← Chapters

ဒူးထောက်စမ်း

Vol. 13 Ch. 179

ဒူးထောက်စမ်း

Vol. 13 Ch. 179

စကားသံ ဆုံးသည်နှင့် လူရိပ် ဆယ်ခုကျော်က သွေးရေအိုင်ရှေ့သို့ ဆင်းသက်လိုက်ကြသည်။

ထိုလူများထဲမှ လေးယောက်မှာ ကြောက်မက်ဖွယ် အရောင်အဝါများ ရှိကြပြီး တုကျဲ့အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

ဝူယွိ မသေမျိုးနန်းတော်မှ လူငယ်က ထိုလူများကို မျက်မှောင်ကြုံ့ကာ ကြည့်လိုက်သည်။ တုကျဲ့အဆင့် ကျင့်ကြံသူ လေးယောက်လုံးကိုပင် တစ်ပါတည်း ခေါ်လာနိုင်သည့် တစ်ဖက်လူမှာ သာမာန်လူတစ်ယောက် မဖြစ်နိုင်ပါချေ။

ထို့နောက် တုကျဲ့အဆင့် ကျင့်ကြံသူလေးယောက်၏ အလယ်မှ စွန်းရှို့ကို မြင်လိုက်မှသာ အခြေအနေကို သူ သဘောပေါက်သွားတော့သည်။

စွန်းမိသားစုသည် ထျန်းယွမ်အင်ပါယာရှိ အချမ်းသာဆုံးသော မိသားစုများထဲမှ တစ်ခုဖြစ်ပါသည်။

သို့ဖြစ်ရာ စွန်းမိသားစု၏ သခင်လေးတစ်ယောက်အနေဖြင့် ဆုမီတောင်ခရီးသို့ တုကျဲ့အဆင့် ကျင့်ကြံသူလေးယောက်ကို အစောင့်အကြပ်အဖြစ် ခေါ်လာနိုင်ခြင်းက မဆန်းပါချေ။

" ကျုပ်က ဘယ်သူများပါလိမ့်လို့ တွေးနေတာ၊ စွန်းမိသားစုရဲ့ သခင်လေး ဖြစ်နေတာကိုး ။ မင်းက ကျုပ် လောထျန်းအကြောင်း ပြောတဲ့အချိန်မှာ ဘာဖြစ်လို့ လက်မခံတဲ့ပုံနဲ့ မကျေမနပ် ဖြစ်သွားရတာလဲ။ မင်းနဲ့ လောထျန်းနဲ့က မိတ်ဆွေတွေလား "

လူငယ်က ထေ့ငေါ့၍ ပြောလိုက်သည်။

စွန်းရှို့က အပြုံးဖြင့် ပြန်ပြော၏။

" ကျုပ်မှာက မကျေမနပ် ဖြစ်နိုင်လောက်တဲ့ အစွမ်းမျိုး မရှိပါဘူးဗျာ။ ဒီက ကျုပ်မိတ်ဆွေ နှစ်ယောက်ကသာ စိတ်မလိုမကျ ဖြစ်သွားကြတာပါ "

သူက ပြောရင်းဆိုရင်း သူ့ဘေးမှ လောရုံနှင့် လောရှောင်ရှောင်းတို့အား ညွှန်ပြလိုက်သည်။

ထိုအချိန်တွင် လောရုံတို့နှစ်ယောက်လုံးမှာ ဒေါသထွက်နေသည့် မျက်နှာများ ဖြစ်နေကြပြီး တစ်ဖက်မှ လူငယ်အား စူးစူးရှရှ စိူက်ကြည့်နေကြ၏။

ထိုလူက လောထျန်းအကြောင်း သွားပုပ်လေလွင့် ပြောနေခြင်းဖြစ်ရာ သူတို့ နှစ်ယောက် ဒေါသထွက်နေကြသည်မှာ မဆန်းပေ။

