းစားနေပြီးမှသာ ပြန်ဖြေလိုက်သည်။

" ဘာမှ မဟုတ်ပါဘူးဗျာ ၊ မြင်ယောင်တာ နေမှာပါ "

ထို့နောက်တွင်မူ သူ ရှေ့ပြန်လှည့်ကာ ဆက်လျှောက်သွား၏။

ထိုစဥ် ..နတ်ဆိုးတစ်သောင်းလွင်ပြင် တစ်နေရာရှိ သွေးရေအိုင်တစ်ခုတွင် ...

" ချီးပဲ .. မင်းတို့ ဝူယွိ မသေမျိုးနန်းတော်က လူတွေက သိပ်ကို အပေါ်စီး ဆန်နေကြတယ်ပေါ့လေ ၊ဟုတ်လား "

တစ်ကိုယ်လုံး သွေးများ ရွှဲနေသော ထျန်းရှန့်နိုင်ငံမှ မိုရှက ဒေါသတကြီး ပြောလိုက်သည်။

ဝှစ် ...

သူ့ရှေ့တွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ကာ အပြုံးဖြင့် အေးအေးလူလူ ယပ်ခပ်နေသည့် လူငယ်တစ်ယောက် ပေါ်လာ၏။

" အမှန်ပဲ၊ ငါတို့ ဝူယွိ မသေမျိုးနန်းတော်က အပေါ်စီးဆန်တယ်။ အဲ့တော့ မင်းက ဘာလုပ်ချင်လို့ လဲ။ အားလုံး ငါပြောတာ နားထောင်ကြ ၊ ဒီ သွေးရေအိုင်က ငါတို့ ဝူယွီမသေမျိုးနန်းတော်ရဲ့ အပိုင်ပဲ။ ဒီ ရေအိုင်ထဲ ဝင်ချင်တဲ့ ဘယ်သူမဆို အရင်ဆုံး ငါ့ကို ကျော်နိုင်မှရမယ် "

လူငယ်က မောက်မာစွာ ပြောလိုက်သည်။

" မင်း .. "

မိုရှ၏ မျက်နှာတစ်ပြင်လုံး ဒေါသ အရိပ်အငွေ့များဖြင့် ပြည့်သွားသည်။ သို့သော် သူ မည်သို့မှလဲ မတတ်နိုင်ပါ ။

သူ ထိုလူနှင့် အစောကလေးတင် ယှဥ်ပြိုင်တိုက်ခိုက်ခဲ့ပြီး သိုင်းကွက် သုံးကွက် အကြာမှာပင် ဒဏ်ရာဆိုးဆိုးရွားရွား ရခဲ့သည် မဟုတ်ပါလား။

သူသည် ထျန်းရှန့်နိုင်ငံ၏ မျိုးဆက်သစ် လူငယ်များထဲတွင် ပါရမီရှင်တစ်ဦး ဖြစ်သော်ငြား ..

ယခု ဆုမီတောင်ရှိ ထျန်းယွမ်အင်ပါယာမှ ပါရမီရှင်များနှင့် ယှဥ်လိုက်လျှင်မူ သူက ထိုလူများ၏ ပြိုင်ဘက် ဟုတ်မနေပါ။

" ဟား ဟား .. ထျန်းရှန့်နိုင်ငံဆိုတာ ထျန်းယွမ်အင်ပါယာရဲ့ လက်အောက်ခံ နိုင်ငံငယ်လေး တစ်ခုပဲ ။ ကိုယ့်ကိုကိုယ် အရှက်ရအောင် ပြုမူမနေစမ်းပါနဲ့ကွာ "

" အမှန်ပဲ ၊ မင်းရော ထျန်းရှန့်သိုင်းပြိုင်ပွဲက လူတွေအားလုံးရောက အမှိုက်တွေပဲ "

ယပ်ခပ်နေသည့် လူငယ်နောက်တွင် ရှိနေကြသော ဝူယွိမသေမျိုးနန်းတော်မှ လူများကလည်း တဟားဟားအော်ရယ်ကာ လှောင်ပြောင်လိုက်ကြသည်။

မိုရှက ထိုလူများကို ကြည့်ကာ အံကြိတ်၍ ပြန်ပြော၏။

" မင်းတို့တွေက လောထျန်း ဒီမှာ ရှိမနေလို့သာ အဲ့လိုမျိုး ပြုမူနိုင်တာပါ။ လောထျန်း ရောက်လာရင် ခုလိုပဲ ဆက်ပြီး မောက်မာနိုင်ဦးမလားဆိုတာတောင် ကြည့်ချင်သေးတယ် "

ထိုအချိန်တွင် မိုရှမှာ လောထျန်းအား ပထမဆုံးအကြိမ်အဖြစ် သတိရမိသွားသည်။

သူ့ရှေ့ရှိ ဝူယွိ မသေမျိုးနန်းတော်မှ လူငယ်က မျက်မှောင်ကြုံ့ကာ ပြန်ပြော၏။

" လောထျန်း .. ဟုတ်လား ၊ အဲ့ကောင်ကရော ဘယ်လို အမှိုက်မျိုးလဲ။တကယ်လို့ သူ လာရဲရင်လဲ ငါက သူ့ကို ထိုးကြိတ်ပြီး ငါ့ရှေ့မှာ ခွေးတစ်ကောင်လို အော်ခိုင်းမှာပေါ့ကွာ "

သူ့စကားဆုံးသည့် အချိန်မှာပင် အော်သံတစ်သံ ထွက်လာစည်။

" ဘယ်သူက ခုလို မောက်မာတဲ့ စကားမျိုး ပြောနေတာလဲ "

All Chapters