ဝူယွိမသေမျိုးနန်းတော်မှ လူငယ်က သူတို့နှစ်ယောက်ကို မျက်ခုံးပင့်ငြည့်ကာ ပြောလာသည်။

" အိုး ..ဒီနှစ်ယောက်ကို အရင်က တစ်ခါမှလဲ မတွေ့ဖူးပါလား။ ဘယ်နိုင်ငံ ဘယ်ဂိုဏ်းက လာခဲ့ကြတာလဲ "

လောရုံက ဂုဏ်ယူစွာ ပြန်ပြော၏။

" ကျုပ်က ယဲ့ဖုန်းနိုင်ငံက လောရုံ "

" ကျွန်မက ယဲ့ဖုန်းနိုင်သံက လောရှောင်ရှောင်း "

သူတို့ နှစ်ယောက်လုံး တစ်ယောက်ပြီး တစ်ယောက် ပြောလိုက်ကြသည်။

တဖက်လူငယ်က အံ့အာူသင့်သွားဟန်ဖြင့် ပြန်မေး၏။

" ယဲ့ဖုန်းနိုင်ငံ ..ဟုတ်လား ၊ အဲ့ဒါ ဘယ်နားမှာလဲ "

သူဟန်ဆောင်နေခြင်း မဟုတ်ဘဲ အမှန်တကယ်ပင် မသိနေခြင်း ဖြစ်ပါသည်။

ထိုစဥ် သူ့အနောက်တွင် ရှိနေသော ဝူယွိမသေမျိုးနန်းတော်မှ အခြားတပည့်တစ်ယောက်က ဝင်ပြောပြလိုက်သည်။

" အကိုကြီး ၊ ယဲ့ဖုန်းနိုင်ငံဆိုတာ လောထျန်း လာခဲ့တဲ့ နေရာပဲဗျ "

လူငယ်က ထိုအချိန်မှသာ သဘောပေါက်သွားဟန်ဖြင့် ပြော၏။

" အိုး .. အဲ့လိုကိုး ။ လောထျန်း .. လောရုံ .. ဆိုတော့ မင်းတို့တွေက မိသားစုတစ်ခုတည်းက လူတွေများလား "

" အမှန်ပဲ "

လောရုံက ပြန်ဖြေလိုက်သည်။

လူငယ်က မျက်မှောင်ကြုံ့သွားကာ လောရုံကို ကြည့်၍ ​မေးလာ၏။

" မင်းက ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ ဘယ်အဆင့် ရထားတာလဲ "

လောရုံက အေးစက်စက် ပြန်ပြောလိုက်သည်။

" ကျုပ်က ထျန်းရှန့်သိုင်းပြိုင်ပွဲမှာ တစ်ခါမှ ဝင်မပြိုင်ဖူးဘူး '

ကြားလိုက်ရသည့် အဖြေကြောင့် တဖက်လူငယ် အံ့သြမှင်သက်သွားသည်။

ခဏအကြာတွင်မူ သူက တခွီခွီရယ်ကာ ပြောလာ၏။

" ထျန်းရှန့်သိုင်းပြိုင်ပွဲက လူတွေတောင် အမှိုက် ဖြစ်နေတာ ။ မင်းက ထျန်းရှန့်သိုင်းပြိုင်ပွဲကိုတောင် ဝင်မပြိုင်ဖူးဘူးဆိုတော့ တကယ့် အမှိုက်ထဲက အမှိုက်ပေါ့ "

ဝုန်း..

လောရုံက လူငယ်ရှေ့သို့ တဟုန်ထိုး ရောက်သွားကာ အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

" ငါ့ကို စော်ကားတာက ကိစ္စမရှိပေမယ့် ငါ့အကိုထျန်းကိုတော့ မစော်ကားနဲ့။ ငါ အခု မင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်။ အခုချက်ချင်း ဒူးထောက်ပြီး ငါရိုက်တာကို အချက်တစ်ရာ ခံစမ်း ။ မဟုတ်လို့ကတော့ နောက်မှ ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့ "

လူငယ်မှာ ထိုစကားကို ကြားကြားချင်း အံ့သြမှင်သက်သွား၏။ ထို့နောက်မှသာ အသံကျယ်ကြီးဖြင့် အော်ရယ်လိုက်သည်။

" ငါ နားကြားများ မှားသွားသလား ။ မင်းက ငါ့ကို ဒူးထောက်ခိုင်းပြီးတော့ မင်းရိုက်တာကို အချက်တစ်ရာ ခံခိုင်းတယ် ဟုတ်လား ။ မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲကွ ။ စွန်းရှို့ .. မင်းမိတ်ဆွေက ဦးနှောက်ချောင်နေတယ်နဲ့ တူပါတယ်ကွာ။ ငါ ဘယ်သူလဲဆိုတာ မင်း သူ့ကို မပြောထားဘူးလား "

ထိုအချိန်တွင် စွန်းရှို့ကမူ ခံစားချက်များ ရောထွေးနေဟန် ရှိနေသည်။

ထို့နောက် သူက လောရုံဘက် ချက်ချင်းလှည့်၍ ပြောလိုက်သည်။

" ညီလေး လောရုံ ၊ ဒီလူက ဝူယွိမသေမျိုးနန်းတော်က လုဖန်ပဲကွ ။ သူက ထျန်းယွမ်အင်ပါယာရဲ့ လျှို့ဝှက်နဂါးစာရင်းမှာ အဆင့် ၇ ရထားတာ။ ပြီးတော့ .. အကိုယင်ထျန်းလွေ့ထက်လဲ အစွမ်းပိုထက်တယ် "

သူ့စကားကို ကြားသည်နှင့် အနီးနားတဝိုက်ရှိ လူများဆီမှ တအံ့တသြ ရေရွတ်သံများ ထွက်ပေါ်လာ၏။

" လုဖန် ဆိုပါလား .. ၊ သူက လုဖန် ကိုး .. "

" သူက ထျန်းယွမ်အင်ပါယာ လျှို့ဝှက်နဂါးစာရင်းမှာ အဆင့် ၇ ရထားတဲ့ ထိပ်သီး ပါရမီရှင်တစ်ယောက်ပဲ "

ထိုစဥ် လူအုပ်ထဲမှ မိုရှမှာလည်း မျက်နှာ သုန်မှုန်နေရာမှ အနည်းငယ် ပြေလျော့သွားသည်။ သူ တစ်ကိုယ်တည်း တွေးလိုက်၏။

" လက်စသတ်တော့ သူ ဖြစ်နေတာကိုး ။သူက ငါ့ကို အဲ့လောက်လွယ်လွယ်နဲ့ အနိုင်ယူလိုက်နိုင်တာ မဆန်းတော့ပါဘူး။ သူ့ကို လူကို ရှုံးရတာက တန်ပါတယ် "

လူများထံမှ တအံ့တသြ ရေရွတ်သံများကို နားထောင်နေရင်း လုဖန်၏ မျက်နှာပေါ်မှ အပြုံးက ပိုပိုကြီးလာသည်။

ထို့နောက် သူက လောရုံကို ကြည့်ကာ ပြောလိုက်သည်။

" ကဲ ..အခုလောက်ဆို မင်းကိုယ်မင်း ဘယ်လောက် တုံးအတဲ့သူလဲဆိုတာ သိလောက်ရောပေါ့။မင်းလိုကောင်ကများ ငါ့ရှေ့လာပြီး စိတ်ခေါ်နေရတယ်လို့ ။ အခု .. ငါ့ကို ဒူးထောက်စေချင်သေးလား ၊ ဒါမှမဟုတ် မင်းပဲ ဒူးထောက်ပြီးတော့ ငါရိုက်တာကို အချက်တစ်ရာ ခံမလား "

သူ မည်သူမှန်း သိပြီးနောက်တွင် လောရုံတစ်ယောက် နောက်ပြန်ဆုတ်သွားလိမ့်မည်ဟုသာ သူ ထင်နေခဲ့၏။

သို့သော် .. ထင်မှတ်မထားစွာပင် လောရုံက နောက်ဆုတ်မသွားခဲ့ပေ။

" ဒူးထောက်ပြီးတော့ ငါ ရိုက်တာကို  အချက် တစ်ရာ ခံစမ်းလို့ ပြောနေတယ်လေ။ ငါ့ကို နောက်တစ်ခါ ထပ်ပြောရအောင် မလုပ်နဲ့နော် "

လောရုံက အေးစက်စက်သာ ပြန်ပြောသည်။

" ဘာကွ "

လုဖန်၏ မျက်နှာထား ရုတ်ချည်း ပြောင်းသွား၏။

သူ မည်သူမှန်း သိနေလျက် လောရုံက အဘယ့်ကြောင့် ယခုလို ​ထပ်ပြောလာမှန်း သူ လုံးဝ နားမလည်နိုင်တော့ပေ။

ထိုတခဏတွင် လုဖန်၏ မျက်လုံးများက ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များဖြင့် အရောင်လက်သွားပြီး အေးစက်စက် ပြောလိုက်သည်။

" သိပ်ကောင်းတာပေါ့ ၊ ငါ့ရှေ့မှာ ခုလိုမျိုး ဘယ်သူကမှ မမောက်မာရဲတာ နှစ်တောင် တော်တော်ကြာနေပြီ။ အခု မင်းက သေချင်နေမှတော့လဲ မင်းဆန္ဒကို ဖြည့်ဆည်းပေးရတော့မှာပေါ့ကွာ "

သူ့စကားဆုံးသည်နှင့် သူ့ကိုယ်ထဲမှ အရောင်အဝါက ရုတ်ချည်း ထွက်ပေါ်လာပြီး တိုက်ခိုက်ရန် ပြင်လိုက်သည်။

သို့သော် .. ထိုအချိန်မှာပင် ..

" အကိုလု ၊ ကြက်တစ်ကောင်ကို သတ်ဖို့အတွက် ဓားကြီးကြီး ထုတ်သုံးနေဖို့ မလိုပါဘူးဗျာ။ ဒီကောင်က ဘာမဟုတ်တဲ့နိုင်ငံက အမှိုက်တစ်ခုပဲဟာ ။ အကိုကြီးအစား ကျုပ်ပဲ ရှင်းပေးပါရစေ "

ဝူယွိမသေမျိုးနန်းတော်မှ အခြားတပည့်တစ်ဦးက လုဖန်အနားသို့ ပျံသန်းလာကာ ပြောလိုက်သည်။

လုဖန်က သူ့ကို တစ်ချက်လှည့်ကြည့်ကာ ပြော၏။

" ကောင်းပြီလေ ၊ ဒါဆို မင်းပဲ ရှင်းလိုက်ပါ။ ဒါပေမယ့် တစ်ခုတော့ မမေ့နဲ့နော် ။ ဒီကောင့်ကို လွယ်လွယ်နဲ့တော့ မသေသွားစေနဲ့ "

လူငယ်က ပြုံးကာ ပြန်ပြောလိုက်သည်။

" စိတ်မပူပါနဲ့ဗျာ ၊ ဒီကောင် သေဖို့ပါ ဆုတောင်းသွားရမယ်လို့ ကျုပ် ကတိပေးတယ် "

လုဖန်က ခေါင်းညိတ်ကာ ဘေးသို့ ဖယ်ပေးလိုက်သည်။

ထိုအခြင်းအရာကို မြင်သောအခါ ဝူယွိမသေမျိုးနန်းတော်မှ အခြားတပည့်များ၏ မျက်နှာထက်တွင် မနာလိုဝန်တိုမှုနှင့် နောင်တများ အသီးသီး ပေါ်လာကြသည်။

" ချီးပဲ .. ငါကလဲ တုန့်ပြန်တာ ဘာလို့ အဲ့လောက် နှေးရတာလဲ။ ခုတော့ အကိုကြီးလု ကို ကျေနပ်အောင် လုပ်ပေးနိုင်မယ့် အခွင့်ရေးကောင်းကြီးတစ်ခုကို လတ်လွတ်သွားရပြီ "

" ဒီလို အစွမ်းနိမ့်တဲ့ ပြိုင်ဘက်မျိုးရဖို့ အဲ့လောက် ရှားတာကိုကွာ "

ထိုလူများ၏ မနာလိုဝန်တိုမှု ၊ အမုန်းတရားတို့ဖြင့် ပြည့်နေသည့် မျက်နှာများနှင့် ယှဥ်လိုက်လျှင်မူ ရှေ့မှ လောရုံနှင့် တိုက်ခိုက်ရန် သွားသည့် လူငယ်တပည့်မှာ ဂုဏ်ယူဝမ်းသာနေဟန် အထင်းသား ပေါက်နေ၏။

ထိုလူငယ်က လောရုံကို ကြည့်ကာ အပြုံးဖြင့် ပြောလိုက်သည်။

" ကောင်လေး ၊ မှတ်ထားနော် ။မင်းကို သတ်မယ့် လူရဲ့ နာမည်က ဟဲ့ဝူဖုန်း တဲ့ "

သုက ထိုသို့ပြောပြီးနောက် လောရုံအား ထိုးလိုက်သည်။

ဘုန်း ..

ခဏအကြာတွင်မူ လူရိပ်တစ်ခု လွင့်စင်ထွက်လာ၏။

လုဖန်က ထိုလူရိပ်ကို မြင်သောအခါ မျက်မှောင်ကြုံ့သွားပြီး ပြောလိုက်သည်။

" ဟဲ့ဝူဖုန်း ၊ ဒီကောင့်ကို မသတ်ခင် အရင်ဆုံး သင်ခန်းစာ ကောင်းကောင်းကြီး ပေးလိုက်လို့ ငါ မပြောခဲ့ဘူးလား။ မင်းက ပြိုင်ဘက်ကို ခုလို စက္ကန့်ပိုင်းလေးအတွင်း သတ်လိုက်တော့ ငါ့ဒေါသကို ဘယ်လိုလုပ် ဖြေလို့ ရတော့မှာလဲ  "

သူ စကားဆက်ပြောရန် ပြင်လိုက်စဥ်မှာပင် သူ့ဘေးနားလေးမှ လူတစ်ယောက်၏  အံ့သြတကြီးပြောသံကို ကြားလိုက်ရ၏။

" အကိုဟဲ့ ၊ ဘာဖြစ်သွားတာလဲ "

" အကိုဟဲ့ ၊ အဆင်ပြေရဲ့လား "

ဝူယွိမသေမျိုးနန်းတော်မှ တပည့်တပန်းများ ထိတ်လန့်တကြား ဖြစ်သွားကြသည်။

လုဖန်သည်လည်း အံ့အားသင့်သွားပြီး အသံလာရာဘက် လှည့်ကြည့်လိုက်ရာ အစောက အဝေးသို့ လွင့်ထွက်လာသူမှာ ဟဲ့ဝူဖုန်း ဖြစ်နေမှန်း တွေ့လိုက်ရတော့၏။

" ဒါ ..ဘယ်လိုလုပ်ပြီး ဖြစ်သွားရတာလဲ "

လုဖန်မှာ ဒဏ်ရာဆိုးဆိုးရွားရွားရထားကာ သေလုမျောပါး ဖြစ်နေသည့် ဟဲ့ဝူဖုန်းအား တအံ့တသြ ကြည့်ရင်း ခေတ္တမျှ စးကားမဆိုနိုင် ဖြစ်သွားသည်။

ဟဲ့ဝူဖုန်း၏ အစွမ်းမှာ သူနှင့် မယှဥ်နိုင်သော်ငြား အစွမ်းနိမ့်သူတစ်ယောက်မဟုတ်ပါချေ။

ထိုသို့သော ဟဲ့ဝူဖုန်းက သူ တစ်စက္ကန့်မျှ ခေါင်းလှည့်လိုက်စဥ် အချိန်လေးအတွင်း ယခုလို အခြေအနေထိ ဖြစ်သွားခဲ့ရသည်လား။

သူ လောရုံကို စိုက်ကြည့်ကာ ပြောလိုက်သည်။

" ကောင်လေး .. မင်းက အစွမ်းကို ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်တာပဲ "

လောရုံကလဲ သူ့ကို ပြန်စိုက်ကြည့်ကာ အေးစက်စက် ပြော၏။

" ဒူးထောက်ပြီး အကိုထျန်းကို တောင်းပန်စမ်း "

လုဖန်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး သူ့လူများဘက်သို့ လှည့်ကာ မေးလိုက်သည်။

"  သူနဲ့ ဘယ်သူ တိုက်ခိုက်ချင်လဲ "

" ကျုပ် တိုက်မယ် "

လူအုပ်ထဲမှ ထောင်ထောင်မောင်းမောင်း လူငယ်တစ်ယောက်က ပြန်ပြော၏။

လုဖန်က ထိုလူငယ်အား လှမ်းကြည့်လိုက်သည်။

" ညီလေး ထုံမင်ပါလား။ မင်းက တော်တော်ရဲရင့်တာပဲ ၊ ဒါပေမယ့် သတိတော့ထားနော် "

လူငယ်က ခေါင်းညိတ်ကာ ပြန်ပြောသည်။

" စိတ်မပူပါနဲ့ အကိုလုဖန် ။ ဟဲ့ဝူဖုန်းက ပြိုင်ဘက််ကို လျှော့တွက်ခဲ့လို့ ခုလို ဖြစ်သွားရတာ။ ကျုပ်က အဲ့လို အမှားမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ကျုပ်က သူ့ကို ကျုပ်နဲ့အဆင့်တူ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်လိုပဲ သဘောထားပြီး အစကတည်းက အားကုန်သုံး တိုက်ခိုက်မှာ "

လုဖန်က ခေါင်းညိတ်ပြလိုက်သည်။

" ကောင်းတယ် ၊ သွားတော့ "

" ဟုတ်ကဲ့ပါ "

ထုံမင်က ထိုသို့ ပြန်ပြောပြီးသည်နှင့် လောရုံရှေ့သို့ ဝုန်းခနဲ ရောက်သွားသည်။

" သေစမ်းကွာ "

ထို့နောက်  သူက မည်သည့် မလိုအပ်သော စကားမျိုးမှ ပြောမနေဘဲ အားကုန်ထုတ်သုံး၍ တိုက်ခိုက်လိုက်တော့သည်။

လုဖန်က ၎င်းကို ကြည့်ကာ စိတ်ကျေနပ်နေဟန်ဖြင့် ခေါင်းအသာအယာ ညိတ်လိုက်၏။

" ထုံမင်က ဟဲ့ဝူဖုန်းထက် အများကြီး ပိုပြီး အစွမ်းထက်တယ်။ သူသာ အားကုန်သုံးပြီး တိုက်ခိုက်လိုက်ရင် သေချာပေါက် ... "

သူ့အတွေး မဆုံးသေးခင်မှာပင် ...

ဘုန်း ..

ထုံမင်တစ်ယောက် နောက်သို့ လွင့်စင်လာကာ မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်း ကျသွားသည်။

" ဟင် .. "

လုဖန်၏ မျက်လုံးများ ပြူးကျယ်သွား၏။

" ဒူးထောက်စမ်း "

တဖက်မှ လောရုံက အေးစက်စက် ပြောလိုက်ပြန်သည်။

All Chapters